← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း (၁၂၃) ယဲ့ကိုင်၏ သံသယ၊ ကိုယ်ပွားအဖွဲ့များ ထွက်ခွာခြင်း

​နောက်တစ်နေ့တွင် နေမင်းက ဖြည်းညှင်းစွာ ထွက်ပြူလာပြီး ရွှမ်ထျန်းတိုက်ကြီး တစ်ခုလုံးကို အလင်းရောင် ပေးစွမ်းလိုက်သည်။

​သက်ရှိအပေါင်း နိုးထလာကာ အရာရာက သက်ဝင်လှုပ်ရှားလာသည်။ နံနက်ခင်း၏ ရွှမ်ထျန်းတိုက်ကြီးက အေးချမ်းတည်ငြိမ်သော အငွေ့အသက်များဖြင့် လွှမ်းခြုံထားပြီး မြေပြင်ပေါ်၌ သင်းပျံ့သော ဝိညာဉ်စွမ်းအားများနှင့် လန်းဆန်းသော လေပြေညင်းများ ဖြတ်သန်းစီးဆင်းနေသည်။

​ရွှမ်ထျန်းတိုက်ကြီး တစ်ခုလုံးရှိ ကျင့်ကြံသူများက စတင် အလုပ်ရှုပ်လာကြပြီး အချို့ဂိုဏ်းသားများက တောင်တန်းကြား၌ ဂိုဏ်းကျင့်စဉ် များကို ကျင့်ကြံ နေကြကာ အချို့ကမူ ဝိညာဉ်ဆေးပင်ဥယျာဉ်ထဲ၌ ဝိညာဉ်ဆေးပင်များကို ခူးဆွတ်နေကြသည်။

​ကျင့်ကြံသူအချို့က တောင်ကြားထဲ၌ တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံရင်း ကောင်းကင်နှင့်မြေကြီး ၏ ဝိညာဉ်စွမ်းအားများကို စုပ်ယူကာ ကျင့်ကြံခြင်းအဆင့် တက်လှမ်းနိုင်ရန်နှင့် ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိရန် ရည်မှန်းနေကြသည်။

​အချို့ကျင့်ကြံသူများကမူ တံခါးပိတ်ကျင့်ကြံနေကြသဖြင့် နံနက်ခင်း၏ နေရောင်ခြည်နှင့် မျက်နှာကို ဖြတ်တိုက်သွားသော လေပြေညင်းများကို ခံစားခွင့် မရရှိကြပေ။

​ရွှမ်ထျန်းတိုက် ကြီးတစ်ခုလုံးတွင် ဆန်းကြယ်ပြီး အေးချမ်းသော လေထုတစ်ခု လွှမ်းမိုးနေကာ လူတိုင်းက မသေမျိုးလမ်းစဉ်ကို လိုက်လှမ်းရှာဖွေရင်း သူတို့ကိုယ်သူတို့ ကျော်ဖြတ်ကာ ပိုမိုအင်အားကြီးမားသော တည်ရှိမှုတစ်ခု ဖြစ်လာရန် မျှော်လင့်နေကြသည့်အတိုင်းပင်။

​မနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် သွေးညှီနံ့များအားလုံးက နံနက်ခင်း၏ ပထမဦးဆုံး နေရောင်ခြည်နှင့်အတူ ဆေးကြောသန့်စင်သွားသကဲ့သို့ အရာအားလုံးက မူလသို့ ပြန်လည်ရောက်ရှိသွားပုံရသည်။

​ချန်ကျီသည်လည်း အိပ်ရာမှနိုးလာပြီးနောက် နံနက်ခင်း၏ နေရောင်ခြည်ကို ခံယူရင်း နေ့စဉ်လုပ်နေကျ နှစ်နာရီကြာ ကျင့်ကြံခြင်း ကို စတင် လိုက်သည်။

​ထိုအချိန်တွင် အနန္တကုန်စုံဆိုင်ကလည်း ထုံးစံအတိုင်း တံခါးဖွင့်၍ ရောင်းဝယ်ဖောက်ကားနေပြီ ဖြစ်သည်။ ရှန်းဝမ်စန်းက တံခါးကို ဖွင့်ပြီးနောက် ကောင်တာနောက်သို့ ပြန်လာကာ ဝယ်သူများ ရောက်ရှိလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

​တစ်ချိန်တည်းမှာပင် ချန်ဖန်က ယွီရှင်းစစ်၊ ကျိုးချွမ်တို့နှင့်အတူ ဟဲကွမ်းတောင်တန်းတွင် မိစ္ဆာသားရဲများကို ဆက်လက် ရှာဖွေသတ်ဖြတ်နေသည်။

​ကျောက်ယွမ်သည်လည်း နယ်စပ်ဒေသတွင် ဝမ်ကျီဂိုဏ်းသားအားလုံးကို ဦးဆောင်ကာ ခြေလှမ်းမှန်မှန်ဖြင့် ရှေ့သို့ တက်လှမ်းနေသည်။

​ချန်ကျီ အပြင်သို့ စေလွှတ်လိုက်သော ကိုယ်ပွားအသစ် ၄ ဦးသည်လည်း အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာသို့ ဆက်လက် ခရီးနှင်ရင်း စွန့်စားခန်းများကို အဆက်မပြတ် ရှာဖွေနေကြသည်။

​အနန္တနေရာလွတ်ထဲမှ ကိုယ်ပွား ၄၀ သည်လည်း တစ်စက္ကန့်မျှ မနားဘဲ အရောင်းအဝယ်ပညာများကို လေ့လာနေကြပြီး ကုန်ပစ္စည်းများ၏ ဈေးနှုန်းကို အလွတ်မှတ်သားနေကြသည်။

​အရာအားလုံးက အကောင်းဆုံး လမ်းကြောင်းဆီသို့ ဦးတည်ရွေ့လျားနေသည်။

​ထိုအချိန်တွင် ဝမ်နန်မြို့အပြင်ဘက်၌

​ရွှေအူတိုင်အဆင့် ကျင့်ကြံသူတစ်ဦးက သူ၏ စိတ်ထဲမှ မွန်းကြပ်မှုများကို အဓိပ္ပာယ်မဲ့စွာ ဖော်ထုတ်အော်ဟစ်နေသည်။

​"ဘာဖြစ်လို့လဲ"

​ဝမ်နန်မြို့အတွင်း၌မူ

​အနန္တကုန်စုံဆိုင် တံခါးဖွင့်ပြီးနောက် ယဲ့ကျန်ထျန်းက ပူပန်လောကြီးစွာဖြင့် ရောက်ရှိလာသည်။

​အခြားကြောင့်မဟုတ်ဘဲ ထို ဆန်းကြယ်အဆင့် အဆင့်မြင့် လက်နက်အတွက် သူက ဝိညာဉ်ကျောက်တုံး တစ် သောင်း ငါး ထောင်ကို ကြိုတင်ပေးချေထားပြီးဖြစ်၍ ဤလက်နက်က လုံးဝအမှားအယွင်း ရှိ၍မဖြစ်သောကြောင့် ဖြစ်သည်။

​"ယဲ့မိသားစုခေါင်းဆောင် ... ဒီလောက် အစောကြီး ရောက်လာတာလား"

​"မတတ်နိုင်ဘူးလေ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပေးထားပြီး ပစ္စည်းကို မျက်စိနဲ့မမြင်ရသေးတော့ စိတ်ထဲမှာ လုံးဝ မအေးချမ်းနိုင်ဘူး ဖြစ်နေတာ"

​"ယဲ့မိသားစုခေါင်းဆောင် ပြောတာကလည်း ငါတို့ အနန္တကုန်စုံဆိုင်က မင်းရဲ့ ဝိညာဉ်ကျောက်တုံးတွေကို လိမ်ညာမယ့်အတိုင်းပဲ"

​"မဟုတ်တာ... မဟုတ်တာ၊ ဆန်းကြယ် အဆင့် အဆင့်မြင့် လက်နက်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးမှာမို့လို့ စိတ်လှုပ်ရှားပြီး ကြည့်ချင်ဇော လောမိသွားတာပါ၊ အပြစ်မယူပါနဲ့... အပြစ်မယူပါနဲ့"

​"ယဲ့မိသားစုခေါင်းဆောင် စိတ်ချပါ၊ မင်းလိုချင်တဲ့ ပစ္စည်းက ရောက်နေပါပြီ၊ ငါ အခုပဲ ထုတ်ပေးပြီး စစ်ဆေးခိုင်းပါ့မယ်"

​ရှန်းဝမ်စန်းက ပြောပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ဆန်းကြယ်အဆင့် အဆင့်မြင့် ဓားရှည်တစ်လက်က ကောင်တာပေါ်သို့ ပေါ်လာတော့သည်။

​ယဲ့ကျန်ထျန်းက ထိုဓားရှည်ကို ကြည့်ရင်း မျက်ဝန်းများထဲမှ အရောင်အဝါများ တောက်ပလာကာ "ဒါက ဆန်းကြယ်အဆင့် အဆင့်မြင့် လက်နက်လား"

​ယဲ့ကျန်ထျန်းက လက်ကိုဆန့်ကာ ထိုဓားရှည်ကို ကိုင်မြှောက်လိုက်သည့်အခါမှသာ ဆန်းကြယ်အဆင့် အဆင့်မြင့် လက်နက်နှင့် အခြားသော အရည်အသွေးရှိ လက်နက်များ၏ ကွဲပြားခြားနားမှုကို အမှန်တကယ် ခံစားလိုက်ရသည်။

​ဥပမာအားဖြင့် ကျင့်ကြံခြင်းအဆင့်နှင့် ခွန်အား တူညီသော လူနှစ်ဦးရှိပြီး တစ်ဦးက အလယ်အလတ်အဆင့် လက်နက်ကို ကိုင်ဆောင်ကာ အခြားတစ်ဦးက အဆင့်မြင့်လက်နက်ကို ကိုင်ဆောင်၍ အပြန်အလှန် တိုက်ခိုက်ကြမည်ဆိုလျှင်...

​နောက်ဆုံးရလဒ်က မည်သည့် သံသယမျှ ရှိလိမ့်မည်မဟုတ်ဘဲ အဆင့်မြင့်လက်နက်ကို ကိုင်ဆောင်ထားသူကသာ သေချာပေါက် အနိုင်ရရှိမည် ဖြစ်သည်။

​" ယဲ့မိသားစုခေါင်းဆောင် ဘယ်လိုလဲ၊ ငါတို့ အနန္တကုန်စုံဆိုင်က မင်းကို မလိမ်ဘူးမဟုတ်လား၊ ဒီနေ့ ပစ္စည်းလာယူဖို့ ပြောထားရင် မင်းကို မိုးချုပ်တဲ့အထိ စောင့်ခိုင်းမှာ မဟုတ်ပါဘူး"

​"အနန္တကုန်စုံဆိုင်ရဲ့ စီးပွားရေးက တကယ်ကို ကြီးမားတာပဲ၊ ကျွန်တော့်ကို တကယ် မျက်လုံးပွင့်သွားစေတယ်၊ ဒါက ပေးစရာ ကျန်နေတဲ့ ဝိညာဉ်ကျောက်တုံးတွေပါ၊ ဆိုင်ရှင်ရှန်း... စစ်ဆေးကြည့်ပါဦး"

​ရှန်းဝမ်စန်းက စကားမပြော ဘဲ ယဲ့ကျန်ထျန်း ကမ်းပေးလာသော သိုလှောင်အိတ်ကို လှမ်းယူကာ စစ်ဆေးလိုက်ရာ ထဲ၌ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ် သောင်း ငါးထောင် ရှိနေသည်ကို အတည်ပြုပြီးနောက် သိုလှောင်အိတ်ကို တိုက်ရိုက် သိမ်းဆည်းလိုက်သည်။

​"ယဲ့မိသားစုခေါင်းဆောင်... ဒီ ဆန်းကြယ်အဆင့် အဆင့်မြင့် လက်နက်က မင်းအပိုင် ဖြစ် သွားပါပြီ၊ အခြား ဘာပစ္စည်း လိုအပ်တာရှိရင်လည်း အချိန်မရွေး ပြန်လာခဲ့ဖို့ ကြိုဆိုပါတယ်"

​ယဲ့ကျန်ထျန်းကလည်း စကားအများကြီး မပြောတော့ဘဲ သိုလှောင်အိတ်ကိုလည်း ဂရုမစိုက်တော့ပေ။ သူက ယခုအခါ ဤလက်နက်ကို သူ၏ အဖေ ထံသို့ အမြန်ယူဆောင်သွားပြီး ပြသချင်နေပြီ ဖြစ်သည်။

​"ကောင်းပါပြီ ဆိုင်ရှင်ရှန်း... မနှောင့်ယှက်တော့ပါဘူး"

​"ကောင်းကောင်းသွားပါ"

​ရှန်းဝမ်စန်းက ယဲ့ကျန်ထျန်း ထွက်ခွာသွားသော ကျောပြင်ကို စိတ်ဝင်တစား ကြည့်ရင်း တွေးလိုက်မိသည်။ 'မကြာခင်မှာပဲ သူက အခြားပစ္စည်းတွေ ဝယ်ဖို့ သေချာပေါက် ပြန်လာဦးမှာ၊ ယဲ့မိသားစုရဲ့ ဝိညာဉ်ကျောက်တုံးတွေက တကယ် ရှာရလွယ်တာပဲ၊ သခင်က တကယ်ကို အမြော်အမြင် ရှိတာပဲ'

​ယဲ့ကျန်ထျန်း အနန္တကုန်စုံဆိုင်မှ ထွက်ခွာသွားပြီး မကြာမီအချိန်အတွင်းမှာပင် သူက အနန္တကုန်စုံဆိုင်၌ ဆန်းကြယ်အဆင့် အဆင့်မြင့် လက်နက်တစ်ခုကို ဝယ်ယူသွားသည်ဟူသော သတင်းက တစ်ဆင့်စကားဖြင့် ပျံ့နှံ့သွားတော့သည်။

​ယခုအခါ ဤသတင်းက ဝမ်နန်မြို့ရှိ အခြားသော မိသားစုအင်အားစု အသီးသီး၏ မိသားစုခေါင်းဆောင် များ၏ နားထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

​ထိုမိသားစုများက ဤသတင်းကို ကြားသိရပြီးနောက် ချက်ချင်းပင် ဝိညာဉ်ကျောက်တုံးများကို စတင် စုဆောင်းကြတော့သည်။

​ယဲ့မိသားစုက ဆန်းကြယ်အဆင့် အဆင့်မြင့် လက်နက်ကို ဝယ်ယူနိုင်လျှင် သူတို့လည်း ဝယ်ယူနိုင်သည်။

​ဘာပဲဖြစ်ဖြစ် ဈေးမကြီးလှသလို သူတို့ မဝယ်နိုင်စရာ အကြောင်းလည်း မရှိပေ။

ဆန်းကြယ်အဆင့် ​အဆင့်မြင့် လက်နက်ကို ဝယ်ယူပြီးနောက် အသုံးမပြုလျှင်ပင် ရှိနေဖို့ကတော့ အရေးကြီးသည်။

​ယဲ့မိသားစုတစ်ခုတည်းကိုပဲ အသာစီး မရစေရ၊ ကျင့်ကြံခြင်းအဆင့်နှင့် ခွန်အားကို မမှီနိုင်လျှင်ပင် လက်နက် ပိုင်းတွင်မူ ယဲ့မိသားစုနှင့် တန်းတူ ဖြစ်ရမည်။

​ကျန်ရှိသော လူများကမူ ဤသတင်းက မည်သို့ ပျံ့နှံ့သွားသလဲဆိုသည်ကို မသိကြပေ။ မည်သို့ပင်ဖြစ်စေ ယဲ့ကျန်ထျန်းကမူ ဤကိစ္စကို သေချာပေါက် အပြင်သို့ ပြောလိမ့်မည်မဟုတ်ပေ။

ဆန်းကြယ်အဆင့် ​အဆင့်မြင့် လက်နက်တစ်ခုကို ဝှက်ဖဲအဖြစ် ပိုင်ဆိုင်ထားခြင်းဖြစ်ရာ သူက သေချာပေါက် ဖုံးကွယ်ထားမည်သာ ဖြစ်သည်။

​သို့သော်လည်း ယဲ့ကျန်ထျန်းသည် သူက ဆန်းကြယ်အဆင့် အဆင့်မြင့် လက်နက်ကို ဝယ်ယူခဲ့သည့်ကိစ္စအား လူတိုင်း သိရှိသွားခဲ့ပြီမှန်း ယခုအချိန်အထိ မသိသေးပေ။

​သူက စိတ်ရွှင်လန်းစွာဖြင့် ဆန်းကြယ်အဆင့် အဆင့်မြင့် လက်နက်ကို သယ်ဆောင်ကာ သူ၏ အဖေ ထံသို့ သွားရောက် ဂုဏ်ဖော်နေတော့သည်။

​ချန်ကျီ၏ အိမ်တော်အတွင်း၌မူ

​ရှန်းဝမ်စန်း၏ ညဘက် အိပ်ရေးပျက်ခံကာ နှစ်ရက်တိုင်တိုင် လေ့ကျင့်ပေးမှုကြောင့် အနန္တနေရာလွတ်ထဲရှိ ကိုယ်ပွား ၄၀ စလုံးက ရှန်းဝမ်စန်း၏ စစ်ဆေးမှုကို အောင်မြင်သွားခဲ့ကြပြီဖြစ်ရာ ယခုအခါ အပြင်သို့ထွက်၍ တာဝန်များကို တစ်ဦးတည်း ထမ်းဆောင်နိုင်ပြီ ဖြစ်သည်။

​ချန်ကျီက ဤသတင်းကို သိရှိရပြီးနောက် သူတို့ကို ချက်ချင်းပင် ထွက်ခွာခိုင်းလိုက်သည်။

​ဝမ်နန်မြို့ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများရှိသော မြို့များကို အသီးသီး သွားရောက် ရှာဖွေကြရန် ဖြစ်သည်။

​အစဦးတွင် ထိုမြို့၏ အမြင့်ဆုံး ခွန်အားကို သေချာ စုံစမ်းရမည်ဖြစ်ပြီး အခြေတည်ဝိညာဉ် အဆင့် အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများ အခြေချခြင်းမရှိသော မြို့ဖြစ်ပါက အနန္တကုန်စုံဆိုင်ခွဲတစ်ခုကို ဖွင့်လှစ်နိုင်သည်။

​နေရာ အကန့်အသတ်မရှိဘဲ ကျင့်ကြံသူမြို့ ဖြစ်နေလျှင် ရပြီဖြစ်ကာ လက်ရှိ ရည်မှန်းချက်မှာ တာ့ချန်မင်းဆက် ၏ မြောက်ဘက် နယ်မြေတစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းခြုံနိုင်ရန် ဖြစ်သည်။

​"နောက်ပိုင်းကျရင် မင်းတို့အပေါ်မှာပဲ မူတည်တော့တယ်"

​ချန်ကျီက ဤကိုယ်ပွားများအပေါ် မျှော်လင့်ချက်ကြီးစွာ ထားရှိပြီး ဖခင်အိုကြီးတစ်ဦးက သားဖြစ်သူကို အိမ်အပြင်သို့လွှတ်ကာ လောကအလယ်တွင် စွန့်စားခိုင်းလိုက်သည့် ခံစားချက်မျိုး ဖြစ်နေသည်။

​သူတို့အနေဖြင့် အပြင်လောကတွင် အရာရာ အဆင်ပြေချောမွေ့ပြီး လုပ်ငန်းများကို အောင်မြင်စွာ ထူထောင်နိုင်ရန် မျှော်လင့်နေမိသည်။

​ကိုယ်ပွား ၄၀ ကို အဖွဲ့ငယ် ၂၀ အဖြစ် ခွဲခြားကာ ချန်ကျီ၏ အိမ်တော်မှ အသုတ်လိုက် ထွက်ခွာသွားကြပြီး ဝမ်နန်မြို့မှလည်း တိတ်တဆိတ် ထွက်ခွာကာ မသိရှိရသေးသော ဦးတည်ချက်များဆီသို့ ဦးတည်သွားကြတော့ရာ သူတို့ မည်သည့်နေရာမှ လာပြီး မည်သည့်နေရာသို့ သွားမည်ကို မည်သူမျှ မသိနိုင်ကြပေ။

​'နောက်ထပ် နာရီအနည်းငယ်ကြာရင် အုတ်မြစ်ချခြင်းအဆင့် အဆင့် ၉ ကို တက်လှမ်းနိုင်တော့မယ်၊ ရွှေအူတိုင် အဆင့် လူတွေ ထွက်မလာသရွေ့ ဝမ်နန်မြို့မှာ စိတ်ကြိုက် လှုပ်ရှားလို့ရပြီ။ ​လျူထိုင်က ရွှေအူတိုင် အဆင့်ကို တက်လှမ်းသွားပြီလား မသိဘူး၊ သူ အဆင့်တက် ဆေးလုံးကို ရသွားတာလည်း နှစ်ရက်ရှိပြီဆိုတော့ အဆင်ပြေလောက်ပြီ ထင်တယ်။ ​တကယ်လို့ သူက အဆင့်မတက်သေးဘူးဆိုရင် ငါက သူ့ထက်အရင်တောင် ရွှေအူတိုင် အဆင့်ကို ရောက်သွားနိုင်တယ်၊ နောက်ပိုင်းကျရင် ငါ ထွက်လာတာနဲ့ ရွှေအူတိုင် အဆင့် ကိုယ်ပွား ၅၀ ကျော်က ကန့်လန့်ကာ နောက်ကနေ ထွက်လာလိမ့်မယ်၊ အဲဒီကျရင် ဘယ်သူကများ ရန်စရဲဦးမလဲ၊ ဝမ်နန်မြို့တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ဖို့တောင် အေးဆေးပဲ'

​ယဲ့မိသားစုအိမ်တော်၌မူ

​ယဲ့ကျန်ထျန်းက အိမ်သို့ ပြန်ရောက်ရောက်ချင်း ပထမဦးဆုံးအလုပ်အဖြစ် ယဲ့ကိုင်ကို ရှာတော့ သည်။

​သို့သော်လည်း ယဲ့ကိုင် ပုံမှန် တံခါးပိတ်ကျင့်ကြံလေ့ရှိသော လျှို့ဝှက်အခန်းထဲ၌ သူ့ကို မတွေ့ရှိရပေ။

​ယဲ့ကျန်ထျန်း ပြန်လည် ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် ပုံရိပ်တစ်ခုက လေထဲမှ ဝဲပျံကာ ရောက်ရှိလာခဲ့ရာ ထိုသူမှာ မြို့အပြင်၌ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော ယဲ့ကိုင်ပင် ဖြစ်သည်။

​"အဖေ"

​"အင်း... ငါ့ကို ဘာကိစ္စ ရှာနေတာလဲ"

​ယဲ့ကိုင်၏ လက်ရှိ မျက်နှာအမူအရာက အလွန် ရှုပ်ထွေးနေပြီး စကားဖြင့် ဖော်ပြရန် ခက်ခဲလှသည်။

​လက်ရှိ အခြေအနေများက သူ တွေးထင်ထားသော လမ်းကြောင်းမှ သွေဖည်သွားသကဲ့သို့ ခံစားရစေပြီး ဖမ်းဆုပ်ချင်သော်လည်း မည်သည့်အရာကိုမျှ ဖမ်းမမိဘဲ အမြဲတမ်း ကုတ်ခြစ်၍ မထိမိသော ဝေဒနာမျိုး ခံစားရသဖြင့် အလွန် စိတ်မသက်မသာ ဖြစ်နေရသည်။

​ယဲ့ကိုင်၏ စိတ်အခြေအနေ သိပ်မကောင်းမှန်း သတိပြုမိသဖြင့် ယဲ့ကျန်ထျန်းသည်လည်း စကားအပို မပြောဝံ့တော့ဘဲ ဆန်းကြယ်အဆင့် အဆင့်မြင့် ဓားရှည်ကို ချက်ချင်း ထုတ်ယူလိုက်သည်။

​ယဲ့ကိုင်က ထိုဓားရှည်ကို တစ်ချက် ကြည့်လိုက်ပြီး "မင်းပဲ သိမ်းထားပြီး သုံးလိုက်ပါ"

​"အဖေ... ဒါက ဆန်းကြယ်အဆင့် အဆင့်မြင့် လက်နက်ပါ၊ အဖေ ကိုင်ပြီး သုံးမယ်ဆိုရင် အဖေ့ ရဲ့ ခွနခအားကို နောက်ထပ် အဆင့်တစ်ခုအထိ သေချာပေါက် မြှင့်တင်ပေးနိုင်မှာပါ"

​"ငါ့ဆီမှာ ဆန်းကြယ်အဆင့် အဆင့်မြင့် လက်နက် မရှိဘူးလို့ မင်းကို ဘယ်သူ ပြောလဲ"

​"ဟမ်..." ယဲ့ကျန်ထျန်းက ဆွံ့အသွားပြီး စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားမိသည်။

​သူက ဤအချက်ကို အမှန်တကယ် မသိရှိခဲ့ပေ။ သူက သူ့ကိုယ်သူ ယဲ့ကိုင်၏ သားအရင်း ဟုတ်မဟုတ်ကိုတောင် တစ်ခါတရံ သံသယဖြစ်မိပြီး သူနှင့် ယဲ့ကိုင်ကြားတွင် တစ်စုံတစ်ခုသော စိမ်းကားမှု ရှိနေသည်ဟု အမြဲ ခံစားနေရတော့သည်။

All Chapters