← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း (၁၂၅) ဒါဆိုလည်း ထားလိုက်တော့၊ ကိုယ်ပွား အမှတ် ၆၆

​ယဲ့ကိုင်က အခြေတည်ဝိညာဉ်အဆင့်တက်ဆေးလုံးကို ဝယ်ယူချင်သည်ဟု ပြောလိုက်သောအခါ ချန်ကျီ၏ စိတ်ထဲတွင် အကြမ်းဖျင်းအားဖြင့် ခန့်မှန်းမိလိုက်သည်။ 'ကြည့်ရတာ သူက အခြေတည်ဝိညာဉ်အဆင့်ကို တက်ဖို့အတွက် ပြင်ဆင်နေတာပဲ'

​သို့သော်လည်း ချန်ကျီက တုံ့ဆိုင်းသွားမိသည်။ အခြားကြောင့်မဟုတ်ဘဲ အခြေတည်ဝိညာဉ်အဆင့်တက်ဆေးလုံးကို ယဲ့ကိုင်ထံ ရောင်းချပေးလိုက်ခြင်းက ဘာမျှမဖြစ်သော်လည်း ယဲ့ကိုင် အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားပြီးနောက် ကျင့်ကြံခြင်း ပိုမိုမြင့်မားလာကာ နောင်တွင် ရင်ဆိုင်ရခက်ခဲသွားမည်ကိုလည်း သူ မစိုးရိမ်ပေ။

​အဓိက အကြောင်းရင်းမှာ သူက အခြေတည်ဝိညာဉ်အဆင့်တက်ဆေးလုံးတစ်လုံး၏ ပေါက်ဈေး မည်မျှရှိသည်ကို မသိရှိခြင်းကြောင့် ဖြစ်သည်။ ဈေးနှုန်းတစ်ခုကို စမ်းတဝါးဝါး ပြောလိုက်လျှင် ယဲ့ကိုင်က သံသယဝင်သွားမည်ကို သူ စိုးရိမ်မိသည်။

​ချန်ကျီက စိတ်ထဲမှနေ၍ တန်ပြန်အစီအစဉ်ကို တွေးတောလိုက်သည်။ 'ဒီလိုဆိုမှတော့ ဈေးကို မြင့်မြင့်ပဲ ပြောလိုက်မယ်၊ ယဲ့ကိုင်လို ဝယ်သူ လန့်ပြေးသွားရင်လည်း ကိစ္စမရှိပါဘူး'

​ချန်ကျီက တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။ "အခြေတည်ဝိညာဉ်အဆင့်တက်ဆေးလုံး တစ်လုံးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ပါ၊ ဒါပေမဲ့ အခုလောလောဆယ် ဆိုင်မှာ ပစ္စည်းအဆင်သင့်မရှိလို့ စောင့်ရပါမယ်"

​ချန်ကျီ၏ ဈေးနှုန်းကို ကြားလိုက်ရသည့်အခါ ယဲ့ကိုင်က မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။ သူက ဈေးနှုန်းမည်မျှ ရှိသည်ကို ဂရုမစိုက်ဘဲ ပြန်မေးလိုက်သည်။ "ဘယ်လောက်ကြာကြာ စောင့်ရမလဲ"

​ချန်ကျီက ခေတ္တမျှ တုံ့ဆိုင်းသွားမိသည်။ ဤဈေးနှုန်းကို ယဲ့ကိုင်က တကယ်ပဲ လက်ခံနိုင်ခြင်း ရှိ၊ မရှိကို သူ မသေချာပေ။

​"ပစ္စည်းပို့ရမယ့် အကွာအဝေးက နည်းနည်းဝေးလို့ ၁၀ ရက်လောက်တော့ ကြာပါမယ်"

​"အချိန်က နည်းနည်းကြာတာပဲ"

​"လူကြီးမင်းက တကယ်ပဲ လိုချင်တယ်ဆိုရင်တော့ စရန် ငွေ ထက်ဝက်ကို အရင်ပေးချေရပါမယ်၊ စရန်ငွေကိုတော့ လုံးဝပြန်အမ်းမှာမဟုတ်သလို မှာယူပြီးရင်လည်း သေချာပေါက် ဝယ်ယူရပါမယ်"

​ချန်ကျီက တစ်ခုခုကို ခံစားမိလိုက်ပုံရပြီး ယခုအချိန်တွင် သူက ဤအရောင်းအဝယ်ကို သိပ်ပြီး မလုပ်ချင်တော့ပေ။

​သို့သော် ယဲ့ကိုင်က ပြုံးရင်း ပြောလိုက်သည်။ "ငါ နည်းနည်း စဉ်းစားဦးမယ်"

​ထိုအပြုံးက ချန်ကျီကို အနည်းငယ် ကြက်သီးထသွားစေသည်။

​"ရပါတယ်" ချန်ကျီက ရင်ထဲမှ ထိတ်လန့်မှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း တည်ငြိမ်စွာ ဖြေလိုက်သည်။

​ယဲ့ကိုင်က ချန်ကျီကို ပြုံး၍ ကြည့်နေပြီး သူ၏ မျက်ဝန်းထဲတွင် သတိပြုမိရန် ခက်ခဲသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ ဆက်မေးလိုက်သည်။ "မြေကြီး အဆင့် ရတနာလက်နက် ရှိလား"

​ချန်ကျီက ယဲ့ကိုင်ကို သံသယဖြင့် ကြည့်လိုက်သည်။ သူက ယဲ့ကိုင်၏ စိတ်ကူးကို တကယ်ပဲ မှန်းဆရခက်နေသဖြင့် အဆုံးတွင် သတ္တိကို မွေးကာ ဈေးနှုန်းကို ရဲရဲတင်းတင်း ပြောလိုက်တော့သည်။

​"ရှိပါတယ်၊ မြေကြီး အဆင့် အဆင့်နိမ့် လက်နက်ဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁ သိန်းပါ၊ မြေကြီး အဆင့် အလယ်အလတ်ဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁ သိန်းခွဲ ဖြစ်ပြီး မြေကြီး အဆင့် အဆင့်မြင့်ဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂ သိန်း ကျသင့်မှာပါ၊ လူကြီးမင်းက ဘယ်လိုမျိုး လိုချင်တာလဲမသိဘူး"

​ဤဈေးနှုန်းကို ကြားလိုက်ရသည့်အခါ ယဲ့ကိုင်က ချန်ကျီကို မျက်လုံးမှေး၍ ထပ်မံစိုက်ကြည့်ပြန်သည်။

​"ဆိုင်မှာ အဆင်သင့်ရှိလား"

​"မရှိပါဘူး၊ ဒီလို အဆင့်မြင့် လက်နက်တွေက စောင့်ရပါတယ်"

​"ဒါဆိုလည်း ထားလိုက်တော့" ယဲ့ကိုင်က ပြောပြီးနောက် ချန်ကျီကို အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်ပြီး ဘာမျှ ဆက်မပြောတော့ဘဲ လှည့်ထွက်သွားခဲ့သည်။

​ချန်ကျီတစ်ယောက် ဝေခွဲမရ ဖြစ်ကျန်ခဲ့သည်။ 'ငါ ခုနက ဘာအမှားအယွင်းများ ပြုလုပ်မိလို့လဲ'

​"သခင်... သူ့မှာ ဝိညာဉ်ကျောက်တုံး မလောက်တာများလား" ရှန်းဝမ်စန်းက မေးလိုက်သည်။

​"ကြည့်ရတာတော့ မတူဘူး၊ ညဘက် ဆိုင်ပိတ်ပြီးရင် မင်း မြို့သခင်အိမ်တော်ကို သွားပြီး လျူထိုင်ကို သွားတွေ့လိုက်ဦး၊ သူက တော်ဝင်အင်ပါယာဘက်ကလာတာဆိုတော့ ဒီလို အဆင့်မြင့်ပစ္စည်းတွေအကြောင်းကို သိနိုင်လိမ့်မယ်"

​"ဟုတ်ကဲ့ပါ သခင်"

​ချန်ကျီက သံသယများဖြင့် ရှန်းဝမ်စန်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာခဲ့သည်။

​'အခုအချိန်မှာ အပြင်လောကရဲ့ သတင်းအချက်အလက်တွေကို သယ်ဆောင်လာပေးမယ့် ကိုယ် ပွားတွေ တကယ်ကို လိုအပ်နေပြီ၊ ဝမ်နန်မြို့ထဲမှာပဲ ဒီအတိုင်း အမြဲပုန်းနေရင် အမြင်ကျဉ်းလွန်းတယ်' ချန်ကျီက စိတ်ထဲတွင် ဆင်ခြင်သုံးသပ်နေမိသည်။

​'ဒီလိုဆိုမှတော့ ငါကိုယ်တိုင်ပဲ အပြင်လောကကို ထွက်ပြီး ခရီးလှည့်လည် စူးစမ်းတာ ပိုကောင်းလိမ့်မယ်၊ အခု တကယ့်ပင်မခန္ဓာကိုယ်က ဝမ်နန်မြို့ထဲမှာ ရှိနေပြီး မဟာအကာအကွယ် အစီအရင် သုံးခုရဲ့ ကာကွယ်မှုကိုလည်း ရထားတာဆိုတော့ ဘာမှ ပူပန်စရာ မရှိဘူး၊ ငါ ဘယ်နေရာကိုပဲ သွားသွား စိုးရိမ်စရာမလိုဘူး၊ ဘာပဲဖြစ်ဖြစ် ကိုယ်ပွားရဲ့ ခန္ဓာကိုယ်ကို သုံးမှာဆိုတော့ သေသွားရင်လည်း သေရုံပဲ ရှိတာ'

​ချန်ကျီ၏ အသိစိတ်က ပင်မခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားပြီးနောက် သူ၏ စိတ်ကူးက ဖြစ်နိုင်ခြေ ရှိ၊ မရှိကို စတင်စဉ်းစားလိုက်သည်။

​'စာအုပ်ထဲက ဗဟုသုတတွေက ဘယ်လောက်ပဲ ဖတ်ဖတ် အပေါ်ယံပဲ ဖြစ်နေတတ်တယ်၊ ကိုယ်တိုင်ပဲ အပြင်ကို ခြေဆန့်ကြည့်ရမယ်'

​ချန်ကျီက စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ကျောက်လင်းအာကို ချက်ချင်းခေါ်ယူကာ သူ၏ စိတ်ကူးကို ပြောပြလိုက်ပြီး အိမ်တွင် သေချာစောင့်ရှောက်ရန် မှာကြားလိုက်သည်။

​ကျောက်လင်းအာက ချန်ကျီ၏ ရုတ်တရက် အပြင်သို့ ခရီးထွက်လိုသည့် စိတ်ကူးအပေါ် တစ်စုံတစ်ရာ ကန့်ကွက်ခြင်းမရှိသော်လည်း ချန်ကျီနှင့်အတူ လိုက်ပါခွင့်မရသည့်အတွက် အနည်းငယ် နှမြောတသ ဖြစ်နေမိသည်။

​ထို့နောက် ချန်ကျီက ဝတ်စုံစိမ်းနှင့် အမျိုးသမီးရှိရာ အနန္တနေရာလွတ် ထဲသို့ ဝင်ရောက်ကာ ပြင်ဆင်မှုများ ပြုလုပ်လိုက်သည်။

​လောလောဆယ် ရှိနေသော ကိုယ်ပွားအများစုတွင် ၎င်းတို့၏ ကိုယ်ပိုင် တာဝန်များ ရှိကြသဖြင့် သူက မည်သည့်အရာကိုမျှ သွား မပြောင်းလဲတော့ပေ။ ဘာပဲဖြစ်ဖြစ် နောက်ထပ် ကိုယ်ပွားတစ်ခု ထပ်မံလဲလှယ်ရုံသာ ရှိသည်။

​ချန်ကျီက တွန့်ဆုတ်မနေဘဲ ဝတ်စုံစိမ်းနှင့် အမျိုးသမီးထံမှကိုယ်ပွားအသစ်တစ်ခုကို တိုက်ရိုက် လဲလှယ်လိုက်သည်။

​ဤကိုယ်ပွား၏ ရုပ်သွင်ကို ချန်ကျီက သူ၏ တကယ့်ရုပ်ရည်နှင့် လုံးဝမတူညီအောင် အထူးတလည် ပုံဖော်ထားသည်။

​"အင်း... အမှတ် ၆၆၊ ဒီနံပါတ်က တော်တော်လှတာပဲ"

​ကိုယ်ပွား ဖြစ်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေစဉ် ချန်ကျီက ချင်းယွမ်ဓားတစ်လက်ကိုပါ ထပ်မံလဲလှယ်လိုက်သည်။

​ယခင်က ချင်းယွမ်ဓားကို ကိုယ်ပွားများက မကြာခဏ အသုံးပြုနေကြသဖြင့် ကိုယ်ပွားများအတွက် လက်နက်ကောင်းတစ်ခု မရှိဘဲ မဖြစ်ပေ ။

​ထို့အပြင် သူကိုယ်တိုင်လည်း ဓားအသုံးပြုရသည်ကို တော်တော်လေး အသားကျနေပြီဖြစ်ရာ အခြားသောလက်နက်များကို သွား မရွေးချယ်တော့ပေ။

​အနန္တ ဆိုင်တွင် ပိုမိုမြင့်မားသော လက်နက်များ ရှိနေသော်လည်း သူက သွား မလဲလှယ်ခဲ့ပေ။

​ချန်ကျီက ယခုအကြိမ် ကိုယ်တိုင် ခရီးထွက်ရာတွင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထပ်မံ မဖုံးကွယ်တော့ရန် ဆုံးဖြတ်လိုက်သည်။ အုတ်မြစ်ချခြင်းအဆင့် နှောင်းပိုင်း အဆင့် ကျင့်ကြံသူတစ်ဦးက ဆန်းကြယ်အဆင့် အဆင့်မြင့် လက်နက်တစ်ခုကို အသုံးပြုခြင်းက အလွန်အမင်း သဘာဝကျလှသည်။

​တန်ဆေး လွန်ဘေးဟူသော အမှန်တရားကို ချန်ကျီ၏ ရင်ထဲ၌ နားလည်ထားသည်။

​မြေကြီး အဆင့် လက်နက်များကို အသုံးပြုခြင်းက သူ၏ ခွန်အား ကို များစွာ တိုးတက်စေနိုင်သည်မှာ အမှန်ပင် ဖြစ်သော်လည်း ထို့အတူပင် မလိုလားအပ်သော ဒုက္ခများကို သေချာပေါက် ဆွဲဆောင်မိလိမ့်မည် ဖြစ်သည်။

​ချန်ကျီက သဘာဝအရ ဒုက္ခရောက်ရသည်ကို ကြောက်ရွံ့သူဖြစ်ရာ ဤကဲ့သို့သော ကိစ္စများကို တတ်နိုင်သမျှ ရှောင်လွှဲနိုင်လျှင် ရှောင်လွှဲရမည်သာ ဖြစ်သည်။

​ချန်ကျီက ချင်းယွမ်ဓားကို လဲလှယ်ပြီးနောက် အမှတ် ၆၆ ကိုယ်ပွားလည်း ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။

​ချန်ကျီ၏ အသိစိတ်က စနစ်နေရာထဲမှ ထွက်လာပြီးနောက် အမှတ် ၆၆ ကိုယ်ပွားကို အပြင်သို့ ဆင့်ခေါ်လိုက်သည်။

​"ငါ မင်းရဲ့ ခန္ဓာကိုယ်ကို အချိန်တစ်ခုအထိ အသုံးပြုရမယ်"

​"ဟုတ်ကဲ့ပါ သခင်" အမှတ် ၆၆ ကိုယ်ပွားက မည်သည့် ငြင်းဆန်မှုမျှ မပြုလုပ်ပေ။

​ချန်ကျီ၏ အသိစိတ်က အမှတ် ၆၆ ကိုယ်ပွား၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပြီး ခန္ဓာကိုယ်ကို စတင်ထိန်းချုပ်လိုက်သည်။

​သူက အနည်းငယ်မျှသာ အသားကျအောင် ပြုလုပ်လိုက်ရပြီး သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ထိန်းချုပ်နေရသကဲ့သို့ မည်သည့် ခြားနားမှုမျှ မရှိပေ။

​"သခင်... အခုပဲ သွားတော့မလို့လား" ကျောက်လင်းအာက အနည်းငယ် မခွဲနိုင် မခွာရက် ဖြစ်နေသည်။

​"မင်းကလည်း ဘာဖြစ်နေတာလဲ၊ ငါက အပြီးအပိုင် သွားမှာလည်း မဟုတ်ဘူး၊ ငါ ဒီမှာပဲ လှဲနေတာပဲဥစ္စာ၊ ပြန်လာချင်တဲ့အချိန်ဆိုရင်လည်း အချိန်မရွေး ပြန်လာလို့ရတာပဲကို" ချန်ကျီက ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်သည်။

​"ဟုတ်သားပဲ" ကျောက်လင်းအာလည်း သူမကိုယ်တိုင် အတွေးလွန်သွားခြင်း ဖြစ်ကြောင်း သတိပြုမိသွားသည်။

​"သခင်... ဂရုစိုက်ပါ"

​"အင်း"

​ထို့နောက် ချန်ကျီက အမှတ် ၆၆ ခန္ဓာကိုယ်ကို ထိန်းချုပ်ရင်း အိမ်တော်မှ ထွက်လာခဲ့သည်။

​ဝမ်နန်မြို့၏ လမ်းမများပေါ်တွင် ထပ်မံလျှောက်လှမ်းရသည့်အခါ ချန်ကျီ၏ စိတ်ထဲတွင် ဘဝတစ်ခုခြားသွားသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်နေမိသည်။

​'ဝမ်နန်မြို့က ဘယ်အချိန်ကစပြီး ဒီလောက်တောင် ခြောက်ကပ်သွားရတာလဲ၊ အရင်က ပစ္စည်းလာချရောင်းနေတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေ အားလုံး ဘယ်ရောက်ကုန်ကြတာလဲ'

​'ပြီးတော့ ဆိုင်အတော်များများလည်း တံခါးပိတ်ထားကြတယ်၊ ဒါက မွန်းလွဲပိုင်းတောင် ရောက်နေပြီကို ဆိုင်ဖွင့်ပြီး အရောင်းအဝယ် မလုပ်ကြဘူးလား'

​ချန်ကျီက စိတ်ထဲတွင် သံသယဝင်နေမိပြီး လျှောက်လှမ်းနေသော ခြေလှမ်းများကလည်း တဖြည်းဖြည်း နှေးကွေးသွားကာ 'လူတွေအားလုံး ဘယ်ရောက်ကုန်ကြတာလဲ' ဟု တွေးနေမိသည်။

​ဝမ်နန်မြို့က ယခင်ကဲ့သို့ စည်ကားခြင်းမရှိတော့သော်လည်း တစ်ကိုယ်တော် ကျင့်ကြံသူ အနည်းငယ်ကမူ ပစ္စည်းများ ချရောင်းနေကြဆဲ ဖြစ်သည်။

​ချန်ကျီက သွား စုံစမ်းကြည့်လိုက်သည့်အခါမှ ဝမ်နန်မြို့ ဤမျှအထိ ခြောက်ကပ်သွားရသည့် အကြောင်းရင်းကို ချက်ချင်း နားလည်သွားတော့သည်။

​'အော်... ဒါတွေအားလုံးက ငါ့ကြောင့် ဖြစ်နေတာကိုး၊ တကယ်ပဲ အားနာစရာပဲ၊ ဒါပေမဲ့ ဟဲကွမ်းတောင်တန်း ဆီကိုတော့ သွားပြီး ဗဟုသုတအဖြစ် လေ့လာကြည့်ရင် ကောင်းမလား'

​တစ်ကိုယ်တော် ကျင့်ကြံသူများ၏ ဆိုင်ခန်းများတွင် စုံစမ်းပြီးနောက် ထိုဆိုင်ခန်းများရှိ ပစ္စည်းများက သူ၏ မျက်စိထဲသို့ မဝင်တော့ပေ။

​ထို့နောက် ချန်ကျီက မင်ရှင်းကျိုက် သို့ ရောက်ရှိလာခဲ့သည်။

​ဆိုင်ကို စောင့်နေသူမှာ ယခင်အတိုင်း ထိုအုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူပင် ဖြစ်ပြီး သူက စာအုပ်ကိုသာ အာရုံစိုက် ဖတ်ရှုနေဆဲ ဖြစ်ကာ လူဝင်လာသည်ကိုပင် ခေါင်းမော့မကြည့်ပေ။

​"ဘာလိုချင်လဲ ကိုယ့်ဘာသာကိုယ် ကြည့်ပါ"

​ချန်ကျီက ဤကျင့်ကြံသူ၏ အပြုအမူကို အသားကျနေပြီ ဖြစ်ရာ "ဆိုင်ရှင်... ကျွန်တော် တာ့ချန်မင်းဆက် တော်ဝင်အင်ပါယာရဲ့ မြေပုံတစ်ခုလောက် ဝယ်ချင်လို့၊ ရှိမလား"

​"ဘယ်ဘက်က စာအုပ်စင်၊ တတိယတန်း၊ ပဉ္စမမြောက် အလွှာမှာ ရှိတယ်" အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူက ခေါင်းမော့မကြည့်ဘဲ ပြောလိုက်သည်။

​"ကျေးဇူးတင်ပါတယ်"

​ချန်ကျီက ထိုကျင့်ကြံသူ ပြောပြသော နေရာသို့ လျှောက်သွားလိုက်ရာ တာ့ချန်မင်းဆက် တော်ဝင်အင်ပါယာ၏ မြေပုံတစ်ခု တကယ်ပဲ ရှိနေသည်။

​ချန်ကျီက ၎င်းကို အနည်းငယ်မျှသာ လှန်လှောကြည့်လိုက်ပြီး ဤမြေပုံက အသေးစိတ်ကျခြင်း ရှိ၊ မရှိ၊ တိကျမှန်ကန်ခြင်း ရှိ၊ မရှိကိုမူ သူက သက်သေမပြနိုင်ပေ။ ဘာပဲဖြစ်ဖြစ် အပေါ်တွင် တာ့ချန်မင်းဆက်ဟူသော စာလုံးများ ပါရှိနေသည်။

​ယခင်က မင်ရှင်းကျိုက်တွင် စာအုပ်များ ဝယ်ယူဖူးသဖြင့် ချန်ကျီက ဤဆိုင်က အတော်လေး ရိုးသားမှုရှိသည်ဟု ခံစားရသောကြောင့် မည်သည့် သံသယမျှ မရှိတော့ပေ။

​သူက မြေပုံကို ကိုင်ကာ ကောင်တာသို့ လျှောက်လာခဲ့သည်။ "ဆိုင်ရှင်... ဒီမြေပုံက ဘယ်လောက်လဲ"

​"ဒါပဲလား" အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူက ထိုအခါမှ ခေါင်းမော့၍ ချန်ကျီကို ကြည့်လိုက်သည်။

​ချန်ကျီက ခေါင်းညိတ်ပြလိုက်သည်။

​"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ"

​ချန်ကျီက ဝိညာဉ်ကျောက်တုံးတစ်တုံးကို အလွယ်တကူ ထုတ်ကာ ငွေချေလိုက်သည်။ "ကျေးဇူးတင်ပါတယ်"

​ထို့နောက် ချန်ကျီက မင်ရှင်းကျိုက်မှ ထွက်လာခဲ့သည်။

​ထိုကျင့်ကြံသူက စာအုပ်ကို ပိတ်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။ 'မကြာသေးခင်က ဘာတွေဖြစ်နေတာလဲမသိဘူး၊ ဘာလို့ အဖိုးမတန်တဲ့ ပစ္စည်းတွေကိုပဲ လာလာဝယ်နေကြတာလဲ'

​'ဟို အနန္တကုန်စုံဆိုင်ဆိုတာလည်း လူကို တကယ် ဒုက္ခပေးတာပဲ၊ ဒီလောက်ကြီးတဲ့ ဝမ်နန်မြို့မှာ အခုဆို ကျင့်ကြံသူတွေကိုတောင် သိပ်မမြင်ရတော့ဘူး၊ ပစ္စည်းလာဝယ်တဲ့လူလည်း တစ်ယောက်စ၊ နှစ်ယောက်စပဲ ရှိတော့တယ်'

​'အနန္တကုန်စုံဆိုင်က ပစ္စည်းတွေက တကယ်ပဲ အဲဒီလောက်တောင် ကောင်းလို့လား'

​'ငါလည်း သွားပြီး တစ်ချက်လောက် ကြည့်ရရင် ကောင်းမလား...'

All Chapters