အခန်း ၁၉၉
Vol. 20 Ch. 199
အခန်း (၁၉၉) - စမ်းသပ်စစ်ဆေးခြင်း
စုန့်ချန်စု၏ စကားကို ကြားပြီးနောက် ချန်ယွီက ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်၏။
"အစ်ကိုကြီးတို့က အစ်ကိုကြီး ရှို့ဝူ ဒါမှမဟုတ် အစ်မကြီး ကျူးလင်ကို လာတွေ့တာလား..."
ထန်ပိုင်က ခါးကို ကိုင်းချလိုက်ကာ ချန်ယွီ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ငါတို့က ဗိုလ်ကြီးရှို့နဲ့ မိန်းကလေးကျူးကို လာတွေ့တာပါ..."
ချန်ယွီက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ကို ကိုင်ဆွဲလိုက်ကာ ဆိုလေ၏။
"ဒါဆိုလည်း ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ..."
ထန်ပိုင်က မတ်တပ်ရပ်လိုက်ပြီးနောက် ချန်ယွီကို ပွေ့ချီလိုက်ကာ မေးလိုက်လေသည်။
"လမ်းလျှောက်မယ့်အစား ကားမောင်းသွားလို့ ရမလား..."
ချန်ယွီက စစ်ကားကို ကြည့်လိုက်ပြီးနောက် ခဏတဖြုတ် စဉ်းစားလိုက်၏။ ထို့နောက် ထန်ပိုင်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်ပေသည်။
"အစ်ကိုကြီး... အိုလာတဲ့အခါ လမ်းမလျှောက်နိုင်တာမျိုး မဖြစ်ရအောင် လမ်းများများ လျှောက်ထားတာ ပိုကောင်းမယ်..."
ထိုစကားကြားသောအခါ စုန့်ချန်စုသည် မျက်ထောင့်မှ မျက်ရည်များ ထွက်ကျလာသည်အထိ ဗိုက်ကိုနှိပ်ကာ ရယ်မောလိုက်လေတော့သည်။
ထန်ပိုင်မှာမူ ထပ်မံ၍ ဆွံ့အသွားရရှာပြီး သူ့စိတ်ထဲ၌ တွေးလိုက်မိ၏။
'ဒီကောင်လေး စကားပြောပုံက မိန်းကလေးကျူးနဲ့ တကယ်ကို တူတာပဲ...'
ချန်ယွီနှင့် ခဏကြာအောင် ညှိနှိုင်းပြီးနောက် နောက်ဆုံးတွင် ကားကို ဇုန်၅ထဲသို့ မောင်းနှင်သွားနိုင်ခဲ့သည်။ ထန်ပိုင်က လမ်းတစ်လျှောက်ရှိ ပြောင်းလဲနေသည့် မြင်ကွင်းများကို ကြည့်ကာ မေးလိုက်သည်။
"ဘာလို့ မြင်ကွင်းတွေက ဒီလိုပုံစံ ဖြစ်နေရတာလဲ..."
သူ့ပေါင်ပေါ်တွင် ထိုင်နေသော ချန်ယွီက ထန်ပိုင်ကို မော့ကြည့်ကာ ဖြေလိုက်လေ၏။
"ဘာလို့လဲဆိုတော့ အစ်မကြီး ကျူးလင်က ပုံရိပ်ယောင်အစီအရင်ကို ပြုလုပ်ထားလို့ပဲ...”
“ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ လမ်းပြပေးတာမျိုး မရှိရင် ခွင့်ပြုချက်မရဘဲ ဝင်လာတဲ့သူတွေက ကျွန်တော်တို့ လာမခေါ်မချင်း တစ်သက်လုံး ပိတ်မိနေလိမ့်မယ်..."
သူ၏စကားကို ကြားသောအခါ စုန့်န့်ချန်စုနှင့် ထန်ပိုင်တို့က အချင်းချင်း အကဲခတ်လိုက်ကြသည်။ ဤအချိန်၌ သူတို့နှစ်ဦးစလုံး၏ ခေါင်းထဲတွင် တူညီသော အတွေးတစ်ခု ရှိနေခဲ့ပြီး ၎င်းမှာ ထိုသူများအနီး၌ သတိထားနေထိုင်ရန်ပင်။
နာရီဝက်ခန့် ကားမောင်းလာပြီးနောက် ချန်ယွီက ပြောလိုက်၏။
"ဒါက ဇုန်၅ရဲ့ ဝင်ပေါက်ပဲ..."
သူ၏စကားကို ကြားပြီးနောက် ထန်ပိုင်နှင့် စုန့်ချန်စုတို့က သူညွှန်ပြရာဘက်သို့ လှမ်းကြည့်လိုက်ကြလေသည်။ နောက်ထပ် မိနစ်အနည်းငယ်ခန့် ကားမောင်းပြီးနောက် သူတို့နှစ်ဦးမှာ ဝင်ပေါက်ကို အမှန်တကယ် မြင်တွေ့လိုက်ရသည်။
ထန်ပိုင်၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်သွားပြီး ချန်ယွီကို ကြည့်ကာ မေးလိုက်တော့၏။
"ချန်ယွီလေး... မင်းမှာ စွမ်းအားတွေများ ရှိနေတာလား..."
ချန်ယွီက ခေါင်းလေးကို စောင်းလိုက်ကာ နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။
"အဲဒါက ဘာလဲ..."
ကလေးငယ်၏ နားမလည်နိုင်ဖြစ်နေသော မျက်လုံးများကို ကြည့်ကာ ထန်ပိုင်က မေးခွန်းပြောင်းလိုက်၏။
"မင်းက ဝင်ပေါက်ကို အဝေးကြီးကနေ မြင်နိုင်တာလား..."
ချန်ယွီက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖြေလိုက်လေသည်။
"ဟုတ်တယ်... အစ်ကိုကြီး ကျီယန်က ကျွန်တော့်ကို အမြင်အာရုံ အရမ်းကောင်းတယ်လို့ပြောတယ်... ဒါကြောင့် ဧည့်သည်တွေကို လမ်းပြကူညီပေးဖို့ သူက ကျွန်တော့်ကို ခိုင်းထားတာ..."
သူ၏အဖြေကို ကြားသောအခါ စုန့်ချန်စုက ခေါင်းခါယမ်းလိုက်ပြီး လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
"ဒီလောက်ကတော့ အမြင်အာရုံကောင်းရုံတင် မကလောက်ဘူး... မင်းဆီမှာ အမြင်အာရုံစွမ်းအား ရှိနေတာ သေချာတယ်..."
သူတို့ ရောက်ရှိလာပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ ချန်ယွီက ကားတံခါးကို ဖွင့်ကာ ကားပေါ်မှ ခုန်ဆင်းလိုက်လေသည်။ ထို့နောက် သူက အဝင်ဝ၌ အစောင့်ချနေသော အစောင့်နှစ်ဦးကို လက်ညှိုးထိုးပြကာ ဆိုလိုက်သည်။
"အစ်ကိုကြီးတို့... ခဏနေရင် အဲဒီကအစ်ကိုကြီးနှစ်ယောက်ကို အထဲခေါ်သွားပေးဖို့ အကူအညီ တောင်းလိုက်ပါ..."
ထိုသို့ ပြောပြီးနောက် ချန်ယွီသည် ထန်ပိုင်နှင့် စုန့်ချန်စုတို့ကိုပင် မစောင့်တော့ဘဲ ဇုန်၅ထဲသို့ ပြေးဝင်သွားတော့၏။ အစောင့်များက သူ့ကို မြင်သောအခါ ဖြတ်သန်းသွားနိုင်ရန် သတ္တုတံခါးကို ဖွင့်ပေးလိုက်ကြသည်။
ကားပေါ်မှ ဆင်းပြီးနောက် စုန့်ချန်စုက ကေဘယ်လ်ကြိုးများဖြင့် ဖုံးလွှမ်းထားသော မြင့်မားသည့် သတ္တုတံတိုင်းကိုကြည့်ကာ ပြောလိုက်ပေသည်။
"တံတိုင်းကို ဗို့အားမြင့်လျှပ်စစ်တွေ တပ်ဆင်နိုင်ဖို့ သူတို့ဆီမှာ မီးစက်တွေ လုံလုံလောက်လောက် ရထားတဲ့ပုံပဲ..."
ထန်ပိုင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖြေလိုက်သည်။
"အင်း..."
သူတို့နှစ်ဦး အဝင်ဝသို့ လျှောက်သွားသောအခါ အစောင့်များက သူတို့ကို ပြုံးပြလိုက်ပြီး ပြောလိုက်ကြ၏။
"ဗိုလ်ကြီးထန်၊ ဗိုလ်ကြီးစုန့်... ကျွန်တော်တို့ရဲ့ ဝူလင်အပန်းဖြေစခန်းကနေ ကြိုဆိုပါတယ်...”
“လူကြီးမင်းတို့ လာရောက်မယ့်အကြောင်း ကျွန်တော်တို့ဆီကို အကြောင်းကြားထားပြီးသားပါ... ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ..."
သူတို့နှစ်ဦးက အစောင့်ကို ကျေးဇူးတင်စကား ဆိုလိုက်ကြပြီး ဇုန်၅ထဲသို့ သူ့နောက်မှ လိုက်သွားကြလေသည်။
တောက်ပနေသော အစိမ်းရောင် အခွံအိမ်များကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူတို့မှာ ဆွံ့အသွားရရှာ၏။ သူတို့၏ အံ့ဩမှင်တက်နေသော အမူအရာများကို မြင်သောအခါ အစောင့်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်ပေသည်။
"ဒါတွေက ကျွန်တော်တို့ စခန်းမှာပဲရှိတဲ့ အခွံအိမ်တွေလေ... အရမ်းကို ထူးခြားဆန်းသစ်မနေဘူးလား..."
စုန့်ချန်စုက ထိုအခွံအိမ်များကို လှမ်းကြည့်လိုက်ပြီးနောက် မေးလိုက်သည်။
"ဒီလို ထူးဆန်းတဲ့အိမ်တွေကို ဒီနေရာမှာ လူတိုင်း စိတ်ကြိုက် ဆောက်လုပ်ခွင့် ရှိတာလား..."
အစောင့်က ခေါင်းခါယမ်းပြလိုက်ကာ ဖြေလိုက်၏။
"ဒီမှာ အခွံအိမ်ဆောက်ဖို့ ခွင့်ပြုချက် လိုအပ်ပါတယ်... ပြီးတော့ ခူကောင်ကြီးတွေကို ကိုယ်တိုင်အမဲလိုက်ဖို့လည်း လိုသေးတယ်..."
အစောင့်၏ အဖြေကို ကြားပြီးနောက် ထန်ပိုင်က စိတ်ဝင်စားသွားကာ မေးလိုက်လေသည်။
"ခွင့်ပြုချက်ကို ဘယ်လိုရနိုင်မှာလဲ..."
အစောင့်က ခပ်လှမ်းလှမ်းရှိ ရိုးရှင်းသော ရုံးခန်းတစ်ခုကို လက်ညှိုးထိုးပြလိုက်ပြီးနောက် ရှင်းပြလိုက်သည်။
"အခွံအိမ် ဆောက်ချင်တဲ့သူတိုင်းက တာဝန်ပေးစင်တာကနေ အထူးတာဝန်တစ်ခုကို လက်ခံရယူရပါတယ်...”
“လူတိုင်းက သူတို့ဘဝမှာ ဒီတာဝန်ကို တစ်ကြိမ်ပဲ ထမ်းဆောင်ခွင့် ရှိတာပါ... တကယ်လို့ ကျရှုံးသွားခဲ့ရင် နောက်ထပ် လက်ခံလို့မရတော့ဘူး...”
“တာဝန်ကျရှုံးသွားတဲ့နောက်မှာတော့ သူတို့က စခန်းဆီကနေပဲဖြစ်ဖြစ်၊ တခြားလူတွေဆီကနေပဲဖြစ်ဖြစ် အိမ်ငှားပြီးပဲ နေလို့ရတော့တယ်..."
ထိုသို့ ရှင်းပြပြီးနောက် အစောင့်သည် တံတိုင်းအနီးရှိ အခွံအိမ်ငယ်များကို လက်ညှိုးထိုးပြကာ ဆိုလိုက်လေ၏။
"အဲဒီအိမ်တွေကတော့ သာမန်လူတစ်စု ပိုင်ဆိုင်တာပါ...”
“သူတို့က ခူကောင်ကြီးတွေကို ကိုယ်တိုင် အမဲမလိုက်နိုင်ကြတဲ့အတွက် လုံလောက်တဲ့ ရိက္ခာပစ္စည်းတွေကို စုဆောင်းပြီး စခန်းဆီကနေ တစ်လုံး ဝယ်ယူခဲ့ကြတာ...”
“အထူးတာဝန်ကို လက်ခံခွင့်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ စခန်းကနေ အခွံအိမ်ကို ဝယ်ယူပြီးတာနဲ့တစ်ပြိုင်နက် သူတို့ရဲ့ အခွင့်အရေးလည်း ဆုံးရှုံးသွားပြီလေ..."
အစောင့်၏ ရှည်လျားသော ရှင်းလင်းချက်ကို နားထောင်ပြီးနောက် စုန့်ချန်စုက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ဒါက ဆောက်လုပ်ရေးပစ္စည်းတွေကို ချွေတာနိုင်ဖို့ တကယ်ကို ကောင်းမွန်တဲ့ အကြံဉာဏ်ပဲ..."
အစောင့်က သူ၏စကားကို သဘောတူလိုက်ကာ ဖြေလိုက်၏။
"ဟုတ်ပါတယ်... အစ်ကိုကျီက စခန်းကို စီမံခန့်ခွဲတဲ့နေရာမှာ တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ..."
စုန့်ချန်စုနှင့် အစောင့်တို့ စကားစမြည် ပြောနေကြစဉ် ထန်ပိုင်က ပတ်ဝန်းကျင်ကို လေးလေးနက်နက် လိုက်လံကြည့်ရှုနေလေသည်။ သူက ခဏတဖြုတ် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။
"ဒီအပန်းဖြေစခန်းက နေထိုင်ဖို့ တကယ်ကို သင့်တော်တဲ့နေရာလို့ ထင်တယ်... ဒီမှာရှိတဲ့ အပူချိန်ကတောင် အရမ်းကို သက်တောင့်သက်သာ ရှိလှတယ်...”
“ဒီလို သက်တောင့်သက်သာရှိတဲ့ အပူချိန်မျိုး ဖန်တီးနိုင်ဖို့ ဗိုလ်ကြီးရှို့ ဘာတွေများ လုပ်ခဲ့လဲဆိုတာ ငါ သိချင်မိတယ်..."
ထန်ပိုင်၏ စကားကို ကြားသောအခါ အစောင့်က ပြုံးသာပြုံးနေခဲ့ပြီး သူ၏မေးခွန်းကို ဖြေဆိုမည့် ရည်ရွယ်ချက် ရှိပုံမပေါ်ပေ။
အပူချိန်ကို ထိန်းချုပ်ပေးသော ကိရိယာနှင့် ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမျှ အစောင့်များထံမှ မရနိုင်ကြောင်း သိလိုက်ရသောကြောင့် ထန်ပိုင်သည် ဤနေရာ၌ နေထိုင်သူများကိုသာ လေ့လာကြည့်ရှုရန် ဆုံးဖြတ်လိုက်တော့သည်။
အစောင့်က သူ၏ ရည်ရွယ်ချက်ကို ရိပ်မိသွားကာ ခြေလှမ်းများကို အရှိန်တင်လိုက်ပြီး ပြောလိုက်၏။
"မြန်မြန် သွားကြရအောင်... အစ်ကိုရှို့ကို အကြာကြီး စောင့်ခိုင်းလို့ မဖြစ်ဘူး..."
စကားပြောရင်းဖြင့် သူ၏ ခြေလှမ်းများကို ပိုမိုမြန်ဆန်လာစေခဲ့ရာ မကြာမီမှာပင် သူတို့သည် စခန်းအဝင်ဝသို့ ရောက်ရှိသွားကြလေသည်။ ဧည့်သည်များကို ခေါ်ဆောင်လာကြောင်း မြင်လိုက်ရသောအခါ စခန်းအဝင်ဝ၌ တာဝန်ကျနေသော အစောင့်က လှမ်းပြောလိုက်ပေသည်။
"ဒီနေရာကစပြီး ငါပဲ တာဝန်ယူလိုက်ပါ့မယ်..."