အခန်း ၁၉၆
Vol. 20 Ch. 196
အခန်း (၁၉၆) - အပူချိန် ကျဆင်းသွားခြင်း
ကျန့်ကျင့်နန်က အနီရောင်ဝတ်ရုံကို ဝတ်ဆင်ပြီးနောက် ကျူးလင်က သူ့ထံသို့ မီးဓာတ်သစ်သီးတစ်လုံး ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။
"ဝင်သွားပြီး မင်းအမေကို ဂရုစိုက်လိုက်ဦး... တစ်နာရီတစ်ခါ ရေနွေးတိုက်ဖို့ သေချာဂရုစိုက်ပါ... သူမရဲ့ ကိုယ်အပူချိန်သာ ကျဆင်းသွားရင် နောက်တစ်ကြိမ် ထပ်သေသွားနိုင်ပြီး ငါလည်း သူမကို ထပ်ကယ်နိုင်တော့မှာ မဟုတ်ဘူး..."
သူမ၏စကားကို ကြားသောအခါ ကျန့်ကျင့်နန်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။
"တပည့်က ဆရာ့ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ့မယ်... တပည့်ရဲ့အမေကို ကယ်တင်ပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်..."
ကျူးလင်က သူ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ကာ ခေါင်းညိတ်ပြပြီး မေးလိုက်လေသည်။
"မုန့်မုန့်နဲ့ဝမ်ဝမ်တို့ရော ဘယ်မှာလဲ..."
ကျန့်ကျင့်နန်က ခေါင်းခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်၏။
"ကျွန်တော် ထွက်လာတုန်းက သူတို့ကို မတွေ့ခဲ့ဘူး..."
"ကောင်းပြီ... မင်း အခု ဝင်သွားလို့ရပြီ..."
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်က ပြောလိုက်သည်။
အောက်ထပ်သို့ ဆင်းလာစဉ် ကျူးလင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မုန်ကျယ်လန်နှင့် ဝမ်နတို့ မီးဖိုချောင်ထဲတွင် ရေနွေးကျိုနေသည်ကို တွေ့လိုက်ရ၏။ မုန်ကျယ်လန်က သူမလာသည်ကို မြင်သောအခါ မေးလိုက်လေသည်။
"အစ်မကြီး... အဆင်ပြေရဲ့လား..."
ကျူးလင်က သူမကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"ငါ အဆင်ပြေပါတယ်... မင်းတို့ အခု နည်းနည်း သက်သာသွားပြီလား..."
"အင်း... ကျွန်မတို့ အခု နည်းနည်း တောင့်တင်းနေသလို ခံစားနေရတယ်..."
ဝမ်နက ပြုံးကာ ပြန်ဖြေလိုက်၏။
ခေတ္တမျှ စကားစမြည်ပြောပြီးနောက် ကျူးလင်က ပြောလိုက်လေသည်။
"အခု အပြင်ဘက်မှာ အခြေအနေတွေက အရမ်းကမောက်ကမဖြစ်နေတယ်... မင်းတို့နှစ်ယောက် အိမ်မှာပဲနေပြီး အပြင်မထွက်တာ အကောင်းဆုံးပဲ..."
ဝမ်နနှင့် မုန်ကျယ်လန်တို့က ခေါင်းညိတ်ပြလိုက်ပြီး သူမကို အပြင်သို့ လိုက်ပို့ပေးကြ၏။
ဗီလာထဲမှ ထွက်လာပြီးနောက် ကျူးလင်သည် သာမန်လူအများစု နေထိုင်သည့် ဇုန်၅သို့ ရောက်ရှိလာခဲ့သည်။
ဗီလာထဲမှ မထွက်ခွာမီ ကျူးလင်က ဖီးနစ်ငှက်မွေးများဖြင့် ပြုလုပ်ထားသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်လိုက်လေသည်။
အစောင့်များက သူမကို မြင်သောအခါ အလျင်အမြန် ပြေးလာ၍ နှုတ်ဆက်ကာ မေးလိုက်ကြ၏။
"မိန်းကလေးကျူး... ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ..."
ကျူးလင်က ဇုန်၅ရှိ ကမောက်ကမဖြစ်နေသော အခြေအနေကို ကြည့်လိုက်ပြီး မေးလိုက်သည်။
"အခု အခြေအနေ ဘယ်လိုရှိလဲ..."
"လူတစ်ဝက်ကျော်လောက်က အအေးမိပြီး နှင်းကိုက်တဲ့ဝေဒနာ ခံစားနေရတယ်... အပူချိန် ရုတ်တရက် ကျဆင်းသွားတာကြောင့် လူသုံးဆယ်ကျော် သေဆုံးသွားခဲ့ပြီ...”
“လက်ရှိမှာတော့ မစ်ရှင်စင်တာက အရေးပေါ်အစီအမံအနေနဲ့ ဆောင်းတွင်းဝတ် အဝတ်အစားတွေနဲ့ အပူပေးအိတ်တချို့ကို ဝေငှပေးနေပေမယ့် အခြေအနေက ပိုဆိုးလာမှာကို စိုးရိမ်မိတယ်..."
အစောင့်ဖြစ်သူက စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။
"ဘာဖြစ်လို့လဲ..."
ကျူးလင်က မျက်မှောင်အနည်းငယ် ကြုတ်ကာ မေးလိုက်လေသည်။
အစောင့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။
"ခုလေးတင် ကျွန်တော်တို့ဆီကို ခရီးသွားကုန်သည်တစ်ယောက်ဆီကနေ သတင်းရလိုက်တယ်...”
“သူက စစ်ဘက်ဆိုင်ရာစခန်းမှာ ပစ္စည်းတွေရောင်းနေတုန်း နောက်ရက်အနည်းငယ်အတွင်းမှာ အပူချိန် အနှုတ်နှစ်ဆယ်အထိ ကျဆင်းသွားမယ်လို့ စစ်ဘက်ဆိုင်ရာစခန်းကနေ ထုတ်ပြန်ထားတဲ့ သတိပေးချက်ကို ကြားခဲ့ရတယ်လို့ ပြောတယ်..."
အစောင့်၏စကားကို ကြားပြီးနောက် ကျူးလင်က ပြောလိုက်၏။
"အနှုတ်နှစ်ဆယ်ဒီဂရီ အပူချိန်မှာ လူသားတွေ အသက်ရှင်နိုင်သေးတယ်... ဒီဆောင်းရာသီကို ကျွန်မတို့ ဖြတ်ကျော်နိုင်မှာပါ..."
အစောင့်ဖြစ်သူက တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။
"ဒါပေမယ့် ခရီးသွားကုန်သည်က စစ်ဘက်ဆိုင်ရာစခန်းက ပြောတဲ့သတင်းကိုလည်း ဆက်ပြောသေးတယ်...”
“အနာဂတ်မှာ အဓိက အအေးဒဏ်သုံးကြိမ် ကျရောက်လာမှာဖြစ်ပြီး အနိမ့်ဆုံးအပူချိန်က အနှုတ် ခုနစ်ဆယ့်ခြောက်ဒီဂရီအထိ ရှိမယ်လို့ ခန့်မှန်းထားတယ်တဲ့...”
“ပိုဆိုးတာက ဆောင်းရာသီက အနည်းဆုံး တစ်နှစ်လောက် ကြာလိမ့်မယ်လို့ ဆိုတယ်..."
ကျူးလင်က ထပ်မံမေးမြန်းရန် အချိန်မရလိုက်မီ မစ်ရှင်စင်တာအနီးတွင် ရန်ပွဲတစ်ခု ဖြစ်ပွားလာလေသည်။ အစောင့်က ကျူးလင်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။
"မိန်းကလေးကျူး... ခင်ဗျား ပြန်သွားတာ ပိုကောင်းမယ်... ဒီဇုန်၅က အခု လုံခြုံမှုမရှိတော့ဘူး..."
ထိုသို့ပြောပြီးနောက် အစောင့်များက ပြဿနာရှာသူများကို ဖမ်းဆီးရန် အလျင်အမြန် သွားကြလေသည်။
အလုပ်ရှုပ်နေသော အစောင့်များကို ကြည့်ကာ ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မစ်ရှင်စင်တာဘက်သို့ လျှောက်သွားလိုက်သည်။
သူမ မစ်ရှင်စင်တာသို့ မရောက်မီတွင် တစ်စုံတစ်ယောက်က သူမ၏လက်မောင်းကို အနောက်မှ လှမ်းဆွဲလိုက်၏။ သူမ လှည့်ကြည့်လိုက်သောအခါ ရှို့ဝူက မျက်မှောင်ကြုတ်ကာ သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ရှောင်လင်... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ... အခု ချက်ချင်း ပြန်သွားသင့်တယ်..."
သူက သူမကို ဘေးဘက်သို့ ဆွဲခေါ်သွားရင်း ပြောလိုက်လေသည်။
ကျူးလင်က သူ၏အမူအရာကို ကြည့်လိုက်ပြီး မေးလိုက်၏။
"ဒီမှာ တစ်ခုခု ဖြစ်နေလို့လား..."
ရှို့ဝူက အသံကိုနှိမ့်လိုက်ပြီး ပြောလိုက်သည်။
"အပူချိန် ရုတ်တရက် ကျဆင်းသွားတာကြောင့် ဇုန်၅မှာ သူလျှိုအဖွဲ့တချို့ ရှိနေတာကို ကိုယ်တို့ တွေ့ခဲ့တယ်...”
“သူတို့ရဲ့ ပစ်မှတ်က မင်းပဲ... ဒီနားတစ်ဝိုက်မှာ ပုန်းအောင်းနေတဲ့ သူလျှိုတွေ အများကြီး ရှိနေသေးတယ်လို့ ငါထင်တယ်... ဒါကြောင့် မင်း ပြန်သွားတာ အကောင်းဆုံးပဲ..."
သူ၏စကားကို ကြားပြီးနောက် ကျူးလင်က ခေတ္တမျှ တိတ်ဆိတ်သွားပြီး မေးလိုက်လေသည်။
"ရှင် သူတို့ထဲက တချို့ကို ဖမ်းမိထားပြီလား..."
ရှို့ဝူက ခေါင်းခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်၏။
"သူတို့အားလုံးက စွမ်းအားရှင်တွေဖြစ်လို့ အအေးဒဏ်ကို ပိုပြီး ခံနိုင်ရည်ရှိကြတယ်...”
“ကိုယ်တို့ သူတို့ရဲ့ ခြေရာကို တွေ့တဲ့အချိန်မှာ သူတို့က ထွက်သွားကြပြီ... ဒါ့အပြင် သူတို့က သေချာပြင်ဆင်ထားကြပြီး လူတွေကြားထဲမှာ အထိတ်တလန့်ဖြစ်အောင် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့လို့ လွတ်မြောက်ဖို့ အခွင့်အရေးရသွားကြတာပဲ..."
သူ့စကားများကို နားထောင်ပြီးနောက် ကျူးလင်က မေးလိုက်သည်။
"ဒီလူတွေကို လေ့ထီလျန်က စေလွှတ်လိုက်တာလား..."
"အဖြေကို ကိုယ်တို့ အခုထိ မသိရသေးဘူး... ဒါပေမယ့် သူက လက်ရှိအချိန်မှာ အဖြစ်နိုင်ဆုံး သံသယရှိသူပဲ..."
ရှို့ဝူက မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်၏။
ကျူးလင် အလေးအနက် တွေးတောနေသည်ကို မြင်သောအခါ ရှို့ဝူက သူမ၏လက်များကို ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
"ရှောင်လင်... မင်းက စွမ်းအားကြီးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်ဆိုတာကို ကိုယ် သိပါတယ်...”
“ဒါပေမယ့် အခု ရန်သူက အမှောင်ထဲမှာ ရှိနေပြီး ကိုယ်တို့က အလင်းထဲမှာ ရှိနေတယ်လေ..."
“သူတို့ရန်ကနေ ကာကွယ်ဖို့ ကိုယ်တို့အတွက် ခက်ခဲတယ်...”
“ပြီးတော့ သူတို့က မင်းကို ဘာကြောင့် ပစ်မှတ်ထားတာလဲဆိုတာကိုလည်း ကိုယ်တို့ မသိရသေးဘူး...”
“မင်းသာ တစ်ခုခုဖြစ်သွားခဲ့ရင် ကိုယ် ဒီကမ္ဘာကြီးကို ဖျက်ဆီးပြီး သူတို့အားလုံးကို မင်းနဲ့အတူ မြှုပ်နှံပစ်မယ်ဆိုတာ မင်း မှတ်ထားပေးဖို့ မျှော်လင့်တယ်..."
သူ၏စကားကို ကြားသောအခါ ကျူးလင် အနည်းငယ် အံ့အားသင့်သွား၏။ သူမက သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"အင်းပါ... ကျွန်မ ပိုပြီး ဂရုစိုက်ပါ့မယ်..."
သူမ နားလည်သွားသည်ကို မြင်သောအခါ ရှို့ဝူက ပြုံးလိုက်ပြီး ညင်သာစွာ မေးလိုက်လေသည်။
"မင်း ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ..."
သူမက မစ်ရှင်စင်တာကို လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်၏။
"မစ်ရှင်စင်တာက ဆောင်းတွင်းဝတ် အဝတ်အစားတွေနဲ့ အပူပေးအိတ်တွေကို အခမဲ့ ဝေငှပေးနေတယ်လို့ အစောင့်တွေဆီက ကြားလိုက်ရတယ်...”
“အဲဒါကြောင့် အရင်က ကျွန်မ ပြုလုပ်ခဲ့တဲ့ အစီအရင်ပြားတွေက အသုံးဝင်လာနိုင်မယ်လို့ တွေးမိလို့ပါ..."
စကားပြောပြီးနောက် သူမက လက်ဝါးအရွယ်အစားရှိသော အစီအရင်ပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်လေသည်။
"ဒါက မီးဓာတ် အစီအရင်ပြားပဲ... စစ်မှန်တဲ့ မီးဓာတ်အစီအရင်လောက် ထိရောက်မှုမရှိပေမယ့် သူ့ကို သက်ဝင်လှုပ်ရှားစေဖို့ ဝိညာဉ်စွမ်းအင် မလိုအပ်ဘူးလေ...”
“သာမန်လူတွေလည်း အသုံးပြုလို့ ရတယ်... ဒီအစီအရင်ပြားကို သက်ဝင်လှုပ်ရှားစေဖို့ ကျွန်မတို့ လုပ်ရမှာက အစီအရင်ပြားရဲ့ အလယ်မှာ ကြယ်အစီအရင်ကို စီစဉ်ချထားဖို့ပါပဲ..."
ရှို့ဝူက သူမ မီးဓာတ်ကြယ်အစီအရင်ကို မည်သို့စီစဉ်ချထားပုံ သရုပ်ပြသည်ကို ကြည့်နေရင်း စိတ်ထဲတွင် တွေးလိုက်တော့၏။
'ငါ ထွက်သွားပြီးနောက်ပိုင်းမှာ သူမရဲ့ အစီအရင်တွေအပေါ် နားလည်သဘောပေါက်မှုက အရမ်းတိုးတက်လာခဲ့တာပဲ...'