အခန်း ၂၀၀
Vol. 20 Ch. 200
အခန်း (၂၀၀) - အဆင့်တက်ခြင်း
အစောင့်ဖြစ်သူက ခေါင်းညိတ်လိုက်ပြီး ထန်ပိုင်နှင့် စုန့်ချန်စုတို့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"ဗိုလ်ကြီးထန်... ဗိုလ်ကြီးစုန့်... နောက်မှ ပြန်တွေ့ကြတာပေါ့..."
ထိုသို့ပြောပြီးနောက် သူသည် တာဝန်ကျရာနေရာသို့ ပြန်သွားကာ ဇုန်၅ဝင်ပေါက်ကို ဆက်လက်စောင့်ကြပ်နေလေ၏။
ယခုတစ်ကြိမ် လမ်းပြပေးမည့်သူမှာ စစ်ဘက်ဆိုင်ရာအပန်းဖြေစခန်းမှ အဆင့်မြင့်စွမ်းအားရှင်တစ်ဦး ဖြစ်နေသည်ကို မြင်သောအခါ စုန့်ချန်စုက မျက်ခုံးအနည်းငယ်ပင့်လိုက်ပြီး တွေးလိုက်သည်။
'ဒီဝူလင်စခန်းက တကယ်ကို မိုက်တာပဲ... သူတို့ရဲ့ အစောင့်တွေကတောင် အဆင့်မြင့်စွမ်းအားရှင်တွေ ဖြစ်နေကြတယ်...'
အစောင့်ဖြစ်သူက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။
"ဗိုလ်ကြီးထန်နဲ့ ဗိုလ်ကြီးစုန့်... ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ..."
အစောင့်ဖြစ်သူ စကားပြောပြီးနောက် အခြားအစောင့်တစ်ဦးက သတ္တုမည်းများဖြင့် တည်ဆောက်ထားသော ဧရာမတံခါးကြီးကို ဖွင့်ရန် တံတိုင်းပေါ်ရှိ အစောင့်များထံသို့ အချက်ပြလိုက်လေသည်။
စက္ကန့်အနည်းငယ်အကြာတွင် ဧရာမတံခါးကြီးမှာ ဖြည်းညင်းစွာ ပွင့်လာတော့၏။
စခန်းတံခါးနှင့် တံတိုင်း၏ အထူအပါး၊ အသုံးပြုထားသော ပစ္စည်းများကို ထန်ပိုင် မြင်လိုက်ရချိန်တွင် သူ၏မျက်လုံးများက တောက်ပသွားပြီး စုန့်ချန်စုကို လှမ်းကြည့်လိုက်သည်။
သူ၏အကြည့်ကို သတိပြုမိသော စုန့်ချန်စုက ခေါင်းညိတ်ပြလိုက်ပြီး သူတို့နှစ်ဦးမှာ အုပ်ချုပ်ရေးရုံးခန်းဘေးရှိ အစည်းအဝေးခန်းမသို့ ရောက်သည်အထိ နှုတ်ဆိတ်နေခဲ့ကြလေသည်။
အစောင့်က သူတို့ကို အစည်းအဝေးခန်းထဲသို့ ခေါ်သွားပြီးနောက် ပြောလိုက်၏။
"ခဏလောက် စောင့်ပေးပါ... အစ်ကိုရှို့ကို သွားပြောလိုက်ပါ့မယ်..."
ထန်ပိုင်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ..."
အစောင့်ထွက်သွားပြီး တံခါးပိတ်သွားသောအခါ ဖန်စားပွဲဝိုင်းဘေးရှိ ကုလားထိုင်များတွင် မထိုင်မီ သူတို့နှစ်ဦးက အခန်းကို သေချာစွာ အကဲခတ်ကြည့်လိုက်ကြသည်။
ခမ်းနားထည်ဝါသော ဤအခန်းကို ကြည့်ရင်း စုန့်ချန်စုက လျှာသပ်ကာ ပြောလိုက်၏။
"ဒါက တကယ့်ပရဒိသုဘုံပဲ..."
ထန်ပိုင်က သူ့ကို ကြည့်ကာ မေးလိုက်သည်။
"ဒီအဆောက်အအုံထဲကို မဝင်ခင် လုံခြုံရေးစစ်ဆေးမှု ဘယ်နှစ်ဆင့်တောင် ဖြတ်ကျော်ခဲ့ရလဲဆိုတာ မင်း သတိထားမိလား..."
သူ၏အမေးကို ကြားသောအခါ စုန့်ချန်စုက သူ၏ပေါ့ပေါ့ပါးပါး အမူအရာကို ရုပ်သိမ်းလိုက်ပြီး ပြောလိုက်၏။
"ဟုတ်တယ်... လုံခြုံရေးအခြေအနေ တစ်ခုတည်းကနေ ကြည့်ရင်ကို ဗိုလ်ကြီးရှို့ဆီမှာ ထောက်ပံ့ရေးပစ္စည်း အများကြီးရှိနေတာ သေချာတယ်..."
ထန်ပိုင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"တံတိုင်းတည်ဆောက်ထားတဲ့ ပစ္စည်းတွေနဲ့တင် ငါတို့လူတွေကို နှစ်ပေါင်းများစွာ ကျွေးမွေးဖို့ လောက်တယ်..."
စကားဆုံးသည်နှင့် သူတို့နှစ်ဦးလုံး တိတ်ဆိတ်သွားကြလေသည်။
အတန်ကြာပြီးနောက် တံခါးပွင့်လာပြီး အသက်နှစ်ဆယ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးသည် အစားအသောက်နှင့် သောက်စရာများ အပြည့်တင်ထားသော လက်တွန်းလှည်းကို တွန်းကာ ဝင်လာခဲ့သည်။
သူမက သူတို့ကို ပြုံးပြလိုက်ပြီး လက်တွန်းလှည်းပေါ်ရှိ အစားအသောက်များကို ယူကာ စားပွဲဝိုင်းပေါ်သို့ စတင်ချထားပေးလေ၏။
အစားအသောက်နှင့် သောက်စရာများ ပြင်ဆင်ပြီးစီးသွားသောအခါ သူမက ပြုံးပြလိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။
"ကြိုဆိုတဲ့အနေနဲ့ တည်ခင်းထားတဲ့ အစားအသောက်တွေကို သုံးဆောင်ကြပါရှင်..."
သူမ ထွက်သွားပြီးနောက် စုန့်ချန်စုက တံတွေးမျိုချလိုက်ပြီး ပြောလိုက်၏။
"အစ်ကိုထန်... ကျွန်တော့်ကို မြန်မြန် တစ်ချက်လောက် ရိုက်လိုက်စမ်းပါ..."
ဖြန်း
မျက်နှာပေါ်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသော စုန့်ချန်စုက ထန်ပိုင်ကို မယုံကြည်နိုင်စွာ ကြည့်ကာ မေးလိုက်သည်။
"ခင်ဗျားက ဘာလို့ ကျွန်တော့်မျက်နှာကို ရိုက်ရတာလဲ..."
ထန်ပိုင်က သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီး မေးလိုက်၏။
"မင်းပဲ ခုနက မင်းကို ရိုက်ခိုင်းတာ မဟုတ်ဘူးလား..."
သူ၏စကားကို ကြားသောအခါ စုန့်ချန်စုမှာ ချက်ချင်းပင် ဆွံ့အသွားရရှာပြီး သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် အတန်ကြာအောင် ငေးကြည့်နေမိကြသည်။
"..."
'ငါက ဒီအတိုင်းပဲပြောလိုက်တာ... တကယ်ပြောတာ မဟုတ်ဘူးဆိုတာကို ခင်ဗျား မသိဘူးလား...'
စုန့်ချန်စုက နီရဲနေသော ပါးပြင်ကို ပွတ်သပ်လိုက်ပြီး မေးလိုက်သည်။
"ဒီအစားအသောက်တွေက တကယ်ပဲ ငါတို့အတွက်လား... ငါတို့စားပြီးသွားလို့ မတန်တဆစျေးတွေ တောင်းလာရင် ဘယ်လိုလုပ်မလဲ... အကြွေးမဆပ်နိုင်လို့ သူတို့ဆီမှာ အလုပ်လုပ်ပေးရမယ်ဆိုပြီး အတင်းအကျပ် ခိုင်းရင်ရော..."
သူက တုံ့ဆိုင်းကာ ထင်ကြေးပေးနေချိန်တွင် ထန်ပိုင်ကမူ စတင်စားသောက်နေပြီဖြစ်ကာ ပြောလိုက်၏။
"ငါ နောက်ဆုံးစားခဲ့ရတာ လွန်ခဲ့တဲ့ သုံးရက်ကပဲ... အခု ငါ အရမ်းဆာနေပြီ... မင်း မစားချင်ရင် ငါအကုန်စားပစ်လိုက်မယ်...”
“ဒီလိုအစားအသောက်မျိုးကို နောက်ထပ် အကြိမ်အနည်းငယ်လောက် စားရမယ်ဆိုရင် ဒီနေရာမှာ နွားတစ်ကောင်လို ရက်အနည်းငယ်လောက် အလုပ်လုပ်ပေးရလည်း ငါ ဂရုမစိုက်ပါဘူး..."
သူ မည်မျှမြန်မြန် စားသောက်နေသည်ကို မြင်သောအခါ စုန့်ချန်စုမှာ စိုးရိမ်လာပြီး ပြောလိုက်သည်။
"ခင်ဗျားပြောတာ မှန်တယ်... ဗိုက်ကိုအရင် ဖြည့်ထားပြီးမှ နောက်ဖြစ်တဲ့ပြဿနာ နောက်မှ ဖြေရှင်းကြတာပေါ့..."
ထန်ပိုင်နှင့် စုန့်ချန်စုတို့ တစ္ဆေငတ်ကြီးများပမာ စားသောက်နေကြချိန်တွင် ကျူးလင်မှာ အဆင့်တက်ခြင်း လုပ်ငန်းစဉ် အလယ်သို့ ရောက်ရှိနေလေသည်။
သူမနှင့် မနီးမဝေးတွင် ရပ်နေသော ထူထူနှင့် လီချိုးတို့သည် အံ့မခန်းအရှိန်အဟုန်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဖောက်ထွင်းကျော်လွန်သွားကာ သူမ၏ ကျင့်စဉ်အဆင့် တဟုန်ထိုး မြင့်တက်လာနေသည်ကို စောင့်ကြည့်နေကြသည်။
သူမ၏ အဆင့်တက်နှုန်းကို မြင်သောအခါ လီချိုးက အံ့ဩချီးကျူးစွာဖြင့် မရေရွတ်ဘဲ မနေနိုင်တော့ပေ။
"စစ်မှန်သော နတ်ဘုရားမ ကျူးလင်က လောကဘုံခြောက်ပါးမှာ ပါရမီအပါဆုံး နတ်ဘုရားပါပဲ... မိစ္ဆာနတ်ဘုရားကလွဲရင် သူမရဲ့ပါရမီကို ယှဉ်နိုင်မယ့်သူ မရှိနိုင်ဘူး..."
ထူထူက ခေါင်းညိတ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
"ဒါပေါ့... ငါ့သခင်မက မွေးရာပါ စစ်မှန်တဲ့ နတ်ဘုရားပဲ... သူမရဲ့ကျင့်စဉ်အဆင့် အထွတ်အထိပ်ကို ရောက်ဖို့ နှစ်ပေါင်းနှစ်ရာပဲ အချိန်ယူခဲ့ရတာ..."
ထူထူ၏စကားကို ကြားသောအခါ လီချိုးက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"သူမရဲ့ ဘိသိက်ခံပွဲကို တက်ရောက်ခွင့်မရခဲ့တာ နှမြောစရာပဲ..."
ထူထူက သူ၏ပါးကို ပုတ်လိုက်ပြီး ပြောလိုက်၏။
"မင်း လွတ်သွားတာ တကယ်ကို နှမြောစရာကောင်းတာပဲ..."
သူတို့နှစ်ဦး အတိတ်အကြောင်းကို စကားစမြည်ပြောနေကြစဉ် ကျူးလင်သည် အခြားနယ်ပယ်တစ်ခုကို ဖောက်ထွင်းကျော်လွန်သွားကာ စိတ်ဝိညာဉ်ဖြစ်တည်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူမ နောက်ထပ် ကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိသွားသောအခါ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး နောက်ကျိနေသော လေကို မှုတ်ထုတ်လိုက်လေသည်။
သူမ၏ ဒန်တျန်အတွင်းသို့ ကြည့်လိုက်ရာ အတွင်း၌ လွင့်မျောနေသော စိတ်ဝိညာဉ်ကို မြင်တွေ့လိုက်ရသဖြင့် နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာတော့၏။
သူမသည် မြေပြင်မှထရပ်ကာ ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ချိန်တွင် ထူထူနှင့် လီချိုးတို့က သူမအနီးသို့ လျှောက်လာကြသည်။
လီချိုးက လက်ယှက်ကာ အရိုအသေပေးလိုက်ပြီး ရိုးသားစွာ ပြောလိုက်၏။
"စစ်မှန်သော နတ်ဘုရားမ ကျူးလင် ကျင့်စဉ်စွမ်းအားအချို့ ပြန်လည်ရရှိလာတဲ့အတွက် ဂုဏ်ယူပါတယ်..."
ကျူးလင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဆင့်မြင့်နတ်ဘုရား လီချိုး...”
“ကျွန်မရဲ့ အပြည့်အဝ ကျင့်စဉ်စွမ်းအားတွေ ပြန်ရဖို့ အချိန်အများကြီး လိုသေးတယ်ဆိုပေမယ့် အခုလို စိတ်ဝိညာဉ်ဖြစ်တည်ခြင်းအဆင့်ကို ရောက်ရှိလာတာကိုက ကောင်းချီးတစ်ခုပါပဲ..."
ထိုသို့ပြောပြီးနောက် ထူထူသည် လီချိုး၏ ပခုံးပေါ်မှ ခုန်ချကာ သူမ၏ပခုံးပေါ်သို့ ဆင်းသက်လာပြီး မေးလိုက်၏။
"သခင်မ... သခင်မရဲ့ ဝိညာဉ်နန်းတော်ထဲကို အခု ကျွန်တော် ဝင်လို့ရပြီလား..."
ကျူးလင်က သူမ၏ယုန်လေးကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"အင်း... ကံကောင်းထောက်မစွာနဲ့ ငါ့ရဲ့ ဝိညာဉ်နန်းတော်က နဂိုအတိုင်း အကောင်းပကတိ ရှိနေတုန်းပဲ..."
စကားဆုံးသည်နှင့် ပင်းကျန့်၏အသံ ထွက်ပေါ်လာလေ၏။
'သခင်မ... ကျွန်တော်လည်း သခင်မရဲ့ ဝိညာဉ်နန်းတော်ထဲကို ပြန်ဝင်ချင်တယ်...'
ဝိညာဉ်နန်းတော်အတွင်း၌ နေထိုင်ခြင်းက ပင်းကျန့်၏ ဒဏ်ရာရနေသော ဝိညာဉ်ကို ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်ကြောင်း ကျူးလင် သိထားသဖြင့် သူမသည် ရေခဲပန်းပွင့်ဆွဲကြိုးထဲမှ ဓားကို ထုတ်ယူကာ ဝိညာဉ်နန်းတော်အတွင်းသို့ ထည့်သွင်းပေးလိုက်လေသည်။