အခန်း ၁၉၇
Vol. 20 Ch. 197
အခန်း (၁၉၇) - ရှစ်ပါးအစီအရင်
ရှို့ဝူ တစ်ခုခုကို လေးလေးနက်နက် တွေးတောနေသည်ကို ကြည့်ရင်း ကျူးလင်ကပြုံးကာ ပြောလိုက်သည်။
"ကျွန်မလည်း အစီအရင်ပြားတွေကို ဝေပေးချင်ပေမယ့် ဒီလူတွေက လိုအပ်ပါ့မလားဆိုတာ မသိဘူး...”
“နောက်ပြီး သူတို့က အစီအရင်ပြားတွေကို ကိုယ်ကျိုးအတွက် အသုံးချမလားဆိုတာလည်း မသိနိုင်ဘူးလေ..."
ရှို့ဝူက သူမ၏ ပါးပြင်ကို ဖွဖွလေးပွတ်သပ်ပေးလိုက်ရင်း ပြောလိုက်၏။
"သက်ရှိတိုင်းက ကြင်နာတတ်ကြတာ မဟုတ်ဘူး... လူသားတွေက သဘာဝအရ တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးတတ်ကြတယ်...”
“ဒါကြောင့် သူတို့ကို အစီအရင်ပြား မပေးတာ အကောင်းဆုံးပဲ...”
“အစီအရင်ပြားတွေကို သူတို့ဆီ ဝေပေးမယ့်အစား အပူချိန်ထိန်းချုပ်ဖို့အတွက် ဇုန်၅တစ်ဝိုက်မှာ ချထားလို့ရတယ်လေ..."
သူပြောသည့်စကားများက တစ်ခုခု ထူးဆန်းနေသည်ဟု ကျူးလင် တွေးလိုက်သော်လည်း မည်သည့်အရာက ထူးဆန်းနေမှန်းကိုမူ မပြောပြတတ်ပေ။
အဖြေမရှာနိုင်သည့်အတွက် ကျူးလင်က သူမ၏ သံသယများကို ဘေးဖယ်ထားလိုက်ကာ ပြောလိုက်တော့သည်။
"ဒါဆိုရင် ထိခိုက်သေဆုံးမှုတွေ လျော့နည်းသွားအောင် အစီအရင်ပြားတွေကို အမြန်ဆုံး နေရာချလိုက်တာ ပိုကောင်းမယ်..."
ရှို့ဝူက သူမကို ခေါင်းညိတ်ပြလိုက်ပြီးနောက် မစ်ရှင်စင်တာသို့ ခေါ်သွားလေ၏။
ရှို့ဝူ ဝင်လာသည်ကို မြင်သောအခါ အလုပ်သမားများက သက်ပြင်းချလိုက်ပြီး သူ့ကို နှုတ်ဆက်ကြသည်။ ကြီးကြပ်ရေးမှူးက အမြန်ရှေ့ထွက်လာကာ ပြောလိုက်သည်။
“အစ်ကိုရှို့... ပြဿနာရှာတဲ့ နောက်ထပ်တစ်စုကို ကျွန်တော်တို့ ခုလေးတင် ဖမ်းမိထားတယ်... သူတို့ကို ဘယ်လိုလုပ်ရမလဲ..."
ရှို့ဝူက ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။
"လောလောဆယ် သူတို့ကို ဖမ်းထားလိုက်ဦး... အခြေအနေတွေကို ထိန်းချုပ်နိုင်သွားတာနဲ့ ငါကိုယ်တိုင် စစ်ဆေးမယ်..."
ကြီးကြပ်ရေးမှူးက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ... အခုချက်ချင်း လုပ်လိုက်ပါ့မယ်..."
ကြီးကြပ်ရေးမှူး ခြေလှမ်းမလှမ်းရသေးမီမှာပင် ရှို့ဝူက သူ့ကို တားလိုက်ပြီး မေးလိုက်၏။
"ငါ့ကို ဇုန်၅ရဲ့ မြေပုံလေး ယူပေးလို့ရမလား..."
ထိုသို့ပြောပြီးနောက် ကြီးကြပ်ရေးမှူးက မြေပုံကို သွားယူလိုက်ပြီး ပြောလိုက်လေသည်။
"အစ်ကိုရှို့... ဒါက ဇုန်၅ရဲ့ အသစ်ပြင်ဆင်ထားတဲ့ မြေပုံပါ... ဒီမြေပုံထဲမှာ အစိမ်းရောင်အခွံအိမ်တွေ တိုးချဲ့ထားတဲ့ နယ်မြေသစ်တွေတောင် ပါဝင်နေပါပြီ..."
ကြီးကြပ်ရေးမှူး ကမ်းပေးလာသော မြေပုံကို ယူလိုက်ရင်း ရှို့ဝူက ခေါင်းညိတ်ပြကာ ပြောလိုက်၏။
"ကျေးဇူးပဲ..."
မစ်ရှင်စင်တာမှ ထွက်လာပြီးနောက် ရှို့ဝူက မြေပုံကို ဖွင့်ကာ သူမကို ပြသလိုက်သည်။ ကျူးလင်က မြေပုံကို ခေတ္တမျှ လေ့လာကြည့်လိုက်ပြီး နေရာရှစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
"ကျွန်မတို့ ဒီနေရာတွေမှာ အစီအရင်ပြားတွေကို စီစဉ်ချထားလို့ရတယ်..."
သူမရွေးချယ်ထားသော နေရာများကို မြင်သောအခါ သူမက အစီအရင်ပြားများကို အသုံးပြု၍ နောက်ထပ် မျက်လှည့်အစီအရင်တစ်ခုကို ဖန်တီးချင်နေမှန်းကို ရှို့ဝူ ချက်ချင်း သိလိုက်၏။
သူက နှုတ်ခမ်းကို အနည်းငယ်ဆူလိုက်ပြီး မကျေမနပ်အသံဖြင့် ရေရွတ်လိုက်လေသည်။
"နှစ်တစ်ထောင်ပဲ ကြာသေးတယ်... မင်းက တခြားသူတွေကို လှည့်စားတဲ့ အတတ်ပညာကို သင်ယူခဲ့ပြီပဲ...”
“မင်းကို ဒါတွေသင်ပေးခဲ့တဲ့ကောင်ကိုသာ ဖမ်းမိလို့ကတော့ အဲဒီလူကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်..."
ထိုအချိန် လောကဘုံခြောက်ပါးရှိ နတ်ဘုရားလောကတွင် ထိမ်းမြားခြင်းနတ်ဘုရားမသည် ရုတ်တရက် နှာချေလိုက်မိပြီး သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမက လက်မောင်းများကို ပွတ်သပ်လိုက်ရင်း မေးလိုက်၏။
"ကြယ်တာရာအရှင် စီမင်... ရှင်ရဲ့ ကံကြမ္မာစံအိမ်ထဲက အပူချိန်က အရမ်းအေးလွန်းနေတယ်လို့ မထင်ဘူးလား..."
နတ်မင်းစီမင်က သူမကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။
"ထိမ်းမြားခြင်းနတ်ဘုရားမ... ကျွန်တော်ရဲ့ ကံကြမ္မာစံအိမ်က နှစ်သိန်းပေါင်းများစွာ ဒီအပူချိန်ကိုပဲ ဆက်ထိန်းထားတာပါ...”
“ခင်ဗျား နှာချေနေရတဲ့ အကြောင်းရင်းက တစ်ယောက်ယောက်က ခင်ဗျားကို အရှင်လတ်လတ် အရေခွံခွာဖို့ တွေးနေလို့ပဲ ဖြစ်ရမယ်..."
သူ့စကားကို ကြားသောအခါ ထိမ်းမြားခြင်းနတ်ဘုရားမက တီးတိုးရေရွတ်လိုက်လေ၏။
"ငါ့ကို အရေခွံခွာချင်နေတဲ့သူက စစ်နတ်ဘုရားများ ဖြစ်နေမလား..."
စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် သူမက စုတ်သပ်လိုက်ကာ ပြောလိုက်သည်။
"ကျစ်... ဒီအဆင့်မြင့်နတ်ဘုရား မင်ယဲ့က အရမ်းစေးနှဲလွန်းတယ်..."
“ငါက သူ့လက်ကို ဖွဖွလေး ပွတ်တိုက်မိရုံလေးတင်ကို သူက ငါ့ကို အရှင်လတ်လတ် အရေခွံခွာချင်နေတာ...”
“ဒီရေခဲတုံးမင်ယဲ့က အေးတိအေးစက်နဲ့ ဘာမှလည်း ပျော်စရာမကောင်းဘူး..."
သူမ၏စကားကို ကြားပြီးနောက် နတ်မင်းစီမင်က ခေါင်းခါယမ်းလိုက်ပြီး လေးစားစွာဖြင့် ပြောလိုက်လေ၏။
"ခင်ဗျား အခု ကျွန်တော့်ရှေ့မှာ ထိုင်နေနိုင်တာကိုက အံ့ဖွယ်တစ်ခုပဲ..."
"ရှင် ဘာကိုဆိုလိုတာလဲ..."
သူမက နားမလည်စွာဖြင့် မေးလိုက်သည်။
နတ်မင်းစီမင်က လက်ဖက်ရည်ကို အေးဆေးစွာ တစ်ငုံသောက်လိုက်ပြီး ပြောလိုက်၏။
"အံ့ဖွယ်တစ်ခုကြောင့်သာ မဟုတ်ရင် ခင်ဗျား သေသွားတာ ကြာလှပေါ့..."
သူ၏စကားကို ကြားသောအခါ ထိမ်းမြားခြင်းနတ်ဘုရားမမှာ ဆွံ့အသွားရရှာသည်။
"..."
ထိမ်းမြားခြင်းနတ်ဘုရားမတစ်ယောက် နတ်မင်းစီမင်၏ အဆိပ်ပြင်းသော ပါးစပ်ကြောင့် ညည်းညူနေချိန်မှာပင် ကျူးလင်က ရှို့ဝူကို ကြည့်ကာ မေးလိုက်လေ၏။
"ခုနက ရှင် ဘာပြောလိုက်တာလဲ..."
ရှို့ဝူက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး..."
ကျူးလင်က သံသယကင်းမဲ့စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"အိုး..."
ထို့နောက် သူတို့နှစ်ဦးသည် ပထမဆုံးနေရာသို့ အတူတကွ လျှောက်သွားလိုက်ပြီး အစီအရင်ပြားကို နေရာချလိုက်ကြသည်။
ကျူးလင်က လေထုထဲရှိ ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို စစ်ဆေးလိုက်ပြီးနောက် မီးဓာတ်အစီအရင်ပြားတစ်ခုကို ထုတ်ယူလိုက်ကာ လက်ရှိဝိညာဉ်စွမ်းအင် စီးဆင်းမှုအပေါ် အခြေခံ၍ အစီအရင်ပြား၏ အလယ်ဗဟိုရှိ ကြယ်အစီအရင်ကို ချိန်ညှိလိုက်လေသည်။
ရှို့ဝူက သူမဘေးတွင် ရပ်နေကာ သူမ အစီအရင်ပြားကို ကိုင်တွယ်လှုပ်ရှားနေသည်ကို အေးဆေးစွာ စောင့်ကြည့်နေ၏။
သူမက ကြယ်အစီအရင်၏ နောက်ဆုံးအစိတ်အပိုင်းကို ချိန်ညှိပြီးသွားသောအခါ အစီအရင်ပြားမှာ လင်းလက်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် အစီအရင်ပြားက သူမ၏ လက်ဖဝါးပေါ်မှနေ၍ ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။
လေထဲတွင် တွဲလောင်းဖြစ်နေပြီး အစီအရင်ပြားမှ ထွက်ပေါ်လာသော အလင်းတန်းက တဖြည်းဖြည်း ကျယ်ပြန့်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
မှုန်ဝါးဝါး အလင်းတန်းအတားအဆီးကို ကြည့်လိုက်ရင်း ကျူးလင်က ပြောလိုက်သည်။
"အစီအရင်ရဲ့ ပထမအစိတ်အပိုင်း ပြီးသွားပြီ... နောက်တစ်နေရာကို သွားကြစို့..."
ရှို့ဝူက ထိုနေရာတစ်ဝိုက်ကို ဖုံးလွှမ်းထားသော မပြီးပြတ်သေးသည့် မှုန်ဝါးဝါး အတားအဆီးကို တစ်စက္ကန့်မျှ လှမ်းကြည့်လိုက်ပြီးနောက် ကျူးလင်နောက်သို့ လိုက်ကာ နောက်တစ်နေရာသို့ သွားလေ၏။
တစ်နာရီအကြာတွင် ကျူးလင်က ရှစ်ပါးအစီအရင် ချထားခြင်းကို အပြီးသတ်လိုက်သည်။
အတားအဆီး၏ နောက်ဆုံးအစိတ်အပိုင်းသည် အခြားသော အစိတ်အပိုင်း ခုနစ်ခုနှင့် ချိတ်ဆက်သွားသည့်အခိုက်အတန့်တွင် အတားအဆီးတစ်ခုလုံးက လင်းလက်သွားပြီး ဇုန်၅တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဘယ်ဆီကရောက်လာမှန်းမသိသော မြူခိုးပါးပါးလေးတစ်ခု ထွက်ပေါ်လာပြီး ဇုန်၅၏ အစွန်အဖျားကို တဖြည်းဖြည်း ဖုံးအုပ်သွားလေသည်။
ရှစ်ပါးအစီအရင်အတွင်း ရောက်နေနှင့်ပြီးသားသူများအဖို့ ထူးဆန်းမှုတစ်ခုကိုမျှ သတိမထားမိကြပေ။
သို့သော် တစ်စုံတစ်ယောက်ကသာ ဇုန်၅၏ အပြင်ဘက်မှ လှမ်းကြည့်မည်ဆိုလျှင် ဘယ်ဆီကရောက်လာမှန်းမသိဘဲ အတားအဆီးတစ်ခုကဲ့သို့ နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသော မြူခိုးများကြောင့် အံ့အားသင့်သွားကြမည်သာ ဖြစ်သည်။
ရှစ်ပါးအစီအရင် ပြီးစီးသွားသည်ကို မြင်သောအခါ ကျူးလင်သည် ရှုပ်ထွေးလှသော လက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်ပြီး အစီအရင်အတွင်း သက်တောင့်သက်သာရှိသော အပူချိန်တစ်ခုကို ဖန်တီးနိုင်ရန်အတွက် မီးဓာတ်အစီအရင်ပြားများကို ထိန်းချုပ်လိုက်လေ၏။
ဤမီးဓာတ်အစီအရင်ပြား၏ လုပ်ဆောင်ချက်မှာ အပူချိန်ထိန်းချုပ်ရေး အစီအရင်နှင့် ဆင်တူသော်လည်း ဝိညာဉ်စွမ်းအင် အများကြီး ထောက်ပံ့ပေးနေရန် မလိုအပ်ပေ။
အစီအရင်ပြား အသက်ဝင်နေသမျှ ကာလပတ်လုံး အစီအရင်က ထာဝရ တည်တံ့နိုင်ပေသည်။
တစ်ခုတည်းသော အားနည်းချက်မှာ အစီအရင်ပြားသည် သုံးပြီးသွားလျှင် ကုန်ခန်းသွားမည့် ပစ္စည်းမျိုးဖြစ်ကာ တစ်ကြိမ်သာ အသုံးပြုနိုင်ခြင်းပင် ဖြစ်သည်။