အခန်း ၃၂၄
Vol. 33 Ch. 324
အခန်း (၃၂၄) တောင်နက်ထဲက ရတနာရှာဖွေမှု... မမျှော်လင့်ထားတဲ့ အကျိုးအမြတ်
ဒီရက်ပိုင်း မြောက်တောင်မှာ အတော်လေး စည်ကားနေပေသည်။
ကျောင်းသားများက တစ်ရက်ခြား တစ်ခါ လက်တွေ့ကွင်းဆင်း အတန်းရှိပြီး ဤနေရာသို့ လာရောက်ကာ ပန်းသစ်တော်သီး ကိုင်းကူးကြရသည်။
ပါမောက္ခနှင့် ဘွဲ့လွန် ကျောင်းသား အကူ တစ်ယောက်က မှတ်တမ်းတင်ခြင်းနှင့် လမ်းညွှန်ပြသခြင်းများကို တာဝန်ယူထားကြသည်။
ရွှီယန်လည်း အမြဲ လာရောက်လေ့ရှိပြီး သူကိုယ်တိုင် သစ်သီးပင် အချို့ကို ကိုင်းကူးလေ့ရှိသည်။
သူ၏ ကိုင်းကူးသည့် အရှိန်က အလွန် မြန်ဆန်လှသည်။ ပန်းသီးပင် ကိုင်းတစ်ကိုင်းပေါ်တွင် အဖူးများစွာ ပါရှိပြီး ရွှီယန်က အားလုံးကို သစ်တော်ပင်ပေါ်သို့ အောင်မြင်စွာ ကိုင်းကူးနိုင်ပေသည်။
သူ့ကို မြင်ရတိုင်း ကျောင်းသားများက တွေးမိကြသည်။
'သူတို့လည်း ဘယ်တော့လောက်မှ ရွှီယန်လို တော်လာမလဲ မသိဘူး... စိုက်ပျိုးရေး ပညာရပ်တွေကို ဒီလောက်တောင် ကျွမ်းကျင်နေတာ'
တကယ်တမ်းတွင် ရွှီယန်၌ စနစ် အကူအညီ ရှိနေပြီး အခြားသူများ လုံးဝ သင်ယူ၍ မရနိုင်ကြောင်းကိုတော့ မည်သူကမျှ မသိကြချေ။
ယနေ့ မွန်းလွဲပိုင်းတွင် ရွှီယန်က လယ်ယာခြံဝင်းမှ ခွေးလေးများကို မြောက်တောင်၏ သစ်တောထဲသို့ ခေါ်ဆောင်လာခဲ့သည်။
ဤနေရာတွင် စည်ကားနေသဖြင့် ၎င်းတို့ကို ထွက်ဆော့ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
ဝံပုလွေပေါက်လေးက အလွန် လူကြိုက်များလှပေသည်။
တက္ကသိုလ် ကျောင်းသား အများအပြားက ၎င်းကို ပွတ်သပ်ချင်နေကြသည်။
"ဟေး... အဲဒါ ဝံပုလွေ မလား"
"အေးလေ... အဲဒီ ဝံပုလွေလေးပဲ"
"အရမ်း ချစ်စရာ ကောင်းတာပဲ... သေးသေးလေးနဲ့"
ဝံပုလွေပေါက်လေးက မကြီးသေးသဖြင့် ပွတ်သပ်ရန် အကောင်းဆုံး အရွယ်ပင် ဖြစ်၏။
သို့သော် ဤကောင်လေးက အလွန် ဉာဏ်ကောင်းပြီး အခြားသူများကို အကိုင်မခံချေ။
တစ်ယောက်ယောက်က အနားသို့ ကပ်လာသည်နှင့် ချက်ချင်း ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွားပြီး ကျောင်းသားများနှင့် ခြေနှစ်လှမ်း သုံးလှမ်း အကွာအဝေးကို အမြဲတမ်း ထိန်းသိမ်းထားလေ့ရှိသည်။
အားလုံး ရပ်တန့်သွားပါက ၎င်းလည်း ရပ်တန့်သွားတော့သည်။
ဤဝံပုလွေပေါက်လေးက ယခုအခါ ပိုပိုပြီး ဉာဏ်ကောင်းလာခဲ့ပြီ ဖြစ်သည်။
ရှောင်ဟေး လည်း အလားတူပင် လူကြိုက်များလှပြီး ကျောင်းသား အများအပြားက ဤအမည်းရောင် တောခွေးလေးကို သဘောကျကြသည်။
ရုပ်ရည်က ခန့်ညားပြီး ကြည့်ရသည်မှာ အလွန် လှပလှပေသည်။
အားလုံးက လယ်ယာခြံဝင်းမှ မွေးမြူထားသော တိရစ္ဆာန်များကို အံ့ဩချီးကျူးနေကြပြီး ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်လာကြတော့သည်။
ရွှီယန်၏ ဘဝနေထိုင်မှု ပုံစံကိုလည်း ပို၍ပင် အားကျလာကြတော့သည်။
ဤသို့ဖြင့် မြောက်တောင်က လူစည်ကားလျက် ရှိပြီး သစ်တော်ပင် တစ်ရာကျော်ကို ထပ်မံ စိုက်ပျိုးနိုင်ခဲ့သည်။
ပန်းသစ်တော်သီး သီးမည့် သစ်တော်ပင်များပင် ဖြစ်သည်။
ဤသည်က ပထမအဆင့်သာ ရှိသေးပြီး နောက်ပိုင်းတွင် ရွှီယန်က ဆက်လက်၍ ပျိုးထောင်ရဦးမည် ဖြစ်သည်။
ပန်းသစ်တော်သီးက မျိုးဆက် တစ်ဆက်ထက် တစ်ဆက် ပို၍ အရသာ ကောင်းမွန်လာသော်လည်း နောက်ပိုင်း မျိုးဆက်များက ပျိုးထောင်ရန် ပို၍ ခက်ခဲလှပေသည်။
စတုတ္ထမျိုးဆက် ပန်းသစ်တော်သီးကို အောင်မြင်စွာ ပျိုးထောင်နိုင်ပါက အလွန် ဈေးကြီးပေးပြီး ရောင်းချနိုင်ကာ တစ်ကျင်းခန့်ကို ယွမ် တစ်ရာကျော် အထိပင် ရှိနိုင်ကြောင်း ကောလာဟလများ ရှိပေသည်။
သို့သော် ထိုအရာက အလွန် ခက်ခဲလှပေသည်။
ရွှီယန်ကတော့ စမ်းကြည့်ချင်နေသည်။
သူ၏ စိုက်ပျိုးရေး ကျွမ်းကျင်မှုများကိုလည်း အသုံးချခွင့် ရသွားပြီ ဖြစ်၏။
သေချာသည်မှာ ယခုနှစ်တွင်တော့ အသီးများကို မြင်တွေ့ရမည် မဟုတ်ချေ။ ယခု ကိုင်းကူးခြင်းက နောက်နှစ် နွေဦးအတွက် ကြိုတင် ပြင်ဆင်နေခြင်း ဖြစ်သည်။
ဆောင်းရာသီ တစ်ရာသီလုံး၏ အချိန်က ဤသစ်သီးပင်များ သန်စွမ်းစွာ ကြီးထွားလာရန် လုံလောက်လှပေသည်။
မကြာခင်မှာပင် မြောက်တောင်က ပုံမှန်အတိုင်း ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။
ရက်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ဝက်ဝံမည်း နှစ်ကောင်က ဤဘက်သို့ လာရောက် ဆော့ကစားကြပြန်သည်။
မလှမ်းမကမ်းရှိ ထင်းရှူးနီ တောအုပ်လေးထဲတွင် တစ်ခါတရံ ရှဉ့်ငယ်လေး နှစ်ကောင်က သစ်ခေါင်းထဲမှ ထွက်လာပြီး နေပူဆာလှုံရင်း ပတ်ဝန်းကျင် ရှုခင်းများကို အကဲခတ်လေ့ ရှိကြသည်။
ဤတောင်ကတုံးလေးက တဖြည်းဖြည်း အသက်ဝင် လန်းဆန်းလာခဲ့ပြီ ဖြစ်သည်။
ဤကာလအတွင်း ရွှီယန်က ပြန်လည်၍ အလုပ်ရှုပ်လာခဲ့သည်။
ဆောင်းဦးရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ သီးနှံများ ရိတ်သိမ်းရမည့် အချိန်ဖြစ်သဖြင့် လယ်ယာအလုပ်များ အလွန် များပြားလှပေသည်။
လယ်ယာခြံဝင်း ဘက်တွင်လည်း ဩဇာသီးများ ရင့်မှည့်နေပြီဖြစ်ရာ ကုန်တိုက်များသို့ ဆက်သွယ်ကာ ရောင်းချရဦးမည် ဖြစ်သည်။
ယခုနှစ် ဈေးကွက် အခြေအနေက သိပ်မကောင်းလှဘဲ ယမန်နှစ်ကထက် အနည်းငယ် ကျဆင်းသွားခဲ့သည်။
ဤကဲ့သို့သော ရှားပါး သစ်သီးမျိုးက မြောက်ပိုင်း ဈေးကွက်တွင် အတက်အကျ အလွန် ကြမ်းတမ်းသဖြင့် ဝင်ငွေကလည်း ကောင်းလိုက် ဆိုးလိုက် ဖြစ်နေတတ်ပေသည်။
ရွှီယန်က အစီအစဉ် ဆွဲလိုက်သည်။ ဘလူးဘယ်ရီ စိုက်ပျိုးထားသည်က မလုံလောက်ဟု ထင်နေသဖြင့် ဤဩဇာသီးများ ခူးဆွတ်ပြီးပါက အားလုံးကို ဘလူးဘယ်ရီပင်များ အဖြစ် ပြောင်းလဲ စိုက်ပျိုးရန် ဆုံးဖြတ်လိုက်သည်။
နောက်ပိုင်းတွင် ဖန်လုံအိမ်များကို ဘလူးဘယ်ရီ အဓိက စိုက်ပျိုးမည် ဖြစ်ပြီး ချယ်ရီပင် ဖန်လုံအိမ် နှစ်လုံးနှင့် သစ်သီးစုံ ဖန်လုံအိမ် တစ်လုံး ထပ်တိုးလိုက်ပါက အတော်လေး ကောင်းမွန်သွားမည် ဖြစ်သည်။
ထို့အပြင် အခြား နေရာများရှိ စပါးများနှင့် ကောက်နှံများ အားလုံးလည်း ရိတ်သိမ်းရန် အချိန်ကျလာပြီ ဖြစ်သည်။
ရွှီယန်၏ ထွန်စက်ကြီး လည်း အသုံးဝင်လာတော့သည်။
ဝမ်ဝူက နေ့စဉ် ထွန်စက်ကြီးကို မောင်းနှင်ကာ အပြင်သို့ ထွက်ပြီး ရွာများရှိ စပါးများနှင့် ကောက်နှံများကို ကူညီ ရိတ်သိမ်းပေးနေရသည်။
နေ့စဉ်နှင့်အမျှ ရွှီယန်ထံ လာရောက် အကူအညီ တောင်းသူများ မနည်းလှချေ။
လယ်ယာလုပ်ငန်းက ပင်ပန်းမှန်း အားလုံး သိကြသဖြင့် လယ်ယာခြံဝင်းမှ စက်ယန္တရားများကို ငှားရမ်းချင်ကြခြင်း ဖြစ်သည်။
ရွှီယန်ကလည်း သဘောကောင်းလှပေသည်။ အပိုဝင်ငွေ ရှာရန်အတွက် အသုံးပြုသော ယွမ် တစ်သန်းကျော်တန် ထွန်စက်ကြီး အပြင် အခြား လက်တွန်း ထွန်စက် တစ်စီးလည်း ရှိသေးရာ ရွာခံများ လာငှားပါက ရွှီယန်က ငှားရမ်းပေးလေ့ ရှိသည်။
ပုံမှန်အားဖြင့် အဖိုးအခ အဖြစ် ရွာထွက် ကြက်ဥ အချို့ သို့မဟုတ် စိုက်ခင်းထဲမှ ဟင်းသီးဟင်းရွက် အချို့ကိုသာ ပေးလေ့ရှိကြသည်။
ရွှီယန်က အားလုံးကို လက်ခံယူထားလိုက်သည်။
မည်သို့ပင်ဆိုစေ လက်တွန်း ထွန်စက်က ပိုက်ဆံ သိပ်မကုန်သဖြင့် ငှားလိုက်သည်က ဘာမှ မဖြစ်လှချေ။
ထိုသို့ ပြုလုပ်ခြင်းဖြင့် သူ၏ မိဘများကလည်း ရွာထဲတွင် ပို၍ လူချစ်လူခင် ပေါများလာမည် ဖြစ်၏။
ထိုနေ့ ညဘက်တွင် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ဖွင့်ကြည့်လိုက်ရာ အခွင့်အရေး ၁၁ ကြိမ် ပြည့်နေပြီ ဖြစ်ပြီး မနက်ဖြန် ဆိုလျှင် အပြည့် ဖြစ်သွားတော့မည် ဖြစ်သည်။
အချိန်ကုန်တာ တကယ် မြန်လှပေသည်။
သူက အပြင်သို့ ထွက်ရန် အချိန်မရှိသည်မှာ သေချာပြီး တာ့ရှင်းအန်းလင် တောင်တန်း ဘက်သို့ သွားရန်ပင် အချိန် မရှိချေ။
အလွန်ဆုံး အချိန်လုပြီး တောင်နောက်ဘက်ရှိ လူသူကင်းမဲ့သော ဧရိယာ ဘက်သို့ တစ်ပတ်ခန့် သွားလည်ရန်သာ တတ်နိုင်ပေမည်။
ရတနာရှာဖွေရေး တာဝန် သုံးခု လုပ်ရန် ကလည်း သိပ်မခက်လှချေ။
သို့သော် တောင်နောက်ဘက်ရှိ ရတနာရှာဖွေရေး တာဝန် များကို အကြိမ်ကြိမ် လုပ်ဖူးသဖြင့် ဆုလာဘ်ကောင်းများ မရနိုင်တော့ပေ။
ပစ္စည်းသေးသေးမွှားမွှား လေးများသာ ဖြစ်သည်။
ထို့အပြင် တောင်နောက်ဘက်ရှိ တိရစ္ဆာန်များကိုလည်း သူ ကယ်တင်ထားသည်မှာ အကုန်နီးပါး ရှိနေပြီ ဖြစ်သည်။
လမ်းဖြတ်သွားသော တိရစ္ဆာန်များ ဒဏ်ရာရထားပါက သူ၏ ဆေးပလာစတာ အကပ်ခံရမည် သေချာပေသည်။
'အခုကတော့ သေချာပေါက် သွားလို့ မရသေးဘူး... လယ်ယာခြံဝင်း ကိစ္စတွေကို နေ့တိုင်း မျက်ခြေမပြတ် ကြည့်နေရတာ'
'နေ့တိုင်း ငါ့ကို လာရှာနေတဲ့ သူတွေချည်းပဲ'
'တောင်နောက်ဘက်ကို သွားပြီး ရတနာရှာဖွေရေး တာဝန် သွားလုပ်ဖို့လည်း မလိုအပ်ဘူး'
'တစ်ရက်ပဲ အချိန်ရတာဆိုတော့ ရွှေကျင်တာ ပိုကောင်းမယ် ထင်တယ်'
'ရတနာရှာဖွေခွင့် ၁၂ ခါဆိုတော့ ရွှေမှုန်လေးတွေ မနည်းဘူး ရှာတွေ့နိုင်လောက်တယ်'
ရွှီယန်က ဆုံးဖြတ်ချက် ချလိုက်သည်။
ရွှေကျင်ခြင်း ဆိုသည်မှာ ယခင်က သူ၏ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အခွင့်အရေး များကို ဖြုန်းတီးပစ်ရန် အသုံးပြုလေ့ရှိသော နောက်ဆုံး လျှို့ဝှက်လက်နက် ပင် ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် ရတနာရှာဖွေရေး တာဝန်များ ပေါ်လာသဖြင့် တာဝန်များ လုပ်ဆောင်ပြီး အခွင့်အရေးများကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အတိတ်ကို ပြန်လည် အမှတ်ရသည့် အနေဖြင့် လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
ဆုံးဖြတ်ချက် ချပြီးနောက် ရွှီယန်က ရေငုပ်ရန် အထူးထုတ်လုပ်ထားသော ရေကူးဝတ်စုံ နှင့် ရေကူးမျက်မှန်... ခြောက်သွေ့သော မျက်နှာသုတ်ပဝါ နှင့် အနွေးထည် များကို ပြင်ဆင်ထားလိုက်သည်။
မနက်ဖြန် သစ်တောထဲသို့ သွားရောက်ကာ ရတနာများကို သေချာစွာ ရှာဖွေရန် ပြင်ဆင်လိုက်သည်။
ဤတစ်ကြိမ် ရတနာရှာဖွေရာတွင် တိုက်ရိုက်ထုတ်လွှင့်မှု ဖွင့်မည် မဟုတ်ချေ။
သူ၏ ကိုယ်ပိုင် အချိန်လေး သက်သက်သာ ဖြစ်၏။
သေချာသည်မှာ ကိုယ်ပိုင် အချိန်လေး ဖြစ်သော်လည်း သက်တော်စောင့် တစ်ကောင်တော့ ခေါ်သွားရမည် ဖြစ်ရာ ဟိုတွေးဒီတွေး စဉ်းစားပြီးနောက် ရှောင်ဟွာ က အသင့်တော်ဆုံး ဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် နောက်တစ်နေ့ နံနက်စောစောတွင် ရွှီယန်က ပစ္စည်းများကို ကျောပိုးကာ လယ်ယာခြံဝင်းမှ ထွက်ခွာပြီး တောနက်ထဲသို့ ဦးတည် သွားရောက်ခဲ့တော့သည်။
ရှောင်ဟွာတို့ မိသားစုကို ရှာတွေ့သောအခါ ရွှီယန်က လှမ်းအော်လိုက်သည်။
"ရှောင်ဟွာ... ငါနဲ့ တောင်ပေါ် လိုက်ခဲ့"
ရွှီယန်၏ အမိန့်ကို ကြားသောအခါ ရှောင်ဟွာက ချက်ချင်း ပျော်ရွှင်စွာဖြင့် ပြေးလာခဲ့သည်။
လူးနားကတော့ ကျားသစ်ပေါက်လေး နှစ်ကောင်ကို တစ်ကောင်တည်း ခေါ်ထားရင်း ရှောင်ဟွာကို စိုက်ကြည့်နေတော့သည်။
လူးနား၏ ပုံစံက ဤသို့ ပြောနေသည့် အလားပင်။
'ငါက နင့်အတွက် ကလေး နှစ်ကောင်တောင် မွေးပေးထားတာကို နင်က သူ့ကို မမေ့နိုင်သေးဘူးပေါ့လေ'
ရှောင်ဟွာက အခြေအနေ မဟန်မှန်း သိသဖြင့် အလျင်အမြန် သွားရောက်ကာ ၎င်း၏ ခေါင်းဖြင့် လူးနားကို ပွတ်သပ် ချွဲနွဲ့လိုက်သည်။
လူးနားက မကျေမနပ်ဖြင့် နှာမှုတ်သံ နှစ်ချက် ပြုလုပ်လိုက်သော်လည်း ရှောင်ဟွာကို ရွှီယန်နှင့် အတူ လိုက်သွားခွင့် ပြုလိုက်သည်။
လူတစ်ယောက်နှင့် ကျားသစ် တစ်ကောင်က ယခင်ကအတိုင်းပင် သစ်တောထဲတွင် အတူတကွ လမ်းလျှောက်နေကြသည်။
"ငါနဲ့ တောင်ပေါ် လိုက်ခဲ့... ဒီနေ့ ရတနာကောင်းလေးတွေ နည်းနည်း ရှာရမယ်... ရေဆင်းငုပ်ရမယ် ထင်တယ်"
ရွှီယန်က ရှောင်ဟွာ၏ ခေါင်းကို ပွတ်သပ်ရင်း ပြုံးကာ ပြောလိုက်သည်။
ရှောင်ဟွာက သေချာ နားမလည်သော်လည်း ပျော်ရွှင်စွာဖြင့် လိုက်ပါလာခဲ့သည်။
ယခုအခါ ရှောင်ဟွာ၏ ခန္ဓာကိုယ်က အလွန် သန်မာ တောင့်တင်းနေပြီး တစ်ကိုယ်လုံးရှိ အကွက်များကလည်း အလွန် ထင်ရှားကာ ဗိုက်ကလည်း လုံးဝန်းနေပေသည်။
ကျားသစ်များက ဤသို့ပင် ဖြစ်လေ့ရှိသည်။ ကြည့်ရသည်မှာ ဝဝဖိုင့်ဖိုင့် ဖြစ်နေသော်လည်း တကယ်တမ်းတွင် အလွန် ပေါ့ပါး သွက်လက်ကြပေသည်။
ကျားသစ်တုတ်ကြီး က ၎င်း၏ တက်ကြွသော မူလ ဗီဇကို ပြန်လည် ရရှိသွားခဲ့ပြီ ဖြစ်သည်။
နေရာအနှံ့ ပြေးလွှား ဆော့ကစားနေတော့သည်။
ရွှီယန်နှင့် အတူ လိုက်ပါလာသရွေ့ ပတ်ဝန်းကျင်တွင် ဘာအန္တရာယ် ရှိမည်ကို လုံးဝ စိုးရိမ်နေစရာ မလိုချေ။
ထို့ကြောင့် စိတ်ကြိုက် လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်ပေသည်။
ဤသည်က ရွှီယန် ထံမှ ရရှိသော လုံခြုံမှုပင် ဖြစ်၏။
ရွှီယန်က တစ်ခါတရံ လှမ်းအော်ခေါ်မှသာ ကျားသစ်ကြီးက အလျင်အမြန် လိုက်ပါလာတတ်သည်။
ရွှီယန်က အထဲသို့ တောက်လျှောက် လမ်းလျှောက် ဝင်သွားခဲ့ပြီး မကြာခင်မှာပင် ရွှေမှုန်လေးများ ပြန့်ကျဲနေသော ရွှေမြစ်ဆီသို့ ရောက်ရှိသွားတော့သည်။
ဤမြစ်ကို သူ အလွန် ရင်းနှီးကျွမ်းဝင်လှသည်။ သူ၏ အစောပိုင်း လုပ်ငန်းများ အတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့ပေသည်။
မြစ်၏ နေရာတိုင်းတွင် ဘာရတနာများ ရှိနေသနည်း ဆိုသည်ကို သူ အလွန် ရှင်းလင်းစွာ သိရှိပေသည်။
ဤတစ်ကြိမ် ရတနာရှာဖွေမည့် နေရာက မြစ်၏ အတော်လေး နက်ရှိုင်းသော နေရာ တစ်ခု ဖြစ်သည်။
ယခင်က ဤနေရာတွင် ရွှေမှုန်လေးများကို ရှာတွေ့ခဲ့ဖူးသော်လည်း ရေငုပ် ကိရိယာများ မပါလာသဖြင့် အောက်သို့ ဆင်းရန် အဆင်မပြေခဲ့ချေ။
ဤတစ်ကြိမ်တွင်တော့ ရွှီယန်က အပြည့်အဝ ပြင်ဆင်လာခဲ့ပြီ ဖြစ်သည်။
ထို့အပြင် သူကိုယ်တိုင်ကလည်း ရေငုပ် ကျွမ်းကျင်မှု ရှိထားသဖြင့် အောက်သို့ ဆင်းကာ ရွှေမှုန်လေး အချို့ကို သွားရှာရန် ဆိုသည်က လုံးဝ ပြဿနာ မဟုတ်ချေ။
ကျားသစ်ကြီး က ခရီးသွားရသဖြင့် ပင်ပန်းသွားပြီး နေ့လယ်ဘက်သို့လည်း ရောက်ရှိလာပြီ ဖြစ်ရာ သစ်ပင်ရိပ် အောက်တွင် မှောက်ကာ အနားယူနေတော့သည်။
တစ်ချိန်တည်းမှာပင် ရွှီယန် ဟိုဘက်တွင် ဘာတွေ အလုပ်ရှုပ်နေမှန်း မသိသည်ကို ကြည့်နေလိုက်သည်။
ရွှီယန်က ရေငုပ် ဝတ်စုံကို လဲလှယ် ဝတ်ဆင်လိုက်ပြီး ရေကူး မျက်မှန်ကို တပ်ဆင်လိုက်ရာ အလွန် ပရော်ဖက်ရှင်နယ် ဆန်လှသည်ကို မြင်တွေ့လိုက်ရသည်။
သူက ရွှေမှုန်လေးများ ရှိသော နေရာ သုံးခုကို အတိအကျ သတ်မှတ်ထားပြီး ဖြစ်သည်။
ရွှီယန်က ပစ္စည်းများကို ကမ်းစပ်တွင် ထားခဲ့ပြီး လှည့်ကာ ရှောင်ဟွာ ကို ပြောလိုက်သည်။
"ရှောင်ဟွာ... မင်း ဒီမှာပဲ နေ... ငါ့ရဲ့ အင်္ကျီနဲ့ အိတ်ကို စောင့်ပေးထားဦး"
ထို့နောက် ရွှီယန်က မြစ်ထဲသို့ တိုက်ရိုက် ခုန်ချသွားတော့သည်။
ရှောင်ဟွာက အထူးအဆန်း မဟုတ်တော့သဖြင့် အေးအေးဆေးဆေးပင် ဆက်လက် မှောက်နေပြီး ရွှီယန် ကမ်းပေါ် ပြန်တက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်သည်။
ရွှီယန်က အောက်သို့ ရေငုပ်သွားလိုက် ပြန်တက်လာလိုက်ဖြင့် သုံးကြိမ် ဆက်တိုက် ပြုလုပ်ပြီးနောက် သေးငယ်သော ရွှေမှုန်လေး သုံးစေ့ကို ယူဆောင်လာနိုင်ခဲ့သည်။
ဤဧရိယာကို ရှာဖွေပြီးသွားပြီ ဖြစ်ရာ နောက်ထပ် မြစ်ကြောင်း တစ်နေရာသို့ သွားရောက် ရှာဖွေရဦးမည် ဖြစ်သည်။
ယနေ့ အဓိက ရည်ရွယ်ချက်မှာ ရွှေရှာရန်သာ ဖြစ်၏။
သစ်တော၏ လူသူကင်းမဲ့သော ဧရိယာ နက်ရှိုင်းရာ အပိုင်းတွင် ကျားသစ်ကြီး တစ်ကောင် အဖော် အဖြစ် ရှိနေသဖြင့် အတော်လေး လွတ်လပ် ပေါ့ပါးသည်ဟု ခံစားရသည်။
ဆယ်ကြိမ်မြောက် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြုကာ ရတနာ ရှာဖွေချိန် အထိပင်။
ထိုအချိန်တွင် စနစ်၏ သတိပေးသံ ထွက်ပေါ်လာခဲ့သည်။
[ရတနာရှာဖွေရေး တာဝန် နှိုးဆွလိုက်ပါပြီ... အောက်ခံကျောက်လွှာ အက်ကွဲကြောင်းထဲရှိ ရွှေ]
[တာဝန် ဖော်ပြချက်... ရွှေတစ်တုံးက အောက်ခံကျောက်လွှာ အက်ကွဲကြောင်းထဲတွင် ပိတ်မိနေသည်... ပိုင်ရှင် အနေဖြင့် သွားရောက် ယူဆောင်ပါ]
[တာဝန် ဆုလာဘ်... မရှိ]
[မှတ်ချက်... ရွှေမှုန်လေးများက ပုံမှန်အားဖြင့် အောက်ခံကျောက်လွှာ အက်ကွဲကြောင်း၏ နက်ရှိုင်းသော နေရာတွင် ရှိနေတတ်ပြီး ယူဆောင်ရန် မဖြစ်နိုင်သဖြင့် ယခင်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က အောက်ခံကျောက်လွှာ အက်ကွဲကြောင်း၏ နက်ရှိုင်းသော နေရာရှိ ရွှေမှုန်လေးများကို သတ်မှတ် ညွှန်ပြခြင်း မရှိခဲ့ပါ]
'ဟင်... တာဝန် ပေါ်လာတာလား'
'အောက်ခံကျောက်လွှာ အက်ကွဲကြောင်း အောက်က ရွှေမှုန်လေးတွေ တောင် ရှိသေးတာလား'
'ဒါကလည်း ယုတ္တိရှိပါတယ်... မြစ်အောက်ခြေက ကျောက်တုံး ကြားထဲက ရွှေတွေကို ငါ သေချာပေါက် ယူလို့ ရမှာ မဟုတ်ဘူး... မြစ်အောက်ခြေက ကျောက်တုံးတွေက တောင်ပေါ်က ကျောက်ဆောင်တွေလိုပဲ ခွဲလို့ မရဘူးလေ'
'ဒါပေမဲ့ ဒီတာဝန်က ငါ့ကို အောက်ခံကျောက်လွှာ အက်ကွဲကြောင်း ထဲကနေ ရွှေတစ်တုံး သွားယူခိုင်းတာပဲ'
'နည်းနည်းတော့ ခက်ခဲမယ် ထင်တယ်'
'အရင် သွားကြည့်လိုက်ဦးမယ်'
ရွှီယန်က ကမ်းပေါ်သို့ ပြန်တက်လာပြီး အသက်ရှူ မှန်သွားစေရန် ခဏမျှ အနားယူလိုက်သည်။
ထို့နောက် ဓားမြှောင် တစ်လက်ကို ခါးတွင် ထိုးကာ အောက်သို့ ထပ်မံ ခုန်ဆင်းသွားပြန်သည်။
ရွှီယန်၏ ခါးတွင် အမြဲတမ်း ဓားတစ်လက် ပါရှိလေ့ ရှိသည်။
ဤအရာက ရေမှော်ပင်များ ရစ်ပတ်ခံရခြင်းမှ ကာကွယ်ရန် ဖြစ်သည်။
တချို့ ရေမှော်ပင်များက ရှည်လျားပြီး အလွန် ခိုင်ခံ့ကာ ကြိုးများနှင့်ပင် တူညီရာ ရစ်ပတ်ခံရပါက လွယ်လွယ်ကူကူ ရုန်းထွက်ရန် မဖြစ်နိုင်ချေ။
ထိုအခါမျိုးတွင် ဓားမြှောင်ဖြင့် ရေမှော်ပင်များကို ဖြတ်တောက်လိုက်ရုံဖြင့် အဆင်ပြေပေသည်။
ရွှီယန်က အသက်ကို အောင့်ထားကာ အောက်သို့ တောက်လျှောက် ဆင်းသွားခဲ့ပြီး မကြာခင်မှာပင် ပစ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားတော့သည်။
သူက မြစ်အောက်ခြေတွင် အကြမ်းဖျင်း လက်ဖြင့် ယက်ကြည့်လိုက်ရာ ရွှံ့နွံများ ထောင်းခနဲ ထသွားပြီးနောက် မြစ်အောက်ခြေတွင် မီတာဝက်ခန့် ကျယ်ဝန်းသော အက်ကွဲကြောင်း တစ်ခုကို တွေ့လိုက်ရသည်။ ထိုအထဲတွင်လည်း ရွှံ့နွံများ အပြည့် စုပုံနေပေသည်။
ရွှေမှုန်လေးများက ရွှံ့နွံများ၏ အောက်တွင် ရှိနေခြင်း ဖြစ်သည်။
ကျောက်ဆောင်များကို ဖျက်ဆီးစရာ မလိုဘဲ ရေငုပ်ကာ ရွှံ့နွံများကို ရှင်းလင်းလိုက်ရုံဖြင့် လုံလောက်ပြီ ဖြစ်၏။
ဤတာဝန်က အဆုတ် အားကောင်းမကောင်းကို စမ်းသပ်ခြင်းပင် ဖြစ်သည်။
သာမန် လူတစ်ယောက် အနေဖြင့် ဤတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ဝန်ခံရမည်သာ ဖြစ်သည်။
သို့သော် ရွှီယန် ကတော့ ရေငုပ် ကျွမ်းကျင်မှု ရှိထားရာ သူ့အတွက်တော့ လုံးဝ ပြဿနာ မဟုတ်ချေ။
ထို့ကြောင့် ရွှီယန်က ရွှံ့နွံများကို စတင် ရှင်းလင်းနေတော့သည်။
တစ်ခဏချင်းမှာပင် မြစ်အောက်ခြေတွင် ရွှံ့နွံများ လွင့်စင်လာတော့သည်။
ဖြတ်သွားသော ငါးငယ်လေးများက ဤမြင်ကွင်းကို မြင်ပြီး လန့်ကာ အလျင်အမြန် ပြေးထွက်သွားကြတော့သည်။
၎င်းတို့က ဘာတွေ ဖြစ်နေမှန်း နားမလည်ကြချေ။
ခြေနှစ်ချောင်း ပါသော ကုန်းနေသတ္တဝါ တစ်ကောင်က မြစ်အောက်ခြေတွင် ရတနာ လာရှာနေခြင်း ဖြစ်ကြောင်းကိုလည်း ဘယ်တော့မှ ခန့်မှန်းမိမည် မဟုတ်ပေ။