အခန်း ၃၃၃
Vol. 23 Ch. 333
အပိုင်း ( 333 )
မီးလင်းနေတာလား
တောင်ကောင်းကင်မြို့တွင် သက်ရှိသတ္တဝါ အမြောက်အများ စုစည်းနေခဲ့ပြီဖြစ်သည်။
မဟာတောရိုင်း နန်းတော်မှ ရှေးခေတ်သူတော်စင် ကလေးငယ်၏ စကားကို ကြားခဲ့ရပြီးသည့်နောက်တွင် သူဘာလုပ်ချင်နေလဲဆိုသည်ကို လူတိုင်းက သိချင်သွားခဲ့သည်။
လူတော်တော်များများက သူ၏ လုပ်ဆောင်မှုများကို ကြားသိထားခဲ့ပြီး သူ့ကို တစ်ကြိမ်မျှ မြင်တွေ့ဖူးချင်နေခဲ့ကြသည်။ အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် လူအမြောက်အများ စုစည်းလာခဲ့ပြီဖြစ်သည်။
မြင့်မြတ်နယ်မြေများနှင့် ရှေးဟောင်းဂိုဏ်းကြီးများကပါ တိတ်တဆိတ် စောင့်ကြည့်နေလျက်ရှိ၏။
ယွမ်ထင်ပါ ရောက်ရှိလာခဲ့ပြီး နတ်ဘုရား တောင်ထွတ်သခင်က သူ့ကို အဖော်ပြုပေးနေခဲ့သည်။ သူတို့က စင်မြင့်တစ်ခုတည်ရှိရာ တောင်ကောင်းကင်မြို့၏ ကောင်းကင်ယံကို တိတ်တဆိတ် ငေးကြည့်နေခဲ့ကြသည်။
မြို့အတွင်းတွင် ဆွေးနွေးပြောဆိုမှုများ နိမ့်လိုက်မြင့်လိုက်ဖြစ်နေခဲ့ပြီး အလွန်တရာ ရှုပ်ထွေးလွန်းနေခဲ့ကာ တိတ်ဆိတ်မှုသာလျှင် ကြီးစိုးနေခဲ့သည်။
လူတိုင်းက သိလိုစိတ်များဖြင့် မျှော်လင့်စောင့်စားနေခဲ့ကြသည်။
အဆုံး၌ မြို့အတွင်းတွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူက အဓိကလမ်းကြောင်းအတိုင်း တိတ်တဆိတ် လျှောက်လှမ်းလာခဲ့ပြီး လူအုပ်အတွင်းမှ တိုးထွက်ကာ မြို့လယ်ခေါင်ဆီသို့ ဖြည်းဖြည်းချင်း ဦးတည်လာခဲ့၏။
လူတိုင်း ဆွေးနွေးပြောဆိုစဥ် အချိန်မှာပင် ဟင်းလင်းပြင်အတွင်းတွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ကြည့်လိုက် လူတစ်ယောက် ပေါ်လာပြီ “
တစ်စုံတစ်ဦးက တအံ့တဩဖြင့် အော်ပြောကာ လူတိုင်း၏ အကြည့်များကို ဖမ်းစားသွားခဲ့သည်။
သူတို့မြင်တွေ့လိုက်ရသော အရာမှာ ကောင်းကင်ထက်ရှိ စင်မြင့်ပေါ်သို့ တစ်လှမ်းချင်းလျှောက်လှမ်းနေသည့် ပုံရိပ်တစ်ခုဖြစ်သည်။ သူ၏ အဖြူရောင် ဝတ်စုံက အလွန်တရာ သန့်စင်ကြည်လင်နေခဲ့ကာ သူ၏ရှည်သွယ်သွယ် ပုံရိပ်က ကျက်သရေရှိစွာ ရွေ့လျားနေခဲ့သည်။
အားလုံး၏ အကြည့်များအောက်မှာပင် သူက စင်မြင့်ပေါ်သို့ ဖြည်းဖြည်းချင်း တက်လှမ်းသွားခဲ့သည်။
“ အဲ့တာက သူတော်စင်ပဲ။ သူပေါ်လာပြီ “
ထိုအခိုက်အတန့်တွင် အော်ဟစ်သံများ ဟိန်းထွက်လာခဲ့ကာ အမျိုးမျိုးသော အသံများ ထပ်မံ၍ ပေါက်ထွက်လာခဲ့ပြန်သည်။
လုချန်ရှန်းက ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့ပြီး အရာအားလုံးကို လျစ်လျူထားသည့်ပမာ အဝေးသို့ အေးအေးလူလူ ငေးကြည့်ကာ စင်မြင့်ပေါ်တွင် တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့၏။
အဆိုပါ စင်မြင့်က အရောင်အသွေးများ လွင့်ပျယ်ကာ အကွက်ကွက်များ ထနေခဲ့သော်လည်း ရှေးဟောင်းအငွေ့အသက်များကို ထုတ်လွှတ်နေစဲဖြစ်ပြီး ကုန်ဆုံးသွားသော အချိန်များ၏ အငွေ့အသက်များ စွန်းထင်းနေလျက်ရှိ၏။
“ သူဘာလုပ်မှာလဲ “
ယွမ်ထင်က အာရုံစိုက်၍ ငေးကြည့်ကာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့ချင်နေခဲ့၏။ ယခုလက်ရှိအချိန်ထိပင် သူသည် နားမလည်နိုင်ဖြစ်နေသေးသည်။
လုချန်ရှန်းကမူ အားလုံး၏ အကြည့်များအောက်မှာပင် အနီးအနားရှိ စံအိမ်တစ်လုံးကို ငေးကြည့်နေတော့သည်။
“ လာခဲ့ကြ “
အေးဆေးတည်ငြိမ်သော အသံတစ်သံက လူတိုင်း၏ အာရုံများကို ဆွဲဆောင်သွားခဲ့သည်။
စံအိမ်ပေါ်တွင် ချောမောသော အသွင်ဟန်နှင့် တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး မတ်တပ်ရပ်နေလျက်ရှိ၏။ အစတွင် သူက ယုံကြည်မှုရှိကာ တက်ကြွသည့် အသွင်အပြင်ကို ပိုင်ဆိုင်ထားခဲ့သည်။ သို့သော် ချက်ချင်းဆိုသလိုပင် သူက အတွေးယာဥ်ကြောအတွင်းသို့ တစ်ခဏခန့် ကျဆင်းသွားခဲ့သည်။
သူသည် အလိုအလျောက် လမ်းလျှောက်ထွက်လာခဲ့ကာ ဟင်းလင်းပြင်ကို ကျော်ဖြတ်၍ စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
လူငယ်လေးသည် သူ့အရှေ့တွင် ရှိနေသည့် လူကို ငေးကြည့်ကာ သူ၏ အရှိန်အဝါကြောင့် အံ့ဩမှင်သက်သွားခဲ့သည်။
သူသည် တစ်ဖက်လူက အသက်နှစ်ဆယ်အရွယ်သာရှိသည့် လူငယ်လေးတစ်ဦးဆိုသည်ကို သိနေခဲ့သည်။ သို့သော် သူက ဤကမ္ဘာ၏ ညစ်ထေးမှုအားလုံး ကင်းစင်နေသကဲ့သို့ ခံ့ညားထည်ဝါနေကာ လေနှင့်အတူ ရွေ့လျားနေလျက်ရှိပြီး စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသည့် ယုံကြည်မှုကို သယ်ဆောင်ထားခဲ့သည်။
သူ၏ အကြည့်မှာ ဤကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမှ မကြောက်ရွံ့သကဲ့သို့ အေးဆေးတည်ငြိမ်နေခဲ့သည်။
“ ငါက အထက်နယ်မြေက ထျန်းယွင်ပြည်နယ်ရဲ့ လင်းမိသားစုဝင် လင်းမို့ပါ “
ထိုလူငယ်က စကားစပြောကာ သူ၏အထောက်အထားကို ထုတ်ဖော်လာခဲ့သည်။
လုချန်ရှန်းကမူ တည်တည်ငြိမ်ငြိမ်သာ ဖြစ်နေခဲ့ပြီး ဆက်လက်၍ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ လင်းမို့သည် မည်သည့်အတွက်ကြောင့်လဲဆိုသည်ကို မသိသော်လည်း အကြည့်ခံနေရသောကြောင့် ကျောချမ်းသွားခဲ့သည်။
လူတိုင်း၏ အကြည့်များအောက်မှာပင် လုချန်ရှန်းက လက်နှစ်ဖက်နောက်ပစ်လိုက်ကာ အဝေးသို့ ငေးကြည့်၍ ပြန်ပြောလိုက်သည်။
“ မီးအိမ်ကို ထုတ်လိုက် “
“ ဘာဖြစ်တယ် “
ထိုစကားတစ်ခွန်းက လူအမြောက်အများကို အံ့ဩတုန်လှုပ်သွားစေခဲ့၏။
အောက်ဘက်တွင် စောင့်ကြည့်နေကြသည့် ပွဲကြည့်ပရိတ်သတ် အများစုမှာ ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။
မီးအိမ်လား။ ဘာမီးအိမ်လဲ။
သို့သော် ကောင်းကင်ဘုံ အကယ်ဒမီမှ လူများ၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။ သူတို့သည် မယုံကြည်နိုင်ဖြစ်နေသော အမူအရာများဖြင့် လုချန်ရှန်းကို ငေးကြည့်နေကြတော့သည်။
ထိုအခိုက်အတန့်တွင် သူက မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ လုပ်နေရလဲဆိုသည်ကို ယွမ်ထင်က နားလည်သွားခဲ့သည်။
“ ဆိုတော့ သူက တစ်ချိန်လုံး သိနေခဲ့ပြီးတော့ အဲ့တာကို ကိုင်တွယ်ဖို့ ပျင်းနေခဲ့ရုံပဲပေါ့။ သူက အားလုံး စောင့်ကြည့်တာကို လိုချင်နေတာပဲ “ ယွမ်ထင်သည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ စိတ်ခံစားချက်များဖြင့် သက်ပြင်းချနေတော့သည်။
လင်းမို့မှာလည်း အချိန်အတော်ကြာ အတွေးနက်သွားခဲ့ကာ တစ်ခဏခန့် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
အစတွင် သူက ရှေးဟောင်းမီးအိမ်ကို ယူဆောင်ကာ တစ်ဖက်လူနှင့် သွားရောက်တွေ့ဆုံရန် ကြံရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင်မူ ၎င်းက လူသိရှင်ကြား ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။
ထို့နောက်တွင် လုချန်ရှန်းက စကားဆက်ပြောနေတော့သည် “ အထိတ်တလန့်ဖြစ်နေဖို့ မလိုပါဘူး။ မင်းတို့ဘာတွေးနေလဲဆိုတာကို ငါသိတယ်။ မင်းတို့က ငါ့ကို ထပ်ခါတလဲလဲ စမ်းသပ်နေမှာကို မလိုချင်ရုံတင်ပဲ။ ငါ့ရဲ့ စိတ်ရှည်သည်းခံမှုက အကန့်အသတ်ရှိတယ်။ ကိစ္စတွေကို တစ်ခါတည်း အပြတ်ရှင်းကြမယ် “
ထို့နောက်တွင် သူ၏ အကြည့်များက တစ်ချို့သော နေရာများကို လွှမ်းခြုံသွားခဲ့သည်။
၎င်းတို့မှာ အမျိုးမျိုးသော မြင့်မြတ်နယ်မြေများဖြစ်ပြီး ထိုနေရာတွင် ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများပါ ရှိနေခဲ့သည်။ သူ၏ စကားလုံးများက ထိုလူများကို ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။
ပွဲကြည့်ပရိတ်သတ်တို့မှာ နားမလည်နိုင်ဖြစ်သွားခဲ့သည်။
လုချန်ရှန်းက စကားဆက်ပြောနေတော့၏ “ မဟာတာအိုကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေက ဖြေရှင်းဖို့ တကယ်ခက်တယ်။ ရှင်သန်နိုင်ခြေက ဆယ်ပုံတစ်ပုံတောင် မရှိဘူးလို့ ပြောရင်တောင်မှ အဲ့တာက ပုံကြီးချဲ့နေတာ မဟုတ်ဘူး။ ဒါပင်မဲ့ အရာအားလုံးမှာ ကံကြမ္မာဆက်နွယ်မှုတွေ ရှိပြီးတော့ အဲ့တာတွေက အမြဲပြောင်းလဲနေတယ် “
သူ၏ အသံက အလွန်တရာ ညင်သာသော်လည်း ကောင်းကင်ဘုံ အကယ်ဒမီဖြစ်စေ အထက်နယ်မြေပင်ဖြစ်စေ လူအမြောက်အများကို အံ့အားသင့်သွားစေခဲ့သည်။
လင်းမို့၏ ခန္ဓာကိုယ် တုန်ရင်သွားကာ သူခံစားနေရသည့် ဖိနှိပ်မှုစွမ်းအားတစ်ခုက ပိုမိုအားကောင်းလာခဲ့၏။
သို့သော် သူသည် သူလက်ဝါးကို ဖြန့်ချလိုက်သေးသည်။ သူ၏လက်ဝါးအတွင်းတွင် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့ပြီး ရှေးဟောင်း အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့၏။ ၎င်းက ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု မဟုတ်သော်လည်း လူအမြောက်အများကို စိတ်တင်းကြပ်သွားစေခဲ့၏။
လူတစ်ချို့က ၎င်းကို မယုံကြည်နိုင်ဖြစ်နေကြသေးသည်။ ၎င်းက သူတို့ကို နောက်ဆုတ်သွားစေရန် ခြိမ်းခြောက်သည့်အနေဖြင့် ထုတ်သုံးသည့် နည်းဗျူဟာတစ်ခုဟုသာ ထင်သွားကြသည်။
လူတိုင်း နောက်ဆုံးရလဒ်ကို မြင်တွေ့ချင်နေသောကြောင့် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။
သို့ရာ၌ ထိုလူများထဲတွင် လုချန်ရှန်းပါ ပါဝင်နေခဲ့လေသည်။ အပေါ်ယံတွင် သူက အေးဆေးတည်ငြိမ်နေပုံရသော်လည်း စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်နေခဲ့သည်။ မျက်လုံးများပေါင်းများစွာ သူ့ကို စောင့်ကြည့်နေလျက်ရှိပြီး အကယ်၍ တစ်ခုခု လွဲချော်သွားမည်ဆိုပါက ပြဿနာတက်သွားရလိမ့်မည် ဖြစ်သည်။
သို့သော် သူက သူ၏ဆရာကို ယုံကြည်ပေသည်။ ထို့ကြောင့်ပင် ဤနေရာတွင် အေးအေးလူလူ ရပ်တည်နေရခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုလူမှာ ဟိုအရင်တစ်ချိန်က ကျင့်ကြံရန်အတွက် သူ့ကို လှည့်စားခဲ့ဖူးသည့် သူ၏ဆရာဖြစ်သူပင် ဖြစ်သည်။ သူက သူ့ကို လိမ်ညာမည်လော။ မည်သို့မျှဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
သိပ်မကြာခင်အချိန်ကမှ သူသည် အကြိမ်နှစ်ဆယ်ထပ်မနည်း ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြီး ဘာပြဿနာမှ မရှိဘူးဟု သူ၏ဆရာက အာမခံခဲ့လေသည်။ တစ်ခုခုသာ မှားယွင်းခဲ့မည်ဆိုပါက ဤဘဝတွင် ဘယ်တော့မှ ခေါင်းမမော့ရပါစေနှင့်ဟုပင် လေးလေးနက်နက် ကျိန်ဆိုပြခဲ့လေသည်။
ထိုကဲ့သို့ပင် ကျိန်ဆိုထားသောကြောင့် မည်သည့်ပြဿနာမှ ရှိနေလိမ့်မည် မဟုတ်ပေ။ လင်းမို့လက်ဝါးအတွင်းတွင် ရှိနေသည့် အလင်းတန်း ပျောက်ကွယ်သွားကာ ကြေးမီးအိမ်တစ်လုံး ပေါ်ထွက်လာခဲ့ပြီး သူ့အရှေ့တွင် မျောလွင့်နေခဲ့သည်။
၎င်းက သာမန်ဆီမီးအိမ်နှင့် မည်သို့မျှ ကွာခြားမနေခဲ့ပေ။ သို့သော် ၎င်းက အားကောင်းသော အရှိန်အဝါနှင့် ရှေးခေတ်အငွေ့အသက်များကို ပိုင်ဆိုင်ထားခဲ့သည်။
သို့ရာတွင် ထိုမီးအိမ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည်။
အမှန်တရားကို မသိကြသူများက ၎င်းက ဘာလဲဆိုသည်ကို တွေးတောစဥ်းစားနေခဲ့ပြီး အမှန်တရားကို သိနေသည့် လူများကမူ ရလဒ်က မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို သိချင်လိုသဖြင့် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။
လင်းမို့မှာလည်း မျက်မှောင်ကြုတ်ကာ အာရုံစိုက်၍ စိုက်ကြည့်နေခဲ့သည်။
ရှေးဟောင်းကြေးမီးအိမ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဖျော့တော့သော အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး လင်းမို့၏ မျက်နှာကို လင်းထိန်သွားစေကာ သူ၏မျက်လုံးများအတွင်းတွင် ရောင်ပြန်ဟပ်သွားစေခဲ့၏။
မှိန်ဖျော့ဖျော့ ဖြစ်နေသည့် အဆိုပါ အလင်းတန်းကို ငေးကြည့်နေရင်းဖြင့် သူ၏ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်။ သူသည် သူ့အရှေ့ရှိ အရာရာတိုင်းကို အာရုံစိုက်၍ စောင့်ကြည့်နေတော့လေသည်။
ထိုစဥ် နားမလည်သည့် လူများက နားမလည်နိုင်ဖြစ်နေသေးပြီး ကောင်းကင်ဘုံ အကယ်ဒမီနှင့် အထက်နယ်မြေမှ လူများ၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။ မှိန်ဖျော့ဖျော့ အလင်းတန်း ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ရလဒ်ကို ဆုံးဖြတ်ပြီးသွားသည့်ပုံပင်။
ထိုအခိုက်အတန့်တွင် လုချန်ရှန်းမှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။ အကြည့်ပေါင်းစုံအောက်မှာပင် သူသည် လင်းမို့ထံသို့ တစ်လှမ်းချင်းလျှောက်လှမ်းသွားတော့သည်။
သူသည် ဖြည်းဖြည်းချင်း အနားကပ်သွားခဲ့သည်။
မီးအိမ်၏ အလင်းရောင်မှာ တဖြည်းဖြည်း တောက်ပလာခဲ့ပြီး သူက လင်းမို့၏ အရှေ့သို့ ရောက်ရှိသွားချိန်တွင် တလက်လက် တောက်ပနေသည့် ရွှေရောင်အလင်းတန်းတစ်ခု ချက်ချင်းပေါက်ထွက်လာခဲ့ပြီး စင်မြင့်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။
တစ်မြို့လုံး လင်းထိန်သွားခဲ့ပြီး ယခင်က မှိန်ဖျော့နေခဲ့သည့် မြို့မှာ ချက်ချင်းတောက်ပလာခဲ့ကာ သူတို့၏ အရှေ့တွင် လုချန်ရှန်း၏ အရိပ်တစ်ခုသာလျှင် ကျန်နေခဲ့၏။
လူတိုင်း အတွေးနက်သွားကြသည်။
သူတို့၏ အတွေးများ ပြိုကွဲသွားပြီး ယွမ်ထင်သည် တောက်ပနေသည့် မီးအိမ်နှင့် အလင်းရောင်တို့ကို တိတ်တဆိတ် ငေးကြည့်နေခဲ့သည်။ သို့သော် သူသည် ယနေ့ခေတ်အခါနှင့် မသက်ဆိုင်သည့် ခံ့ညားထည်ဝါမှုကို မြင်တွေ့နေပုံရ၏။
ထိုအခိုက်အတန့်တွင် စကားသံအားလုံး ရပ်စဲသွားပြီး သက်ရှိသတ္တဝါတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လုချန်ရှန်း၏ အမူအရာကမူ အစမှအဆုံးအထိ မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ။ သူသည် ရှေးဟောင်းမီးအိမ်ကို ငေးကြည့်နေခဲ့ပြီး ထို့နောက် လင်းမို့ကို ကြည့်ကာ အေးအေးလူလူ စကားထပ်ပြာနေတော့သည်။ သူ၏ အသံက မကျယ်သော်လည်း ကောင်းကင်နှင့်ကမ္ဘာမြေကို လှုပ်ခါသွားစေပုံရပြီး အရပ်မျက်နှာရှစ်ခုစလုံးထံသို့ ဟိန်းထွက်သွားခဲ့သည်။
“ မီးအိမ်က လင်းနေတာလား “
--
………………………………………………………………………………………………………………………………………..