အခန်း ၃၃၁
Vol. 23 Ch. 331
အပိုင်း ( 331 )
ကျေးဇူးတင်ပါတယ် ကောင်းကင်ဘုံ အကယ်ဒမီ။ ကျေးဇူးတင်ပါတယ် ဆံဝါကောင်လေး
ကောင်းကင်ဘုံ အကယ်ဒမီမှာ ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။
သူတို့က ယခုလေးတင် အခြိမ်းခြောက်ခံခဲ့ရကာ သန်းငါးရာ ပေးရန် ဖိအားပေးခံခဲ့ရလေသည်။
လူအမြောက်အများက စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေကြပြီး အထက်လောက၏ ထိုလူများက ပြဿနာရှာလွန်းသည်ဟု ထင်သွားကြသည်။ ထိုစဥ် အထက်လောက၏ လူများမှာ ဒဏ်ရာဒဏ်ချက်များဖြင့် အံတကြိတ်ကြိတ် ဖြစ်နေလျက်ရှိ၏။
လွန်ခဲ့သော အချိန်များအတွင်းကပင် သူ၏ အရိုးများ တစ်ဝက်တိတိ ကျိုးပဲ့ပျက်စီးသွားကာ သည်းခံနိုင်ရန် ခက်ခဲသော နာကျင်မှုမျိုးကို ခံစားခဲ့ရလေသည်။
အဆိုပါ ပြဿနာကောင်များကို ပြန်လည်အားမွေးရန်အတွက် နေရာစီစဥ်ပေးခဲ့ပြီးသည့်နောက်တွင် လူတစ်စုက ယွမ်ထင်ကို သွားရှာနေကြတော့သည်။
“ မဟာအကြီးအကဲ ကျွန်တော်တို့က ဘယ်လောက်ထိ သည်းခံနေရမှာလဲဗျ “
ယွမ်ထင်က အေးအေးလူလူ ပြန်ပြောလိုက်သည် “ နောက်ကွယ်က လူတွေရောက်လာပြီးတော့ သူက ရှေးခေတ်သူတော်စင် ကလေးငယ် မဟုတ်ဘူးဆိုတာ အတည်ပြုပြီးတဲ့အထိပေါ့ “
“ တကယ်လို့ သူတို့က သက်သေမပြနိုင်ရင်ရော “
ယွမ်ထင်ကမူ ခေါင်းတခါခါဖြင့် ဘာမှထပ်ပြောမနေတော့ပေ။ တစ်ခြားလူများက သူဘာတွေးနေလဲဆိုသည်ကို မှန်းဆနိုင်လိမ့်မည် မဟုတ်ပေ။
နတ်ဘုရား တောင်ထွတ်သခင်ကသာလျှင် သံယောင်လိုက်၍ ပြန်ပြောလာခဲ့သည် “ ဘာလုပ်လိုက်သင့်လဲ “
“ အဲ့တာက သူတို့ရှာခဲ့တဲ့ ပြဿနာလေ။ ကောင်းကင်ဘုံ အကယ်ဒမီက ဖြေရှင်းပေးလိုက်တယ်ဆိုရင်တောင်မှ သူတို့က အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး။ သူတို့တွေကို တိုက်ခိုက်ခိုင်းလိုက်။ ငါတို့က အခြေအနေကို စောင့်ကြည့်နေမယ် “
နတ်ဘုရား တောင်ထွတ်သခင်မှာ တိတ်ဆိတ်ငြိမ်သက်သွားပြီး အဝေးရှိ ကောင်းကင်ဘုံ အကယ်ဒမီ၏ တစ်ခြားသော အဖွဲ့ဝင်များကို ငေးကြည့်ကာ ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေတော့သည်။
သို့ရာတွင် လုချန်ရှန်းကမူ မဟာတောရိုင်း နန်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် မည်သို့မျှ မချုပ်တည်းနိုင်တော့ဘဲ တလက်လက် တောက်ပနေသည့် ဝိညာဥ်ကျောက်တုံးများကို ငေးကြည့်ကာ ပါးစပ်က နားရွက်တက်ချိတ်လုမတတ် ပြုံးဖြဲဖြဲ ဖြစ်သွားတော့၏။
အစတွင် သူသည် တည်ငြိမ်ကာ စိတ်လှုပ်ရှားဖွယ်ရာ ကင်းမဲ့နေသည့် သူ၏ဘဝက အထက်လောက၏ လူများရောက်ရှိလာမှုနှင့်အတူ ပျော်ရွှင်စရာလေးများဖြင့် စိုစိုပြေပြေဖြစ်သွားခဲ့သည်။
သူတို့က ယခုလေးတင်မှ ရောက်ရှိလာခဲ့ခြင်းဖြစ်သော်လည်း သူ့အား သန်းခြောက်ရာနီးပါး အမြတ်ထွက်သွားစေခဲ့ပြီး တာအိုကားချပ်၏ ပြီးပြည့်စုံမှုနှင့် ပိုပို၍နီးကပ်သွားစေခဲ့၏။ ထိုအခိုက်အတန့်တွင် သူသည် သူက ဟွာရှုနယ်ပယ်ကိုပင် လက်လှမ်းမှီနေပြီဟု ခံစားသွားခဲ့ရသည်။
“ ကျေးဇူးတင်ပါတယ် ကောင်းကင်ဘုံ အကယ်ဒမီရာ။ ဆံဝါလေးရောပဲ ကျေးဇူးတင်တယ် “
လုချန်ရှန်းက သူ၏ကျေးဇူးတင်မှုကို ဖော်ပြနေတော့သည်။ အကယ်၍ ဆံဝါကောင်လေး၏ အဆုံးမဲ့မောက်မာမှုနှင့် အဆက်မပြတ် လှောင်ပြောင်မှုတို့ကြောင့်သာ မဟုတ်ဘူးဆိုပါက သူက ထိုမျှများပြားသော အကျိုးအမြတ်များကို ရရှိခဲ့လိမ့်မည် မဟုတ်ပေ။
အကယ်၍ ထိုကောင်ကသာ အာမချောင်ဘဲ စကားအနည်းငယ်မျှသာ ပြောခဲ့မည်ဆိုပါက သူက ထိုလူ့ကို အာရုံစိုက်နေခဲ့မည် မဟုတ်ပေ။ သို့သော် ထိုလူမှာ ဟောင်ဖွာဟောင်ဖွာ လုပ်နေခဲ့ကာ ကိစ္စများကို အလွန်တရာ ခက်ခဲသွားစေခဲ့၏။
များပြားလွန်းလှသော ဝိညာဥ်ကျောက်တုံးများကို ငေးကြည့်နေရင်းဖြင့် လုချန်ရှန်း၏ အတွေးများ နက်ရှိုင်းသွားခဲ့သည်။
သူသည် ကူချန်ကျွင်း၏ စကားများက မှန်ကန်နေမည်လားဆိုသည်ကို သိချင်သွားခဲ့သည်။ အကယ်၍ သူကသာ ထိုလူမျာ၏ စုံစမ်းစစ်ဆေးခြင်းကို တောင့်ခံနိုင်မည်ဆိုပါက သူက အမှန်တကယ် ပြိုင်ဘက်ကင်းသွားပေလိမ့်မည်။
လုချန်ရှန်းမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားကာ အဆိုပါ ဝိညာဥ်ကျောက်တုံးများကို သန့်စင်နေတော့၏။ သန်းခြောက်ရာကျော်သည် တာအိုကားချပ်၏ နောက်ထပ်ထောင့်တစ်နေရာကို ဖြည့်တင်းပေးကာ အပြည့်အဝ ပုံပေါ်လုနီးပါး ဖြစ်သွားစေခဲ့သည်။
တာအိုကားချပ် မပြည့်ဘူးဆိုလျှင်တောင်မှ သူအဆင့်တက်နိုင်သော်လည်း အကယ်၍ သူကသာ မပြည့်စုံသော တာအိုကားချပ်နှင့် အဆင့်တက်လိုက်မည်ဆိုပါက နောက်ပိုင်းတွင် ၎င်းကို ဖြည့်တင်းရမည့် တန်ကြေးမှာ အဆပေါင်းများစွာ ပိုမိုများပြားသွားလိမ့်မည် ဖြစ်သည်။
သူက ထိုကဲ့သို့ မိုက်မဲသော လုပ်ရပ်မျိုးကို ပြုလုပ်မည် မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးရက်တာ ကုန်ဆုံးသွားကာ မူချွမ်ရောက်ရှိလာခဲ့သည်။
“ သူတော်စင် “
“ ဘာဖြစ်လို့လဲ “
လုချန်ရှန်းက မော့ကြည့်လိုက်၏။
မူချွမ်က စကားထပ်ပြောလာခဲ့သည် “ အထက်နယ်မြေက လူတွေ ထပ်ဆင်းလာပါတယ်။ ကောင်းကင်ဘုံ အကယ်ဒမီက သူတို့တွေကို ခေါ်သွားပါတယ် “
“ သူတို့ကို လွှတ်ပေးထားလိုက် “ လုချန်ရှန်းက အေးအေးဆေးဆေးသာဖြစ်နေပုံရ၏။
မူချွမ်က ပြန်ပြောလိုက်သည် “ အရင်က ဆွေးနွေးထားခဲ့သလို သူတို့က သူတော်စင်ကို ပစ်မှတ်ထားဖို့ ကြံနေကြတဲ့ပုံပဲ။ ကျုပ်တို့က ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်စောင့်နေကြမှာလားဗျ “
“ သူတို့ လုပ်ချင်တာ လုပ်ခွင့်ပေးထားလိုက်ပါ “
လုချန်ရှန်းက ပြုံးစစဖြင့် တုံ့ပြန်လိုက်သည်။ သူက မကြောက်ရုံသာလျှင်မဟုတ်ဘဲ ၎င်းကို အနည်းငယ်ပင် မျှော်လင့်မိနေခဲ့သည်။ တစ်နည်းဆိုရသော် သူက ထိုလူများ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
မူချွမ်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူတော်စင်က ယုံကြည်မှု လွန်ကဲနေတာလား(ဒါမှမဟုတ်) တန်ပြန်တိုက်ခိုက်နိုင်မဲ့ နည်းလမ်းတစ်ခုခု ရှိနေတာများလား။
သို့ရာ၌ တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင် ဟိန်းဟောက်သံတစ်သံက မဟာတောရိုင်း နန်းတော်အတွင်းသို့ ပျံ့လွင့်လာခဲ့သည်။ ရောင်ခြည်တစ်ခုသည် တိမ်တိုက်များကို ထိုးခွင်းကာ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်ကောင်းသော အသံပလံများဖြင့် ပြည့်နှက်သွားစေခဲ့သည်။
ကမ္ဘာကြီးက ပိုပို၍ မှိန်ဖျော့လာခဲ့ပြီး အနက်ရောင် တိမ်တိုက်များ ဘက်ပေါင်းစုံမှ စုဝေးလာခဲ့ကာ နေလုံးကို ဖုံးအုပ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ၎င်းတို့အားလုံး ဤနေရာတွင် စုဆုံလာကာ မိုးကြိုးများက နဂါးများသဖွယ် ကခုန်နေကြတော့၏။
“ ဟွာရှုနယ်ပယ် ကောင်းကင်ဘုံ ကပ်ဘေး “
မူချွမ်မှာ တအံ့တဩ ဖြစ်သွားခဲ့သည်။ သူသည် ထိုနေရာသို့ ငေးကြည့်ကာ ကောင်းကင်ဘုံ ကပ်ဘေး၏ စွမ်းအားကို အာရုံခံမိနေခဲ့သည်။ ၎င်းက အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းနေခဲ့၏။
လုချန်ရှန်းက စကားပြောနေတော့သည် “ သူက စောပြီးတော့ အဆင့်တက်နိုင်ခဲ့တာပဲ “
၎င်းမျာ လောင်လျူ၏ ကောင်းကင်ဘုံ ကပ်ဘေးပင် ဖြစ်သည်။ ကောင်းကင်ဘုံ အကယ်ဒမီမှ ထွက်ခွာလာခဲ့ပြီးသည့်နောက်တွင် သူသည် မဟာတောရိုင်း နန်းတော်တွင် နေနေခဲ့ပြီး ရက်ပိုင်းမျှ ကျင့်ကြံနေခဲ့ပြီးသည့်နောက်တွင် အဆင့်ထိုးဖောက်မှုကို ခေါ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သူ့ထံတွင် ဟွာရှုနယ်ပယ်သို့ အဆင့်တက်နိုင်မည့် စွမ်းအားမျိုး ရှိနေခဲ့လေသည်။ သို့သော် အချုပ်အနှောင်များကို ချိုးဖျက်ကာ ဓားတာအို အဆင့်တက်နိုင်ရန်အတွက် သူ၏ သွေးမျိုးဆက်များကို ဖြတ်တောက်ခဲ့ရ၏။
ရလဒ်အနေဖြင့် သူ၏ နယ်ပယ် ကျဆင်းသွားကာ သူကျင့်ကြံရန်အတွက် ဝိညာဥ်ချီ အလုံအလောက် မရှိတော့ပေ။ တစ်နှစ်ကျော် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် သူ၏အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ကာ ရှေ့ဆက်သွားချင်နေခဲ့၏။
ထိုအခိုက်အတန့်တွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အဆုံးမဲ့ မိုးကြိုးများက ထိုနေရာကို နစ်မြုပ်သွားစေခဲ့၏။ ကောင်းကင်ထက်သို့ ပုံရိပ်တစ်ခု ပြေးတက်သွားကာ ကောင်းကင်ဘုံထံသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
အဆိုပါ ကောင်းကင်ဘုံ ကပ်ဘေးက သမန်ဟွာရှုနယ်ပယ် ကျင့်ကြံသူများ ယူဆောင်လာသည့် ကပ်ဘေးများထပ် များစွာပိုမိုအားကောင်းနေခဲ့၏။
ထိုမြင်ကွင်းက လူအမြောက်အများ၏ အကြည့်များကို ဆွဲဆောင်သွားခဲ့သည်။ လွှမ်းခြံနေသည့် အလင်းတန်းများ ပေါက်ထွက်လာခဲ့ပြီး ဓားချီအများအပြားက ကောင်းကင်ပြင်ကို ဖုံးလွှမ်းသွားကာ အပေါ်သို့ ထောင်တက်သွားခဲ့သည်။
နဂါးအရိပ်များ ပျံသန်းနေကာ နတ်ဖီးနစ်များ ကခုန်နေပြီး ချီလင်များ ဟိန်းဟောက်ကာ သတ္တဝါ အမျိုးမျိုး ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့က ဓားဆန္ဒ၏ ဖန်တီးမှုများဖြစ်ပြီး စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော စူးရှထက်မြက်သည့် အရှိန်အဝါတစ်ခု ဖုံးလွှမ်းလာခဲ့၏။
ယခုတွင် လောင်လျူပြန်ပေါ်လာပြီဆိုသည်နှင့် သူက ဓားဆန္ဒဖြစ်တည်ခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီဆိုသည်ကို လူတိုင်းက သိနေခဲ့ပြီဖြစ်သည်။ ဓားတာအိုတစ်ခုတည်းနှင့် မြောက်ပိုင်းကုန်းမြေ၏ ဒေသလေးခုစလုံးမှ လူတိုင်းနီးပါးထပ် သာလွန်နေခဲ့ပြီ ဖြစ်သည်။
သူ၏ ကောင်းကင်ဘုံ ကပ်ဘေး ကျော်ဖြတ်မှုကို အင်အားစု အသီးသီးက တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။
သူတို့က ဘာမှမပြောလာခဲ့ပေ။
ကောင်းကင်ဘုံ အကယ်ဒမီရှိ ထိုလူများကမူ ၎င်းကို စစ်ဆေးကြည့်ရှုရန်အတွက် လျှို့ဝှက်နည်းစနစ်များကို ထုတ်သုံးနေခဲ့ကြသည်။
ဒုတိယအကြီးအကဲက စကားစပြောလာခဲ့၏ “ သူက အချုပ်အနှောင်တွေကို တကယ်ကြီး ဖြတ်တောက်ခဲ့ပြီးတော့ ဟွာရှုနယ်ပယ်ကို ရောက်သွားတော့မှာပဲ “
“ အဲ့ဒီဓားတာအိုက တကယ်ကို ထူးခြားတယ်။ ဓားဆန္ဒဖြစ်တည်ခြင်းက အံ့ဖွယ်ကောင်းတဲ့ အစွမ်းထက် ပညာရှင်နောက်တစ်ယောက် မွေးဖွားလာပြီလို့ ဆိုလိုနေတာပဲ “
“ ဘယ်လောက်ပဲ အံ့ဖွယ်ကောင်းနေပါစေ သူက လုချန်ရှန်းထပ် ပိုကောင်းနေမှာမို့လို့လား။ သူသာ ဟွာရှုနယ်ပယ်ကို ရောက်သွားရင် တစ်ကမ္ဘာလုံး ဇောက်ထိုးဖြစ်သွားလိမ့်မယ် “
“ အမှန်ပဲ။ လောင်လျူက ဘာမှမဟုတ်ဘူး။ အခုလက်ရှိ အချိန်မှာ အကြီးမားဆုံး ခြိမ်းခြောက်မှုက မဟာတောရိုင်း နန်းတော်ရဲ့ သူတော်စင်ပဲ “
ကောင်းကင်ဘုံ အကယ်ဒမီ၏ လူတော်တော်များများက မဟာတောရိုင်း နန်းတော်အတွင်းတွင် ဖြစ်ပွားနေသည့် ကပ်ဘေးကျော်ဖြတ်မှုကို စောင့်ကြည့်နေခဲ့ကြသည်။
တစ်စုံတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ သူတို့ရဲ့ ကြိုတင်ပြင်ဆင်မှုတွေကရော “
“ ရက်ပိုင်းအတွင်းမှာပဲ ပြီးသွားလိမ့်မယ် “
“ တကယ်လို့ မဟာတောရိုင်း နန်းတော်က တစ်ယောက်က မတုံ့ပြန်ဘူးဆိုရင်ရော။ တကယ်လို့ ငါတို့က အနားမကပ်သွားနိုင်ဘူးဆိုရင် ဘယ်လိုမှ စစ်ဆေးလို့ရမှာ မဟုတ်ဘူး “
အဘိုးအိုတစ်ဦးက ခေါင်းခါ၍ ပြန်ပြောလိုက်သည် “ သူတို့လာတယ်ဆိုမှတော့ ကြိုတင်ပြင်ဆင်မှုကို သေချာလုပ်ထားလို့ပဲ။ စစ်ဆေးခံနေရမှန်း မသိတဲ့ အဲ့လိုမောက်မာတဲ့ လူမျိုးကဘယ်လိုလုပ် နောက်ဆုတ်သွားမှာလဲ “
“ အရာအားလုံးက တစ်ခဏအတွင်းမှာပဲ ပေါ်လာပါလိမ့်မယ် “
အဆုံးတွင် ကောင်းကင်ဘုံ အကယ်ဒမီက ပိုမိုတိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ယွမ်ထင်က လူတိုင်းကို ကြည့်လိုက်သော်လည်း ဘာမှမပြောလိုက်ပေ။ သူသည် တိတ်တဆိတ် မတ်တပ်ရပ်ကာ အတွေးနက်နေလျက်ရှိသည်။
တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် ပြီးဆုံးသွားတော့မည့် ကောင်းကင်ဘုံ ကပ်ဘေးကို ငေးကြည့်နေခဲ့သည်။ ထို့နောက်တွင် သူသည် သူ၏အကြည့်ကို ပြန်ရုတ်ကာ မူချွမ်ကို လှည့်ကြည့်လိုက်သည်။
“ မဟာအကြီးအကဲ ရှင်းယွင်ကို ဒီကို လာခိုင်းလိုက်ပါ “
“ ဟုတ်ကဲ့ “
မူချွမ်က သူ့ကို မေးခွန်းမထုတ်ခဲ့ပေ။ သူက လုချန်ရှန်းကို အပြည့်အဝ ယုံကြည်ကာ သူခိုင်းသမျှ အရာရာတိုင်းကို လုပ်ဆောင်မည့်ပုံပင်။
မကြာခင် အချိန်မှာပင် ရှင်းယွင် ရောက်ရှိလာခဲ့သည်။
“ ရှင်းယွင် ထိုင် “
လုချန်ရှန်းက စကားပြောလိုက်ကာ မူချွမ်ကိုပါ ထိုင်ခိုင်းလိုက်၏။
လူနှစ်ဦးမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။
လုချန်ရှန်းက ဖြည်းဖြည်းချင်း စကားထပ်ပြောနေတော့သည် “ နောက်ရက်ပိုင်းအတွင်းမှာပဲ ဟိုလူတွေ လှုပ်ရှားလာလိမ့်မယ် “
“ အထက်လောကက လူတွေလား “
“ အင်း “ လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်ပြီး တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားထပ်ပြောနေတော့၏ “ ပြဿနာအားလုံးကို ငါရှင်းပေးမယ်။ ပြီးရင် ငါထွက်သွားတော့မယ် “
“ သူတော်စင်က ဘယ်သွားမလို့လဲဗျ “
မူချွမ်၏ အမူအရာ တင်းကြပ်သွားခဲ့သည်။ သူသည် ရုတ်တရက် မတ်တပ်ထရပ်ကာ အရှေ့သို့ ငေးကြည့်နေတော့သည်။
ရှင်းယွင်ကပါ စကားဝင်ပြောလာခဲ့၏ “ သူတော်စင်က ဘာဖြစ်လို့ ထွက်သွားမှာလဲဗျ “
လုချန်ရှန်းက တွေးတောစဥ်းစားနေခဲ့ပြီးမှ အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။ ၎င်းမှာ သူအချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ရသည့် အရာဖြစ်သည်။ သူသည် ၎င်းက အတော်ပင် အဓိပ္ပါယ်ရှိသည်ဟု ထင်နေခဲ့သည်။
“ အသက်ရှည်ခြင်းကို ရှာဖွေမလို့ “
“ အသက်ရှည်တာလား “
“ ငါ့ဘဝတစ်ခုလုံးက အသက်ရှည်ဖို့အတွက်ပဲလေ “
--
……………………………………………………………………………………………………………………………………………