ရက်ရက်စက်စက် သတ်ပစ်ခြင်း
Vol. 99 Ch. 1381
အနှစ်သာရ ၈ ခု ပါရာဂွန်သည် တြိဂံစည်းထဲတွင် ရှိနေ၏။ သူမက တောင်ပင်လယ်လောကကို လှမ်းကြည့်ကာ အေးစက်စက် စကားပြောသည်။ “တောင်ပင်လယ်လောကက မလွဲဧကန် ပျက်သုဉ်းရမယ့် ကံပါပြီးသား... သွေးဆက်အားလုံး အသတ်ခံရလိမ့်မယ်။ ဘာဆိုဘာမှကို ကျန်ခဲ့မှာမဟုတ်ဘူး။ နင်တို့ အခုအချိန်အထိ တိုက်ခိုက်နိုင်ခဲ့တဲ့ အချက်ကတော့ ငါတို့ကောင်းကင်ဘုံတွေ နင်တို့ကို လျှော့တွက်ခဲ့မိတယ်ဆိုတာ သက်သေပြနေတယ်
“ဒါပေမဲ့ ... ငါတို့ရဲ့အင်အားမျိုးနဲ့ နင်တို့ ပျောက်ကွယ်သွားရမှာပဲ။ အင်မော်တယ်ကမ္ဘာရဲ့ ခမ်းနားမှုဆိုတာ ပြာပဲဖြစ်လာလိမ့်မယ်။ နင်တို့ အခုလို အသက်စွန့်တိုက်ခိုက်နေလည်း လာမည့်သမိုင်းတစ်လျှောက်လုံးမှာ အင်မော်တယ်တွေ မျိုးပြုတ်သွားမယ့်ကံတရားက မပြောင်းလဲဘူး”
သူမစကားလုံးများကို တောင်ပင်လယ်လောက၏ ကျင့်ကြံသူအားလုံး ကြားလိုက်ကြရသည်။
“ငါ သိချင်မိတယ်။ နင်တို့တွေ မျှော်လင့်ချက်ရှိတယ်လို့ တကယ်များ ထင်နေတာလား။ ကောင်းကင်ဘုံ ၃၃ ဘုံပြီးရင် တခြားလောကကြီးနှစ်ခု ရှိသေးတယ်။ နတ်ဆိုးလောကနဲ့ အင်မော်တယ်နတ်ဘုရားလောက။ အဲဒီအင်အားစုကြီးနှစ်စုက တိုင်းထွာလို့မရအောင် နီးလာနေပြီ
“နင်တို့လိုမဖြစ်စလောက် တောင်ပင်လယ်တွေက သူတို့ကို တိုက်ခိုက်နိုင်မယ်လို့ ဘာကြောင့်ထင်နေတာလဲ။ နင်တို့သွေးဆက်တွေအားလုံး အကွပ်မျက်ခံရမယ်။ နင်တို့စိတ်တွေအားလုံး ဖယ်ရှားခံရလိမ့်မယ်။ နင်တို့တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူး”
အနှစ်သာရ ၈ ခု ပါရာဂွန် တောင်ပင်လယ်လောကကို ကြည့်နေစဉ် မည်သည့်အရာကမှ သူမအကြည့်နှင့်မထိုက်သည့်အလား ထင်ရသည်။ မန်ဟိုပင် မထိုက်တန်။ သူမသည် သူမသာ မြင်ရသော နေရာ၊ အဋ္ဌမနှင့်နဝမတောင်ကြားက တစ်နေရာအပေါ်တွင်သာ အာရုံစိုက်နေ၏။ ထိုနေရာ၌ အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသားက သူမပင် သေသေချာချာမမြင်နိုင်သော လူတစ်ယောက်ကို တိုက်ခိုက်နေသည်။ ထိုလူသည် သူမနှလုံးသားထဲသို့ အကြောက်တရား ရိုက်ထည့်ပေးနိုင်သည့် တစ်ယောက်တည်းသောလူလည်း ဖြစ်၏။
ကျန်ဖြစ်တည်မှုများကမူ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပျက်နေသောအရာကို ကြည့်သာကြည့်နေကြလေသည်။
“ရွှေတုန်းလျှို .... နင်က ခန္ဓာမဲ့ဝိညာဉ်တစ်ကောင် ပူးကပ်ထားတဲ့ ခန္ဓာကိုယ်လေးတစ်ကိုယ်ပဲ။ ဒါတောင် ... ဘာကို လုပ်ချင်နေသေးတာလဲ။ ဒီစစ်ပွဲက ငါတို့ဘက်သာနေတယ်ဆိုတာ အသိသာကြီးမဟုတ်လား” အနှစ်သာရ ၈ ခု အမျိုးသမီးပါရာဂွန်သည် မျက်မှောင်ကြုတ်နေ၏၊ အမှန်တွင် သူမမှာ သူမနှလုံးသားကို ကလိကလိဖြစ်နေသော ဤမေးခွန်းကို ဖယ်ရှားမရပေ။
တောင်ပင်လယ်စစ်ပွဲသည် ဆက်လက်ဖြစ်ပွားနေ၏။ အပြင်သူစစ်တပ်ကြီးက တောင်ပင်လယ်ကျင့်ကြံသူများနှင့် လုံးထွေးတိုက်ခိုက်နေကြသဖြင့် အဋ္ဌမတောင်မှာ တသိမ့်သိမ့် တုန်နေတော့သည်။ မိုးနှင့်မြေတို့လည်း လှုပ်ခတ်နေသည်။ ကြယ်တာရာကောင်းကင်သည် ကွဲအက်နေသလို၊ အဋ္ဌမတောင်ပင်လယ်၌ပင် ပက်ကြားအက်များ ထလာ၏။
ပါရာဂွန်ပင်လယ်အိပ်မက်နှင့် ပါရာဂွန်ရုပ်သေးရုပ်က အလွန်ထူးဆန်းသော တိုက်ကွက်များကို ပိုင်ဆိုင်ထားသည့် ခေါင်းကြီးကြီးပညာရှင်နှင့် တိုက်ခိုက်နေဆဲပင်။ ထိုလူသည် အပြင်အားကိုယ်သိုင်းကွက်များကို အသုံးပြုရာ၌ ကျွမ်းကျင်ပြီး သူတို့နှစ်ယောက်လုံးကိုပင် တခြားနေရာများ၌ သွားမတိုက်ခိုက်နိုင်အောင် ချုပ်ထားနိုင်၏။
မန်ဟိုလည်း ဘီလူးကြီးများအပါအဝင် ရန်သူဆယ်ယောက်ကျော်ဖြင့် အဝိုင်းခံထားရ၍ ဒုက္ခရောက်နေသည်။ ဟိန်းဟောက်သံများ ဆူညံနေပြီး မှော်သိုင်းကွက်အရောင်အဝါများ လင်းလက်ပြိုးပြက်နေသည်။ မန်ဟိုမှာ ဆံပင်များဖွာလန်ကြဲလျက် ရှိသမျှအရာအားလုံးဖြင့် တိုက်ခိုက်နေ၏။ အသက်နုတ်လက်သီး၊ နတ်ဆိုးလက်သီးနှင့် နတ်ဘုရားသုတ်သင်လက်သီးတို့က ကြယ်တာရာကောင်းကင်ကို တသိမ့်သိမ့် လှုပ်ခါနေစေသည်။ နောက်ဆုံးတော့ သူသည် ရန်သူတစ်ယောက်ကို အနိုင်ပိုင်း၍ သုတ်သင်လိုက်နိုင်၏။
မန်ဟိုမှာ အသက်မနည်းရှူရင်း ချာခနဲ လှည့်ကာ စစ်လက်နက်ဖြင့် ကြယ်တာရာကောင်းကင်ကို ပိုင်းချလိုက်သည်။ ဓားသွားအလင်းရောင်က ရန်သူနှစ်ယောက်၏ ခေါင်းများကို ပြတ်ထွက်သွားစေသည်။
မန်ဟို့လက်နှစ်ဖက်လုံး တုန်ရီနေသည်။ ရန်သူသုံးယောက်ဆက်တိုက် သတ်နိုင်ဖို့ သူ ပေးဆပ်ခဲ့ရသော အဖိုးအခမှာတော့ ကျန်ရန်သူများထံမှ နတ်ဘုရားစွမ်းရည်များဖြင့် ရိုက်ခတ်ခံလိုက်ရခြင်းဖြစ်သည်။ ပို၍ပင် ဆိုးသည်ကား ဘီလူးကြီး၏ လက်သီးဖြင့် ထိုးနှက်ခံလိုက်ရခြင်းပင်။
ဘုန်းးးးးးးးးးးးးးး
မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားသော်လည်း အသားဂျယ်လီ၏ကျေးဇူးကြောင့် ဒဏ်ရာအပြင်းအထန် မရလိုက်ပေ။ မြစိမ်းဧကရာဇ်၏ထာဝရဂါထာအစွမ်းဖြင့် သက်သာလာသည့်အချိန်မှာပင် သူ၏မျက်လုံးများက ရက်စက်စွာ တောက်ပလာပြီး သူသည် ရန်သူတစ်ယောက်ကို ဖမ်းဆုပ်ရန် ကြယ်ခူးသိုင်းအား အသုံးပြုလိုက်၏။ သူ ထိုလူ့လည်ကို ချိုးဖို့ ပြင်လိုက်စဉ်မှာပဲ ပတ်ပတ်လည်ရှိ ရန်သူများက နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်လိုက်ကြသည်။
မီးတစ်ခတ်စာကြာချိန်အတွင်း မန်ဟိုက သွေးအေးအေးရယ်ရင်း နောက်မဆုတ်ပေ။ သူက ထိုရန်သူကို ဆွဲမခေါ်တော့ဘဲ ရှေ့သို့ ခုန်၍ ထိုလူကို ခေါင်းဖြင့် တိုက်ချလိုက်သည်။ ခွပ်... ရန်သူ့ခေါင်းမှာ စိစိညက်ညက် ကြေသွားပြီး သွေးပျက်စွာအော်သံကြီး ပဲ့တင်ထပ်ကျန်ခဲ့သည်။ မန်ဟိုက တစ်ကိုယ်လုံး အသားစများသွေးများ ရွှဲစိုနေလျက် ရက်စက်ခက်ထန်စွာ ဟိန်းဟောက်လိုက်သည်။ ရန်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ရုတ်တရက် လေပေါ်ခုန်တက်ကာ ... မထင်မှတ်ဖွယ်ကောင်းစွာနှင့် တစ်ကိုယ်တည်း ပေါင်းစည်းသွားလေပြီ။
မီတာသုံးထောင်တိတိမြင့်မားသော ဧရာမဘီလူးကြီးက ချက်ချင်း ဖိအားလှိုင်းကို ထုတ်လွှတ်၏။ ထိုဘီလူးကြီး၏အစိတ်အပိုင်းများတွင် မျက်နှာရှစ်ခု ရှိလေသည်။
ထိုမျက်နှာများက စောစောက အသက်ရှင်ကျန်ခဲ့သော ရန်သူရှစ်ယောက်ဖြစ်သည်။ ခြောက်ယောက် ကျင့်ကြံသူများဖြစ်ကာ နတ်ဘုရားမျိုးနွယ်စု၏ဘီလူးကြီးများ ဖြစ်ကြသည်။
ဟိန်းဟောက်ရင်း ဘီလူးကြီးက မန်ဟို့ဆီ ပြေးဝင်လာပြီး ၎င်း၏ညာလက်က လေကိုခွင်းကာ မန်ဟို့အရှေ့တည့်တည့်တွင် ပေါ်လာသည်။ မန်ဟို့မျက်လုံများ ဝိုင်းစက်သွားပြီး သူက သူ့ကိုယ်သူ ခုခံရန် ပါရာဂွန်တံတားကို ချက်ချင်း ဆင့်ခေါ်လိုက်၏။
ဝုန်းးးးးးးးးး။ မန်ဟို သွေးအန်လိုက်ရသည်။ မန်ဟိုနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရစဉ် ဘီလူကြီးလည်း တုန်ရီလျက် နောက်ယိုင်သွားသည်။ မျက်နှာရှစ်ခုလုံးက ဟိန်းဟောက်နေကြလေသည်။
မန်ဟိုက နှုတ်ခမ်းမှသွေးများကို သုတ်၍ မျက်လုံးများ မီးဝင်းဝင်းတောက်လာသည်။
“ပါရာဂွန်စွမ်းအားလား”
ဘီလူးကြီးသည် တုံ့ခနဲ ရပ်ပြီးနောက် မန်ဟို့ကို တခဏစိုက်ကြည့်ကာ ပြေးတက်လာပြန်၏။ မန်ဟို့အနား ရောက်လာသည့်အခါ ၎င်းက ပါးစပ်ကြီးဟလျက် ဟိန်းလိုက်သည်။
နတ်ဘုရားတစ်ပါး၏ ဟိန်းသံ
တုန်ခါလှိုင်းတစ်လှိုင်းက ကြယ်တာရာကောင်းကင်တွင် အက်ကြောင်းများ ပွင့်ထွက်လာစေသည်။ တစ်ချိန်တည်းမှာပင် ဘီလူးကြီး၏ပါးစပ်မှ လာနေသော အသံလှိုင်းများသည် မန်ဟို့ထံ လိမ့်ဆင်းလာ၏။
၎င်းတို့ သူ့ကို ထိသောအခါ သူ့မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ အသားဂျယ်လီမှာ အက်ကွဲစပြုလာသော်လည်း မန်ဟို့ကို ကာကွယ်ဖို့ တောင့်ခံထားသေးလေသည်။
မန်ဟို တွန်းထုတ်ခံလိုက်ရစဉ် သူ့ညာလက်မှာ တဆတ်ဆတ် တုန်နေသည်။ အသံက အလွန်တရာပြင်းထန်လှသဖြင့် အသားဂျယ်လီကြောင့်သာမဟုတ်လျှင် သူ့ကလီစာများ ပြတ်ထွက်ခဲ့ပြီးလေပြီ။
ထို့နောက် ဘီလူးကြီးသည် လက်ဝါးရိုက်ချက်တစ်ချက် ပစ်လွှတ်ရင်း ရှေ့တက်လာ၏။ မန်ဟိုမှာ မရှောင်နိုင်ပြန်သဖြင့် သွေးအန်လိုက်ရပြန်ပြီး လွင့်ထွက်သွားတော့သည်။ အသားဂျယ်လီချပ်ဝတ်မှာ အက်လာသော်လည်း ဆက်လက်တောင့်ခံထားဆဲပင်။ မန်ဟိုမှာ အသားဂျယ်လီအတွက် စိတ်မကောင်းဖြစ်မိသော်လည်း ဤသေရေးရှင်ရေးအခိုက်အတန့်တွင် ဘီလူးကြီးကို အာရုံအပြည့်စိုက်ထားဖို့ လိုသည်။
“အဲဒီလိုနတ်ဘုရားစွမ်းရည်မျိုး မြင်ခဲ့ဖူးတယ်...” သူက သတ်ဖြတ်လိုစိတ်တို့ဖြင့် မျက်လုံးများတောက်ပနေလျက် တွေးသည်။
ဟိန်းသံက သိပ်ကြာကြာမခံလိုက်ပေ။ သို့သော် ၎င်း တိုးဝင်ပျောက်ကွယ်သွားလျှင် ဘီလူးကြီးက ထပ်ဟိန်းလိုက်ပြန်သည်။ အသံလှိုင်းတို့က မန်ဟို့ထံ ချဉ်းကပ်လာပြန်၏။
ဒုတိယအသံလှိုင်း အနားရောက်လာသည့်အချိန်မှာပင် မန်ဟို့မျက်လုံးထဲရှိ ကြယ်ကျောက်ခဲက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလျက် လင်းလက်တောက်ပလာသည်. ဟိန်းသံ ဖြာဆင်းနေစဉ် သူက ဂြိုဟ်အသွင်ဖြင့် အသံလှိုင်းကို ဝင်တိုက်ပြီးနောက် ဘီလူးကြီးဆီ ဆက်လက်ရွေ့လျားသွားသည်။
အသံလှိုင်း၏စွမ်းအားအောက်ဝယ် ဂြိုဟ်မှာ လျင်မြန်စွာ ကျုံ့နေသည်။ ဘီလူးကြီးထံမှ မီတာသုံးဆယ်ခန့်သာ ကွာတော့သည့်အချိန်တွင် ဂြိုဟ်အသွင် ပြိုကွဲသွားပြီး မန်ဟို ပေါ်လာသည်။ သို့သော် သူသည် မိုးပြာရောင်သိမ်းငှက်အသွင်ဖြင့် တဟုန်ထိုး ပျံထွက်သွား၏။
မျက်စိတစ်မှိတ်အတွင်း မိုးပြာရောင်သိမ်းငှက်မှာ အသွေးအသားတို့ စုတ်ပြတ်ပဲ့ထွက်ကုန်သော်လည်း ဆက်သွားနိုင်သေးသည်။ ဘီလူးကြီးနောက်ဆုတ်နေသည့်တိုင် မန်ဟိုကား ၎င်းထံမှ ဆယ်မီတာပင် မဝေးတော့ပေ။
ထိုအကွာအဝေးက ... လုံလောက်လေပြီ။
မိုးပြာရောင်သိမ်းငှက်အသွင် ပျက်စီးသွားသည့်အချိန်မှာပင် ဘီလူးကြီး၏သူငယ်အိမ်များသည် အကြောက်တရားတို့ဖြင့် ကျုံ့သွား၏။ ၎င်းက သိမ်းငှက်အသွင်၏အကြွင်းအကျန်များမှ မန်ဟို၏လူအသွင် ထွက်လာသောအခိုက်အတန့် ဖြစ်သည်။ သူက လူသတ်ငွေ့တို့ တထောင်းထောင်းထနေလျက် စစ်လက်နက်ကို မြှောက်ကာ ဆုတ်နေသောဘီလူးကြီးထံသို့ ရက်ရက်စက်စက် ပိုင်းချလိုက်သည်။
တောက်ပနေသော ဓားသွားအလင်းရောင်အတွင်း၌ ကြက်တူရွေးတစ်ကောင်၏ပုံရိပ်ကို မြင်ရနိုင်သည်။ ကြက်တူရွေးသည် စိတ်ပိုင်းဖြတ်ထားပြီး ပူဆွေးနေပုံရသည့်အပြင် မိုက်ရူးရဲဆန်နေပုံပင်ပေါ်၏။ ၎င်းကို ထိုပုံစံမျိုးဖြင့် မန်ဟို ပထမဆုံးမြင်ရခြင်းဖြစ်သည်။ ဓားသွား၏အသံက ဘီလူးကြီး၏မျက်လုံးများကို ပြူးကျယ်သွားစေပြီးနောက် ... ဓားက ၎င်းကို ပိုင်းချလိုက်တော့သည်။
ဒုန်း
ဘီလူးကြီးသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေလျက် နောက်ယိုင်သွား၏။ ၎င်းကို ဖွဲ့စည်းထားသည့် ခန္ဓာကိုယ်ရှစ်ကိုယ်အနက် ငါးကိုယ်မှာ အမှုန့်ဖြစ်သွားသဖြင့် အော်ဟစ်သံများ ပဲ့တင်ထပ်နေသည်။ တစ်ချိန်တည်းမှာပင် အာကာပြင်ကျယ်အတွင်းတွင် တောင်ပင်လယ်လောကထံ တဟုန်ထိုးလာနေသော မြေထုနှစ်ခုအနက် တစ်ခုထံမှ မယုံဖြစ်နေသည့်ဟိန်းဟောက်သံများ ကြားလိုက်ရ၏။
ထိုစဉ် အသတ်မခံခဲ့ရသော သုံးယောက်မှာတော့ မန်ဟို့ဓားသွားကို ကြောက်ကြောက်လန့်လန့် ကြည့်နေလေပြီ။ သူတို့က တွန့်ဆုတ်မနေဘဲ ထွက်ပြေးတော့၏။
မန်ဟို့မျက်နှာမှာ ဖြူဆုပ်နေသော်လည်း သူက ချက်ချင်း လိုက်ဖမ်းရာ တစ်ယောက်ကို မိသွားသည်။ သူ့လက်က သွေးမိစ္ဆာမဟာမှော်သိုင်းကို ထုတ်လွှတ်လျက် ထိုလူကို ဖမ်းဆုပ်ကာ သွေး၊ ချီနှင့် ဝိညာဉ်တို့ကို စတင်စုပ်ယူလေသည်။ ထိုအခြင်းအရာက မြစိမ်းဧကရာဇ်ဂါထာ၏ ထိရောက်မှုကို ဆတိုးသွားစေသည်။
ကျင့်ကြံသူမှာ စူးစူးဝါးဝါးအော်လျက် ချက်ချင်းဆိုသလို ခြောက်ကပ်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း ပိန်ချုံးရှုံ့တွနေသော အလောင်းကြီးဖြစ်လာ၏။ တစ်ချိန်တည်းမှာပင် မန်ဟိုက သိသိသာသာ သက်သာလာပြီးနောက် ကျန်ကျင့်ကြံသူနှစ်ယောက်အနောက် လိုက်တော့သည်။
နှစ်ယောက်လုံး တစ်ပြိုင်တည်း အော်၏။ “ကယ်ကြပါဦး”
သူတို့က ထိတ်လန့်နေသောအမူအရာများဖြင့် တစ်ချိုးတည်းထွက်ပြေးကြသည်။ ဤလူများသည် ကောင်းကင်ဘုံ ၃၃ ဘုံမှ ကျင့်ကြံသူများမဟုတ်၊ ဤနေရာသို့ လာဖို့ ခန္ဓာကိုယ်များကို ပူးကပ်ထားကြသည့်အတွက် အလွယ်တကူအသတ်ခံရနိုင်သော အမျိုးအစားများမဟုတ်ပေ။ သူတို့သေလျှင် သူတို့မွေးရပ်မြေတွင် ပြန်အသက်သွင်းခံရလိမ့်မည်။ ဤနေရာသို့ ရောက်လာခဲ့သည်က သူတို့၏ဝိညာဉ်တစ်စိတ်တစ်ပိုင်းသာ မဟုတ်ပါလော။
သို့ထိတိုင် ဤလူစိမ်းက သူတို့လူငါးယောက်ကို ဆက်တိုက်သတ်ခဲ့သည်။ ကြောက်စရာအကောင်းဆုံးက သူတို့၏ဝိညာဉ်အစိတ်အပိုင်းသာ သေဆုံးသွားခြင်းမဟုတ်၊ သူ၏ထူးဆန်းသောဓားသွားက ကိုယ်အစစ်များကို သေဆုံးသွားစေခဲ့သည်။
ပို၍ပင်ကြောက်စရာကောင်းသည်ကတော့ ဤလူက သူတို့၏ချီ၊ သွေးနှင့် ဝိညာဉ်များကို စုပ်ယူနိုင်လေသည်။ ထိုအခြင်းအရာက သူတို့ကို ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်သွားစေ၏။
“သူက ငါတို့ကို တကယ်သတ်နိုင်တယ်ဟ”
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူတို့မှာ ကြောက်လန့်တကြား အမြန်ဆုံးထွက်ပြေးနေကြတော့သည်။ မန်ဟိုက လိုက်ဖမ်းဖို့ လုပ်သော်လည်း ရုတ်တရက် မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး ပျက်စီးနေသည့် ဆဋ္ဌမတောင်ရှိရာသို့ မော့ကြည့်လိုက်သည်။
ထိုနေရာတွင် အနှစ်သာရ ၈ ခု ပါရာဂွန်ကို ချုပ်ပေးထားသော ကျမ်းဆရာသုံးပါးမှာ သေလုမျောပါး ခြောက်ကပ်နေလေပြီ။ အထူးသဖြင့် ကောင်းကင်ဖျက်စီးကျမ်းဆရာမှာ အသက်ဓာတ်ကုန်ခမ်းနေပုံရသည်။
“နင်တို့ ငါ့ကို ဒီမှာ ချုပ်မထားနိုင်ဘူး” အမျိုးသမီးပါရာဂွန်က အေးစက်စွာ ပြောသည်။ ထို့နောက် သူမသည် ချုပ်နှောင်အမှတ်အသားထံ ဖြည်းဖြည်းချင်း လှမ်းလိုက်၏။