အခန်း ၃၃၅
Vol. 23 Ch. 335
အပိုင်း ( 335 )
ငါမရှိရင် အဲ့ဒီအခွင့်အလမ်း ရှိနေပါ့ဦးမလား
တောင်ကောင်းကင်မြို့၏ အရှေ့တွင် ဓားဆန္ဒက အဆုံးမဲ့ ကျယ်ပြန့်နေသည့် ကောင်းကင်ဘုံ တွင်းပေါက်တစ်ခုကို ဖန်တီးထားခဲ့သည်။
လုချန်ရှန်းက သူ၏နေရာမှာပင် မားမားမတ်မတ် ရပ်တည်နေလျက်ရှိပြီး သူ၏ အကြည့်က တစ်မြို့လုံးကို ဖုံးလွှမ်းသွားကာ အဝေးသို့ ရောက်ရှိသွားခဲ့သည်။ အရာအားလုံးက ပုံမှန်အတိုင်းသာ ဖြစ်နေပုံရ၏။
မူချွမ်နှင့် တစ်ခြားလူများ ရောက်ရှိလာခဲ့သည်။
“ သူတော်စင် “
လူတိုင်း စိုးရိမ်တကြီးဖြင့် သတိတကြီး ဖြစ်နေခဲ့ကြသည်။ လုချန်ရှန်းသည် သူ၏လက်ကို ဝေ့ရမ်းကာ သူအဆင်ပြေကြောင်း အချက်ပြလိုက်သည်။
ထို့နောက်တွင် မြို့ကို ငေးကြည့်ကာ ဖြည်းဖြည်းချင်း စကားပြောနေတော့သည် “ မင်းတို့က ထပ်ပြီးတော့ လှုပ်ရှားချင်ကြသေးလား “
ထိုမေးခွန်းက လူတိုင်း၏ စိတ်နှလုံးသားများကို လှုပ်ရမ်းသွားစေခဲ့၏။
ယခင်က တိုက်ခိုက်မှုက အလွန်တရာ ခမ်းနား၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး လူတိုင်းကို တုန်လှုပ်သွားစေခဲ့၏။ သို့သော် သေရမည်ကို မကြောက်သော လူများ ရှိနေသေးသည်။
သို့ရာတွင် အရာအားလုံးက ဤအဆင့်ထိ ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း သူက မည်သို့မျှ မထိခိုက်သွားဘဲ အရာအားလုံးကို အေးအေးလူလူ စောင့်ကြည့်နေခဲ့ကာ စကားထပ်ပြောလိုက်သည်။
“ ငါက အချိန်မရွေး အဆင်သင့်ပဲ။ ဒါပင်မဲ့ မင်းတို့ကတော့ ကိုယ့်ကိုကိုယ် မဖော်ထုတ်တာက ပိုကောင်းလိမ့်မယ် “
လူငယ်လေးတစ်ဦးက စကားပြောနေခြင်းသာဖြစ်သော်လည်း သူက လူတိုင်းကို ခြိမ်းခြောက်နေခဲ့လေသည်။
သာမန်လူများကမူ ကမ္ဘာမြေကို လှုပ်ခါသွားစေသည့် တိုက်ကွက်တစ်ခုကိုသာ မြင်တွေ့လိုက်ကြရသည်။ သို့သော် အစွမ်းထက် ပညာရှင်တစ်ချို့ကမူ ပုံရိပ်ယောင်ကဲ့သို့သော ပုံရိပ်တစ်ခုက အဆိုပါ တိုက်ကွက်အား ထုတ်လွှတ်လာခဲ့သည်ဆိုသည်ကို မြင်တွေ့ခဲ့ကြသည်။
၎င်းက မူဟွမ်ချန်ထားခဲ့သည့် နည်းလမ်းတစ်ခုဖြစ်ပြီး ပုံရိပ်တစ်ခု ဖြစ်တည်လာပြီး သူတို့ဘက်တွင် တစ်စုံတစ်ဦးရှိနေသည်ဟု လူတိုင်းကို ထင်ယောင်ထင်မှားဖြစ်သွားစေခဲ့၏။
ထို့ကြောင့်ပင် ထိုလူများက ကြောက်လန့်တကြား ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
သူတို့သည် အဆိုပါ အစွမ်းထက် ပညာရှင်က မရောက်လာခြင်း မဟုတ်ဘဲ သူတို့က သူ့ကို မရှာနိုင်ခြင်းဖြစ်သည်ဆိုသည်ကို နားလည်သွားပုံရ၏။ ၎င်းက အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
အဆုံးတွင် လုချန်ရှန်းနှင့် သူ၏အဖွဲ့ဝင်အားလုံး ထွက်ခွာသွားခဲ့သည်။
တစ်နေရာတွင် စုစည်းနေသည့် လူများကလည်း အမူအရာများ ဖြူဖျော့သွားကာ ကြောက်လန့်တကြား ဖြစ်နေခဲ့ပြီဖြစ်သည်။
“ ရလဒ်ကို သိနေပင်မဲ့ မင်းတို့က သူ့ကို ဆက်ပြီးတော့ ရန်စချင်နေပြီးတော့ ကိုယ့်ကိုကိုယ် ပြဿနာတွင်းထဲ နှစ်ချင်နေသေးတာလား “ တစ်စုံတစ်ဦးက အေးစက်စွာ မေးခွန်းလာခဲ့သည်။
အစောပိုင်း အချိန်များအတွင်းက ယုံကြည်မှုရှိရှိ စကားပြောခဲ့သည့်လူက ဒေါသတကြီး တုံ့ပြန်လာခဲ့၏ “ အဲ့တော့ ဘာဖြစ်လဲ။ သက်သေအားလုံး ပျောက်သွားပြီ။ ဘယ်သူလဲဆိုတာက သူက ဘယ်လိုလုပ်သိနိုင်မှာလဲ။ သူက လူတိုင်းကို သတ်နိုင်မှာမို့လို့လား “
“ ဟူးးးးးး “
တစ်စုံတစ်ဦးက အသာအယာ သက်ပြင်းချနေတော့သည်။
သူ့ဘေးနားတွင် ရှိနေသည့် လူများမှာလည်း ဘာမှထပ်မပြောလာကြတော့ပေ။
မြို့အတွင်းရှိ လူများမှာလည်း စတင်၍ လူစုခွဲနေကြပြီဖြစ်ပြီး ပြဿနာများ ထပ်မံ၍ ရောက်ရှိလာမည်ကို ကြောက်ကြသောကြောင့် ဤနေရာတွင် ဆက်မနေရဲကြတော့ပေ။
မဟာတောရိုင်း နန်းတော်အတွင်းတွင် လူအမြောက်အများက ဒေါသတကြီး ဖြစ်နေကြပြီး ထိုကိစ္စကို စုံစမ်းစစ်ဆေးကာ မည်သူက လှုပ်ရှားခဲ့လဲဆိုသည်ကို သိချင်နေခဲ့ကြသည်။
သို့ရာတွင် လုချန်ရှန်းကမူ မည်သည့်အရာကိုမှ ဂရုမစိုက်သည့်ပမာ အေးအေးလူလူသာ ဖြစ်နေခဲ့သည်။
သူသည် ထိုလူများက လှုပ်ရှားလာခဲ့ပြီးသည့်နောက်တွင် သူ၏ အထောက်အထားကို အတည်ပြုနိုင်သွားမည်ဆိုသည်ကို သိနေခဲ့သည်။ ထိုလူများက ကြိုတင်ပြင်ဆင်မှုများ သေချာပေါက် ပြုလုပ်ထားမည်ဖြစ်ပြီး သာမန်အခြေအနေများအောက်တွင် သူတို့ကို ရှာဖွေရန်မှာ မဖြစ်နိုင်လှသော ကိစ္စတစ်ခုဖြစ်သည်။
သူသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့ပြီး သူ၏ ခမ်းနားကြီးကျယ်သော ပုံရိပ်ကိုသာလျှင် ထိန်းသိမ်းထားချင်နေခဲ့သည်။
“ ငါသွားတော့မယ် “
လုချန်ရှန်းက အေးအေးလူလူ စကားပြောလိုက်ပြီး အဝေးသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားကာ ကောင်းကင်ဘုံ နှင့်ကမ္ဘာမြေအကြားတွင် ပျောက်ကွယ်သွားခဲ့သည်။
မူချွမ်က ဘာစကားမှ ထပ်မပြောလိုက်ပေ။ အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်ပြီး သူတော်စင်က မဟာတာအိုကို လိုက်လံရှာဖွေမည် ဖြစ်သည်။
သို့ရာတွင် ထိုကိစ္စကို သူနှင့် ရှင်းယွင်တို့ကသာလျှင် သိရှိထားခဲ့သည်။ အပြင်လူများနှင့် မဟာတောရိုင်း နန်းတော်မှ အဖွဲ့ဝင်များအတွက်မူ သူတော်စင်က ထိုနေရာတွင် ရှိနေသေးပြီး အင်အားစုတိုင်းကို ဟန့်တားထားမည် ဖြစ်သည်။
မကြာခင် အချိန်မှာပင် လုချန်ရှန်းက သူ၏ ရုပ်ရည်ကို ထပ်ခါတလဲလဲ ပြောင်းလဲခဲ့ပြီး ဤဒေသမှ ထွက်သွားကာ သာမန်လူငယ်တစ်ဦးအဖြစ် အသွင်ပြောင်းလိုက်ပြန်၏။
သူသည် လမ်းမထက်တွင် လမ်းလျှောက်နေပြီး အနားတွင် မည်သူမှ မရှိဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် မည်သို့မျှ မချုပ်တည်းထားနိုင်တော့ပေ။
“ ခွေးသူတောင်းစားတွေ။ မင်းတို့ ဘယ်သူလဲဆိုတာကို ငါမသိစေနဲ့။ မင်းတို့ကို အရေခွံစုတ်ပစ်မယ် “
ထိုအခိုက်အတန့်တွင် သူက မည်သို့မျှ မွန်မြတ်သန့်စင်မနေတော့ဘဲ တစ်စုံတစ်ဦးကို အစိမ်းလိုက် ဝါးစားချင်နေသကဲ့သို့ ဒေါသတို့ဖြင့် အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။
အဆိုပါ တိုက်ကွက်မှာ နတ်ဘုရားနယ်ပယ် ပညာရှင်တစ်ဦး၏ တာအိုသစ်သီးမှ ဖွဲ့တည်ထားခြင်းဖြစ်ပြီး အစတွင် သူသည် ၎င်းတို့ကို နောင်အနာဂတ်အတွက် သိမ်းဆည်းရန် ကြံရွယ်ထားခဲ့သည်။ သို့သော် ၎င်းကို ထိုကဲ့သို့ အလဟာသဖြစ်သွားစေခဲ့ခြင်းမှာ သူ၏ နှလုံးသားကို တဆစ်ဆစ် နာကျင်ကိုက်ခဲသွားစေခဲ့သည်။ သူသည် ထိုကိစ္စကို ပေါ့ပေါ့တန်တန် လက်လွှတ်လိုက်မည် မဟုတ်ပေ။
ထို့နောက်တွင် လုချန်ရှန်းက နတ်ကောင်းကင်ဂိုဏ်းသို့ ပြန်မသွားခဲ့ပေ။ ထို့အစား လူသူကင်းမဲ့သော နေရာတစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။ ဤကာလအတွင်းတွင် သူသည် မိုးကြိုးတာအိုနှင့် သက်ဆိုင်သည့် ကျမ်းစာအများအပြားကို မဟာတောရိုင်း နန်းတော်၏ စာကြည့်တိုက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
သူသည် ဉာဏ်အလင်းရခဲ့ပြီး အရာအားလုံးကို စနစ်တကျ ပြန်လည်ဆင်ခြင်သုံးသပ်ချင်နေခဲ့သည်။
သူသည် ဓားတာအိုကိုပင် ယှဥ်နိုင်စွမ်းရှိသည့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသော မိုးကြိုးတာအိုကြောင့် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ ၎င်းကို ကျွမ်းကျင်တတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် အဆင့်တူမှ လူတိုင်းကို အနိုင်ယူနိုင်စွမ်းရှိသည့် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်သွားမည် ဖြစ်သည်။
ယခင်က သူ၏ မိုးကြိုးတာအိုမှာ ကြီးမားသော အောင်မြင်မှုနယ်ပယ်သို့ ရောက်ရှိနေခဲ့ကာ မိုးကြိုးတာအို၏ ပထမကောင်းကင်အဆင့်သို့ ဝင်ရောက်ထားနိုင်ခဲ့သည်။ သို့သော် နောက်တစ်ဆင့်နှင့် အတော်ပင် အလှမ်းဝေးနေသေး၏။
သူ၏ ကျင့်ကြံရေး အချိန်က အလွန်တရာ တိုတောင်းလွန်းနေခဲ့ပြီး ဆယ်နှစ်ကျော် ဓားတာအို ကျင့်ကြံမှုမှ ရရှိခဲ့သည့် အသိအမြင်များနှင့် နားလည်မှုများကို မယှဥ်နိုင်ခဲ့ပေ။
သဘာဝ တာအိုစွမ်းအင်များ လည်ပတ်စီးဆင်းနေသည် တာအိုကားချပ်ပါ ဖြစ်တည်လာခဲ့သည်။ သို့သော် ၎င်းမှာ အပြည့်အဝ ပုံပေါ်မလာသေးချေ။
“ ပြီးပြည့်စုံသွားဖို့အတွက် ဝိညာဥ်ကျောက်တုံးတစ်ချို့ကို လိုအပ်နေတုန်းပဲ “
လုချန်ရှန်း၏ အကြည့်များ ဖုံးလွှမ်းသွားခဲ့သည်။ တာအိုကားချပ်၏ ပြီးပြည့်စုံမှုနှင့်သာဆိုပါက သူက ဟွာရှုနယ်ပယ်နှင့် သိပ်မဝေးတော့ပေ။ ဟွာရှုနယ်ပယ် ကျင့်ကြံရေးအတွက် တွေးတောစဥ်းစားရန် အချိန်ကျလာခဲ့ပြီ ဖြစ်သည်။
ထိုနယ်ပယ်က ကြီးမားသော ဝိညာဥ်ချီများကို မလိုအပ်သော်လည်း အလွန်တရာ အရေးကြီးသည့် အဆင့်တစ်ဆင့် ကျန်နေသေး၏။ လူတစ်ဦးက ဓာတ်ကြီးငါးပါး/ဒြပ်စင်ငါးပါး တာအိုကို နားလည်ကာ ရင်ဘတ်အတွင်းတွင် ဓာတ်ကြီးငါးပါးစွမ်းအားကို သိပ်သည်းရမည် ဖြစ်သည်။
ရင်ဘတ်အတွင်းရှိ ဓာတ်ကြီးငါးပါး စွမ်းအင်မှာ ဓာတ်ကြီးငါးပါး နားလည်မှုကို ကိုယ်စားပြုနေခဲ့သည်။ ကောင်းကင်နှင့် ကမ္ဘာမြေက ယင်ယန်ဖြစ်ပြီး ဓာတ်ကြီးငါးပါးက အခြေခံအုတ်မြစ်ဖြစ်ပေသည်။ ၎င်းမှာ လူသားတာအိုမှ နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်နိုင်မည့် သော့ချက်တစ်ခုလည်း ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းကို ပေါ့ပေါ့တန်တန် သဘောထား၍ မဖြစ်ပေ။
သူက သာမန်ဓာတ်ကြီးငါးပါး စွမ်းအင်ကို အထင်သေးနေခဲ့သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ထိုနေရာမှ လျှောက်လှမ်းလာခဲ့သည်။ သူသည် ပထမဦးဆုံးအနေဖြင့် ဟွာရှုနယ်ပယ်သို့ အဆင့်တက်နိုင်မည့် လမ်းကြောင်းတစ်ခုကို ရှာဖွေရန် စီစဥ်ထားပြီး ထို့နောက်တွင် အသုံးဝင်မည့် နည်းလမ်းတစ်ခုခု ရှိနေမလားဆိုသည်ကို သိရရန်အတွက် သူ့ဆရာဆီသို့ ပြန်သွားမည် ဖြစ်သည်။
ထို့နောက်၌ သူသည် ကမ္ဘာလောကအတွင်းတွင် ထပ်မံ၍ ခြေဆန့်နေတော့ပြန်သည်။ ဤတစ်ကြိမ် တံခါးပိတ်ကျင့်ကြံမှုက နှစ်လကျော် ကြာရှည်သွားခဲ့သည့်အတွက် သူအံ့အားသင့်သွားခဲ့ရသည်။
ထိုကာလအတွင်းတွင် ဒေသလေးခုစလုံးမှာ ထူးထူးခြားခြား သက်ဝင်လှုပ်ရှားနေခဲ့သည်။
အထက်နယ်မြေ၏ အင်အားစု အမျိုးမျိုးမှ လူများ ရောက်ရှိလာမှုနှင့်အတူ ယဥ်ကျေးမှု အမျိုးမျိုး ပုံစံအမျိုးမျိုး ကူးစက်ပျံ့လွင့်လာခဲ့ပြီး ၎င်းတို့က အံ့အားသင့်ဖွယ်ကောင်းကာ ထူးခြားသည်ဟု လူတိုင်းကို ထင်မြင်သွားစေခဲ့၏။
လုချန်ရှန်းက အထူးတလည် မေးမြန်းစုံစမ်းခဲ့ပြီး မဟာတောရိုင်း နန်းတော်က လုံခြုံဘေးကင်းနေကာ မည်သူကမှ ထပ်မံ၍ စိန်မခေါ်ဝံ့တော့ဘူးဆိုသည်ကို သိရှိသွားခဲ့သည်။
ထို့အစား အထက်နယ်မြေ၏ ပါရမီရှင်များက ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းကို ချန်ရစ်ထားခဲ့သည်။
သူတို့က လျှို့ဝှက်နယ်မြေတော်တော်များများသို့ သွားရောက်ခဲ့ပြီး အံ့ဖွယ်ကောင်းသည့် နည်းလမ်းများဖြင့် အချိန်မတိုင်မှီ ဖွင့်လှစ်ခဲ့ကြပြီး စူးစမ်းရှာဖွေကာ အခွင့်အလမ်း တော်တော်များများ ရရှိသွားခဲ့ကြသည်။
အံ့အားသင့်ဖွယ်အကောင်းအရာမှာ သူတို့က ဝူဝမ်နယ်မြေကို ရှာဖွေရန်အတွက် ဝူဝမ်ပင်လယ်ပြင်အတွင်းတွင် အမျိုးအမည် မသိရသော နည်းလမ်းတစ်ချို့ကို အသုံးပြုခဲ့ခြင်းပင် ဖြစ်သည်။
သို့ရာတွင် သူတို့က သူတို့ရှာဖွေနေခဲ့သည့် အရာကို မတွေ့သွားခဲ့ပေ။ ထို့နောက်တွင် သူတို့သည် ဝူဝမ်နယ်မြေအတွင်းသို့ ဝင်သွားဖူးသူတိုင်းဆီသို့ သွားရောက်ကာ စုံစမ်းမေးမြန်းခဲ့ကြသည်။
သူတို့က ဝူဝမ်နယ်မြေအတွင်းတွင် ပေါ်ထွက်လာခဲ့သည့် အဘိုးအိုကို ရှာဖွေနေကြခြင်းဖြစ်သည်။
“ သူတို့က ဘာလုပ်ဖို့ ကြိုးစားနေတာလဲဟ “
လုချန်ရှန်းမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။ ထိုလူများက သူ့ကို ရှာဖွေနေကြခြင်းဖြစ်ပြီး သူသည် သူတို့ မက်မောတပ်မက်နေသည့် အရာက မည်သည့်အရာလဲဆိုသည်ကို မသိပေ။ အဆိုပါ သစ်စေ့များ(သို့) ယင်ယန်သစ်သီး(သို့) တစ်ခြားသော ပစ္စည်းတစ်ခုခု ဖြစ်နေနိုင်ပေသည်။
၎င်းတို့အားလုံးက အလွန်တရာ ထူးခြားနေခဲ့သည်။ အထူးသဖြင့် တာအိုစွမ်းအင်နှင့်အတူ မွေးဖွားလာခဲ့သည့် သစ်စေ့များဖြစ်ပြီး သေးငယ်သော သစ်စေ့များက ကြွယ်ဝသော အသက်ဓာတ်ကို သယ်ဆောင်ထားခဲ့သည်။
ကောလဟာလ အမျိုးမျိုးကို ကြားခဲ့ရပြီးသည့်နောက်တွင် ထိုလူများက လေ့ကျင့်ရေးအတွက် ဤနေရာသို့ ရောက်လာခဲ့သည်ဆိုသည်ကို လုချန်ရှန်းကပါ နားလည်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် သူတို့က ကိစ္စနှစ်ခုကို ပြုလုပ်ခဲ့ကြသည်။ သူ့ကို ပစ်မှတ်ထားခြင်းနှင့် အခွင့်အလမ်းများ သိမ်းပိုက်ခြင်းတို့ပင် ဖြစ်သည်။
မထင်မှတ်ထားသော အရာဖြစ်သည့် တစ်ခုတည်းသော ကိစ္စမှာ သူတို့က လမ်းကြောင်းကို ဖွင့်လှစ်နေခဲ့သည့် အချိန်တွင် ဟင်းလင်းပြင်တစ်ခုကို မတော်တဆ ထိုးဖောက်မိသွားခြင်းပင်ဖြစ်သည်။
၎င်းက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ ပြိုကျပျက်စီးသွားခဲ့သည့်နောက်တွင် ကျန်ရစ်ခဲ့သည့် အစိတ်အပိုင်းငယ်တစ်ခု ဖြစ်သည်ဟု ဒဏ္ဍာရီများက ဆိုထားပြီး တိုက်ကြီးကိုးခုနှင့် နယ်မြေဆယ်ခုလောက် မကျယ်ဝန်းသော်လည်း အခွင့်အလမ်း တော်တော်များများ ပါရှိနေခဲ့သည်။
ထိုကဲ့သို့သော နေရာမျိုးကို အစွမ်းထက် ပညာရှင်များက တစ်ကြိမ်မျှ ရှာဖွေတွေ့ရှိခဲ့ပြီး နှစ်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း ထိုကဲ့သို့သော အစိတ်အပိုင်းများကို ရှာတွေ့သည်မှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။
ဤတစ်ကြိမ်တွင်မူ သူတို့၏ လမ်းကြောင်းပြောင်းလဲမှုကြောင့် သူတို့ ထိုဒေသကို မတော်တဆ ထိုးဖောက်မိကာ ရှာဖွေတွေ့သွားခဲ့သည်။ ဝင်ပေါက်တစ်ခု တွေ့ရှိခဲ့ပြီး တစ်စုံတစ်ဦးက အခွင့်အလမ်း တော်တော်များများ ရရှိသွားခဲ့သည်။
ထိုစကားကို ကြားလိုက်ရသည့်နောက်တွင် လုချန်ရှန်းမှာ အနည်းငယ် ဂဏာမငြိမ်ဖြစ်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာကို ဖွင့်လှစ်ခဲ့သည်မှာ ခုနစ်ရက် ရှစ်ရက်မျှ ရှိနေခဲ့ပြီဖြစ်သောကြောင့် ဖြစ်သည်။
တစ်နည်းဆိုရသော် သူက အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူကသာ ထပ်မံ၍ နောက်ကျနေဦးမည်ဆိုပါက အဆိုပါ အခွင့်အလမ်း အကုန်လုံးကို တစ်ခြားလူများက သိမ်းပိုက်သွားမည်မဟုတ်လော။
သူသည် သူထွက်သွားကာ တံခါးပိတ်ကျင့်ကြံနေသည့် အချိန်တွင် ထိုကဲ့သို့သော ဖြစ်ရပ်တစ်ခု ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် တည်နေရာကို မေးမြန်းကာ ထိုနေရာသို့ တဟုန်ထိုး ပြေးသွားတော့လေသည်။
“ ချီးပဲကွာ။ ငါ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်သာ မဟုတ်ဘူးဆိုရင် သူတို့က အဲ့ဒီရတနာမြေကို ရှာတွေ့မှာမို့လို့လား။ အခု သူတို့က အဲ့တာကိုပါ လက်ဝါးကြီးအုပ်နေကြပြီး ငါကို တစ်ယောက်မှ လာအသိမပေးကြဘူးပေါ့ “
လုချန်ရှန်းက အရှက်မဲ့စွာ ပြောဆိုနေတော့သည်။ ထိုမျှ ကြီးမားသော အခွင့်အလမ်းမျိုးက သူမပါဘဲ မည်ကဲ့သို့ ဖြစ်တည်လာမည်နည်း။
--
……………………………………………………………………………………………………………………………………..