← Chapters

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း (၃၃၀) တောရိုင်းထဲက ဝံပုလွေအုပ်... သဘာဝတရားရဲ့ ရက်စက်တဲ့ မြင်ကွင်း

နေဝင်ဆည်းဆာ အချိန်။

မီးပုံ။

ဝံပုလွေ ဟောင်သံ။

ရွှီယန်သည် မီးပုံဘေးတွင် ထိုင်နေပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ကာ အိပ်စက်ရန် ပြင်ဆင်နေစဉ် အဝေးရှိ တောနက်ထဲမှ ဝံပုလွေဟောင်သံများကို ရုတ်တရက် ကြားလိုက်ရသည်။

ရွှီယန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

ရှောင်ဟေးသည်လည်း သတိကြီးစွာဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။

"ဒါတော့ မဖြစ်နိုင်ပါဘူး... ငါ့ကံက ဒီလောက်ဆိုးတာလား"

ရွှီယန်သည် ချက်ချင်း မတ်တပ်ရပ်လိုက်သည်။

သူသည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး ဝံပုလွေအုပ်ကို မည်သို့ ရင်ဆိုင်ရမည်ကို စဉ်းစားနေသည်။

ယခုအချိန်တွင် သူသည် သစ်တောထဲ၌ ရှိနေခြင်း မဟုတ်ပေ။ ဤသည်မှာ ပင့်ကူလူသားသည် မြို့ထဲတွင် မရှိဘဲ ချန်ကီချန်းသည် ပရိဘောဂဆိုင်ထဲတွင် မရှိသကဲ့သို့ပင် ဖြစ်သည်။

သူ၏ စွမ်းရည်များကို အပြည့်အဝ အသုံးချ၍ မရနိုင်ချေ။

တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပွင့်နေဆဲဖြစ်ရာ အင်တာနက်သုံးစွဲသူများ အားလုံး မှင်တက်သွားကြပြီး ၎င်းတို့၏ မျက်လုံးများထဲတွင် အနည်းငယ် ကြောက်လန့်သည့် အရိပ်အယောင်များ ပေါ်လာကြသည်။

[လခွမ်း... လိုက်ဖ်လွှင့်သူ မနောက်ပါနဲ့... ဒါက အစီအစဉ် လုပ်ထားတာ မဟုတ်လား]

[ခုနက အသံက ဝံပုလွေအသံ မဟုတ်ဘူးလား]

[မဖြစ်နိုင်ပါဘူး... လေသံကို မှားကြားတာ ဖြစ်မယ်]

[သေချာပေါက် မှားကြားတာပဲ ဖြစ်ရမယ်]

အားလုံးက မှတ်ချက်များ ရေးနေစဉ်မှာပင် နောက်ထပ် ဝံပုလွေဟောင်သံများ ဆက်တိုက် ထွက်ပေါ်လာပြန်သည်။

"အာဝူး..."

"အာဝူး..."

အင်တာနက်သုံးစွဲသူများ၏ မျက်နှာများ ချက်ချင်း ဖြူရော်သွားတော့သည်။

'လခွမ်း... တကယ်ကြီး ဝံပုလွေတွေပဲ... ဒီလို လူသူကင်းမဲ့ပြီး သစ်ပင်တစ်ပင်တောင် မရှိတဲ့ တောင်ပေါ်မှာ ဝံပုလွေတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်ရမလဲ'

ရွှီယန်၏ မျက်နှာမှာလည်း အနည်းငယ် ပျက်ယွင်းနေသည်။

သူ၏ကံ ဤမျှဆိုးရွားမည်ဟု သူ မထင်ထားခဲ့ပေ။

တောင်ပေါ်သို့ ရောက်သည့် ပထမဆုံးညမှာပင် ဤသို့သော အကောင်များနှင့် တွေ့ရခြင်း ဖြစ်သည်။

ဤအချိန်တွင် တဲထဲသို့ ဝင်ပုန်းနေ၍လည်း အချည်းနှီးသာ ဖြစ်သည်။ ဝံပုလွေများ၏ နှာခေါင်းမှာ အလွန် အနံ့ခံကောင်းလှရာ တဲကို တွေ့ပါကလည်း တိုက်ခိုက်မည်မှာ သေချာလှသည်။

ရွှီယန်သည် ရှောင်ဟေးကို ခေါ်ကာ တောင်ပေါ်သို့ ဆက်တက်သွားသည်။

အကောင်းဆုံး နည်းလမ်းမှာ အမြင့်ပိုင်းသို့ သွားခြင်းပင် ဖြစ်သည်။

သို့သော် ရွှီယန် ကံကောင်းလှပေသည်။ မကြာခင်မှာပင် သုံးမီတာခန့် မြင့်ပြီး အပေါ်သို့ ထိုးထွက်နေသော ကျောက်ဆောင်ကြီး တစ်ခုကို တွေ့လိုက်ရသည်။

ရွှီယန်သည် ရှောင်ဟေးကို ပွေ့ချီကာ အပေါ်သို့ ပစ်တင်လိုက်သည်။

ရှောင်ဟေးမှာလည်း တုံ့ပြန်မှု မြန်ဆန်လှပြီး ကျောက်ဆောင်ပေါ်သို့ အလွယ်တကူ ကျသွားသည်။

ထို့နောက် ရွှီယန်သည် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီး အရှိန်ယူကာ ပြေးသွားသည်။

အားကုန်သုံး၍ ခုန်လိုက်သောအခါ ကျောက်ဆောင်ပေါ်သို့ အလွယ်တကူ ရောက်ရှိသွားတော့သည်။

"ကျောက်ဆောင်ကြီး တစ်ခု ရှိနေလို့ တော်သေးတာပေါ့... အခုတော့ လုံခြုံသွားပြီ... ဝံပုလွေတွေက ဒီဘက်ကို လာချင်မှ လာမှာ... ဒါပေမဲ့ သတိထားတာတော့ ပိုကောင်းတယ်... ဒီကံတရား ကတော့ တကယ်ပါပဲ... ဒီရောက်တဲ့ ပထမဆုံးနေ့မှာတင် တောဝံပုလွေတွေနဲ့ လာတွေ့နေတယ်... တောအုပ်ထဲမှာဆိုရင် ဝံပုလွေတွေက သိပ်ပြီး ကြောက်စရာ မကောင်းပေမယ့် ဒီနေရာမှာကျတော့ မတူဘူးလေ... သူတို့ကိုတော့ သွားမရှုပ်ရဲပါဘူး"

ရွှီယန်သည် ကျောက်ဆောင်ပေါ်တွင် ထိုင်ရင်း သက်ပြင်းချလိုက်သည်။

အင်တာနက်သုံးစွဲသူများသည် သူ လုံခြုံသော နေရာတစ်ခုသို့ ရောက်သွားသည်ကို မြင်သောအခါမှသာ စိတ်အေးသွားကြသည်။

[လောင်ရွှီ ခွေးကို ပစ်တင်လိုက်တဲ့ ပုံစံက တော်တော် ကျွမ်းကျင်တာပဲ]

[ဟားဟားဟား... ရှောင်ဟေး လွင့်သွားတာတောင် အတော်လေး တည်ငြိမ်နေသေးတယ်]

[ဒီအတွဲ ကတော့ တကယ်ကို ပြိုင်ဘက်ကင်းပဲ]

[နောက်ဆိုရင် လယ်ယာခြံဝင်းထဲက တိရစ္ဆာန်လေးတွေကို ခေါ်ပြီး တောထဲ သွားလည်ပါလား... အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်]

မှတ်ချက်များမှာ ပြန်လည် စည်ကားလာပြန်သည်။

ရွှီယန်သည် ရှောင်ဟေး၏ ခေါင်းကို ပွတ်သပ်ပြီး နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် အိတ်ကပ်ထဲမှ ခရီးဆောင် မှန်ပြောင်းကို ထုတ်ယူကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။

သေချာ မမြင်ရသောကြောင့် သူသည် ဒရုန်းကို အသုံးပြု၍ အခြေအနေကို သွားရောက် ကြည့်ရှုခိုင်းလိုက်သည်။

"ကျွန်တော် သွားကြည့်လိုက်ဦးမယ်... ဒီလို ညကြီးအချိန်မတော် ဝံပုလွေဟောင်သံတွေ ကြားရတာ တော်တော် ကြောက်ဖို့ကောင်းတယ်... ဒီဝံပုလွေအုပ်က ဘာတွေ လုပ်နေတာလဲ ဆိုတာ သွားကြည့်လိုက်ရအောင်"

ရွှီယန်၏ အသံမှာ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှနေ၍ ထွက်ပေါ်လာသည်။

သူ ပြောသည်ကို ကြားသောအခါ အားလုံးကလည်း ဘာတစ်ခုမှ မလွတ်သွားစေရန် အာရုံစိုက်ပြီး ကြည့်နေကြသည်။

မကြာခင်မှာပင် ရွှီယန်သည် အရှေ့ဘက်ရှိ ဝံပုလွေအုပ်ကို ရိုက်ကူးနိုင်ခဲ့သည်။

တောင်ကုန်းငယ် တစ်ခုကို ကျော်သွားသောအခါ ကျယ်ပြန့်သော လွင်ပြင်ကြီး တစ်ခုကို တွေ့လိုက်ရသည်။

လွင်ပြင်ပေါ်တွင် ဝံပုလွေ ကိုးကောင်က ဒရယ်တစ်ကောင်ကို ဝိုင်းဝန်း တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။

ဒရယ်၏ ပြေးနှုန်းမှာ အတော်လေး မြန်ဆန်လှသော်လည်း ဝံပုလွေအုပ်၏ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် ပြေးစရာ နေရာမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။

ဤဝံပုလွေအုပ်မှာ အလွန် ဉာဏ်ကောင်းပေသည်။ ၎င်းတို့က လူစုခွဲပြီး ဖြည်းဖြည်းချင်း ဝိုင်းရံကာ ဒရယ်ကို ပိတ်လှောင်လိုက်ကြသည်။

အင်တာနက်သုံးစွဲသူများမှာ ဤမြင်ကွင်းကို သေချာစွာ မြင်တွေ့နေရသည်။

အားလုံး၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပေါ်လာကြသည်။

[လခွမ်း... တကယ်ကြီး ဝံပုလွေတွေပဲဟ]

[သူတို့က ဝိုင်းဝန်း အမဲလိုက်နေကြတာလား... အရမ်း ဉာဏ်ကောင်းတာပဲ]

[ငါ ဒီကနေ ကြည့်နေတာတောင် အဲဒီ ဒရယ်ရဲ့ မျှော်လင့်ချက်မဲ့နေတဲ့ ခံစားချက်ကို ခံစားနေရတယ်]

[လောင်ရွှီရေ... အဲဒီ ဒရယ်လေးကို သွားကယ်ပေးပါဦး]

မှတ်ချက်များ အမျိုးစုံ တက်လာတော့သည်။

ဤအချိန်တွင် တစ်ကီလိုမီတာ အကွာရှိ ကျောက်ဆောင်ပေါ်မှနေ၍ ဒရုန်းကို ထိန်းချုပ်နေသော ရွှီယန်ကသာ ထိုမှတ်ချက်များကို မြင်လိုက်ရပါက သေချာပေါက် ရယ်မောလိုက်မိမည် ဖြစ်သည်။

'ဒရယ်ကို ကယ်ရမယ် ဟုတ်လား... ဘာနဲ့ သွားကယ်ရမှာလဲ'

သူ့တွင် တကယ်ပင် ထိုစွမ်းရည် ရှိလျှင်တောင် ဤသို့သော အခြေအနေမျိုးကို ဝင်စွက်ဖက်၍ မရနိုင်ပေ။

ဤအခြေအနေက တိရစ္ဆာန်များ ဒဏ်ရာရခြင်းနှင့် မတူညီပေ။

တိရစ္ဆာန်များ ဒဏ်ရာရပါက ကယ်တင်၍ ရသော်လည်း သဘာဝတရား၏ အားနည်းသူက အားကြီးသူ၏ အစာဖြစ်ရသည့် နိယာမကိုတော့ လေးစားရမည်သာ ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် ဝံပုလွေအုပ်၏ ဝိုင်းရံမှုမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်ကို မြင်တွေ့နေရသည်။

ဒရယ်မှာ ထိတ်လန့်တကြားဖြင့် ဘယ်ညာ ပြေးလွှားနေသော်လည်း ဝံပုလွေများမှာ အနားသို့ ကပ်လာပြီ ဖြစ်သည်။

၎င်းတွင် ဘာရွေးချယ်စရာမှ မရှိတော့ချေ။ ခွန်အားများ အကုန်သုံး၍ ခုန်ထွက်ကာ ဝံပုလွေများ၏ ခေါင်းပေါ်မှ ကျော်ဖြတ်ရန် ကြိုးစားတော့သည်။

အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းမှာ ဤတစ်ချက် ခုန်ခြင်းပေါ်တွင်သာ မူတည်နေသည်။

သို့သော် လက်တွေ့ဘဝတွင်တော့ အံ့ဩစရာများ အများကြီး မရှိလှပေ။

ဝံပုလွေအုပ်က ၎င်းကို အဆင်သင့် စောင့်နေခဲ့ခြင်း ဖြစ်သည်။ ၎င်း ခုန်လိုက်သည်နှင့် တစ်ပြိုင်နက် အနားသို့ ကပ်လာသော ဝံပုလွေထီး နှစ်ကောင်က ချက်ချင်း ခုန်အုပ်ပြီး ၎င်း၏ ခြေထောက်ကို ကိုက်ဆွဲလိုက်သည်။

ဒရယ်မှာ မြေကြီးပေါ်သို့ လဲကျသွားပြီး နောက်ထပ် ဝံပုလွေများလည်း အများအပြား ခုန်အုပ်လာကြတော့သည်။

အသက်ရှင်နိုင်မည့် အခွင့်အရေး နည်းနည်းလေးမျှပင် မရှိတော့ပေ။

မြင်ကွင်းမှာလည်း သွေးထွက်သံယို ဖြစ်လာတော့သည်။

ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းမှာ မည်းမှောင်သွားပြီး ခဏတာ ပိတ်ပင်ခံလိုက်ရသည်။

ရွှီယန်ကလည်း အခြေအနေကို နားလည်စွာဖြင့် ဒရုန်းကို ပြန်ခေါ်လိုက်သည်။

မကြာခင်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှု ပြန်လည် ပွင့်လာသည်။

အင်တာနက်သုံးစွဲသူများ အားလုံးမှာ အနည်းငယ် ထိတ်လန့်နေကြသည်။

[အရမ်း ကြောက်စရာ ကောင်းတာပဲ... ဝံပုလွေအုပ် ဝိုင်းတာ ခံရရင် ပြေးလို့တောင် မလွတ်နိုင်တော့ဘူးပဲ]

[ဒီဝံပုလွေအုပ်မှာ နည်းဗျူဟာတောင် ရှိသေးတယ်]

[သူတို့က ဝိုင်းရံတတ်တယ်... ကြောက်စရာပဲ]

[ဒရယ်လေး သေသွားတာ အရမ်း သနားစရာ ကောင်းတာပဲ]

ရွှီယန်ကတော့ တည်ငြိမ်နေပြီး သက်ပြင်းတောင် ချလိုက်သေးသည်။

"တော်သေးတယ်... ဝံပုလွေအုပ် အသေးလေး ဖြစ်နေလို့... ခုနက ကျွန်တော် ရေတွက်ကြည့်တာ ဝံပုလွေ ကိုးကောင်ပဲ ရှိတယ်... အကောင် နှစ်ဆယ် သုံးဆယ်လောက်ရှိတဲ့ ဝံပုလွေအုပ်ကြီး ဆိုရင်တော့ ကျွန်တော် တကယ်ကို ထွက်ပြေးရတော့မှာ... ဒီအတိုင်းလေး လမ်းလျှောက် ထွက်လာတာကို အသက်နဲ့တော့ မရင်းရဲပါဘူး... ကိုးကောင် ဆိုရင်တော့ သိပ်ပြဿနာ မရှိပါဘူး"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။

သူက ခဏခန့် ထပ်စောင့်နေပြီးနောက် ဒရုန်းကို ပြန်လွှတ်ကာ ဝံပုလွေအုပ် မည်သည့်ဘက်သို့ ထွက်သွားသည်ကို သွားရောက် ကြည့်ရှုခိုင်းလိုက်သည်။

ဤအချိန်တွင် ဒရယ်ကို ဝံပုလွေများ စားသောက်၍ ကုန်သွားပြီ ဖြစ်ပြီး သွေးစွန်းနေသော အရိုးများနှင့် သားရေများသာ ကျန်ရစ်တော့သည်။

လွင်ပြင်ကြီးပေါ်တွင် ဘာလှုပ်ရှားမှုမျှ မရှိတော့ချေ။

ဝံပုလွေဟောင်သံများလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ရွှီယန်က ဝံပုလွေအုပ် ထွက်သွားသည့် အရိပ်အယောင်ကို မြင်လိုက်ရပြီး သူတို့က သူ၏ ဆန့်ကျင်ဘက် အရပ်ဆီသို့ ထွက်သွားကြခြင်း ဖြစ်သည်။

ဝံပုလွေအုပ် ထွက်သွားသည်ကို မြင်သောအခါ ရွှီယန်သည် ရှောင်ဟေးကို ပွေ့ချီကာ ကျောက်ဆောင်ပေါ်မှ ခုန်ဆင်းလာခဲ့သည်။

"ဝံပုလွေအုပ် ထွက်သွားပြီ ဆိုတော့ ကျွန်တော်လည်း အိပ်တော့မယ်... အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ... ဒါပေမဲ့ လောလောဆယ်တော့ ဘာပြဿနာမှ မရှိသေးပါဘူး"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို လက်ပြနှုတ်ဆက်ပြီး အိပ်ရန် ပြင်လိုက်သည်။

အင်တာနက်သုံးစွဲသူများ ကတော့ စိုးရိမ်နေကြဆဲပင်။

[လောင်ရွှီ... ဒီမှာပဲ အိပ်ဦးမလို့လား]

[သတ္တိ တကယ် ကောင်းတာပဲ]

ရွှီယန်ကတော့ ဘာမှ မခံစားရဘဲ မနက် ရှစ်နာရီခန့်တွင် ပြန်လွှင့်မည်ဟု ပြောလိုက်သည်။

ထိုအချိန်ဆိုလျှင် တဲကို သိမ်းပြီးပြီ ဖြစ်သဖြင့် လိုက်ဖ်လွှင့်သည်နှင့် ချက်ချင်း ခရီးဆက်၍ ရပြီ ဖြစ်သည်။

ဤသို့ဖြင့် သူသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး ရှောင်ဟေးကို ခေါ်ကာ တဲထဲသို့ ဝင်အိပ်တော့သည်။

လွင်ပြင်ကြီးပေါ်တွင် လေများက တဝူးဝူး တိုက်ခတ်နေသည်။

အဝူးဝူး ဟူသော အသံများလည်း ထွက်ပေါ်နေသည်။

နားထောင်ရသည်မှာ အတော်လေး ကြောက်စရာ ကောင်းလှပေသည်။

သို့သော် ရွှီယန်ကတော့ လုံးဝ စိုးရိမ်ပူပန်မှု မရှိဘဲ အေးချမ်းစွာ အိပ်ပျော်သွားတော့သည်။

လွင်ပြင်ကြီးပေါ်တွင် လင်းတ အချို့က ဒရယ်၏ အလောင်းအနားသို့ ရောက်လာပြီး ကျန်နေသော အစားအစာများကို စားသောက်နေကြသည်။

ညဘက်တွင် သေးငယ်သော တိရစ္ဆာန် တချို့လည်း ရောက်လာကြသည်။

အမှောင်ထု တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မိုးကုပ်စက်ဝိုင်းတွင် အလင်းရောင်များ ပေါ်လာသည့် အချိန်အထိပင် ဖြစ်သည်။

မိုးလင်းသောအခါ ရွှီယန်လည်း အိပ်ရာမှ နိုးလာသည်။

သူ၏ ခန္ဓာကိုယ်မှာ အတော်လေး အားအင်ပြည့်ဝနေပြီး ပင်ပန်းသော ခံစားချက် လုံးဝ မရှိပေ။

သူသည် အဝတ်အစားနှင့် အကာအကွယ် ပစ္စည်းများကို ဝတ်ဆင်လိုက်ပြီး တဲနှင့် ကျောပိုးအိတ်ကို စတင် သိမ်းဆည်းတော့သည်။

အားလုံး သိမ်းဆည်းပြီးသွားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ထဲတွင် လူအရေအတွက်မှာ လျင်မြန်စွာ တိုးလာတော့သည်။

မနေ့ညက တိုက်ရိုက်ထုတ်လွှင့်မှုမှာ လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး အားလုံးက ထပ်မံ ကြည့်ရှုချင်နေကြသေးသည်။

ရွှီယန်သည် အစားအသောက် အနည်းငယ် စားပြီး ရှောင်ဟေးကိုလည်း အသားခြောက် အနည်းငယ် ကျွေးလိုက်ကာ ခရီးဆက်ရန် ပြင်လိုက်သည်။

သူသည် လွင်ပြင်ကြီးပေါ်တွင် လမ်းလျှောက်နေရင်း မနေ့ညက ဝံပုလွေအုပ် စားသွားသော ဒရယ်၏ အလောင်း ရှိသော နေရာသို့ အရင် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ယခုအချိန်တွင် ထိုနေရာ၌ အရိုးဖြူဖြူများ... သားရေများနှင့် သွေးစွန်းနေသော မြေကြီးများသာ ကျန်တော့မည်မှာ သေချာလှသည်။

"မနေ့ညက ဝံပုလွေတွေက ဟိုဘက်ကနေ လာပြီး ဒီနေရာမှာ ဒရယ်ကို ဝိုင်းဖမ်းခဲ့တာ... ဝံပုလွေအုပ်က ဒီလို နေရာမျိုးမှာ အသက်ရှင်နိုင်တယ် ဆိုတော့ သေချာပေါက် စွမ်းရည် ရှိလို့ပဲ... တောဝံပုလွေတွေက အရမ်း ကြမ်းတမ်းတယ်... တစ်ခါတလေ စားကျက်မြေတွေကိုတောင် ဝင်တိုက်ပြီး သိုးတွေကို ခိုးစားတတ်ကြတယ်... ဒါပေမဲ့ သူတို့ကလည်း ဉာဏ်ကောင်းတယ်... သိုးကိုပဲ ခိုးတယ်... လူတွေရဲ့ တိုက်ခိုက်မှုကို ခံရရင်တောင် လူတွေကို ပြန်မတိုက်ခိုက်ကြဘူး"

ရွှီယန်က ဒရယ်၏ အလောင်း ရှိသော နေရာသို့ သွားရင်း အားလုံးကို ဗဟုသုတ ဝေမျှပေးနေသည်။

ထိုအချိန်မှာပင် ရွှီယန်က ဒရယ်၏ အလောင်းဘေးတွင် တစ်ခုခု လှုပ်ရှားနေသည်ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။

ရွှီယန်၏ မျက်နှာပေါ်တွင် စပ်စုလိုသည့် အရိပ်အယောင်များ ပေါ်လာပြီး သေချာ ထပ်ကြည့်လိုက်ရာ ၎င်းမှာ ဒရယ်ပေါက်လေး တစ်ကောင် ဖြစ်နေသည်။

ဒရယ်ပေါက်လေး က သေဆုံးသွားပြီဖြစ်သော ဒရယ်၏ အမွေးများ ဘေးတွင် ရပ်ပြီး တိုးတိုးလေး ငိုကြွေးနေသည်။

၎င်းသည် ၎င်း၏ ခေါင်းဖြင့်လည်း ဒရယ်၏ ခေါင်းကို သွားပွတ်နေသေးသည်။

ဤကောင်လေးမှာ ကြောက်လန့်လွန်းသဖြင့် ဘာလုပ်ရမှန်း မသိဖြစ်နေပုံ ရသည်။ သူ၏ အမေက ဘာကြောင့် သူ့ကို ပြန်မထူးသနည်း ဆိုသည်ကို နားမလည်နိုင် ဖြစ်နေသည်။

မနေ့ညကတည်းက သူ ဤနေရာသို့ ရောက်နေခြင်း ဖြစ်နိုင်သည်။ မှောင်မည်းပြီး ကျယ်ပြန့်သော လွင်ပြင်ကြီးပေါ်တွင် တစ်ညလုံး ငိုကြွေးနေခဲ့ခြင်း ဖြစ်ပေမည်။

"ဒါတော့ မဖြစ်နိုင်ဘူး... အဲဒါက ဒရယ်ပေါက်လေး တစ်ကောင်ပဲ... လခွမ်း... ဒါဆို... မနေ့ညက အဲဒီ ဒရယ်က ဝံပုလွေအုပ်ကို တွေ့တော့ သူ့ကလေးကို ကာကွယ်ဖို့အတွက် ဝံပုလွေအုပ်ကို အာရုံလွှဲဖို့ သူ့ဘာသာသူ ထွက်ပြေးခဲ့တာလား... ဒါက ရုပ်ရှင်တွေထဲမှာ တိရစ္ဆာန် ဇာတ်ကောင်တွေရဲ့ မိဘတွေ လုပ်လေ့ရှိတဲ့ အရာမျိုး မဟုတ်ဘူးလား"

ရွှီယန်သည် သူ၏ ခံစားချက်ကို မည်သို့ ဖော်ပြရမည်ကိုပင် မသိတော့ချေ။

ဒရယ်၏ အရိုးများ ဘေးတွင် ဝမ်းနည်းနေသော ဒရယ်ပေါက်လေး တစ်ကောင် ပေါ်လာသည်။

သဘာဝတရားကြီးက ဤမျှလောက်ပင် မှန်ကန်ပြီး ရက်စက်လှပေသည်။

အင်တာနက်သုံးစွဲသူများလည်း ဤမြင်ကွင်းကို မြင်ပြီး အံ့ဩသွားကြသည်။

မနက်စောစောစီးစီးမှာပင် အားလုံးက မေ့ဖျောက်၍ မရနိုင်သော မြင်ကွင်း တစ်ခုကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

[ဘုရားရေ... ဒရယ်ပေါက်လေးက အရမ်း သနားစရာ ကောင်းတာပဲ... ငါတော့ ဆက်မကြည့်ရက်တော့ဘူး]

[လောင်ရွှီ ပြောတာ မှန်မယ် ထင်တယ်... ဒီဒရယ်က ဝံပုလွေအုပ်ရဲ့ အာရုံကို လွှဲဖို့အတွက် သူ့ဘာသာသူ ထွက်ပြေးခဲ့တာ ဖြစ်မယ်]

[ကွန်ဖူး ပန်ဒါ ထဲက ဇာတ်လမ်းကို သွားသတိရမိတယ်... ဒါပေမဲ့ ကွန်ဖူးပန်ဒါရဲ့ အဖေကတော့ အသက်ရှင်နေသေးတယ်လေ]

[ဒရယ်ပေါက်လေး အရမ်း သနားစရာ ကောင်းတယ်]

မျက်စိရှေ့ရှိ မြင်ကွင်းမှာ ပြောမပြတတ်လောက်အောင် ရက်စက်လွန်းလှပေသည်။

ရွှီယန်သည် ဓာတ်ပုံရိုက်ခြင်း ဝါသနာမပါ၍သာ။ မဟုတ်လျှင် ကင်မရာ ထုတ်ပြီး ဓာတ်ပုံ အနည်းငယ်ခန့် ရိုက်လိုက်ပါက ဓာတ်ပုံဆုတောင် ရနိုင်သော မြင်ကွင်းမျိုး ဖြစ်သည်။

သူက ဤအရာများကို ဂရုမစိုက်ပေ။ ဒရယ်ပေါက်လေး၏ အခြေအနေကိုသာ ပို၍ ဂရုစိုက်မိသည်။

"ဒီကောင်လေးကို ငါ ကယ်ရမယ်... ဒရယ်ကိုတော့ ပြန်ခေါ်သွားလို့ မရနိုင်ဘူး... ဒါပေမဲ့ ဒေသခံ တိရစ္ဆာန် ကာကွယ်ရေး အဖွဲ့ကိုတော့ ပေးလို့ ရမှာပါ... ဘယ်လိုပဲဖြစ်ဖြစ် တွေ့နေမှတော့ ခေါ်သွားလိုက်တာပေါ့... တော်တော် သနားစရာ ကောင်းတာပဲ"

ရွှီယန်သည် ရှောင်ဟေးကို ခေါ်ကာ ဒရယ်ပေါက်လေး ရှိရာဆီသို့ တောက်လျှောက် လျှောက်သွားလိုက်သည်။

All Chapters