အခန်း ၃၂၆
Vol. 33 Ch. 326
အခန်း (၃၂၆) စီးပွားရေးတွေ ကိုယ့်ဆီ အလိုလို ရောက်လာတယ်
"ပါကျိုက်... မင်းတကယ်ကြီး လုပ်နေတာလား"
ရွှီယန်က ဘဲငန်းပေါက်လေး ကို လက်တစ်ဖက်ဖြင့် မထားသည်။ ထိုကောင်လေးက ရွှီယန်၏ လက်ဖဝါးပေါ်တွင် ရပ်နေရင်း ခြေတစ်ဖက်တည်းဖြင့် ရပ်နိုင်ရန် ကြိုးစားနေဆဲပင်။
ရွှီယန်က အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်ဟု ထင်မြင်မိသည်။ သူ့လက်ထဲတွင် ကြိုးကြာနီ အက ကနေသော ကောင်မလေး တစ်ယောက်ကို မထားရသကဲ့သို့ ခံစားရစေသည်။
ကိုယ်ဟန် အမူအရာကတော့ မှန်ကန်သော်လည်း ပုံစံကတော့ အနည်းငယ် လွဲချော်နေပေသည်။
မည်သို့ပင်ဆိုစေ ဘဲငန်းပေါက်လေး သာ ဖြစ်သည် မဟုတ်ပါလော။
ဤကောင်လေးက မိမိကိုယ်ကိုယ် တကယ်ကို ကြိုးကြာနီ တစ်ကောင်ဟု ထင်မှတ်နေပုံ ရသည်။
ဘဲငန်း၏ ကြီးထွားမှုနှုန်းက ကြိုးကြာနီ ထက် ပိုမြန်ပြီး လျိုကျိုက် နှင့် ချီကျိုက် တို့က ၎င်းထက် လအနည်းငယ် ပိုကြီးကြရာ တွက်ကြည့်မည် ဆိုပါက ကောင်လေး သုံးကောင်လုံးက တစ်ပြိုင်တည်း အဖြူရောင် အမွေးများ ပေါက်လာနိုင်ပေသည်။
ထိုအချိန်ရောက်ပါက ကြိုးကြာနီများက ပျံသန်းနိုင်ပြီ ဖြစ်သည်။
သို့သော် ဘဲငန်းကတော့ မြေပြင်ပေါ်တွင်သာ အတောင်ပံများ ခတ်နိုင်ပေမည်။
ရွှီယန်က ခြေတစ်ဖက်တည်းဖြင့် ရပ်နေသော ဤကောင်လေးကို ကြည့်ရင်း အနည်းငယ်ပင် သနားသွားမိသည်။
သူ့ကို ခံစားချက် ဖြစ်စေသော ဘဲငန်းက သိပ်မရှိလှချေ။
ကြည့်ရသည်မှာ လယ်ယာခြံဝင်း၏ 'လူမိုက် ဘဲငန်းအဖွဲ့' ကလည်း ထူးချွန်သော မျိုးဆက်များကို မွေးဖွားပေးနိုင်ပုံ ရသည်။
"ကဲပါလေ... မင်းလည်း လေ့ကျင့်ချင်ရင် လေ့ကျင့်နေပေါ့"
"ကြိုးစားနော်"
ရွှီယန်က ၎င်းကို အောက်သို့ ချပေးလိုက်သည်။
အောက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဘဲငန်းပေါက်လေး က ချက်ချင်းပင် အတောင်ပံလေးများ ခတ်ကာ ကြိုးကြာနီ နှစ်ကောင် ရှိရာသို့ ပြေးသွားတော့သည်။
ဒီကောင်လေးက တကယ်ကို တက်ကြွလှပေသည်။
ဤဘဲငန်းပေါက်လေး က ဘဲငန်းမလေး ဖြစ်ပြီး အတော်လေး အားမာန်ကြီးလှပေသည်။
၎င်းက အများနဲ့မတူ တစ်မူထူးခြားချင်ပြီး ဘဲငန်းအိမ် ထဲတွင် အစားစား... ရေသောက်... အိပ်ရုံသာ သိသော ဘဲငန်းဖြူကြီး များကို မနှစ်သက်ဘဲ ကြော့ရှင်းလှပသော ကြိုးကြာနီ တစ်ကောင် ဖြစ်လာရန်သာ အလွန် လိုလားနေခြင်း ဖြစ်နိုင်သည်။
သို့သော် တချို့အရာများက မွေးရာပါ ဖြစ်ပြီး ပြောင်းလဲ၍ မရနိုင်ချေ။
ပါကျိုက် ၏ အကြောင်းကို လယ်ယာခြံဝင်းမှ ဝန်ထမ်းများ အားလုံးလည်း တွေ့မြင်ခဲ့ကြသည်။
အားလုံးက ဤဘဲငန်းပေါက်လေး က အနည်းငယ် တုံးအအ ဖြစ်နေပြီး ကြိုးကြာနီများ နောက်သို့သာ နေ့စဉ် လိုက်ပြေးနေသည်ဟု ထင်မှတ်နေကြသည်။
သူတို့က အခြား မည်သည့် အရာကိုမှ မခံစားမိကြချေ။
ပါကျိုက် ကိုပင် သေချာ ဂရုမစိုက်ကြပေ။
သို့သော် ရွှီယန် ကတော့ တစ်ချက် ကြည့်လိုက်ရုံဖြင့် ပါကျိုက် ၏ ထူးခြားမှုကို မြင်တွေ့နိုင်ခဲ့သည်။
ဘဝမှာ အလှတရားတွေ မရှိတာ မဟုတ်ပါဘူး... ရှာဖွေတွေ့ရှိနိုင်တဲ့ မျက်လုံး မရှိတာပါ။
ရွှီယန်က ဝန်ထမ်းများကို ပါကျိုက် အား အများကြီး ဂရုစိုက်စရာ မလိုဘဲ ၎င်းသဘောအတိုင်းသာ လွှတ်ထားရန် မှာကြားထားခဲ့သည်။
ဝန်ထမ်းများ အားလုံးကလည်း ခေါင်းညိတ်ကာ သိပ်ပြီး ဂရုမစိုက်ကြတော့ချေ။
လယ်ယာခြံဝင်းက အလွန် ကျယ်ဝန်းလှသည်။
အတော်လေး လုံခြုံစွာ ပိတ်လှောင်ထားသဖြင့် တိရစ္ဆာန်များ အားလုံး ဘေးကင်းကြသည်။
လယ်ယာခြံဝင်းတွင် နေထိုင်သော မြေခွေးများနှင့် ကြောင်များက လယ်ယာခြံဝင်းမှ မွေးမြူထားသော တိရစ္ဆာန်များကို ဘယ်တော့မှ မဖမ်းယူကြဘဲ ကြွက်များကိုသာ ဖမ်းစားကြသည်။
ဤကောင်လေးများက အတော်လေး သိတတ်ကြပြီး ကြွက်များကိုသာ စားရမည်ကို သိရှိကြသည်။
တစ်ခါတရံ လီဟွာကြောင်လေး ဆန်းပြောင် က ကြွက်တစ်ကောင် ကိုက်ကာ ရွှီယန်၏ အရှေ့တွင် တမင်တကာ လာပြတတ်သေးသည်။
ရွှီယန်ကလည်း ပုံမှန်အားဖြင့် ကြောင်စာ တစ်ချောင်းဖြင့် ဆုချလေ့ ရှိသည်။
အတော်လေး လည်လှပေသည်။
ထိုနေ့ နံနက်ပိုင်းတွင် အမည်းရောင် စီးပွားရေး ကားတစ်စီးက လယ်ယာခြံဝင်း ၏ တံခါးဝသို့ ထပ်မံ ရောက်ရှိလာပြန်သည်။
ကားပေါ်မှ ဆင်းလာသူမှာ သွက်လက်သော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်သည်။
သူက လက်အောက်ငယ်သား နှစ်ဦးကို ခေါ်ကာ တံခါးဝသို့ ရောက်လာပြီး အပြင်ဘက်ရှိ ဝမ်ဝူ ကို မြင်သောအခါ မေးလိုက်သည်။
"မင်္ဂလာပါဗျ... ရွှီသူဌေး ရှိလားဗျ"
သူ၏ စကားကို ကြားသောအခါ ဝမ်ဝူ က ပြန်မေးလိုက်သည်။
"ကျွန်တော်တို့ သူဌေး နဲ့ ဘာကိစ္စ ရှိလို့လဲဗျ"
ထိုလူက ချက်ချင်း ပြန်ဖြေလိုက်သည်။
"လယ်ယာခြံဝင်းက ဆောင်းဦးပေါက် အာလူး တွေ ရင့်မှည့်တော့မယ် ကြားလို့... ရွှီသူဌေး နဲ့ အာလူး အရောင်းအဝယ် ကိစ္စလေး ဆွေးနွေးချင်လို့ပါ"
"လယ်ယာခြံဝင်း ရဲ့ တည်နေရာကို သေချာ စုံစမ်းပြီး တမင် လာခဲ့တာပါ"
ထိုစကားကို ကြားသောအခါ ဝမ်ဝူ က ပြန်ပြောလိုက်သည်။
"ခဏလေး စောင့်ပါဦးဗျ... ကျွန်တော်တို့ သူဌေးကို သွားပြောလိုက်ပါ့မယ်"
ပြောပြီးနောက် ဝမ်ဝူ က အထဲသို့ ဝင်ကာ သွားရောက် အကြောင်းကြားလေတော့သည်။
လူအချို့က တံခါးဝတွင် ရပ်စောင့်နေကြပြီး တံခါးဝတွင်တော့ ရှောင်ဟေး... ယွမ်ပေါင်... နှင့် ဝံပုလွေပေါက်လေး တို့က သူတို့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြပြီး ရှောင်ဟေး က ဟောင်သံ အနည်းငယ်ပင် ထွက်လိုက်သေးသည်။
လယ်ယာခြံဝင်း၏ လုံခြုံရေး စနစ်က ပုံမှန်အချိန်များတွင် အတော်လေး အလုပ်လုပ်လှပေသည်။
ထိုအချိန်တွင် လူတစ်ယောက်က ဝံပုလွေပေါက်လေး ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"အဲဒါ ဝံပုလွေ မလား... ခွေးနဲ့ မတူပါဘူး"
ထိုစကားကို ကြားသောအခါ ခေါင်းဆောင် ဖြစ်သူ လူလတ်ပိုင်း အမျိုးသားက ပြန်ပြောလိုက်သည်။
"စကား နည်းနည်း ပြောပါ... သူတို့ ဘာမွေးမွေး မင်းနဲ့ မဆိုင်ဘူး"
မကြာခင်မှာပင် ရွှီယန်က လယ်ယာခြံဝင်း ထဲမှ ထွက်လာခဲ့သည်။
လူလတ်ပိုင်း အမျိုးသားက လိပ်စာကတ် ကို အလျင်အမြန် ကမ်းပေးကာ ပြောလိုက်သည်။
"ရွှီသူဌေး... မင်္ဂလာပါဗျ... ကျွန်တော်က ကျင်းတို မြို့က လာတာပါ... ပုဂ္ဂလိက ဂေါက်ကွင်း တစ်ခုရဲ့ မန်နေဂျာ ပါ... လယ်ယာခြံဝင်း က အာလူးတွေကို အော်ဒါ မှာချင်လို့ပါ"
"အင်း... ဘလူးဘယ်ရီ လည်း ပါတယ်... အဆင်ပြေမယ် ဆိုရင် အော်ဒါ နည်းနည်းလောက် တင်ချင်ပါတယ်"
ရွှီယန်က လိပ်စာကတ် ကို ယူကြည့်လိုက်ရာ မည်သည့် ဂေါက်ကွင်း မှ မန်နေဂျာ မည်သူမည်ဝါ ဆိုသော စာလုံးများကို တွေ့လိုက်ရပြီး အမည်မှာ နင်လဲ့ထျန် ဖြစ်သည်။
"အာလူး အော်ဒါ တင်မလို့လား"
နင်လဲ့ထျန် ၏ လိုအပ်ချက်ကို ကြားသောအခါ ရွှီယန်က မတတ်နိုင်စွာဖြင့် ပြုံးလိုက်သည်။
"အာလူးက နောက်တစ်လ လောက်နေမှ ရင့်မှည့်မှာပါ... ပြီးတော့ လက်ရှိ အခြေအနေ အရဆိုရင် အကုန်လုံး နီးပါး အော်ဒါ တင်သွားကြပြီ"
"အများကြီး မကျန်တော့ဘူး"
"ဘလူးဘယ်ရီ ဆိုရင်လည်း နောက်ထပ် အသုတ်သစ် ထွက်ဖို့ နောက်ထပ် နှစ်လလောက် ကြာဦးမှာ... အဲဒါလည်း အများကြီး မကျန်တော့ဘူး"
"ကျွန်တော်က ဈေးဆစ်ချင်လို့ ဒီလို ပြောနေတာ မဟုတ်ပါဘူး... တကယ်ကို အကုန် အော်ဒါ တင်ခံလိုက်ရလို့ပါ"
"ဒီလိုလုပ်ပါလား... ကျွန်တော် အခြေအနေကို စောင့်ကြည့်လိုက်ပါဦးမယ်... အကယ်လို့ ဘလူးဘယ်ရီ အထွက်နှုန်း များမယ် ဆိုရင် ခင်ဗျား အတွက် နည်းနည်း ချန်ပေးထားပါ့မယ်"
"အာလူး ကတော့ နောက်နှစ်မှပဲ ရတော့မယ် ထင်တယ်"
ရွှီယန်၏ စကားကို ကြားသောအခါ နင်လဲ့ထျန် က ယဉ်ကျေးစွာဖြင့် ပြန်ဖြေလိုက်သည်။
"ရပါတယ်ဗျ... ကျွန်တော် အဆိုပြုထားတဲ့ အော်ဒါ က ရေရှည်အတွက်ပါ... အဆင်ပြေမယ် ဆိုရင် အခုကတည်းက နောက်နှစ် အတွက် စာချုပ် ချုပ်ထားလို့ ရပါတယ်"
နင်လဲ့ထျန် က အလွန် ယဉ်ကျေးပျူငှာပြီး တစ်ကိုယ်လုံးတွင်လည်း ဖော်ရွေသော အပြုံးများ ပြည့်နှက်နေကာ လူများကို အတော်လေး သက်သောင့်သက်သာ ခံစားရစေသည်။
သူက ပုံမှန်အားဖြင့် အဆင့်မြင့် လူတန်းစား များနှင့် မကြာခဏ ဆက်ဆံရသလို သာမန် လူများနှင့်လည်း အဆက်အဆံ ရှိသဖြင့် မည်သူ့ကိုမဆို ဖော်ရွေစွာ ဆက်ဆံလေ့ ရှိသည်။
"နောက်နှစ် အတွက် အော်ဒါ ဟုတ်လား... စောလွန်းနေပြီ မဟုတ်ဘူးလား... အခုမှ ၉ လပိုင်းပဲ ရှိသေးတာ"
"နောက်နှစ် ပထမဆုံး အာလူး အသုတ်က ၅ လပိုင်း လောက်မှ ရမှာနော်"
ရွှီယန်က လက်ယမ်းပြကာ ပြန်ပြောလိုက်သည်။
"ကျွန်တော် စောင့်နိုင်ပါတယ်... ရေရှည် ပူးပေါင်း ဆောင်ရွက်မှု ဆိုတာ အချိန် ယူရတာပဲလေ... ဒါတွေ အားလုံးက စေတနာ အပေါ်မှာ မူတည်တာပါ"
"ခင်ဗျား စိုက်တဲ့ အာလူး နဲ့ ဘလူးဘယ်ရီ ကို ကျွန်တော် အရမ်း ယုံကြည်ပါတယ်... ဒါကြောင့် အမြန်ဆုံး ပူးပေါင်း ဆောင်ရွက်ချင်တာပါ"
"ခင်ဗျား စိတ်ချလို့ ရပါတယ်... ကျွန်တော်က ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ သူပါ... ဘာကိစ္စမှ လျှို့ဝှက်ချက် မရှိပါဘူး"
နင်လဲ့ထျန် က ဆက်ပြောလိုက်သည်။
ရွှီယန်က သိပ်ပြီး အံ့ဩမနေတော့ချေ။
မည်သို့ပင်ဆိုစေ ဤကာလ အတွင်း သူနှင့် စီးပွားရေး လာရောက် ဆွေးနွေးသူများ မနည်းလှချေ။
ဘလူးဘယ်ရီ အော်ဒါ တင်သူများ... အာလူး အော်ဒါ တင်သူများ... မြေပဲ အော်ဒါ တင်သူများ အားလုံး ရှိကြသည်။
သို့သော် အများစုက လက်ရှိ ရှိနေသော ပစ္စည်းများကိုသာ လိုချင်ကြပြီး နောက်နှစ်မှ ထပ်မံ လာရောက် ဆွေးနွေးမည်ဟု ပြောသူများသာ အနည်းငယ် ရှိကြသည်။
မြေတောင် မစိုက်ရသေးဘဲ ကြိုတင် အော်ဒါ တင်ချင်သူများကတော့ အလွန် ရှားပါးလှပေသည်။
ထို့အပြင် နင်လဲ့ထျန် က တကယ်ကို ယုံကြည်စိတ်ချရသူ တစ်ယောက် ဖြစ်ကြောင်း ခံစားရသည်။
စီးပွားရေး ဆွေးနွေးရာတွင်လည်း ခံစားချက်ကို အဓိက ထားရသည် မဟုတ်ပါလော။
ထို့ကြောင့်ပင် သူဌေးများ အနေဖြင့် ကောင်းမွန်သော ကားများနှင့် ကောင်းမွန်သော နာရီများကို ပိုင်ဆိုင်ထားရန် လိုအပ်ခြင်း ဖြစ်သည်။
ထိုသို့ မှသာ စီးပွားရေး လုပ်ငန်းများ အောင်မြင်နိုင်မည် ဖြစ်သည်။
စီးပွားရေး လောက ဆိုသည်မှာ လူမှုဆက်ဆံရေးများဖြင့် ပြည့်နှက်နေပြီး ရှောင်လွှဲ၍ မရနိုင်ချေ။
"ပြဿနာတော့ မရှိပါဘူး... နောက်နှစ် အတွက် ဘလူးဘယ်ရီ နဲ့ အာလူး တွေက အကုန် အော်ဒါ မတင်ရသေးပါဘူး"
"ဆွေးနွေးလို့ ရပါတယ်"
ထို့နောက် ရွှီယန်က နင်လဲ့ထျန် တို့ကို ဧည့်ခန်း သို့ ဖိတ်ခေါ်လိုက်သည်။
ယခုနှစ်တွင် လယ်ယာခြံဝင်းကို အသစ် ပြင်ဆင် မွမ်းမံထားပြီး နှစ်ထပ် ရုံးခန်း အဆောက်အအုံ တစ်ခု ရှိနေပြီ ဖြစ်သည်။
အထဲတွင် ရုံးခန်း... စာရင်းကိုင်ခန်း နှင့် ဧည့်ခန်း တို့ ပါဝင်သည်။
ဧည့်သည်များကို ဧည့်ခံကာ စီးပွားရေး ဆွေးနွေးရန် သီးသန့် နေရာပင် ဖြစ်၏။
ဤနေရာရှိ ပရိဘောဂ များကိုလည်း ရွှီယန်က ယခင်အကြိမ် သင်္ဘောဆိပ် သို့ သွားရောက်စဉ်က မှာယူထားခဲ့ခြင်း ဖြစ်ပြီး အားလုံးက အလွန် လှပသော သစ်မာ ပရိဘောဂ များ ဖြစ်ကြသည်။
နင်လဲ့ထျန် ကလည်း သေချာ ပြင်ဆင်လာပုံ ရပြီး ရွှီယန် ရောင်းချသော အာလူး နှင့် ဘလူးဘယ်ရီ ဈေးနှုန်း များကို အတိအကျ သိရှိထားပေသည်။
သူက အစကတည်းကပင် ထိုဈေးနှုန်းများ အပေါ် ဆယ်ရာခိုင်နှုန်း ထပ်ဆောင်း၍ အော်ဒါ တင်ရန် ဆန္ဒရှိကြောင်း ပြောပြခဲ့သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ငွေပိုပေးရန် ဆန္ဒရှိခြင်းပင် ဖြစ်သည်။
သူ့အတွက်တော့ ဤငွေများက အလွန် သေးငယ်လှပေသည်။
သို့သော် ထိုထိပ်တန်း ဘလူးဘယ်ရီ နှင့် အရည်အသွေး ကောင်းမွန်သော အာလူး များကို သူ တကယ်ကို ဝယ်ယူချင်နေခြင်း ဖြစ်သည်။
သူ ထိုသို့ ပြောလာသည်ကို ကြားသောအခါ ဘာမှ ဆွေးနွေးစရာ မလိုတော့ချေ။
စာချုပ်ကို တိုက်ရိုက် ချုပ်ဆိုလိုက်ပြီး နင်လဲ့ထျန် က စရန်ငွေများ အားလုံးကိုပါ ပေးချေသွားခဲ့သည်။
ထို့အပြင် နောက်နှစ်တွင် ပိုလျှံသော ဘလူးဘယ်ရီ နှင့် အာလူး များ ရှိပါက သူ အားလုံး ယူမည်ဟုပါ ပြောသွားသေးသည်။
ဆွေးနွေးပွဲ တစ်ခုလုံးက တစ်နာရီခန့်သာ ကြာမြင့်ခဲ့ပြီး သူတို့က မြေပြင်သို့ပင် ဆင်းမကြည့်တော့ဘဲ စီးပွားရေး ဆွေးနွေးပြီးသည်နှင့် တိုက်ရိုက် ပြန်သွားကြတော့သည်။
နင်လဲ့ထျန် ၏ စီးပွားရေး ကား ထွက်သွားပြီးနောက် လယ်ယာခြံဝင်းမှ ဝန်ထမ်းများ အားလုံးက ရွှီယန်၏ အနားသို့ ရောက်လာကြသည်။
ဝမ်ဝူ က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"သူဌေး... စီးပွားရေး ကြီးကြီးမားမား တစ်ခု ထပ်ရပြန်ပြီလား... ဒီရက်ပိုင်း နေ့တိုင်း စီးပွားရေး လာလာပြောနေကြတာ... လယ်ယာခြံဝင်း ဖွင့်တာ ဒီလောက် အောင်မြင်နေတာ ဘယ်သူမှ မရှိသေးဘူး"
မာဝန် ကလည်း ဝင်ရောက် မြှောက်ပင့် ပြောဆိုလိုက်သည်။
"ဘယ်လယ်ယာခြံဝင်းကမှ ဒီလောက် အကျိုးအမြတ် ရတာ ကျွန်တော် မတွေ့ဖူးသေးဘူး... အော်ဒါ တွေက လယ်ယာခြံဝင်း ဆီကို အလိုလို ရောက်လာတာ... တခြားသူတွေက ပိုက်ဆံ လာလာပေးနေကြတာပဲ"
အခြား သူများလည်း အလွန် စိတ်လှုပ်ရှား နေကြသည်။
ဤသို့သော ခံစားချက်မျိုးက အလွန် ကောင်းမွန်လှပေသည်။
ရွှီယန်၏ လယ်ယာခြံဝင်းက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြောင်းကို ပြသနေခြင်းပင် ဖြစ်၏။
ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ အလွန် ကြီးမားလှပေသည်။
ဤလယ်ယာခြံဝင်း က လွန်ခဲ့သော တစ်နှစ်ခန့်ကမှ အနီရောင် အုတ်ရိုး အိမ်လေး တစ်လုံးနှင့် ဖန်လုံအိမ် သုံးလေးလုံးခန့် သာ ရှိသေးသည်ကို မည်သူက ထင်မှတ်ထားမိမည်နည်း။
တစ်နှစ် အတွင်းမှာပင် လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ရွှီယန်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"အခု ဘလူးဘယ်ရီ စီးပွားရေး ကတော့ အောင်မြင်နေပြီ... ဒီနှစ် ဩဇာသီး တွေ ရင့်မှည့်ပြီးရင် အကုန် ရှင်းပစ်လိုက်တော့မယ်"
"နောက်နှစ်ကျရင် အားလုံး ဘလူးဘယ်ရီ ပဲ စိုက်ကြမယ်"
"လူသိနည်းတဲ့ သစ်သီး တွေက အောင်မြင်ဖို့ သိပ်မလွယ်ဘူးလေ"
"လူကြိုက်များတဲ့ သစ်သီး တွေကမှ ပိုပြီး တည်ငြိမ်မှု ရှိတာ"
"ပြီးတော့ နောက်ရက် နည်းနည်း နေရင် ကျွန်တော် ဖန်လုံအိမ် ဆယ်လုံး ထပ်မှာလိုက်ဦးမယ်... အော်ဒါ တွေက တဖြည်းဖြည်း များလာပြီဆိုတော့ အခု ရှိတာနဲ့ မလောက်တော့ဘူး"
"အဲဒီအချိန်ကျရင် လူထပ်ငှားရဦးမယ်... ဖန်လုံအိမ် အဖွဲ့ အတွက် ဝန်ထမ်း တစ်ယောက် နှစ်ယောက်လောက် ထပ်ခေါ်ရမယ်"
ရွှီယန် ပြောသည်က မှန်ပေသည်။ သူ စိုက်ပျိုးသော ဘလူးဘယ်ရီ များက အရွယ်အစား ကြီးမားပြီး အပြည့်အဝ ရင့်မှည့်ကာ အရသာကလည်း အလွန် ကောင်းမွန်လှပေသည်။
ထို့အပြင် တိုက်ရိုက် ပို့ဆောင်ပေးသဖြင့် ပျက်စီးဆုံးရှုံးမှု အလွန် နည်းပါးလှပေသည်။
ထို့ကြောင့် မိတ်ဖက် ကုမ္ပဏီ များက သူနှင့် ပူးပေါင်း ဆောင်ရွက်ရသည်ကို သဘောကျကြခြင်း ဖြစ်သည်။
ယခုခေတ်တွင် ရိုးသားသော မိတ်ဖက် တစ်ဦးကို ရှာဖွေရန် အလွန် ခက်ခဲလှပေသည်။
ရွှီယန်ကလည်း သူ၏ ယုံကြည်စိတ်ချရမှု ဖြင့်သာ ဤအော်ဒါ များကို ရရှိခဲ့ခြင်း ဖြစ်သည်။
သူ ထိုသို့ ပြောသည်ကို ကြားသောအခါ အားလုံးက ချက်ချင်း တုံ့ပြန်လိုက်ကြသည်။
"ဘလူးဘယ်ရီ စိုက်တာ ကောင်းတယ်... ကျွန်တော်တို့ဆီက ဘလူးဘယ်ရီ က တကယ်ကို ကောင်းတာ!"
"ပတ်ဝန်းကျင်က တချို့ လယ်ယာခြံဝင်း တွေလည်း ဘလူးဘယ်ရီ စိုက်တယ်လို့ ကြားတယ်... ဒါပေမဲ့ ဒီလောက်တော့ အထွက်မကောင်းဘူး"
"ကျွန်တော်တို့ ဆီက မျိုးစိတ်က ကောင်းတာကိုး... သူတို့ ဘယ်လိုလုပ် လိုက်နိုင်ပါ့မလဲ"
"သူဌေး စီစဉ်တဲ့ အတိုင်းသာ စိုက်ကြတာပေါ့"
ပတ်ဝန်းကျင် လေထု ကလည်း အလွန် စည်ကား နေတော့သည်။
အားလုံး ခဏမျှ စကားပြောပြီးနောက် အသီးသီး အလုပ်လုပ်ရန် ထွက်သွားကြတော့သည်။
ရွှီယန် ကတော့ မြင်းခြံ ထဲသို့ သွားကာ အမည်းရောင် မြင်းကြီး ကျင်းကျယ် ကို သွားကြည့်ပြီး ၎င်း၏ အမွေးများကို ဖြီးပေးနေလိုက်သည်။
ထို့အပြင် ကျင်းကျယ် ၏ မြင်းခွာ များကို တစ်ချက် စစ်ဆေးကြည့်လိုက်ရာ မြင်းခွာသံ က အနည်းငယ် ဟောင်းနွမ်း နေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် မြို့ထဲမှ သံပန်းဆရာကြီး တစ်ဦးကို ဆက်သွယ်ကာ ကျင်းကျယ် အတွက် မြင်းခွာသံ အသစ် တစ်စုံ လာရောက် ပြုလုပ်ပေးရန် ခေါ်လိုက်သည်။
မြင်းခွာသံ အသစ် လဲလှယ်ပေးတိုင်း ကျင်းကျယ် က အလွန် ပျော်ရွှင်နေတတ်ပြီး လမ်းပေါ်တွင် တမင်တကာ လမ်းလျှောက်ကာ 'ဒေါက်... ဒေါက်' ဟူသော ကြည်လင်သည့် အသံများကို ထွက်ပေါ်စေတတ်ပေသည်။
ကျင်းကျယ် ကလည်း နေ့စဉ် အလွန် ပျော်ရွှင်စွာ ဖြတ်သန်းနေရပြီး ခွေးများနှင့် ဒရယ်ပြောက် တို့နှင့်လည်း သူငယ်ချင်းများ ဖြစ်ကြကာ မကြာခဏ အတူတကွ လမ်းလျှောက် ထွက်လေ့ ရှိကြသည်။
ဤအရာများကို လုပ်ဆောင်ပြီးနောက် ရွှီယန်က ခြံဝင်းထဲသို့ ပြန်ကာ အနားယူနေလိုက်သည်။
ယနေ့ ကိစ္စများက အတော်လေး ထူးဆန်းလှပေသည်။
ဆောင်းဦးရာသီ ပင် မကုန်သေးဘဲ နောက်နှစ် အတွက် အော်ဒါ များကို လက်ခံရရှိနေပြီ ဖြစ်၏။
ဆိုလိုသည်မှာ လယ်ယာခြံဝင်း အတွက် နောက်နှစ်တွင် ကြီးမားသော အန္တရာယ်များ ရှိလာမည် မဟုတ်တော့ချေ။
ဖွံ့ဖြိုးတိုးတက်မှုက အလွန် တည်ငြိမ်နေပေသည်။
ငွေများက သူ့ရင်ခွင်ထဲသို့ အလိုလို ပျံသန်း ဝင်ရောက်လာသကဲ့သို့ ခံစားရပြီး အတော်လေး သက်သောင့်သက်သာ ရှိလှပေသည်။
ငွေရှာရသည့် ခံစားချက်က အလွန် ကောင်းမွန်လှသည်။ အထူးသဖြင့် ရိုးသား ဖြူစင်စွာ ရှာဖွေထားသော ငွေများ ဖြစ်ပါက ပို၍ပင် ကောင်းမွန်လှပေသည်။
ညစာ စားပြီးနောက် လီဆန်း က ရွှီယန်၏ ခြံဝင်းထဲသို့ ကိုယ်တိုင် လာရောက်ကာ အခြေအနေ တစ်ခုကို သတင်းပို့လေသည်။
လီဆန်း က ရွှီယန်ကို ပြောပြသည်မှာ ဘေးရွာမှ လယ်ယာခြံဝင်း ပိုင်ရှင် တစ်ဦးကလည်း ဘလူးဘယ်ရီ စိုက်ပျိုးကြောင်းနှင့် လီဆန်း ကို ငွေပေးကာ ဘလူးဘယ်ရီ စိုက်ပျိုးရေး နည်းပညာများကို လာရောက် သင်ကြားပေးရန် ကမ်းလှမ်းခဲ့ကြောင်း ပင် ဖြစ်သည်။
တစ်ဖက်လူက ရွှီယန်၏ ဘလူးဘယ်ရီများ ဘာကြောင့် ဤမျှ ဖြစ်ထွန်းနေရသနည်း ဆိုသည်ကို စုံစမ်းချင်နေခြင်း ဖြစ်သည်။
သို့သော် လီဆန်း က တိုက်ရိုက် ငြင်းပယ်လိုက်ပြီး ရွှီယန်ထံသို့ လာရောက် သတင်းပို့ခြင်း ဖြစ်သည်။
ရွှီယန်က ပြဿနာ မရှိကြောင်းနှင့် ဂရုစိုက်နေရန် မလိုအပ်ကြောင်း ပြောလိုက်သည်။
သူ၏ လယ်ယာခြံဝင်းမှ ဘလူးဘယ်ရီ များကို သူ တစ်ယောက်တည်းသာ စိုက်ပျိုးနိုင်မည် ဖြစ်သည်။
အကြောင်းရင်း ကတော့ ထိုလူများကို ကိုယ်တိုင်သာ စဉ်းစားခိုင်းလိုက်တော့မည် ဖြစ်၏။