အခန်း ၃၂၈
Vol. 33 Ch. 328
အခန်း (၃၂၈) ထူးဆန်းတဲ့ မြေမျက်နှာသွင်ပြင်... အံ့ဩစရာ ရတနာတွေ
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်တင်ပြီးနောက် လုပ်ဆောင်ချက် အသစ်များစွာ တိုးလာခဲ့သည်။
မြေပုံအဆင့် သတ်မှတ်ချက်... ရတနာရှာဖွေခွင့် အကြိမ်ရေ တိုးလာခြင်းနှင့် ရှားပါး ရတနာရှာဖွေရေး တာဝန်များကို တွေ့ကြုံရနိုင်ချေ ရှိလာခြင်း စသည်တို့ ဖြစ်သည်။
ယခုအခါ ပြည်တွင်းရှိ နေရာများက ရွှီယန်အတွက် ကြီးမားသော ကစားကွင်းကြီး တစ်ခုလို ဖြစ်နေပြီ ဖြစ်သည်။
ယခု စနစ်က ခွန်းလွန်တောင်တန်း၏ ရတနာရှာဖွေရေး ဆုလာဘ်က အကောင်းဆုံး ဖြစ်ကြောင်း မှတ်သားပြသထားပေသည်။
ထို့ကြောင့် ရွှီယန်က ခွန်းလွန်တောင် သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။
သူ တည်းခိုသော နေရာမှာ ရေမျက်နှာပြင် အထက် ပေ ၃၀၀၀ ကျော် မြင့်သော မြို့ငယ်လေး တစ်ခုရှိ တည်းခိုခန်းလေး တစ်ခု ဖြစ်သည်။
အစပိုင်းတွင် ရွှီယန်က အမြင့်ပျို့ရောဂါ ရမည်ကို စိုးရိမ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ် ပိုမို သန်မာသူများက အမြင့်ပျို့ရောဂါ ပို၍ အဖြစ်များကြောင်း ကြားဖူးသောကြောင့် ဖြစ်သည်။
တကယ်တမ်းတွင်မူ အခြေအနေက လုံးဝ ပြောင်းပြန် ဖြစ်နေသည်။ အမြဲတမ်း လေ့ကျင့်ခန်း လုပ်သူများက ကုန်းမြင့်ဒေသ၏ အခြေအနေကို ပို၍ လျင်မြန်စွာ အသားကျနိုင်ကြသည်။
အသက်ရှူရသည်မှာ အနည်းငယ် ကြပ်တည်းသော်လည်း သေချာ သတိမထားမိပါက သိသာမည် မဟုတ်ပေ။
ခွန်းလွန်တောင်သည် တရုတ်ပြည် အနောက်ပိုင်းကို ဖြတ်သန်းသွားပြီး "တောင်များအားလုံး၏ ဘိုးဘေး" ဟု ခေါ်ဆိုကြကာ အဆင့်အတန်း အလွန် ကြီးမားလှပေသည်။ တရုတ်ပြည်၏ ရှေးဟောင်း ပုံပြင်များ အားလုံးလိုလိုက ခွန်းလွန်တောင် နှင့် ဆက်စပ်နေလေ့ ရှိသည်။
ရွှီယန်က ကွင်းပြင်ပေါ်တွင် ရပ်ကာ အဝေးရှိ အဆုံးအစမဲ့ တောင်တန်းကြီးများကို ငေးကြည့်နေလိုက်သည်။
ဤတောင်ကြီးက လူကို လေးနက်သော ဖိအား တစ်ခု ပေးစွမ်းနိုင်သော်လည်း တောင်ထိပ်ရှိ နှင်းဖြူများက တစ်ဆက်တည်း ဖြစ်နေရာ နတ်ပြည်နှင့်ပင် တူညီနေတော့သည်။
ဤနေရာရှိ ရှုခင်းများက တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။
ရွှီယန် ယခင်က မြင်ဖူးသော အလွှာလိုက် ဖြစ်နေသည့် တောင်တန်းများနှင့် မတူဘဲ ဤနေရာရှိ တောင်တန်းများက ပို၍ ဟာလာဟင်းလင်း ဖြစ်နေပြီး ပို၍လည်း ရိုင်းစိုင်းလှပေသည်။
ရွှီယန်၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပေါ်လွင်လာခဲ့သည်။
တကယ့်ကို ခွန်းလွန် ပါပဲ။
ဤလေးလံသော ဖိအားက အခြား မည်သည့် တောင်တန်းများတွင်မှ မရှိခဲ့ပေ။
ခွန်းလွန်တောင်တန်း က အလွန် ကြီးမားပြီး တောင်ထွတ် အများအပြား ပါဝင်သည်။
ဥပမာအားဖြင့် အရှေ့ခွန်းလွန်တောင်... အနောက်ခွန်းလွန်တောင် စသည်တို့ ဖြစ်ပြီး အရှေ့ခွန်းလွန်တောင် တစ်ခုတည်းတွင်ပင် ရေမျက်နှာပြင် အထက် ပေ ၅၀၀၀ ကျော် မြင့်သော တောင်ထွတ် ၈ ခု ရှိရာ တကယ်ကို ဧရာမ တောင်တန်းကြီးပင် ဖြစ်၏။
ရွှီယန်က မြေပုံပေါ်တွင် တောင်ပေါ်တက်ရမည့် နေရာကို ရွေးချယ်လိုက်သည်။
တိုက်ရိုက် သွား၍တော့ မရသဖြင့် အပြင်ဘက်ရှိ ကလပ် တစ်ခုကို ဆက်သွယ်ကာ ကားဖြင့် သုံးနာရီခန့် မောင်းနှင်ပြီးနောက် ရွှီယန်ကို တောင်ခြေသို့ ပို့ဆောင်ပေးခဲ့သည်။
ထိုမှသာ ရွှီယန်က တောင်ပေါ်သို့ စတင် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူက တောင်တက် ဝတ်စုံ အပြည့်အစုံကို ဝတ်ဆင်ထားရာ နွေးထွေးပြီး သက်သောင့်သက်သာ ရှိလှသည်။ ကျောတွင်လည်း တောင်တက် ကျောပိုးအိတ် တစ်လုံးကို လွယ်ထားပြီး အထဲတွင် ရိုးရှင်းသော တဲတစ်လုံး ပါရှိသည်။
ကျန်သည်များ ကတော့ စားစရာများ သက်သက်သာ ဖြစ်၏။
ရှောင်ဟေးက ရွှီယန်၏ ဘေးတွင် လိုက်ပါလာပြီး ခွန်းလွန်တောင် ၏ ပတ်ဝန်းကျင်ကို စူးစမ်းချင်စိတ်များ အပြည့်ဖြင့် အကဲခတ်နေလေသည်။
တောရွာတွင် ကြီးပြင်းလာသော တောခွေးလေး တစ်ကောင် အနေဖြင့် လေယာဉ်စီးပြီး ခွန်းလွန်တောင် သို့ တက်ရခြင်းက အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းသော အတွေ့အကြုံ တစ်ခုပင် ဖြစ်၏။
တောင်ပေါ်သို့ ရောက်သည်နှင့် ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် လူအရေအတွက်က လျင်မြန်စွာ တိုးလာတော့သည်။
[လောင်ရွှီ... နောက်ဆုံးတော့ လိုက်ဖ်လွှင့်ပြီပဲ]
[လခွမ်း... ဒါက ဘယ်နေရာလဲ]
အင်တာနက်သုံးစွဲသူများက တိုက်ရိုက်ထုတ်လွှင့်မှု ထဲရှိ ခြောက်ကပ်နေသော မြင်ကွင်းကို မြင်သောအခါ အားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားကြတော့သည်။
ဤနေရာက အလွန် ခြောက်သွေ့နေပြီး မြေကြီးပေါ်တွင် မြက်ပင်များပင် နည်းပါးလှကာ တစ်ခါတရံမှသာ ညှိုးနွမ်းနေသော မြက်ပင် အနည်းငယ် ပေါက်ရောက်နေသည်ကို တွေ့ရသည်။
တစ်ခုလုံး၏ အရောင်က မှိုင်းညို့နေသော်လည်း ပတ်ဝန်းကျင်တွင် တောင်များ ဝန်းရံနေရာ တောင်တန်း ဒေသတစ်ခု ဖြစ်ကြောင်း သိသာလှပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု ခေါင်းစဉ်...
[ခွန်းလွန်တောင် ရဲ့ အနက်ရှိုင်းဆုံး နေရာ... တောတွင်း အသက်ရှင်ရပ်တည်ရေး ၃ ရက်]
[ခွန်းလွန် လား... လခွမ်း... အနောက်ဘက်ကို ရောက်သွားတာလား]
[ငါက ဒီဘက်ကပဲ... သူ့ရဲ့ ပတ်ဝန်းကျင် အခြေအနေကို ကြည့်ရတာ အတော်လေး နက်တဲ့ နေရာကို ရောက်နေပြီ ဆိုတာ သိသာတယ်]
[လောင်ရွှီ က တကယ်ကို ရဲတင်းတာပဲ]
[ရှောင်ဟေး ကိုပါ ခေါ်လာသေးတယ်... ရှောင်ဟေး က တကယ့် သက်တော်စောင့် ခွေးလေး ဖြစ်နေပြီပဲ]
တိုက်ရိုက်ထုတ်လွှင့်မှု လေထု က စတင် လှုပ်ရှားလာတော့သည်။
ရှောင်ဟေး က ရွှီယန်၏ ဘေးတွင် ဟိုပြေးဒီပြေး လုပ်နေပြီး အလွန် ပျော်ရွှင်နေပေသည်။
ရွှီယန်က ၎င်းကို ခေါ်လာရခြင်းမှာလည်း သူ့ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေပေသည်။ ဤကောင်လေးက ခန္ဓာကိုယ် သန်မာပြီး လှုပ်ရှားမှုများ သွက်လက်ကာ ရွာထဲရှိ တောခွေး ဂိုဏ်းတွင် ခေါင်းဆောင် တစ်ကောင်နီးပါး ဖြစ်နေပြီ ဖြစ်သည်။
တောရိုင်းထဲရှိ ဤကဲ့သို့သော ပတ်ဝန်းကျင်က ရှောင်ဟေး အတွက် တကယ်ကို ဘာမှ မသက်ရောက်လှပေ။
တောခွေးများ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အလွန် ကောင်းမွန်လှသည်။ ယခင်က ဧည့်သည် တစ်ယောက်က လမ်းပြ ငှားကာ နှင်းတောင် ပေါ်သို့ တက်ရာ တောင်ထိပ်သို့ ရောက်ခါနီးတွင် ဒူးထောက်ကာ လျှောက်သွားခဲ့ရသည်။
သို့သော် ခွေးဝါလေး တစ်ကောင်ကတော့ အမြီးကို လှုပ်ယမ်းကာ ပျော်ရွှင်စွာ ပြုံးရင်း နှင်းတောင် ထိပ်သို့ တက်သွားခဲ့လေသည်။
ပြီးတော့ ဟိုဒီ လျှောက်သွားနေသေးသည်။
ဒီလိုကိစ္စမျိုးကို ဘယ်သူနဲ့ သွားပြောပြလို့ ရမလဲ။
ထို့နောက် ရွှီယန်က တောင်တက် ကျောပိုးအိတ်ကို လွယ်ကာ အတွင်းသို့ တောက်လျှောက် ဝင်သွားခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် လူတစ်ယောက်နှင့် ခွေးတစ်ကောင် ကိုသာ မြင်တွေ့ရပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု ကို ကြည့်ရှုသူ များပြားလှသည်။
အားလုံးက စကားပြောကြ နောက်ပြောင်ကြဖြင့် လေထုက အလွန် ကောင်းမွန်နေပေသည်။
လူများက ပတ်ဝန်းကျင် မြင်ကွင်းများကို ကြည့်ရင်း ဝံပုလွေအုပ်ကြီး ပေါ်လာမည်ကို အမြဲတမ်း စိုးရိမ်နေကြသည်။
တကယ်လို့ အဲဒီလိုသာ ဖြစ်လာရင်တော့ သေချာပေါက် သေပြီပဲ။
မည်သို့ပင်ဆိုစေ ဤဘက်တွင် လူသူကင်းမဲ့သော ဧရိယာသို့ တစ်ယောက်တည်း သွားရောက် စူးစမ်းလေ့လာရာမှ အသက်အန္တရာယ် ကြုံတွေ့ရသူများ မနည်းလှချေ။
ရွှီယန်က အထဲသို့ တောက်လျှောက် ဝင်သွားခဲ့သည်။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ၏ ညွှန်ပြချက်အရ ဤဧရိယာ၏ ရတနာရှာဖွေရေး တာဝန် အဆင့်က မကောင်းသေးသဖြင့် အထဲသို့ ဆက်ဝင်ရဦးမည် ဖြစ်သည်။
တစ်ခါတရံ ရပ်တန့်ကာ ရှုခင်းများကို ကြည့်ရှုရသည်ကလည်း အတော်လေး ကောင်းမွန်သည်ဟု ခံစားရစေသည်။
မကြာခင်မှာပင် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ၏ လမ်းညွှန်မှုဖြင့် ထူးဆန်းသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
သူ့ကို အလွန် အံ့ဩသွားစေမည့် လှပသော မြင်ကွင်း တစ်ခုကို တွေ့လိုက်ရသည်။
အဝေးတွင် အဆုံးအစမဲ့သော ပန်းရောင်ဖျော့ဖျော့နှင့် အဝါနုရောင်များ ရောယှက်နေသည်ကို တွေ့လိုက်ရသည်။
နိမ့်ပါးသော တောင်ကုန်းငယ်များက မြေကြီးပေါ်တွင် လှဲလျောင်းနေသော နဂါးကြီးများ အလားပင်။
လေတိုက်လာသောအခါ သဲဖုန်များ လွင့်စင်လာပြီး အရှေ့ရှိ ကျယ်ပြန့် ခြောက်ကပ်နေသော မြေပြင်ကြီးကို ဖုံးလွှမ်းသွားတော့သည်။
ဒရုန်း က အရှေ့ဘက်သို့ လှည့်ကာ ရိုက်ကူးလိုက်ရာ အဝေးရှိ ထူးဆန်းသော ရှုခင်းများကို မြင်လိုက်ရသောအခါ အားလုံး စကားပင် မပြောနိုင်အောင် ဖြစ်သွားကြတော့သည်။
'ဒါ... ဘယ်နေရာကြီးလဲ'
အင်တာနက်သုံးစွဲသူများ ကလည်း မြေရိုင်းပြင် အလယ်တွင် ဤကဲ့သို့သော မြင်ကွင်းမျိုး ရုတ်တရက် ပေါ်လာမည်ဟု မမျှော်လင့်ထားခဲ့ကြချေ။
[ဘုရားရေ... အရမ်း လှတဲ့ နေရာပဲ... ဒါဘာကြီးလဲ]
[ငါ ဘာကို မြင်လိုက်ရတာလဲ... တစ်ယောက်ယောက် များ ဒီနေရာမှာ ကျင့်ကြံနေတာလား]
[တကယ်ကို အရမ်း လှတာပဲ]
[လောင်ရွှီ ရတနာ နေရာ တစ်ခုကို ထပ်တွေ့သွားပြန်ပြီ]
လူများ အလွန် အံ့ဩနေကြသည်။
ထိုအချိန်တွင် ရွှီယန်က ပြောလိုက်သည်။
"ဒါက ယာတန်း မြေမျက်နှာသွင်ပြင် လို့ ခေါ်တယ်... ရှေးတုန်းကတော့ မြွေဖြူကုန်း လို့ ခေါ်ကြတယ်... အရင်က စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်"
"ဒီလို မြေမျက်နှာသွင်ပြင် က အလွန် ထူးခြားတယ်... ဒါပေမဲ့ ဒီဘက်မှာတော့ တွေ့ရတတ်ပါတယ်"
"ဒီလို ပေါ်ထွက်နေတဲ့ တောင်ကုန်းငယ် တွေက နှစ်ပေါင်း ဘယ်လောက်တောင် လေတိုက် စားခံခဲ့ရလဲ မသိဘူး... အခုတော့ ဒီလို ပုံစံမျိုးပဲ ကျန်တော့တာ"
ရွှီယန်က အရှိန်မြှင့်ကာ အရှေ့သို့ လျှောက်သွားလိုက်သည်။
သူက ယာတန်း မြေမျက်နှာသွင်ပြင် ထဲသို့ ဝင်ရောက်သွားပြီး ပတ်ဝန်းကျင်ရှိ ပေါ်ထွက်နေသော မြေဝါရောင် တောင်ကုန်းငယ် များကို ကြည့်နေလိုက်သည်။
ဤတောင်ကုန်းငယ် များက မြေကြီးများဖြင့် ဖွဲ့စည်းထားသည်ဟု ထင်ရသော်လည်း ပြင်းထန်သော လေတိုက်ခတ်မှု ဒဏ်ကို နှစ်ပေါင်းများစွာ ခံနိုင်ရည် ရှိပြီး ဤအတိုင်း တည်ရှိနေခြင်းက တကယ်ကို ရှားပါးလှပေသည်။
ထိုအချိန်တွင် ရှောင်ဟေး က နူးညံ့သော သဲမြေပြင် ပေါ်သို့ ပြေးသွားကာ ၎င်း၏ ရှေ့လက်ဖဝါးများဖြင့် အဆက်မပြတ် ယက်ထုတ်နေတော့သည်။
၎င်းကလည်း ဤနေရာကို ရတနာရှာဖွေမည့် နေရာအဖြစ် သတ်မှတ်ထားပုံ ရသည်။
ရွှီယန်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် ရှောင်ဟေး နောက်ကျန်နေခဲ့သည်ကို သတိထားမိသဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။
ရှောင်ဟေး မြေကြီး ယက်နေသည်ကို မြင်သောအခါ ရွှီယန်က မနေနိုင်ဘဲ ပြုံးကာ ပြောလိုက်သည်။
"ရှောင်ဟေး... အဲဒီမှာ ဘာလုပ်နေတာလဲ... ရတနာ ရှာချင်နေတာလား"
"ဒီလို ခြောက်ကပ်နေတဲ့ နေရာမှာ ရတနာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ"
ထိုသို့ ပြောနေစဉ်မှာပင် ရှောင်ဟေး ၏ ဝုတ်... ဝုတ် ဟူသော ဟောင်သံ နှစ်ချက်ကို ကြားလိုက်ရသည်။
၎င်းက ခေါင်းမော့ကာ ရွှီယန်ကို ကြည့်နေပြီး မျက်လုံးများထဲတွင်လည်း မျှော်လင့်ချက်များ ပါဝင်နေပေသည်။
ရှောင်ဟေး ၏ ပုံစံက သိပ်မဟန်ကြောင်း သတိထားမိသဖြင့် ရွှီယန်က လျှောက်သွားကာ ရှောင်ဟေး တူးထားသော တွင်းကို သွားကြည့်လိုက်သည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် ရွှီယန် တစ်ယောက် ကြက်သေ သေသွားတော့သည်။
"နေပါဦး... ဒါက..."
"တကယ်ကြီး ရှိနေတာပဲ"
ရွှီယန်က ရှောင်ဟေး တူးထားသော တွင်းထဲမှ အညိုရောင် သန်းနေသော တစ်ပိုင်း ပွင့်လင်းမြင်သာသည့် အရာဝတ္ထု တစ်ခုကို ထုတ်ယူလိုက်သည်။
"လခွမ်း... ဒါ ပယင်း ရိုင်း တွေပဲ"
"ယာတန်း မြေမျက်နှာသွင်ပြင် ထဲမှာ ပယင်း ရိုင်း တွေ ရှိတယ် ဆိုတာကိုတော့ ငါသိပါတယ်... ဒါပေမဲ့ ရှာတွေ့ဖို့ ဆိုတာ အရမ်း ခက်ခဲတယ်လေ... လူတော်တော်များများက နေ့တိုင်း ရှာနေတာတောင် တစ်ခု ရဖို့ မသေချာဘူး"
"ဒါကို ရှောင်ဟေး က ဒီအတိုင်းလေး ရှာတွေ့သွားတာလား"
ရွှီယန်က ပယင်း ကို မြှောက်ကိုင်ထားရင်း အံ့ဩတကြီး ပြောလိုက်သည်။
ဤပယင်း ၏ အရောင်က အလွန် လှပပြီး နေရောင်အောက်တွင် ပွင့်လင်းမြင်သာ နေပေသည်။
အကယ်၍ နှမြောစရာကောင်းသည်ဟု ပြောရမည် ဆိုလျှင်တော့ အထဲတွင် အင်းဆက် သို့မဟုတ် သစ်ရွက်များ မပါဝင်ဘဲ သန့်စင်သော ပယင်း သက်သက်သာ ဖြစ်နေခြင်းပင် ဖြစ်သည်။
အင်တာနက်သုံးစွဲသူများ အားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားကြတော့သည်။
[လောင်ရွှီ... မင်း ကြိုပြီး မြှုပ်ထားတာ မလား... သေချာပေါက် ဟုတ်တယ် မလား]
[ဒီပယင်း ရိုင်း က ကြည့်ရတာ တော်တော် မိုက်တယ်... သူ အမြတ် ထွက်သွားပြန်ပြီပဲ]
[ဟင်... ရှောင်ဟေး က ရတနာ ရှာတတ်တယ်... ဒီလောက်တောင် လွန်နေတာလား]
[လောင်ရွှီ... ဆွေးနွေးစရာလေး ရှိတယ်... ရှောင်ဟေး ကို ရောင်းမလား... ငါဝယ်ချင်လို့]
မှတ်ချက်များက ချက်ချင်း စည်ကားလာတော့သည်။
ရှောင်ဟေး က အလွန် ပျော်ရွှင်နေပြီး တုံးအအ အပြုံးလေးဖြင့် ပြုံးပြနေသည်။
ရွှီယန်က ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးကာ ချီးကျူးလိုက်သည်။
"ရှောင်ဟေး... တော်တယ်"
ပယင်း တစ်ခု ရှာတွေ့သည် ဆိုသည်မှာ ဤနေရာတွင် အခြား ပယင်း များစွာ ရှိနေမည် ဆိုသည်ကို ပြသနေခြင်းပင် ဖြစ်သည်။
ရွှီယန်က သူ၏ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် က လှုပ်ရှားချင်နေပြီ ဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ယာတန်း မြေမျက်နှာသွင်ပြင် ၏ ဧရိယာက အလွန် ကြီးမားလှရာ တူးဖော်၍ ပယင်း ရှာဖွေရန် ဆိုသည်က အလွန် ခက်ခဲလှပေသည်။
သို့သော် ပစ်မှတ်ကို အတိအကျ သတ်မှတ်နိုင်ပါက အလွန် လွယ်ကူသွားမည် ဖြစ်သည်။
သူ၏ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် တွင် ယခုအခါ ၁၅ ကြိမ်တောင် စုဆောင်းထားပြီး ဖြစ်သည်။
ထို့ကြောင့် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ကို တစ်ကြိမ် အသုံးပြုကာ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
မကြာခင်မှာပင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် က ရတနာ ရှိရာ နေရာတစ်ခုကို ညွှန်ပြပေးလိုက်သည်။
သူနှင့် ၃ ကီလိုမီတာခန့် ကွာဝေးရာ သိပ်မဝေးလှချေ။
ထို့အပြင် ဤနေရာတွင် အများစုမှာ မြေပြန့်များ ဖြစ်သဖြင့် သွားလာရ အတော်လေး လွယ်ကူလှပေသည်။
လေက အနည်းငယ် ကြမ်းတမ်းနေသည်။
သဲဝါများ လွင့်စင်နေလေသည်။
လူတစ်ယောက်နှင့် ခွေးတစ်ကောင် ၏ ခရီးစဉ် အတွက် ခြောက်ကပ်သော အငွေ့အသက်များကို ပေါင်းထည့်ပေးနေသည်။
အင်တာနက်သုံးစွဲသူများ ကတော့ သူ ရှာတွေ့ခဲ့သော ပယင်း ရိုင်း အကြောင်းကို စိတ်ဝင်တစား ပြောဆိုနေကြဆဲပင်။
ဤလူသူကင်းမဲ့သော တောရိုင်းထဲတွင် ရတနာတွေက အတော်လေး များပြားလှပေသည်။
သို့သော် မည်သူကမျှ အသက်အန္တရာယ် စွန့်၍ လာရောက် ရှာဖွေရဲမည် မဟုတ်ချေ။
အနည်းဆုံး လူကိုးဆယ်ရာခိုင်နှုန်းက အသက်အန္တရာယ် စွန့်၍ ရတနာ လာရှာမည် မဟုတ်ပေ။
မကြာခင်မှာပင် ရွှီယန်က ခရီးဆုံးသို့ ရောက်ရှိသွားသည်။
သူက ထုံးစံအတိုင်း ဒရုန်း ၏ ဦးတည်ချက်ကို အခြား နေရာသို့ လှည့်လိုက်ပြီး မိုက်ခရိုဖုန်း ကို ပိတ်ကာ ရှောင်ဟေး ကို ခေါ်၍ ရတနာ စတင် ရှာဖွေတော့သည်။
ရွှီယန်က ကျောပိုးအိတ်ထဲမှ ဂေါ်ပြား တစ်လက်ကို ထုတ်ယူကာ တစ်ချက်ချင်း တူးနေပြီး ရှောင်ဟေး ကလည်း ရှေ့လက်ဖဝါးများဖြင့် လျင်မြန်စွာ ယက်ထုတ်ကာ ရွှီယန်ကို ကူညီပေးနေသည်ကို မြင်တွေ့လိုက်ရသည်။
လူတစ်ယောက်နှင့် ခွေးတစ်ကောင် က လူသူကင်းမဲ့သော နေရာတွင် အတူတကွ ရတနာ တူးဖော်နေကြသည်။
ဒရုန်း က အဝေးရှိ တောင်ကုန်းများကို ရိုက်ကူးနေပြီး အားလုံးကို အနောက်မြောက် တောင်တန်းများ၏ ခြောက်ကပ်သော မြေမျက်နှာသွင်ပြင်ကို ပြသနေလေသည်။
အချို့ အင်တာနက်သုံးစွဲသူများက ရွှီယန်၏ ပယင်း ရိုင်း ကို ကြိုတင် မြှုပ်ထားခြင်း ဖြစ်သည်ဟု သံသယ ဝင်နေကြသော်လည်း တကယ်တမ်းတွင် သူက အချိန်အတော်များများ၌ ရှာတွေ့သော ပစ္စည်းကောင်း များကို ထုတ်မပြတတ်ကြောင်းကိုတော့ မသိကြချေ။
ဤသို့ တောက်လျှောက် တူးဖော်နေပြီးနောက် မကြာခင်မှာပင် ရွှီယန်က ပစ်မှတ်ကို ရှာတွေ့သွားတော့သည်။
သူက လက်လှမ်းကာ မြေကြီးထဲမှ နှစ်ပေါင်း မည်မျှ ကြာအောင် မြှုပ်နှံထားမှန်း မသိသော ပယင်း ကို ယူလိုက်ပြီး အပေါ်မှ ဖုန်များကို ခါထုတ်လိုက်သည်။
သူက ပယင်း ကို မြှောက်ကာ နေရောင်ထဲတွင် ကြည့်လိုက်သည်။
ထိုရှေးဟောင်း ပယင်း ထဲတွင် အဝါရောင် လိပ်ပြာငယ်လေး တစ်ကောင် ပါဝင်နေပြီး ထိုအထဲတွင် ထာဝရ ရပ်တန့်နေကြောင်း သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
"တကယ်ကြီး ပစ္စည်းကောင်းပဲဟ"
ရွှီယန်က လှပသော လိပ်ပြာ ပယင်း ကို ကြည့်ရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။