← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း (၁၉၈) - အလည်အပတ်

အစီအရင်များကို ပြင်ဆင်ချထားပြီးနောက် ကျူးလင်က ရှို့ဝူကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"ကျွန်မ လုပ်လို့ပြီးပြီ..."

ရှို့ဝူက သူမကို ပြုံးပြလိုက်ပြီး ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း ပြောလိုက်လေ၏။

"ပင်ပန်းသွားပြီ ရှောင်လင်... ကျေးဇူးပါပဲ..."

ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်သည်။

"အပူချိန်ကို ထိန်းချုပ်ပြီးသွားရင် အဲဒီလူတွေ ပြဿနာမရှာလောက်တော့ဘူးမလား..."

သူမ၏အမေးကို ကြားပြီးနောက် ရှို့ဝူက ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"အဲဒီလိုတော့ မထင်ဘူး..."

သူမက ခေါင်းကို အနည်းငယ်စောင်းကာ မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ... သူတို့ ပြဿနာရှာရတဲ့ အကြောင်းရင်းက ရုတ်တရက် အပူချိန်ကျဆင်းသွားလို့ဆိုတော့ အခုလို သက်တောင့်သက်သာဖြစ်တဲ့ အပူချိန်ဆိုရင် သူတို့ ကျေနပ်သင့်ပြီလေ..."

ရှို့ဝူက သူမကိုကြည့်ကာ လက်မြှောက်အရှုံးပေးဟန် ပြုံးလိုက်ပြီး ပြောလိုက်၏။

"လူသားတွေကို ကျေနပ်အောင်လုပ်ဖို့ဆိုတာ အဲဒီလောက် မလွယ်ကူဘူး...”

“အဲဒီပြဿနာရှာတဲ့သူတွေနဲ့ သူလျှိုတွေအပြင် တခြားအပန်းဖြေစခန်းတွေနဲ့ နေရာအနှံ့က အသက်ရှင်ကျန်ရစ်သူတွေကိုပါ ကိုယ်တို့ သတိထားဖို့ လိုအပ်တယ်..."

ထိုသို့ပြောပြီးနောက် ကျူးလင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်ကို ရှို့ဝူ မြင်လိုက်ရသဖြင့် ထပ်ပြောလိုက်လေသည်။

"အရမ်းကြီး စိတ်ပူမနေပါနဲ့... ကိုယ်တို့က အင်အားနည်းနေသေးပေမယ့် မင်းနဲ့ကိုယ် ဒီမှာရှိနေသရွေ့ ကိုယ်တို့အတွက် အလုပ်လုပ်ပေးချင်တဲ့ စွမ်းအားရှင်တွေ အများကြီးရှိတယ်ဆိုတာ စိတ်ချထားလို့ရတယ်...”

“အဲဒီလူတွေ ကိုယ်တို့ဆီမှာ အလုပ်လုပ်ပေးနေသရွေ့ အဲဒီစခန်းတွေက ကိုယ်တို့ကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူး...”

“လေ့ထီလျန် လုပ်ခဲ့သလို သူလျှိုတွေနဲ့ လုပ်ကြံသတ်ဖြတ်မယ့်သူတွေ လွှတ်တာမျိုးလောက်ပဲ လုပ်နိုင်မှာပါ..."

သူ၏စကားကို ကြားပြီးနောက် ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"ရှင်ပြောတာ မှန်တယ်... နောက်ကွယ်က ကြိုးကိုင်နေတဲ့သူကို ဖမ်းမိသွားရင် ကျွန်မတို့ရဲ့ ပြဿနာက ပြေလည်သွားမှာပဲ..."

ရှို့ဝူက သူမကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေ၏။

"သွားရအောင်... တခြားသူတွေနဲ့ အရေးပေါ်အစီအစဥ်တွေအကြောင်း ဆွေးနွေးသင့်တယ်..."

ရှို့ဝူနှင့် တခြားသူများ အလုပ်ရှုပ်နေစဉ် ဝေးကွာသော လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုအတွင်း သာမန်အဝတ်အစားဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် ဓာတ်ခွဲခန်းဝတ်စုံအဖြူများကို ဝတ်ဆင်ထားသော သိပ္ပံပညာရှင်တစ်စုရှေ့တွင် တည်ငြိမ်စွာ ရပ်နေလေသည်။

ထိုအဘိုးအိုသည် အပြာရောင်အရည်များ ပြည့်နေသော မှန်ပြွန်ထဲတွင် မျောပါနေသည့် ဖုတ်ကောင်ကို ကြည့်ကာ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခုဖြင့် မေးလိုက်၏။

"ဒါက နောက်ဆုံးပေါ် ထုတ်ကုန်လား..."

သိပ္ပံပညာရှင်ခေါင်းဆောင်က သူ၏မျက်မှန်ကို အနည်းငယ် ပင့်တင်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်ပါတယ် ဥက္ကဋ္ဌလေ့... အဆင့်လေးဖုတ်ကောင် ဆုံးရှုံးသွားပြီးနောက်မှာ ဒီအဆင့်ငါးဖုတ်ကောင်ကို ဖန်တီးဖို့ ကျွန်တော်တို့ နောက်ဆုံးမှာ အောင်မြင်ခဲ့ပါတယ်..."

လေ့ထီလျန်က ခေါင်းညိတ်လိုက်ပြီး မေးလိုက်လေ၏။

"မင်း သူ့ကို ရှာတွေ့ပြီလား..."

သူ၏အမေးကို ကြားသောအခါ သိပ္ပံပညာရှင်ခေါင်းဆောင်က တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"မတွေ့သေးပါဘူး... ဒါပေမယ့် အချက်အလက်တွေအရ ဇီးရိုးက ဓာတ်ခွဲခန်းကနေ ထွက်ပြေးပြီးတဲ့နောက် သေသွားလောက်ပြီ..."

သိပ္ပံပညာရှင်ခေါင်းဆောင် စကားပြောပြီးနောက် လေ့ထီလျန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေ၏။

"ငါက တိကျတဲ့အဖြေကိုပဲ လိုချင်တာ... ယူဆချက်ကို မဟုတ်ဘူး..."

သူ၏မကျေနပ်မှုကို ခံစားမိသောကြောင့် သိပ္ပံပညာရှင်ခေါင်းဆောင်သည် မျက်လွှာချလိုက်ပြီး တိတ်တိတ်‌လေးနေလိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် လေ့ထီလျန်က ပြောလိုက်၏။

"ဆက်ရှာနေ... သူသေသွားရင်တောင် သူ့အလောင်းကို ငါလိုချင်တယ်..."

စကားပြောပြီးနောက် သူက ခေတ္တရပ်သွားကာ ထပ်ပြောလိုက်လေသည်။

"နေဦး... သူသေသွားတယ်ဆိုရင်... သူ့ရဲ့ကျန်နေတဲ့ အစိတ်အပိုင်းတွေကိုပဲ ပြန်ယူလာခဲ့..."

သိပ္ပံပညာရှင်ခေါင်းဆောင်၏ မျက်ဝန်းများက တစ်စက္ကန့်မျှ လှုပ်ခတ်သွားပြီးနောက် ခေါင်းမမော့ဘဲ ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ..."

နောက်ထပ် စစ်ဆေးမှုတစ်ကြိမ် ပြုလုပ်ပြီးနောက် လေ့ထီလျန်သည် လျှို့ဝှက်ဓာတ်ခွဲခန်းမှ ထွက်ခွာသွားလေသည်။

ကားထဲတွင် ထိုင်ရင်း သူက ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ကာ တွေးတောနေ၏။ သူတို့ လျှို့ဝှက်ဓာတ်ခွဲခန်းမှ ထွက်ခွာသွားပြီး မိနစ်အနည်းငယ်အကြာတွင် လျှို့ဝှက်ဓာတ်ခွဲခန်းနှင့် မနီးမဝေး၌ ချောမောသော အမျိုးသားတစ်ဦး ပေါ်လာလေသည်။

လျှို့ဝှက်ဓာတ်ခွဲခန်း၏ ဖုံးကွယ်ထားသော ဝင်ပေါက်ကိုကြည့်ကာ လေ့ဟောက်ကျန့်၏ မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်လိုစိတ်နှင့် နက်ရှိုင်းသော အမုန်းတရားများ လက်ကနဲဖြစ်သွားသည်။

တံခါးကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် မြေပြင်ပေါ်ရှိ ကားဘီးရာများကို သူ မြင်လိုက်ရလေ၏။ ထိုလမ်းကြောင်းကို ခဏမျှ စစ်ဆေးကြည့်ပြီးနောက် သူက လှောင်ပြုံးပြုံးလိုက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

အပူချိန် သိသိသာသာ ကျဆင်းသွားပြီးနောက် သုံးရက်အကြာတွင် ထန်ပိုင်နှင့် စုန့်ချန်စုတို့သည် အပန်းဖြေစခန်းဧရိယာသို့ ရောက်ရှိလာကြသည်။ သူတို့နှစ်ဦးသည် ဇုန်၅အပြင်ဘက်တွင် ကားရပ်လိုက်ပြီး ရှေ့ရှိ ထူထပ်သော မြူခိုးများကို ကြည့်နေကြလေ၏။

"အစ်ကိုထန်... ဗိုလ်ကြီးရှို့ကို ဆက်သွယ်ပြီးပြီလား..."

စုန့်ချန်စုက သမ်းဝေလိုက်ရင်း မေးလိုက်သည်။

ထန်ပိုင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်လေ၏။

"အင်း..."

ထန်ပိုင်၏ လန်းဆန်းတက်ကြွနေသော မျက်နှာကိုကြည့်ရင်း စုန့်ချန်စုက မနာလိုစွာ ပြောလိုက်သည်။

"ငါတော့ အလုပ်ပြောင်းဖို့ စာတင်ချင်နေပြီ..."

သူ၏စကားကို ကြားပြီးနောက် ထန်ပိုင်က သူ့ကို ကြည့်ကာ မေးလိုက်လေ၏။

"ဘာဖြစ်လို့လဲ... မင်း ထောက်ပံ့ရေးဌာနမှာ အလုပ်ကောင်းကောင်း လုပ်နေတာပဲကို..."

စုန့်ချန်စုက နောက်တစ်ကြိမ် သမ်းဝေလိုက်ပြီး ပြောလိုက်သည်။

"ငါသာ ထောက်ပံ့ရေးဌာနမှာ ဆက်နေရရင် မင်း ငါ့အလောင်းကို လာကောက်ရလိမ့်မယ်..."

သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို ကြည့်ရင်း ထန်ပိုင်မှာ တိတ်ဆိတ်သွားရရှာ၏။

စစ်စခန်းမှ လူအများအပြား ထွက်ခွာသွားကြသဖြင့် သူတို့မှာ လူအင်အား အမှန်တကယ် လိုအပ်နေသည်။ ထောက်ပံ့ရေးဌာနတွင် ဆုန့်ချန်စုနှင့် အခြားအဖွဲ့နှစ်ဖွဲ့သာ ရှိပြီး တစ်စခန်းလုံးအတွက် လုံလောက်သော ရိက္ခာများ ထောက်ပံ့ပေးရန်မှာ အမှန်တကယ် မဖြစ်နိုင်ပေ။

ခေတ္တ တိတ်ဆိတ်နေပြီးနောက် ထန်ပိုင်က ပြောလိုက်လေသည်။

"မင်း ဌာနပြောင်းချင်ရင် ငါ့ကို ပြောပါ... တပ်မှူး‌မော့ကို ငါတိုက်ရိုက် အသိပေးလိုက်မယ်..."

စုန့်ချန်စုက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ပြုံးကာ ပြောလိုက်၏။

"ကျေးဇူးပါပဲ အစ်ကိုထန်..."

သူတို့နှစ်ဦး မိနစ်အနည်းငယ်ကြာ ထပ်မံစောင့်ဆိုင်းပြီးနောက် ထူထပ်သော မြူခိုးများထဲမှ ကလေးငယ်တစ်ဦး လမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်ရလေသည်။

ကလေး၏ မျက်နှာကို မြင်လိုက်သောအခါ ဤကလေးသည် ရှို့ဝူနှင့် တခြားသူများ ကယ်တင်ခဲ့သော ကလေးများထဲမှ တစ်ဦးဖြစ်ကြောင်း ထန်ပိုင် မှတ်မိသွားသည်။

ငါးနှစ်အရွယ် ကောင်လေးမှာ လမ်းလျှောက်ရင်း ယိမ်းယိုင်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရသောအခါ စုန့်ချန်စုမှာ ဆွံ့အသွားရရှာ၏။

"..."

'မြေပြင်က ညီညာနေတာကို ဘယ်လိုလုပ်ပြီး လဲကျသွားရတာလဲ...'

ထူထပ်သော မြူခိုးများထဲမှ ထွက်လာပြီးနောက် ကောင်လေးက သူတို့နှစ်ဦးကို ခဏမျှ ကြည့်လိုက်သည်။ သူက စုန့်ချန်စုထက် ထန်ပိုင်ကို နှစ်မိနစ်ခန့် ပိုကြာအောင် စိုက်ကြည့်နေပြီးနောက် ဤလူသည် သူ၏ညီငယ်သုံးဦးကို ခေါ်သွားခဲ့သူဖြစ်ကြောင်း မှတ်မိသွားလေ၏။

ကောင်လေးက အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် သူတို့နှစ်ဦးအနီးသို့ လျှောက်လာကာ မေးလိုက်သည်။

"ဦးလေး... နာမည်ဘယ်လိုခေါ်လဲ..."

ကောင်လေးက သူ့ကို ဦးလေးဟု ခေါ်လိုက်သောအခါ ထန်ပိုင်မှာ ဆွံ့အသွားရရှာ၏။

"..."

သူ၏ မျက်နှာအမူအရာကို ကြည့်ရင်း စုန့်ချန်စုက ခဏမျှ ရယ်မောလိုက်ပြီးနောက် ကောင်လေးကို ကြည့်ကာ ပြောလိုက်လေသည်။

"ကလေးလေး... တခြားသူတွေရဲ့ နာမည်ကို မမေးခင် ကိုယ့်နာမည်ကို အရင်မိတ်ဆက်ပေးရတယ်လေ..."

ကောင်လေးက သူ့ကို လှည့်ကြည့်ကာ ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"မင်္ဂလာပါ ဦးလေး... သားနာမည်က ချန်ယွီပါ... ဦးလေးနာမည်က ဘယ်လိုခေါ်လဲ..."

သူ့ကိုပါ ကောင်လေးက ဦးလေးဟု ခေါ်လိုက်သဖြင့် စုန့်ချန်စုက သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။

"ချန်ယွီ ဟုတ်လား... ငါတို့က ငယ်ရွယ်ပြီး လူပျိုတွေဖြစ်နေသေးလို့ ဦးလေးလို့ မခေါ်ဘဲ အစ်ကိုလို့ ခေါ်သင့်တယ်... ပြီးတော့ ငါ့နာမည်က စုန့်ချန်စု... ဒီအစ်ကို့နာမည်က ထန်ပိုင်လို့ ခေါ်တယ်..."

All Chapters