ကျမ်းသုံးကျမ်း ပါရာဂွန်ကို ချုပ်နှောင်လော့
Vol. 99 Ch. 1380
“စောစောက ငါတို့ မလှုပ်ရှားခဲ့ကြဘူး။ မင်း စစချင်းပေါ်လာတဲ့အချိန်မှာတောင် ငါတို့အားလုံး ခံစစ်ကိုပဲ အားစိုက်ခဲ့ကြတယ်”
“ဒီနေ့ တောင်ပင်လယ်လောကအပေါ် တင်နေတဲ့အကြွေးကို ငါတို့ ပြန်ဆပ်မယ်”
“ကျမ်းသုံးကျမ်း ပါရာဂွန်ကို ချုပ်နှောင်ကြလော့” ဤကျမ်းဆရာသုံးပါးသည် အလွန်လျှို့ဝှက်ဇာတ်မြှုပ်နေသော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ နှစ်ပေါင်းအသင်္ချေကြာသည့်တိုင်အောင် သူတို့က တစ်ခါမှ လူလုံးထွက်မပြခဲ့ပေ။ သူတို့ ကျင့်ကြံအားထုတ်သော ကျမ်းစာများက ကမ္ဘာပေါ် ထင်ရှားကျော်ကြားသော်လည်း တကယ်တမ်း ဤလူများ တီထွင်ဖန်တီးထားသည့်အရာ မဟုတ်ပေ။ ကျမ်းဆရာများမှာ ကျမ်းစာများ၏အစောင့်အရှောက်များသာ ဖြစ်ပေ၏။
အဘိုးအိုသုံးဦး တင်ပျဉ်ခွေထိုင်၍ မျက်လုံးများပိတ်လိုက်သည့်အချိန်တွင် ကျမ်းစာများမှ မှော်သင်္ကေတများက သူတို့ကို ရစ်သိုင်းလှည့်ပတ်၍ ချုပ်နှောင်အမှတ်အသားတစ်ခုကို ဖော်ဆောင်လိုက်သည်။
သူတို့က ဤအမျိုးသမီးပါရာဂွန်ကို ချုပ်နှောင်ဖို့ သူတို့၏ကျမ်းစာစွမ်းအားကို အသုံးပြုရန် ပြင်နေကြသည်။
“ငါတို့ ဂန္တဝင်ကျမ်းသုံးကျမ်းရဲ့စွမ်းအားကို အားဖြည့်ဖို့ ငါတို့သက်တမ်းကို စတေးပြီး မင်းကို ချုပ်နှောင်မယ်။ ဒီစည်းဟာ ထာဝရအချုပ်စည်းတော့ မဖြစ်ပေမယ့် ဒီစစ်ပွဲရဲ့အခြေအနေကို ပြောင်းလဲပေးနိုင်တဲ့အထိ ကြာမြင့်လိမ့်မယ်”
အနှစ်သာရ ၈ ခု ပါရာဂွန်က မျက်မှောင်ကြုတ်လျက် သူမ၏ညာလက်ခလယ်ကို ဝှေ့ယမ်းလိုက်သည်။ သို့သော် ချုပ်နှောင်အမှတ်အသားကို ချိုးဖျက်မရပေ။ ထိုစဉ် ပါရာဂွန်ပင်လယ်အိပ်မက်နှင့် ပါရာဂွန်ရုပ်သေးရုပ်သည် စစ်ပွဲ၏အခြေအနေကို ပြောင်းလဲဖို့ သူတို့၏ပါရာဂွန်စွမ်းအားကို အသုံးပြုရင်း စစ်မြေပြင်တွင် သတ်ဖြတ်နေ၏။
“စစ်ရေစီးကြောင်းကို ဒီလိုပြောင်းနိုင်မယ်ထင်တယ်လား” အနှစ်သာရ ၈ ခုပါရာဂွန်က ဟက်ခနဲ လှောင်ရယ်ကာ ပြောသည်။ သူမ၏ရယ်သံ ထွက်လာသည့်အချိန်မှာပင် စစ်တပ်အတွင်းရှိ သာမန်အပြင်သူတစ်ယောက်မှ တဆတ်ဆတ် တုန်လာပြီးနောက် ခေါင်းမော့၍ ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် ဖောင်းပွလာပြီး မထင်မှတ်ဖွယ်ကောင်းစွာနှင့် ပတ်ဝန်းကျင်ရှိ အပြင်သူများကို စတင်စုပ်ယူတော့သည်။ အသက်ရှူချိန်အနည်းငယ်အတွင်း သူကား ကြယ်တာရာကောင်းကင်ထက်၌ ပျံဝဲနေသော မီတာသုံးသောင်းအရွယ် အသားလုံးကြီးတစ်လုံး ဖြစ်သွားလေပြီ။
ထိုအသားလုံးတွင် မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့ ရှိ၍ သေသေချာချာကြည့်လျှင် ခေါင်းပုံစံ ရှိသည်။ မျက်လုံးများက ပွင့်လာသောအခါ သွေးအေးအေး လင်းလက်နေပြီး တစ်ဆက်တည်းမှာပင် ရယ်သံကြီးထွက်လာသည်။
“စိတ်ဝင်စားစရာပဲ။ နောက်ဆုံးတော့ ကိုယ်ယောင်ပြရတော့မှာပေါ့လေ” ထို့နောက် အသားလုံးကြီးက လူပုံစံ ကျုံ့သွားသည်။
၎င်းက အနီရောင်ဝတ်ရုံအရှည်ကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်သည်။ သူသည် ခန္ဓာကိုယ်နှင့် အရွယ်အစားမမျှသော ဧရာမခေါင်းကြီးတစ်ခေါင်းနှင့် တစ်မျိုးဖြစ်နေ၏။ ကောက်ကျစ်ယုတ်မာသောအပြုံးတစ်စက သူ့မျက်နှာထက်တွင် ဖြစ်ထွန်းနေသလို၊ သူ ပင်လယ်အိပ်မက်နှင့် ပါရာဂွန်ရုပ်သေးရုပ်ထံ ခြေတစ်လှမ်းလှမ်းလိုက်စဉ် အသတ်အဖြတ်အရှိန်အဝါတစ်ခု ထောင်းခနဲ ထွက်လာသည်။
သူ ပေါ်လာသည့်အခါ ပါရာဂွန်ပင်လယ်အိပ်မက်နှင့် ကျန်အစွမ်းထက်ပညာရှင်များ မျက်စိမျက်နှာပျက်သွားသည်။ ကျမ်းဆရာသုံးဦး၏မျက်လုံးများပင် ဝိုင်းစက်ပြူးကျယ်သွား၏။
“ဒီအရှိန်အဝါ ... မင်းက ကောင်းကင်ဘုံ ၃၃ ဘုံက ကျင့်ကြံသူမဟုတ်ဘူး.... မင်းက အပြင်အင်အားစုနှစ်စုဆီကပဲ”
ဤအခိုက်အတန့်တွင် အပြင်သူစစ်တပ်ကြီးထဲမှ အပြင်သူဆယ်ယောက်ကျော်သည် ဟိန်းဟောက်ရင်း အနားရှိ အပြင်သူများကို စုပ်ယူကာ ဖောင်းပွလာကြ၏။ မကြာမီ စစ်မြေပြင်ထက်၌ အစွမ်းထက်ပညာရှင်ဆယ်ယောက်ကျော် ပေါ်လာခဲ့လေပြီ။
သူတို့၏ကျင့်ကြံခြင်းအခြေခံက ပါရာဂွန်အဆင့်မဟုတ်သော်လည်း သူတို့၏အတိုက်အခိုက်စွမ်းရည်သည် အင်ပါယာသခင်အဆင့်နှင့် ညီမျှ၏။ သူတို့က ပေါ်လာလျှင်ချင်း တဟားဟားရယ်လျက် တောင်ပင်လယ်ကျင့်ကြံသူများထံ ပြေးတက်သွားကြတော့သည်။
သူတို့၏အရှိန်အဝါများက လွန်စွာထူးဆန်းလေသည်။ တောင်ပင်လယ်လောကမှလည်း မဟုတ်သလို၊ ကောင်းကင်ဘုံ ၃၃ ဘုံမှလည်း မဟုတ်ကြောင်း သိသာသည်။ သူတို့ကို မောင်းမထုတ်နိုင်သော်လည်း တွန်းထုတ်နေသော နှင်ထုတ်ခြင်းအားတစ်ရပ်ပင် ရှိနေသည်။
ထိုသို့ရှိနေသည့်အကြောင်းရင်းက သူတို့သည် ကိုယ်အစစ်များဖြင့် မလာခဲ့ဘဲ ဝိညာဉ်များဖြင့် ပူးကပ်ကာ အတင်းအကြပ်ဝင်လာခဲ့၍ပင်။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူတို့ထဲမှတစ်ယောက်က ဘီလူးကြီးတစ်ကောင်ကို ပူးကပ်ကာ ၎င်းအား ပို၍ပင်အရွယ်အစားကြီးမားသွားစေသည်။ ထိုဘီလူးကြီး ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း ပြေးတက်သွားစဉ် သူ၏နဖူးပေါ်ရှိ ကြယ်များသည် အသတ်အဖြတ်အရှိန်အဝါကို ထုတ်လွှတ်လျက် လည်စပြုလာ၏။
တခဏလေးအတွင်း တောင်ပင်လယ်လောကမှာ ထပ်မံ၍ အကျအဆုံးများသွားပြန်သည်။
သတ္တမပင်လယ်လည်းမရှိတော့။ သတ္တမတောင်မှာလည်း ... အပြင်သူသန်းပေါင်းများစွာ၏ စုပြုံဖျက်စီးခြင်းခံနေရသည်။ ၎င်း အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားရန် သိပ်မကြာလိုက်ပေ။ စစ်ပွဲကား ဟန်ချက်ပျက်သွားပြန်ချေပြီ။
ဤအခိုက်အတန့်တွင် တောင်ပင်လယ်လောက၌ ပင်လယ်နှစ်စင်းနှင့် တောင်နှစ်လုံးသာ ကျန်တော့သည်။
၎င်း သေရေးရှင်ရေးအကျပ်အတည်းဖြစ်သလို၊ ပျက်သုဉ်းခြင်းက ဆိုက်ရောက်လာတော့မည့်အလား ထင်ရသည်။ ယခုတွင် အစွမ်းထက်ပညာရှင်အမြောက်အမြားက အပြင်သူသိန်းသန်းချီကို ဦးဆောင်လျက် အဋ္ဌမပင်လယ်ထံ ချီတက်နေသည်။ သို့သော် ဤအခိုက်အတန့်တွင် အဋ္ဌမတောင်မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းက နဖူးပေါ်၌ ကြယ်များနှင့် ဘီလူးကြီး၏အရှေ့၌ ဖျတ်ခနဲ ပေါ်လာသည်။
ဘီလူးကြီးက မာန်သွင်းဟိန်းဟောက်ရင်း ညာလက်ကို လက်သီးဆုပ်ကာ မြားကို ထိုးခွင်းလိုက်၏။
အလင်းမြားသည် ဝုန်းခနဲ ပေါက်ကွဲသွားသည်။ သို့သော် ဘီလူးကြီးမှာ အင့်ခနဲ ညည်းရင်း နောက်ယိုင်သွားသည်။ တစ်ဆက်တည်းမှာပင် သူ၏ညာလက်က ပေါက်ကွဲသွားပြီး သူ့ခန္ဓာကိုယ်မှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသည်။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားသည့်အချိန် ဒုတိယအလင်းမြားက ချဉ်းကပ်လာလေပြီ။ သို့သော် မြားက ဘီလူးကြီးကို မထိဘဲ အဋ္ဌမပင်လယ်ကို ထိသွားသည်။
အဋ္ဌမပင်လယ်၌ ပြည့်နှက်နေခဲ့သော တားမြစ်မန္တန်များမှာ ယခုတွင် အလင်းမြား၏ အသက်သွင်းခံလိုက်ရ၍ ပင်လယ်တစ်စင်းလုံးအား တဝေါဝေါ အော်မြည်လာစေသည်။ ရေမျက်နှာပြင်ထက်တွင် အလင်းစက်ကွင်းများ တဖျတ်ဖျတ်လက်လာကာ ကြောက်မက်ဖွယ် ပေါက်ကွဲကုန်တော့သည်။
ပေါက်ကွဲတတ်သည့်တားမြစ်မန္တန်များကြောင့် မရေမတွက်နိုင်သောအပြင်သူများ အပိုင်းပိုင်းပြတ်ထွက်ကုန်သဖြင့် မချိတင်ကဲအော်သံများ ချက်ချင်း ဆူညံပွက်လောရိုက်သွားသည်။
မှန်ပါသည်၊ ထိုကျဆုံးမှုအရေအတွက်က အပြင်သူစစ်တပ်တစ်တပ်လုံးနှင့် ယှဉ်လျှင် ပြင်းထန်သောထိုးနှက်ချက်ဟုပင် မခေါ်ထိုက်သည်အထိ မပြောပလောက်ပေ။ သို့သော် သူတို့၏စိတ်ဓာတ်အားမာန်အပေါ်တော့ သက်ရောက်မှုရှိ၏။
“မင်းက ဘယ်သူလဲ” လက်ပြတ်၍ ဒဏ်ရာအပြင်းအထန်ရသွားသော ဘီလူးကြီးက ဒေါသတကြီး ဟိန်းဟောက်သည်။ စောစောက ပေါ်လာခဲ့သည့် အစွမ်းထက်ပညာရှင်အားလုံးလည်း အဋ္ဌမတောင်ကို လှမ်းကြည့်ကြသည်။
ထိုနေရာ၊ အဋ္ဌမတောင်မှ အလင်းတန်းတစ်တန်းက တဟုန်ထိုးထွက်လာသည်။
၎င်းကား မန်ဟိုမှတစ်ပါး အခြားမဟုတ်ပေ။
အံ့ဩဖွယ်ကောင်းစွာနှင့် အပြင်သူသားရဲများလည်း သူ့နောက်မှ လိုက်လာသည်။ မည်သို့မည်ဖုံလုပ်ခဲ့မှန်း မသိသော်လည်း သူက သူ့အမိန့်ကို သူတို့နာခံအောင် စေစားနိုင်ခဲ့လေသည်။ သူတို့က ရက်စက်ကြမ်းကြုတ်သောအမူအရာများဖြင့် ဟိန်းဟောက်ရင်း စစ်မြေပြင်ထံ ပျံသန်းသွားကြသည်။
စစ်ရေစီးကြောင်းမှာ မထင်မှတ်ထားသောလမ်းကြောင်းများသို့ ပြောင်းလဲခံနေရသည်။ မှန်သည်၊ အနှစ်သာရ ၈ ခု ပါရာဂွန်နှစ်ယောက်အနက် တစ်ယောက်က ရွှေတုန်းလျှိုကို စတင်တိုက်ခိုက်ပြီးနောက် နှစ်ယောက်လုံး ပျောက်ကွယ်သွားသည်။ နောက်တစ်ယောက်ကမူ ကျမ်းဆရာသုံးဦး၏ အချုပ်ခံထားရသည်။
ပါရာဂွန်ပင်လယ်အိပ်မက်နှင့် ပါရာဂွန်ရုပ်သေးရုပ်မှာ လောလောဆယ်တွင် ခေါင်းကြီးကြီးကျင့်ကြံသူနှင့် အကြိတ်အနယ် တိုက်ခိုက်နေရ၏။
မန်ဟိုရောက်ရှိလာမှုက အခြေအနေကို ပြောင်းလဲသွားစေပြန်သည်။ သူသည် အပြင်သူစစ်တပ်ဆီ သွားနေသည်ကို ရပ်၍ ဘီလူးကြီးတချို့ပါဝင်သော အစွမ်းထက်ပညာရှင်ဆယ်ယောက်ကျော်ကို ရင်ဆိုင်နေရလေ၏။
မန်ဟို သူတို့ကို တိုက်ခိုက်နေစဉ် အပြင်သူစစ်တပ်ကြီးက အဋ္ဌမပင်လယ်အတွင်း ဝင်ရောက်သွားသည်။ မကြာမီ ပင်လယ်တစ်စင်းလုံး ပျောက်ကွယ်သွားပြီး စစ်တပ်ကြီးက အဋ္ဌမတောင်ထံ ဦးတည်နေချေပြီ။
ဤအခိုက်အတန့်၌ သက်ပြင်းချသံသဲ့သဲ့ ကြားလိုက်ရပြီး နဝမတောင်ပင်လယ်မှ တစ်စုံတစ်ယောက် ထွက်လာကာ အပြင်သူစစ်တပ်ကြီး၏အရှေ့တွင် ပေါ်လာသည်။ အံ့ဩဖွယ်ကောင်းသည်မှာ ... ဤပုဂ္ဂိုလ်၏အနောက်တွင် ပုံရိပ်ယောင်ကမ္ဘာတစ်ခုကို မြင်ရနိုင်သည်။ သူကိုယ်တိုင်က ထိုကမ္ဘာအတွင်းမှ လာသည့်အလားပင်။
“ညီလေး၊ အစ်ကိုကြီး ကူညီပေးဖို့ ရောက်လာပြီ” ရှေးဆန်သောအသံတစ်သံက နွေးထွေးကြင်နာမှုအပြည့်ဖြင့် ပြောသည်။ ဤပုဂ္ဂိုလ်သည် အလွန်အထီးကျန်နေသော မျက်နှာအမူအရာဖြင့် လူငယ်တစ်ယောက်ဖြစ်၏။ သူသည် ယနေ့ခေတ်တွင် ပေါ်မလာခဲ့သည့်တိုင် ယခု ဤနေရာသို့ ရောက်လာခဲ့လေပြီ။
ထိုသူကား .... ခဲကျုံစစ်ပင် ဖြစ်၏။
သူသည် သမိုင်းကြောင်းထဲ၌ ပျောက်ကွယ်သွားခဲ့သော ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းနှင့်အတူ ဤစစ်မြေပြင်ထက်တွင် ပေါ်လာခဲ့၏။ သူပေါ်လာလျှင်ချင်း သူ့အနောက်ရှိ ပုံရိပ်ယောင်ကမ္ဘာမှ သက်ပြင်းချသံနောက်တစ်သံ ကြားလိုက်ရသည်။ ထိုသက်ပြင်းချသံက ... အစစ်အမှန်စိတ်ဝိညာဉ် ‘ည’ ထံမှ လာလေသည်။
ထိုသက်ပြင်းချသံ ပဲ့တင်ထပ်နေစဉ် ညက သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုအခိုက်တွင် အပြင်သူတစ်သန်းတိတိ ပျောက်ကွယ်သွား၏။ သူတို့ပြန်ပေါ်လာသောအခါ တခြားမည်သူမျှ မမြင်နိုင်သော ခေတ်တစ်ခေတ်တွင် ဖြစ်သည်။ သူတို့ကား ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်း၏ အင်အားအကြီးဆုံး ရွှေရောင်ခေတ်သို့ ပြန်ရောက်သွားခဲ့လေပြီ။ ချက်ချင်းဆိုသလို တိုက်ပွဲဖြစ်ပွားတော့သည်။
ခဲကျုံစစ်တစ်ယောက်သာ ဤကျဉ်းထဲကြပ်ထဲအခြေအနေတွင် ပေါ်လာခြင်းမဟုတ်။ နဝမတောင်ပင်လယ်မှ ဇနီးမောင်နှံနှစ်ယောက်လည်း ပျံထွက်လာသည်။ အမျိုးသမီး၏အနောက်၌ ငေးငေးငိုင်ငိုင်ဖြစ်နေကြသည့်တိုင် ရက်စက်ကြမ်းကြုတ်မှုကို ထုတ်လွှတ်နေသော ကျင့်ကြံသူများစွာရှိသည်။ အမျိုးသားကမူ သူ ခြေတစ်လှမ်းလှမ်းတိုင်း နှင်းဖုံးနေသောမြေပြင်အား ကြယ်တာရာကောင်းကင်တစ်လျှောက် ဖြာထွက်သွားစေသည်။ သူကား ရေခဲပြင်အပေါ်၌ လမ်းလျှောက်နေသည့်အလားပင်။
ဤနှစ်ယောက်ကား .... နှင်းမြေမိစ္ဆာဧကရာဇ်ဟန်ရှန်းနှင့် သူ့ဇနီးသည် ဖြစ်၏။
“မန်ဟို မိတ်ဆွေလေး ငါ ရောက်ပြီ” ဟန်ရှင်း၏ရောက်ရှိလာမှုက မိုးနှင့်မြေတွင် ရေခဲများဖြာထွက်သွားစေသည်။
သူ၏ကျင့်ကြံအဆင့်က သိပ်မမြင့်မားသော်လည်း သူ၏အင်အားက တောင်ပင်လယ်ကျင့်ကြံသူများကို တိုက်ခိုက်လိုစိတ်တို့ တိုးလာစေသည်၊ ပို၍ရဲရင့်လာစေသည်။ ဟန်ရှန်းနောက်မှ သခင်ကျီနှင့်အတူ ဘိုးဘိုးမန် ပေါ်လာသည်။
ထို့နောက် ဖန်မျိုးနွယ်စု၏ ပညာရှင်များ။
နဝမတောင်ပင်လယ်မှ ဂိုဏ်းအားလုံး ဝင်ရောက်လာကြသည်။ မန်ဟိုသည် ဖက်တီးကိုပင် မြင်လိုက်ရ၏။ ဖက်တီးမှာ ကြောက်နေကြောင်း သိသာသော်လည်း အပြင်သူများနှင့် တိုက်ခိုက်ရန် မဆိုင်းမတွ ပျံထွက်သွားလေသည်။ ထို့နောက် မန်ဟို့ဆရာ ... ဆေးလုံးမိစ္ဆာ။ သူလည်း အပြင်သူများနှင့် နောက်ဆုံးတိုက်ပွဲကို စတင်တိုက်ခိုက်နေသည်။
တိုက်ခိုက်ဖို့ အဋ္ဌမတောင်သို့ ရောက်လာသည့် ရင်းနှီးသောမျက်နှာများစွာ ရှိလေသည်...
အဋ္ဌမတောင်ပင်လယ်သည် စစ်မြေပြင်ဖြစ်၍ အပြင်သူများ၊ တောင်ပင်လယ်ကျင့်ကြံသူများနှင့် ပြည့်နေ၏။ ခါးသီးပြင်းထန်သော တိုက်ပွဲများက တဝုန်းဝုန်းပေါက်ကွဲသံများကို အဆက်မပြတ် ပဲ့တင်ထပ်နေစေသည်။ အဆုံးမဲ့အပြင်သူပင်လယ်ကြီးနှင့် ရင်ဆိုင်နေရသည့်အတွက် လူတိုင်းလူတိုင်းသည် ရှိသမျှအစွမ်းအကုန်သုံးနေကြ၏။
မန်ဟိုမှာ စိတ်နှလုံးလှုပ်ခတ်သွားသော်လည်း စဉ်းစားနေရန် အချိန်မရှိပေ။ သူ့အနေဖြင့် သူ့မိတ်ဆွေများကို ကိုယ်တိုင်သွားရောက်မကူညီနိုင်၍ ကောင်းကင်ဘုံ ၃၃ ဘုံမှ မဟုတ်သော အစွမ်းထက်ပညာရှင်များကိုသာ တိုက်ခိုက်နေရလေသည်။ ထိုသူတို့၏နတ်ဘုရားစွမ်းရည်များနှင့် သိုင်းကွက်များမှာ သူ တစ်ခါမှ မမြင်ဖူးသောအရာများ ဖြစ်သည်။
အထူးသဖြင့် ဘီလူးကြီးများ၏ အပြင်အားကိုယ်ခွန်အားမှာ ကြောက်စရာကောင်းသည်။
တဘုန်းဘုန်းမြည်သံများ ဟိန်းထွက်နေပြီး လူတွေ သေကြေပျက်စီးနေကြသည်။ မန်ဟိုသည် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့် ထုတ်ဖော်ရင်း အသေတိုက်ကွက်တစ်ကွက်ပြီးတစ်ကွက် ပစ်လွှတ်နေ၏။ သူက တောင်ဝါးမြိုမန္တန်ဖြင့် တောင်ပေါင်းများစွာ ဆင့်ခေါ်သည်။ ထို့နောက် ခြေသည်းချွန်ချွန်များနှင့် မိုးပြာရောင်သိမ်းငှက်တစ်ကောင် အသွင်ပြောင်းသည်။
သွေးမိစ္ဆာကြီးက ဟိန်းဟောက်ရင်း ပေါ်လာပြီး ပါရာဂွန်တံတားသည် အားလုံးကို ချေမှုန်းဖို့ ကျရောက်လာသည်။ မန်ဟိုကား ရန်သူဆယ်ယောက်ကျော်အား တစ္ဆေတစ်ကောင်လို တစ်ပြိုင်တည်း တိုက်ခိုက်နေ၏။
ဘုန်းးးးးးးးး
ဘီလူးကြီးတစ်ကောင် သွေးအန်လိုက်ရသည်။ မန်ဟို့လက်သီးချက်တစ်ချက်ကြောင့် သူ၏ရင်ဘတ်ကြီး ချိုင့်ဝင်သွားခဲ့သဖြင့် သူ့မှာ မယုံနိုင်ဖြစ်နေသည်။ သူ့နှလုံးသားသည် ကြေမွသွားခဲ့ပြီး ပန်းထွက်လာသော သွေးများက မန်ဟို့တစ်ကိုယ်လုံးကို စိုရွှဲသွားစေ၏။
“နတ်ဘုရားသွေးပါလား။ သိပ်တော့မသန့်စင်ပေမယ့် ဘယ်လိုနေနေ အသုံးဝင်တယ်” နတ်ဘုရားသွေး၏ သူမတူသောသဘာဝကို မြင်တွေ့ပြီးနောက် မန်ဟိုက လှစ်ခနဲ တိုက်ခိုက်ပြန်သည်။ သူက သွေးတချို့ထွေးထုတ်ရင်း ရန်သူတစ်ဒါဇင်ကျော်ကို မျက်နှာချင်းဆိုင်၍ ဟားတိုက်ရယ်သည်။ သူ့လက်က ကြေးမုံကို ဆင့်ခေါ်ကာ စစ်လက်နက်အသွင် ပြောင်းသည်။ ထို့နောက် အသားဂျယ်လီက ပျံထွက်လာပြီး ချပ်ဝတ်တစ်စုံ ဖြစ်လာ၏။
“ကဲ လာကြစမ်း” မန်ဟိုက ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် စိတ္တဇလို တဟားဟားရယ်လျက် ဟိန်းဟောက်လိုက်သည်။ သူ့မိတ်ဆွေများနှင့် သူ့မိသားစုမှာ ရက်စက်သောစစ်ပွဲ၏သားကောင်များ ဖြစ်နေရာ .... သူကိုယ်တိုင်က သူတို့ဘေးတွင် မရှိပေးဘဲ နေရမည်လော....
အဝေးတွင် တာအိုဆရာအစည်းအရုံးသုံးခုသည် အစွမ်းကုန်တိုက်ခိုက်နေကြ၏။ တောင်ပင်လယ်လောကသည် မနက်ဖြန်မရှိတော့သကဲ့သို့ အမျက်ဒေါသအပြည့်ဖြင့် တိုက်ခိုက်နေကြသဖြင့် ခန္ဓာဖောက်ခွဲသံများမှာ ပွက်လောရိုက်နေတော့သည်။ ယခုအချိန်တွင် သူတို့သည် အပြင်သူစစ်တပ်ကြီးကို ထိပ်တိုက်ရင်ဆိုင်နိုင်သွားပြီး ဆုတ်မနေရတာ့ပေ။
နောက်ဆုံးတော့ အပြင်သူများသည် တောင်ပင်လယ်လောက၏ မိုက်ရူးရဲဆန်မှုကို ရင်ဆိုင်နေကြရ၏။
ရုတ်တရက် ဆဋ္ဌမတောင်၏အပြိုအပျက်ထဲမှ အသံတစ်သံ ထွက်လာသည်။ “နင်တို့ ဘယ်လောက်ကြိုးစားကြိုးစား အလကားပဲ။ ဒီတစ်ကြိမ် နင်တို့တွေ တစ်ယောက်မကျန် အသုတ်သင်ခံရမှာ”
အသံပိုင်ရှင်က အမျိုးသမီးပါရာဂွန်မှတစ်ပါး အခြားမဟုတ်ပေ။ သူမပတ်ပတ်လည်ရှိ ကျမ်းဆရာသုံးဦးမှာ အရိုးပေါ်အရေတင်သာ ကျန်တော့သည်။ သို့သော် သူတို့သည် ဆက်တောင့်ခံထား၏။ ဤအခိုက်အတန့်တွင် သူတို့၏တပည့်သုံးယောက်က သူတို့၏အသက်ဓာတ်ဖြင့် ဆရာဖြစ်သူများကို အားဖြည့်ပေးရန် သူတို့အနောက်၌ တင်ပျဉ်ခွေထိုင်လိုက်ကြသည်။
“နင်တို့ ငါ့ကို ဘယ်လောက်ကြာကြာ ချုပ်ထားနိုင်မှာမလို့လဲ” ပါရာဂွန်က မေးသည်။ “နင်တို့ရဲ့ ဂန္တဝင်ကျမ်းသုံးကျမ်းက ထူးခြားတယ်။ ပါရာဂွန်အင်မော်တယ်လောကရဲ့ ထိပ်တန်းတာအိုကျမ်းစာတွေ။ ကံဆိုးတာက နင်တို့ကျင့်ကြံခြင်းအခြေခံက ပါရာဂွန်အဆင့်မဟုတ်ဘူး။ ဒါကြောင့် ငါ့ကို နင်တို့ ဘယ်လောက်ကြာကြာ ချုပ်ထားနိုင်မှာလဲ၊ တကယ်တမ်း နင်တို့တွေ အခုတောင် တောင့်ခံထားနိုင်သေးလို့လား။ ငါ လွတ်သွားတဲ့အခိုက်အတန့်က တောင်ပင်လယ်လောက အပြီးတိုင်ပျက်သုဉ်းရမယ့် အခိုက်အတန့်ဖြစ်စေရမယ်”