← Chapters

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း (၃၂၅) ဘဲငန်းကြီး - ယန်ဇီ... မင်းမရှိဘဲ ငါဘယ်လို ဆက်အသက်ရှင်ရမှာလဲ

မြစ်အောက်ခြေရှိ အောက်ခံကျောက်လွှာ အက်ကွဲကြောင်းထဲတွင် ရွှီယန်က စမ်းတဝါးဝါး ရှာဖွေနေပြီး ရွှံ့နွံများနှင့် ကျောက်စရစ်ခဲများကို အတင်း ဖယ်ရှားရှင်းလင်းနေသည်။

ကံကောင်းထောက်မစွာဖြင့် ရေထဲတွင် ပင့်တင်အားရှိနေသဖြင့် သိပ်ပြီး အားစိုက်ထုတ်စရာ မလိုလှပေ။

ရွှီယန်က မျက်စိမှိတ်ကာ အသက်အောင့်ထားပြီး တကယ်ကို ဆက်မအောင့်နိုင်တော့သည့် အခါမှသာ ရေပေါ်သို့ တက်ကာ လေကောင်းလေသန့် နှစ်ခါသုံးခါလောက် ရှူရှိုက်လိုက်သည်။

သဘာဝတောတောင်ထဲတွင် ရတနာရှာရသည်မှာ ထိုမျှ မလွယ်ကူလှပေ။

ရတနာအများစုမှာ ထောင့်ကြိုထောင့်ကြား နေရာများတွင် ရှိနေတတ်သဖြင့် ရှာတွေ့ရန် အလွန် ခက်ခဲလှသည်။

ဤသို့ဖြင့် အကြိမ်အနည်းငယ် ဆက်တိုက် ပြုလုပ်ပြီးနောက် ရွှီယန်၏ ခန္ဓာကိုယ် တစ်ဝက်ခန့်မှာ အောက်ခံကျောက်လွှာ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သော်လည်း အောက်ဘက်သို့ ဆက်လက် စမ်းသပ် ရှာဖွေနေဆဲပင်။

ဤမြင်ကွင်းက တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။

တိုက်ရိုက်ထုတ်လွှင့်၍ မရသောကြောင့်သာ မဟုတ်လျှင် အင်တာနက်သုံးစွဲသူများကို သေချာပေါက် အံ့အားသင့်သွားစေမည် ဖြစ်သည်။

လူတွေ မမြင်နိုင်သည့် အချိန်တွင် ရွှီယန်၏ လှုပ်ရှားမှုများက တိုက်ရိုက်ထုတ်လွှင့်နေချိန်ထက်ပင် ပို၍ ရူးသွပ်စရာ ကောင်းနေပေသည်။

တကယ်တမ်းတွင် ရွှီယန်၏ စိတ်ထဲ၌လည်း အနည်းငယ် စိတ်ပျက်နေမိသည်။

ဤရတနာက အတော်လေး နက်ရှိုင်းသော နေရာတွင် ပုန်းကွယ်နေခြင်း ဖြစ်သည်။

နည်းနည်းပါးပါး ရှင်းလင်းလိုက်ရုံဖြင့် စမ်းမိမည်ဟု ထင်ထားခဲ့သော်လည်း အလွန် နက်ရှိုင်းသော နေရာတွင် ရှိနေဆဲ ဖြစ်သည်။

ရတနာရှာဖွေရေး တာဝန် ပေါ်လာသည်ကလည်း မဆန်းတော့ချေ။

ပုံမှန် အခြေအနေမျိုးတွင် ဆိုပါက တကယ်ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

နောက်ဆုံးတွင် ရွှီယန် တစ်ကိုယ်လုံးနီးပါး အောက်ခံကျောက်လွှာ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည့် အချိန်ကျမှသာ ထိုရွှေမှုန်ကို စမ်းမိသွားတော့သည်။

လက်ထဲတွင် ဆုပ်ကိုင်ထားသော ရွှေက အနည်းငယ် ကြမ်းတမ်းပြီး စူးနေသလို ခံစားရသည်။

အရွယ်အစားမှာ ပင်ပေါင်ဘောလုံးခန့် ရှိသော်လည်း ပုံစံမကျပေ။

လက်ထဲတွင် ဆုပ်ကိုင်ထားရာ အတော်လေး လေးလံနေသည်။

ရွှီယန်၏ ရင်ထဲတွင် ဝမ်းသာသွားတော့သည်။

"ဒီလောက်ကြီးတာ... အားစိုက်ရကျိုး နပ်သွားပြီပေါ့"

သူက ပစ်မှတ်ထားသော ရွှေကို ရရှိသွားသည်နှင့် တစ်ပြိုင်နက် ရေပေါ်သို့ ချက်ချင်း ကူးတက်လာခဲ့သည်။

မကြာခင်မှာပင် ကမ်းစပ်သို့ ရောက်ရှိလာပြီး ကမ်းပေါ်သို့ တွယ်တက်ကာ ထိုင်ရင်း အမောဖြေနေလိုက်သည်။

ရေထဲတွင် ခွန်အား အများအပြား ကုန်ခမ်းသွားသော်လည်း သတိမထားမိခဲ့ဘဲ ကမ်းပေါ်ရောက်မှသာ အလွန် ပင်ပန်းနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

"တကယ် ပင်ပန်းတာပဲကွာ"

ရွှီယန်က လက်ထဲရှိ ရွှေတုံးကြီးကို ကြည့်ကာ ပြုံးရင်း ရေရွတ်လိုက်သည်။

"ဒီလို ရတနာရှာတဲ့ ကိစ္စက သာမန်လူတွေ လုပ်နိုင်တဲ့ အရာ မဟုတ်ဘူးပဲ"

ထိုသို့ပြောပြီးနောက် သူက မတ်တပ်ရပ်ကာ မျက်နှာသုတ်ပုဝါကို ထုတ်ယူပြီး ဆံပင်ကို အရင် ခြောက်သွေ့အောင် သုတ်လိုက်သည်။

"ချန်ပိုင်တောင်တန်းရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်"

ရွှီယန်က တောင်ကြီးကို ကြည့်ကာ ကျေးဇူးတင်စကား ဆိုလိုက်ပြန်သည်။

ရှောင်ဟွာက ရွှီယန် ထွက်လာသည်ကို မြင်သောအခါ မတ်တပ်ရပ်လိုက်ပြီး ဘေးတွင် စောင့်နေလေသည်။

ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အခွင့်အရေး နှစ်ကြိမ် ကျန်သေးသော်လည်း ရွှီယန်က ရွှေမှုန်များကို ထပ်မရှာတော့ဘဲ သစ်တောထဲသို့ သွားကာ ရှုခင်းများကိုသာ ကြည့်ရှုရန် ရည်ရွယ်လိုက်သည်။

မည်သို့ပင်ဆိုစေ ယခင်အကြိမ်များက ရှာတွေ့ခဲ့သော ရွှေမှုန်လေးများမှာ အလွန် သေးငယ်လှပေသည်။

ရတနာရှာဖွေရေး တာဝန် ပေါ်လာ၍သာ အတုံးကြီးကြီး တစ်တုံးကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် အကျိုးအမြတ်က မဆိုးလှချေ။

ထို့နောက် ရွှီယန်က အဝတ်အစား လဲလှယ်လိုက်ပြီး ရှောင်ဟွာကို ခေါ်ကာ သစ်တောထဲတွင် ဆက်လက် လမ်းလျှောက် ထွက်လာခဲ့သည်။

ရှောင်ဟွာက ဟိုခုန်ဒီခုန်ဖြင့် အလွန် ပျော်ရွှင်နေပေသည်။

၎င်းက အပြင်ထွက် ဆော့ကစားရလျှင် ပျော်ရွှင်နေတတ်ကြောင်း သိသာလှပေသည်။

သို့သော် ယခုအခါ လူးနားနှင့် အတူနေရသည့် အချိန်ပိုများလာသဖြင့် လူးနားကို ထားခဲ့ရန် ဆိုပါက ၎င်းလည်း သဘောတူမည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေ နေ့စဉ်ရက်ဆက် လူးနားကသာ အမဲလိုက်သည့် တာဝန်ကို ယူထားရပြီး ၎င်းက ဇနီးဖြစ်သူကို စိတ်ခံစားမှု အရ ပံ့ပိုးပေးရသည့် တာဝန်ကိုသာ ယူထားရသည်။

တစ်ခါတရံမှသာ တစ်ကောင်တည်း ခိုးထွက်လာပြီး အပျင်းထူကာ ဆော့ကစားရသည်ကလည်း ပျော်စရာ ကောင်းလှပေသည်။

ရွှီယန်က ရှောင်ဟွာ၏ ပျော်ရွှင်နေသော ပုံစံကို မြင်သောအခါ မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

ဒီလိုခေတ်ကြီးထဲ သစ်တောထဲမှာ ဒီလောက် ချစ်စရာကောင်းတဲ့ ကျားသစ်ကို ဘယ်သွားရှာရမလဲ။

သာမန် ကျားသစ်များက လူများကို ခပ်တည်တည် ခပ်တန်းတန်း ခံစားချက်မျိုးသာ ပေးစွမ်းနိုင်ကြသည်။

ထိုအချိန်တွင် အရှေ့ဘက်၌ ကြီးမားသော မြက်ခင်း တောင်စောင်း တစ်ခု ပေါ်လာပြီး တောင်စောင်းက အတော်လေး မတ်စောက်လှပေသည်။

ရှောင်ဟွာက မြက်ခင်း တောင်စောင်းကို မြင်သည်နှင့် တိုက်ရိုက် ပြေးသွားပြီး ဘေးတစောင်း လှဲချလိုက်သည်။

ထို့နောက် ၎င်း၏ ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးက အောက်သို့ စတင် လျှောကျသွားတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ ရွှီယန်ပင် အနည်းငယ် မှင်တက်သွားပြီးနောက် ဖုန်းကို အလျင်အမြန် ထုတ်ကာ ရိုက်ကူးလိုက်သည်။

"ဒီကျားသစ်တုတ်ကြီးက မြက်လျှောစီးတောင် ကစားတတ်သေးတယ်... တကယ် ဉာဏ်ကောင်းတာပဲ"

သူက ပြုံးရင်း နောက်ခံစကားပြောပါ ထည့်သွင်းလိုက်သည်။

ရှောင်ဟွာက မျက်စိရှေ့တွင်ပင် ထင်ရှားစွာ ပျော်ရွှင်နေပေသည်။

ကလေးထိန်းရသည့် ယောကျ်ားများက ဆော့ကစားရန် နေရာလွတ် အချို့ လိုအပ်သည်ဆိုတာ တကယ် မှန်ပေသည်။

တောနက်ထဲတွင် အလွန် နက်ရှိုင်းလှပြီး နေရာအနှံ့အပြား၌ သစ်ပင်များနှင့် တောရိုင်းမြက်များ ရှိနေကာ မျိုးစုံသော ပတ်ဝန်းကျင် အခြေအနေများ ရှိပေသည်။

ရွှီယန်က အနီရောင် ပန်းပွင့်လေးနှင့် အပြာနုရောင် ပန်းပွင့်လေးကိုပါ တပါတည်း ရှာတွေ့ခဲ့ပြီး အတူတကွ ဆဲလ်ဖီ ရိုက်ကူးခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည်။

အရောင်ခုနစ်မျိုး ပန်းပွင့် တာဝန်တွင် ငါးခု ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

နှစ်ခုသာ ကျန်တော့သော်လည်း ရှာတွေ့ရန်တော့ သိပ်မလွယ်ကူတော့ချေ။

မည်သို့ပင်ဆိုစေ အဖြူရောင် ပန်းရောင် အဝါရောင် အနီရောင်နှင့် အပြာရောင် မှလွဲ၍ အခြား အရောင်များရှိသော တောရိုင်းပန်းများကို တွေ့ရခဲလှပေသည်။

ပန်းဈေးကွက်မှ ပန်းများကိုလည်း ထည့်သွင်း ရေတွက်၍ မရချေ။

လူတစ်ယောက်နှင့် ကျားသစ် တစ်ကောင်က သစ်တောထဲတွင် ပေါ့ပေါ့ပါးပါးဖြင့် ဖြတ်သန်း သွားလာနေကြသည်။

ပြန်မည့်အချိန်တွင် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အခွင့်အရေး နှစ်ကြိမ်ကို အသုံးပြုလိုက်သည်။

ပထမအကြိမ် ရှာတွေ့သည်မှာ အသီးငါးမျိုးပင် ဖြစ်ပြီး ရင်းနှီးပြီးသား မျက်နှာဟောင်း တစ်ခုပင် ဖြစ်သည်။ အရေအတွက် အလွန် များပြားလွန်းသဖြင့် ရွှီယန်က မခူးဆွတ်တော့ချေ။

နောက်ဆုံး အကြိမ် ရှာတွေ့ခဲ့သည်မှာ သံခွံသစ်ခွပင် ဖြစ်ပြီး နတ်ဆေးပင် ဟုလည်း ခေါ်ဆိုကြရာ တကယ့် ပစ္စည်းကောင်း တစ်ခုပင် ဖြစ်၏။

တောရိုင်း သစ်ခွပင်များက အာဟာရတန်ဖိုး အလွန် မြင့်မားလှပေသည်။

ရွှီယန်က ခူးဆွတ်ကာ သေချာစွာ သိမ်းဆည်းလိုက်ပြီး အလွန် စိတ်ကျေနပ်သွားတော့သည်။

တောတောင် ရှာဖွေရာတွင် ပစ္စည်းကောင်းများနှင့် တွေ့ဆုံရပါက စိတ်ထဲတွင် အမြဲတမ်း ပျော်ရွှင်ရသည်သာ ဖြစ်သည်။

တွေ့ရခဲလှသော သံခွံသစ်ခွမျိုး ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။

ဤအပင်များကို ယခုအခါ လူလုပ် စိုက်ပျိုးထားသည်များလည်း ရှိသော်လည်း တန်ဖိုးကတော့ ထိုမျှ မမြင့်မားတော့ချေ။

ရှောင်ဟွာ၏ ပိုင်နက်ဆီသို့ ပြန်ရောက်လာခဲ့သည်။

ထိုအချိန်တွင် လူးနားက မြေကြီးပေါ်၌ မှောက်နေပြီး ကျားသစ်ပေါက်လေး နှစ်ကောင် ဆော့ကစားနေသည်ကို မတတ်နိုင်စွာဖြင့် ကြည့်နေရလေသည်။

ရှောင်ဟွာ၏ လှုပ်ရှားသံကို ကြားသည်နှင့် လူးနားက ချက်ချင်း မတ်တပ်ထရပ်ကာ ရှောင်ဟွာဆီသို့ ပြေးလာတော့သည်။

၎င်း၏ ပုံစံက အလွန် အလောတကြီး ဖြစ်နေပြီး ဤသို့ ပြောနေသည့် အလားပင်။

'ကြယ်တွေကို မျှော်ရ လတွေကို မျှော်ရနဲ့... နင်တို့ ပြန်လာကြပြီပဲ'

'ဒီတစ်နေ့တာလုံး ငါဘယ်လို ဖြတ်သန်းခဲ့ရလဲ ဆိုတာ နင်တို့ သိကြရဲ့လား'

ရွှီယန်ကတော့ ကျားသစ်ပေါက်လေး နှစ်ကောင်ကို သွားရောက် ကျီစယ်နေလိုက်သည်။

သူက ကျားသစ်ပေါက်လေး နှစ်ကောင်ကို နာမည် ပေးထားပြီး ဖြစ်သည်။ တစ်ကိုယ်လုံး အကွက်များ ရှိသော အကောင်ကို ဟွာဟွာ ဟု ခေါ်ပြီး တစ်ကိုယ်လုံး အမည်းရောင် ဖြစ်နေသော အကောင်ကိုတော့ နာနား ဟု ခေါ်ဆိုလိုက်သည်။

ဟွာဟွာက အထီးဖြစ်ပြီး နာနားက အမ ဖြစ်ရာ ရှောင်ဟွာနှင့် လူးနားတို့၏ ပုံတူ ကော်ပီလေးများ ကဲ့သို့ပင် ဖြစ်၏။

ဤကျားသစ် နှစ်ကောင်က အတော်လေး စိတ်ဝင်စားဖို့ ကောင်းပြီး ကိုယ့်ပုံစံ ကိုယ်ပြန်မွေးထားသည့် အလားပင်။

၎င်းတို့ နှစ်ကောင်က ရွှီယန်ကိုလည်း မကြောက်ကြဘဲ ရွှီယန်ကို မြင်သည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်သို့ တွယ်တက်ရသည်ကို နှစ်သက်ကြသည်။

အထူးသဖြင့် ဟွာဟွာပင် ဖြစ်သည်။

ရွှီယန်၏ ခေါင်းပေါ်သို့ တွယ်တက်ရသည်ကို ပို၍ သဘောကျသည်။

ထိုနေရာမှ ရှုခင်း ကောင်းသည်ဟု ထင်မှတ်နေပုံ ရသည်။

အကြိမ်တိုင်း ရွှီယန်က အချိန်မီ ပြန်ချပေးလေ့ ရှိသဖြင့် အပေါ်သို့ တက်လိုသော ဆန္ဒများ မပြည့်ဝခဲ့ချေ။

"မင်းတို့ နှစ်ကောင်က တကယ်ကို ဆော့သန်တာပဲကွာ"

ရွှီယန်က ကောင်လေး နှစ်ကောင်ကို ပွေ့ချီကာ ပြုံးရင်း ပြောလိုက်သည်။

ပြောပြီးနောက် သူက ထပ်ဖြည့်ပြောလိုက်သည်။

"ဒါပေမဲ့ မင်းတို့ အဖေထက်တော့ အများကြီး သက်သာပါသေးတယ်... မင်းတို့ အဖေ ငယ်ငယ်တုန်းကဆိုရင် တကယ်ကို အဆော့မက်လွန်းလို့"

"စက်ရုပ်ကို သော့ပေးထားသလိုမျိုး တစ်ချိန်လုံးကို လှုပ်ရှားနေတာပဲ"

"တာ့ဟွာလို သဘောကောင်းတဲ့ သူတောင် သူ့ကို သည်းမခံနိုင်ခဲ့ဘူးလေ"

ရွှီယန်၏ စကားကို ကြားသောအခါ ကျားသစ်ပေါက်လေးများက ဘာမှ မတုံ့ပြန်ကြသော်လည်း ရှောင်ဟွာကတော့ အသံတိုးတိုးလေးဖြင့် အော်လိုက်သည်။

ဤကဲ့သို့သော ကိစ္စမျိုးကို မပြောစေချင်သည့် အလားပင်။

ရွှီယန်လည်း ထပ်မပြောတော့ချေ။

အချိန်လည်း မစောတော့သဖြင့် တောင်ထဲတွင် ပေါ့ပေါ့ပါးပါးဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရသော တစ်နေ့တာ အပြီးတွင် ရွှီယန်လည်း လယ်ယာခြံဝင်းသို့ ပြန်သင့်ပြီ ဖြစ်သည်။

လယ်ယာလုပ်ငန်းများ အလုပ်များနေသော ရာသီဖြစ်ရာ လယ်ယာခြံဝင်းတွင် သူ ဖြေရှင်းရမည့် ကိစ္စများစွာ ရှိနေသေးသည်။

ရွာထဲမှ လူများ စီးပွားရေး လာပြောသူများ အစိုးရ၏ ဝါဒဖြန့် လုပ်ငန်းများ ပလက်ဖောင်း၏ စီးပွားရေး လှုပ်ရှားမှုများ စသည်ဖြင့် အများအပြား ရှိနေပေသည်။

တောင်ထဲတွင် ဆိုလျှင်တော့ သူက သာမန် တောတောင်ရှာဖွေသူ တစ်ယောက်သာ ဖြစ်သည်။

အပြင်ဘက်သို့ ရောက်သွားပါက အဆင့်အတန်းက မတူညီတော့ချေ။ ပရိသတ်များက အစ်ကိုယန် ဟု ခေါ်ဆိုကြပြီး စီးပွားရေး မိတ်ဖက်များကတော့ ရွှီသူဌေး ဟု ခေါ်ဆိုကြလေသည်။

သေချာသည်မှာ ရွှီယန် အတွက်တော့ ဤအမည်နာမများက ဘာမှ မဟုတ်လှချေ။ ထိုအရာများ အတွက် မိမိကိုယ်ကိုလည်း ဘာမှ ပြောင်းလဲမည် မဟုတ်ပေ။

လယ်ယာခြံဝင်းသို့ ပြန်ရောက်ပြီးနောက် ရွှေမှုန်များကို သေချာစွာ သိမ်းဆည်းလိုက်ပြီး ရွှီယန်က အလုပ်ကိစ္စများအတွက် စတင် အလုပ်ရှုပ်နေတော့သည်။

နောက်တစ်နေ့ မွန်းလွဲပိုင်း။

ရွှီယန်က လယ်ယာခြံဝင်း၏ ကွင်းပြင်တွင် လမ်းလျှောက်နေရင်း သူဌေး တစ်ဦးနှင့် ဝက်သား ရောင်းရန် ကိစ္စကို ဖုန်းဖြင့် ဆွေးနွေး တိုင်ပင်နေလေသည်။

လယ်ယာခြံဝင်းရှိ ဝက်များက ရောင်းတန်းဝင်နေပြီ ဖြစ်သည်။

မကြာသေးမီက ဝက်ပေါက်လေးများ အများအပြား မွေးလာခဲ့ရာ ဝက်ကြီးများကလည်း သွားသင့်သော နေရာသို့ သွားရမည်သာ ဖြစ်သည်။

ဤသည်ကတော့ တတ်နိုင်မည် မဟုတ်ချေ။

ထိုအချိန်မှာပင် ကြိုးကြာနီ နှစ်ကောင်၏ ဘေးတွင် အရာလေး တစ်ခု လိုက်ပါလာသည်ကို ရွှီယန်က အဝေးမှ လှမ်းမြင်လိုက်ရသည်။

အညိုရောင် အမွေးများ ရှိပြီး အရွယ်အစားက ကြိုးကြာနီများထက် အများကြီး ပိုမို သေးငယ်လှပေသည်။

သူက မျက်စိမှားသွားသည် ထင်သဖြင့် သေချာစွာ ထပ်မံ အတည်ပြု ကြည့်ရှုလိုက်သည်။

ဖုန်းထဲတွင် သူက သူဌေးကို ပြန်ပြောလိုက်သည်။

"ဟုတ်ပြီဗျ... ကျွန်တော့်ခြံက ဝက်တွေက အရည်အသွေး တော်တော် ကောင်းပါတယ်... ဒီဈေးကိုတော့ ကျွန်တော် စဉ်းစားကြည့်လိုက်ပါဦးမယ်... အချိန်ကျရင် အဖြေပြန်ပေးပါ့မယ်"

"ဒီကိစ္စကို အခုလောလောဆယ် ဒီလောက်ပဲ ထားလိုက်ရအောင်"

ပြောပြီးနောက် သူက ဖုန်းချလိုက်ကာ ကြိုးကြာနီများ ရှိရာသို့ လျှောက်သွားလိုက်သည်။

လျိုကျိုက်နှင့် ချီကျိုက်ဟုခေါ်သော ကြိုးကြာနီ နှစ်ကောင်က ယခုအခါ ခွဲခွာ၍မရသော သူငယ်ချင်းများ ဖြစ်နေကြပြီ ဖြစ်ပြီး ပထမဆုံး စတွေ့စဉ်ကတည်းက သေချေရှင်ကွဲ တိုက်ခိုက်လိုသော အကြမ်းဖက်မှုမျိုး လုံးဝ မရှိတော့ချေ။

၎င်းတို့ နှစ်ကောင်၏ အမွေးများက အညိုရောင် ဖြစ်နေဆဲဖြစ်ပြီး သဘာဝအတိုင်း အဖြူရောင် မပြောင်းသေးချေ။

မည်သည့် အချိန်တွင် ပြီးပြည့်စုံသော အဖြူရောင် အဖြစ် ပြောင်းလဲသွားမည်ကို မသိနိုင်ပေ။

ရှေးလူကြီးများ ပြောလေ့ရှိသော တောင်ပံပေါက်၍ နတ်ပြည်တက်ခြင်း ဟူသော စကားက ကြိုးကြာနီများ အဖြူရောင် ပြောင်းသွားခြင်းနှင့် သက်ဆိုင်ကောင်း သက်ဆိုင်နိုင်ပေသည်။

၎င်းတို့ နှစ်ကောင်က နေ့စဉ် လယ်ယာခြံဝင်း၏ စားကျက်မြက်ခင်း ဘက်တွင်သာ လမ်းလျှောက်လေ့ ရှိပြီး ဟိုဒီ လျှောက်မပြေးကြချေ။

ပုံမှန်အားဖြင့် ရွှီယန်က ၎င်းတို့ကို သိပ်ပြီး မထိန်းချုပ်ပေ။

သေချာသည်မှာ နေ့စဉ် အစာကျွေးသင့်သည်များကိုတော့ ကျွေးရမည်သာ ဖြစ်၏။

ယနေ့တွင် အနည်းငယ် ထူးဆန်းနေပေသည်။ ကြိုးကြာနီ နှစ်ကောင်၏ နောက်တွင် ကောင်လေး တစ်ကောင် လိုက်ပါလာသည်ကို ရွှီယန် တွေ့လိုက်ရသည်။

ရွှီယန်က အနားသို့ လျှောက်သွားလိုက်မှသာ ၎င်းမှာ ဘဲငန်းပေါက်လေး တစ်ကောင် ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဤအချိန်တွင် မြင်ကွင်းက အလွန် ရယ်စရာ ကောင်းလှပေသည်။

ကြိုးကြာနီ နှစ်ကောင်က ခြေတစ်ဖက်တည်းဖြင့် မတ်တပ်ရပ်နေပြီး ကျန်ခြေတစ်ဖက်ကို အမွေးများထဲသို့ သွင်းထားလေသည်။

ကြိုးကြာနီများ ဤသို့ ရပ်နေခြင်းမှာ တစ်ဖက်တွင် အပူရှိန် ဆုံးရှုံးမှုကို လျှော့ချရန် ဖြစ်ပြီး အခြား တစ်ဖက်တွင်တော့ ခွန်အားများကို အနားပေးရန် ဖြစ်သည်။

သို့သော် ရွှီယန်ကို အံ့ဩသွားစေသည်မှာ ထိုဘဲငန်းပေါက်လေးကလည်း ကြိုးကြာနီများ၏ ပုံစံကို အတုခိုးကာ ခြေတစ်ဖက်ကို သိမ်းထားခြင်းပင် ဖြစ်သည်။

"ဟင်"

ရွှီယန်လည်း အနည်းငယ် မှင်တက်သွားတော့သည်။

'နေပါဦး... ဘဲငန်းကလည်း ခြေတစ်ဖက်တည်း ရပ်တယ်ပေါ့လေ'

'မင်းခြေထောက်က အဲဒီလောက် တိုပြီး ခန္ဓာကိုယ်ကြီးက အဲဒီလောက် ကြီးနေတာကို ဒီလို လုပ်နေဖို့ လိုလို့လား'

'ဒါက ဘယ်လို အခြေအနေကြီးလဲ'

ရွှီယန်က သေချာစွာ ကြည့်ရှုလိုက်ရာ ဘဲငန်းပေါက်လေးက မိမိကိုယ်ကိုယ် ကြိုးကြာနီများ၏ အမျိုးအနွယ်ဟု ထင်မှတ်နေကြောင်း အကြမ်းဖျင်း သိရှိလိုက်ရသည်။

ထို့ကြောင့် ကြိုးကြာနီများ၏ ပုံစံကို အတုခိုးနေခြင်း ဖြစ်သည်။

သို့သော် ဤသည်က အနည်းငယ်တော့ လွန်လွန်းနေပေသည်။

ရွှီယန်က ယခင်က တွေ့ဖူးသော ဥပမာ တစ်ခုကို ရုတ်တရက် သတိရသွားသည်။ ဘဲငန်း တစ်ကောင်က ငန်းအုပ်ထဲသို့ ဝင်ရောက်သွားပြီး မိမိကိုယ်ကိုယ် ငန်း တစ်ကောင်ဟု ထင်မှတ်ကာ ငန်းများ၏ ပုံစံအတိုင်း အတုခိုး နေထိုင်ပြီး ခြေတစ်ဖက်တည်းဖြင့် ရပ်လေ့ရှိသည်။

ဆောင်းရာသီသို့ ရောက်သောအခါ ငန်းအုပ်ကြီးက ပျံသန်းသွားကြရာ ၎င်းကတော့ တစ်ဖက်မှ အစွမ်းကုန် ပြေးလွှားရင်း တစ်ဖက်မှလည်း ဂါး... ဂါး... ဂါး ဟု အော်ဟစ်နေခဲ့ရသည်။

မြင်ကွင်းက အလွန် သနားစရာ ကောင်းလှပြီး အော်ဟစ်နေသည့် အလားပင်။

'ယန်ဇီ... ငါ့ကို စောင့်ပါဦး ယန်ဇီရဲ့'

'ယန်ဇီ... မင်းမရှိဘဲ ငါဘယ်လို ဆက်အသက်ရှင်ရမှာလဲ'

မတတ်နိုင်ပေ။ လက်တွေ့ဘဝက ဤမျှ ရက်စက်လှသည်။ ငန်းက ငန်း သာဖြစ်ပြီး ဘဲငန်းက ဘဲငန်း သာ ဖြစ်၏။

ယခုတော့ ပိုဆိုးသွားပြီ ဖြစ်သည်။ လယ်ယာခြံဝင်းရှိ ဘဲငန်းပေါက်လေး တစ်ကောင်က ကြိုးကြာနီများကို စတင် အတုခိုးနေပြီ ဖြစ်သည်။

ပို၍ပင် လွန်လွန်းနေပေသည်။

ရွှီယန်က ဘဲငန်းပေါက်လေး၏ ကြိုးစားနေသော ပုံစံကို ကြည့်ရင်း ဘာပြောရမှန်းပင် မသိတော့ချေ။

ဤကောင်လေးကို သူများတွေက ကြိုးကြာနီတွေ... ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်တွေ ဖြစ်ပြီး မင်းကတော့ ဗိုက်ဝအောင် စားရမယ့် အကောင်ပဲ ဆိုတာကိုလည်း သူ မပြောပြနိုင်ပေ။

ခဏမျှ ကြည့်ပြီးနောက် ရွှီယန်က ဤအတိုင်းသာ ထားလိုက်ရန် တွေးလိုက်သည်။

တစ်ဖက်တွင် ဘဲငန်းပေါက်လေး၏ အတွေးကို လေးစားသောကြောင့် ဖြစ်သည်။

အခြား တစ်ဖက်တွင်တော့ ဤသို့ ကြီးပြင်းလာသော ဘဲငန်း၏ အသားက ပို၍ စားကောင်းနိုင်သည် မဟုတ်ပါလော။

"ထူးဆန်းတဲ့ ကိစ္စတွေက တော်တော် များတာပဲ"

"ဘဲငန်းအိမ်ထဲက ဘဲငန်းပေါက်လေး ခိုးထွက်လာပြီး တခြား ဘဲငန်းတွေကို မတွေ့လို့ ကြိုးကြာနီတွေ နောက်ကို လိုက်သွားတာ ဖြစ်မယ်"

"လျိုကျိုက်နဲ့ ချီကျိုက်ကလည်း သူ့သဘောအတိုင်း လွှတ်ထားတာပဲ"

ရွှီယန်က ဤမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် အစီအစဉ် တစ်ခု ရှိသွားတော့သည်။

"ဒီလိုလုပ်မယ်... မင်းကို အခွင့်အရေး တစ်ခု ပေးမယ်... မင်းကြီးလာတဲ့အခါ ပျံသန်းနိုင်ရင် ငါမင်းကို မစားတော့ဘူး... မင်းကို လွတ်လပ်ခွင့် ပေးမယ်"

"အကယ်လို့ မပျံနိုင်ရင်တော့ မင်းလည်း လျိုကျိုက်နဲ့ ချီကျိုက်တို့နဲ့ အတူ ပျံသန်းနိုင်မှာ မဟုတ်ဘူး... နာကျင်ရတာကို လျှော့ချလိုက်တာက ပိုကောင်းပါတယ်လေ"

"ကိုယ့်ဘာသာကိုယ် ရွေးချယ်ပေါ့"

ရွှီယန်က ဘဲငန်းပေါက်လေးကို ပြောလိုက်သည်။

ဤကောင်လေးကို ရွှီယန်က နာမည် တစ်ခု ပေးလိုက်သည်။

ပါကျိုက်။

ရွှီယန်လည်း မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ တကယ်လို့များ ပါကျိုက်က နောင်တစ်ချိန်တွင် တကယ်ကို မတူညီတဲ့ ကောင်လေး ဖြစ်လာနိုင်မလား ဆိုတာလည်း မပြောနိုင်သေးချေ။

All Chapters