အခန်း ၃၃၆
Vol. 23 Ch. 336
အပိုင်း ( 336 )
မင်းမသိလောက်ဘူး။ ချီးထွက်တော့မလို့ဟေ့
တောင်ပိုင်းဒေသနှင့် အရှေ့ပိုင်းဒေသကြားရှိ နယ်စပ်တွင် ကြီးမားသော ကုန်းမြေတစ်ခုက ကြီးမားသောစွမ်းအားတစ်ခုကြောင့် ဆုတ်ပြဲသွားပြီး ကောင်းကင်ပြင်အထိ ဆန့်တန်းနေသည့် ကြီးမားသော အက်ကွဲကြောင်းတစ်ခုကို လှစ်ဟပြသနေခဲ့သည်။
ထိုနေရာ၏ အပြင်ဘက်တွင် ဟာလာဟင်းလင်းဖြစ်နေသည့် နေရာတစ်ခု ရှိနေခဲ့ပြီး ၎င်းကို ကျော်ဖြတ်သွားပါက ကမ္ဘာငယ်တစ်ခုကို မြင်တွေ့လာရမည် ဖြစ်သည်။
နှစ်ရက်ကြာသွားလာနေခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက ထိုနေရာသို့ ရောက်ရှိသွားခဲ့သည်။ ကိုးရက်တိတိ ရှိနေခဲ့ပြီဖြစ်သည်။ သူသည် တစ်ခြားလူများက အခွင့်အလမ်းများကို မည်မျှလောက်အထိ ရရှိသွားခဲ့ပြီလဲဆိုသည်ကို သိချင်သွားခဲ့သည်။
အထူးသဖြင့် သူကဲ့သို့ အလွန်တရာ ဆင်းရဲကြပ်တည်းသည့် လူတစ်ဦးအတွက်ဖြစ်ပြီး သူက ကိုးရက်တိတိ နောက်ကျနေခဲ့လေသည်။
၎င်းက သူ့နှလုံးသားကို ဓားဖြင့် ထိုး၍ ဆော့ကစားနေသည့်ပမာ ဖြစ်နေခဲ့ပြီး သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အက်ကွဲကြောင်းထံသို့ ပြေးဝင်သွားတော့သည်။
လူအမြောက်အများက ကောင်းကင်နှင့် ကမ္ဘာမြေ အက်ကွဲကြောင်းကို စိုက်ကြည့်နေခဲ့ကြသည်။ မဟာတောရိုင်း နန်းတော်မှအပ တစ်ခြားသော မြင့်မြတ်နယ်မြေအားလုံးက အမွေဆက်ခံသူများနှင့်အတူ ရောက်ရှိလာခဲ့ကြသည်။
ကောင်းကင်ဘုံ အကယ်ဒမီနှင့် အထက်နယ်မြေ၏ လူတစ်စုတို့ပါ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
တစ်လောကလုံးက သူတို့၏ လုပ်စာကို ထိုင်စားနေရသည့် မျက်နှာခုနစ်ခေါက်ချိုး ရှစ်ခေါက်ချိုး ဖြစ်နေသည့် လူများမှာ ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများပင် ဖြစ်သည်။
“ ငါက သူတို့နဲ့ စာရင်းမရှင်းရသေးတာကိုတောင် သူတို့က ထပ်ပြီးတော့ မောက်မာနေသေးတယ်ပေါ့ “
လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့ပြီး သူ၏ အကြည့်ကို ပြန်ရုတ်ကာ အက်ကွဲကြောင်းနားသို့ ချဥ်းကပ်သွားတော့သည်။
လူတော်တော်များများသည် တစ်စုံတစ်ဦး ချဥ်းကပ်လာသည်ကို သိနေခဲ့ကြသည်။ သို့သော် မည်သူကမှ မတားဆီးဘဲ အေးအေးလူလူ စောင့်ကြည့်နေခဲ့ကြသည်။ သူတို့၏ အမြင်တွင် ထိုလူက ကံကိုအားကိုး၍ ပွပေါက်တိုးမလားဟု ကြံရွယ်နေသည့် သာမန်ကျင့်ကြံသူတစ်ဦးမျှသာဖြစ်နေခဲ့သည်။
မည်သူကမှ ပုရွက်ဆိတ်တစ်ကောင်ကို အဖက်မလုပ်ချင်ကြပေ။
လုချန်ရှန်းကမူ အက်ကွဲကြောင်းအတွင်းသို့ ချောချောမွေ့မွေ့ ဝင်ရောက်သွားပြီး ပုံရိပ်ယောင် အလွှာများနှင့် လူတစ်ဦးကို ကျောချမ်းသွားစေလောက်သည့် အဆုံးမဲ့ အမှောင်ထုကို ကျော်ဖြတ်သွားခဲ့သည်။
တစ်ခဏ အကြာတွင် သူသည် အလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ရပြီး သူ၏ အမြင်အာရုံအတွင်းတွင် အဆုံးမဲ့ ရှုခင်းတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ ၎င်းက အဆိုပါ ကမ္ဘာငယ်ပင် ဖြစ်သည်။
ဤနေရာရှိ စည်းမျဥ်းစည်းကမ်းများက မပြည့်မစုံ ဖြစ်နေခဲ့သော်လည်း ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်များကို ဝင်ခွင့်ပေးထားခဲ့သည်။
သို့ရာတွင် ဤနေရာရှိ ဝိညာဥ်ချီများကြောင့် သူတအံ့တဩ ဖြစ်သွားခဲ့ရသည်။ ၎င်းက နှစ်ပေါင်းများစွာ မေ့လျော့ခဲ့ရထားရသည့် ကမ္ဘာတစ်ခုဖြစ်ပြီး ၎င်း၏ ဝိညာဥ်ချီများက မည်မျှသိပ်သည်းလဲဆိုသည်ကို မှန်းဆကြည့်နိုင်ပေသည်။
“ နေရာကောင်းလေးတစ်ခုပဲ “
လုချန်ရှန်းက တအံ့တဩဖြင့် လွှတ်ခနဲပြောမိသွားခဲ့သည်။ သူသည် အသက်ရှူကြိမ်တစ်ကြိမ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ဝိညာဥ်ချီအားလုံးကို စုစည်းလိုက်သည်။
သူသည် မည်သို့မျှ လေးဖင့်မနေဘဲ ကောင်းကင်ထက်သို့ ချက်ချင်းခုန်တက်သွားကာ အဝေးသို့ ပြေးထွက်သွားတော့သည်။
အရေးကြီးသော အခိုက်အတန့်တွင် သူမည်သို့မျှ မစောင့်ဆိုင်းနိုင်တော့ပေ။
အကယ်၍ သူကသာ အနည်းငယ်မျှ နောက်ကျသွားမည်ဆိုပါက အရိုးနှင့် စားကြွင်းစားကျန်ကို မဆိုထားနှင့် လက်ဆေးရေပင် ကျန်နေခဲ့မည် မဟုတ်ပေ။
အစတွင် သူသည် ပေါ့ပေါ့ပါးပါးသာ ဖြစ်နေခဲ့သည်။ သို့သော် အထဲသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင်မူ သူသည် ကန်းယွင်ကားချပ်ကပင် ငြိမ်ကျသွားပုံရကာ မည်သို့မျှ မတုံ့ပြန်လာခဲ့ပေ။ သူက ထပ်ခါတလဲလဲ ကြိုးပမ်းခဲ့သော်လည်း ၎င်းက အိမ်မောကျသွားသည့်အလား ဖြစ်နေခဲ့သည်။
သူသည် ထပ်မံ၍ ကြိုးစားနေခဲ့ပြီး မည်သည့်တုံ့ပြန်မှုကိုမှ မရရှိခဲ့သေးပေ။ အချိန်က အရေးကြီးနေသောကြောင့် သူသည် ထပ်မံ၍ ရုန်းကန်မနေတော့ပေ။ ဤနေရာသို့ ဝင်ရောက်ခွင့်ရှိသည့် အမြင့်ဆုံး ကျင့်ကြံရေးက ဟွာရှုနယ်ပယ် အဆင့်သုံးဖြစ်သည်။ ထို့ကြောင့် ကန်းယွင်ကားချပ်ကို မည်သို့မျှ လိုအပ်နေမည် မဟုတ်ပေ။
အတွင်းပိုင်းသို့ ရောက်ရှိသွားမှုနှင့်အတူ သူ၏ စိတ်စွမ်းအားက ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။ သို့သော် သူသည် အသုံးဝင်သည့် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ အရာအားလုံးကို အရင်ရောက်နေသူများက ယူဆောင်သွားခဲ့ပြီ ဖြစ်သည်။
လျှို့ဝှက်နေရာတစ်ခုတွင် တည်ရှိနေသည့် ဝိညာဥ်ရေတွင်းတစ်ခုကိုသာလျှင် မြင်တွေ့ခဲ့ရသည်။ သူသည် စကားတစ်ခွန်းမှ ပြောမနေဘဲ ဆယ်ပေနက်သည့် ရေတွင်းတစ်ခုလုံးကို တစ်ကျိုတ်တည်း မော့သောက်ချလိုက်သည်။
“ တကယ်ကြီးလားဟ။ ဒီလောက်နည်းနည်းလေးက လူတစ်ယောက်အတွက် ဘယ်လိုလုပ်လောက်မှာလဲ။ သွားကြားတောင် မညပ်ဘူး “
လုချန်ရှန်းမှာ အနည်းငယ်မျှ ညည်းညူကာ ထပ်မံ၍ ထွက်ခွာသွားခဲ့ပြန်သည်။ သူသည် လမ်းတစ်လျှောက်တွင် မည်သည့်သက်ရှိသတ္တဝါကိုမှ မမြင်တွေ့ခဲ့ရပေ။ ကိုးရက်အတွင်းမှာပင် လူတိုင်းက အတွင်းပိုင်းသို့ ရောက်ရှိသွားကြသည့်ပုံပင်။
ရွေးချယ်စရာ မရှိတော့သောကြောင့် သူသည် မြေကျုံ့ခြင်း နည်းစနစ်ကို အသက်သွင်းကာ အလွန်တရာ မြန်ဆန်သော အမြန်နှုန်းဖြင့် အတွင်းပိုင်းသို့ ဦးတည်သွားတော့သည်။
ယခုတွင် သူက အချိန်နှင့် အပြေးပြိုင်နေသည်ဟုပင် ပြောဆိုနိုင်ပေသည်။ အကယ်၍ သူကသာ တစ်ခဏခန့် နောက်ကျနေမည်ဆိုပါက အလွန်တရာ ကြီးမားသော အခွင့်အလမ်းများနှင့် လွဲချော်သွားနိုင်ပေသည်။
သူသည် ထိုအခိုက်အတန့်တွင် ဝိညာဥ်သစ်သီးနောက်တစ်ခုကိုပါ ထပ်မံ၍ မြင်တွေ့လာခဲ့ရသည်။ ၎င်း၏ ချီအဆီအနှစ်များ ရစ်သီနေကာ ထူးခြားသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
လုချန်ရှန်းသည် အနားသို့ တိုးသွားပြီး ၎င်းကို ခူးယူကာ တိုက်ရိုက်ကိုက်ဝါးနေတော့သည်။ စားနေရင်းဖြင့် သူသည် တစ်ခြားသော အခွင့်အလမ်းတစ်ခုခု ရှိနေမည်လားဟု မျှော်လင့်ရင်းဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
သူသည် မည်သည့်အရာမှ ကျန်မနေတော့ဘူးဆိုသည်ကိုသာ မြင်တွေ့လိုက်ရသည်။
“ ခွေးသူတောင်းစားတွေ အကုန်လုံးကို အပြောင်ရှင်းသွားတယ်။ ငါ့အတွက် တစ်ကိုက်စာလောက်တောင် မချန်ထားခဲ့ကြဘူး “
လုချန်ရှန်းက ဒေါသတကြီး ရေရွတ်ပြောဆိုကာ အသီးကို ကိုက်ဝါး၍ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ ငါက ကိုးရက်လေးပဲ နောက်ကျနေခဲ့တာလေ။ တကယ်ကြီးကို လက်ဗလာနဲ့ ပြန်သွားရတော့မှာလားဟ။
သူသည် တွေးတောစဥ်းစားရင်းဖြင့် ထပ်မံ၍ သက်ပြင်းချနေတော့ပြန်သည်။ ထို့နောက်တွင် သစ်သီး၏ အူတိုင်ကို လွှင့်ပစ်ကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် အလင်းတန်းတစ်ခုသည် အဝေးတစ်နေရာမှ သူ့ဆီသို့ တိုက်ရိုက်ဦးတည်၍ ပျံသန်းလာခဲ့သည်။
အစတွင် သူသည် ၎င်းက နောက်ထပ် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟုသာ ထင်သွားခဲ့သည်။ သို့သော် ၎င်းက သူ၏ခြေထောက်ဘေးသို့သာ ကျဆင်းလာခဲ့သည်။ အကယ်၍ ၎င်းကသာ တစ်လက်မမျှ မရွေ့လျားသွားခဲ့ဘူးဆိုပါက ၎င်းက သူ၏ခြေထောက်ကို တိုက်ရိုက်ထိမှန်သွားမည်ဖြစ်သည်။
လုချန်ရှန်းမှာ တစ်ခဏခန့် ငေးငိုင်သွားခဲ့သည်။ အနီးကပ်ကြည့်ရှုစစ်ဆေးလိုက်ရာ သူ၏ခြေရင်းတွင် ပုံရိပ်တစ်ခု လှဲလျောင်းနေပြီး မြေပြင်ဘက်သို့ မျက်နှာမူထားသည်ကို မြင်တွေ့လိုက်ရသည်။
သူဇဝေဇဝါ ဖြစ်နေသည့် အချိန်မှာပင် အဆိုပါ ပုံရိပ်က ဖြည်းဖြည်းချင်း လှုပ်ရှားလာခဲ့ကာ သူ၏ခြေထောက်ကို ဆုပ်ကိုင်လာခဲ့၏။
“ သောက်ကျိုးနည်း လုပ်ဇာတ်ကြီးလားဟ “
လုချန်ရှန်းသည် အံ့အားသင့်သွားကာ အလောတကြီး နောက်ဆုတ်သွားတော့သည်။ သူသည် သူက ထိုကဲ့သို့သော လိမ်လည်မှုမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကံဆိုးစွာဖြင့် ထိုလူက ပစ်မှတ်ကို မှားရွေးခဲ့မိလေသည်။ သူက ထိုလူ့ကို တွန်းထုတ်လိုက်တော့မည့် အချိန်တွင် သူသ် မြေပြင်ထံမှ တဖြည်းဖြည်းကြွတက်လာသည့် မျက်နှာတစ်ခုကို မြင်တွေ့သွားခဲ့သည်။ ၎င်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသောအခါတွင် သူတအံ့တဩ ဖြစ်သွားခဲ့သည်။
“ ကျင်းယု။ မင်းကိုး “
လုချန်ရှန်းမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ သူ့အရှေ့တွင် ရှိနေသည့် လူမှာ ရှောင်ဟေး၏ သွေးနှောညီငယ် ကျင်းယုပင် ဖြစ်နေခဲ့သည်။
သူသည် သူ၏လက်ကို မြှောက်ကာ မှော်စွမ်းအားများကို အသုံးပြု၍ ထိုလူ့ကို ဆွဲထူလိုက်သည်။ ၎င်းကို မြင်လိုက်ရသောအခါတွင် ကျင်းယုက ကြောက်ကြောက်လန့်လန့်ဖြင့် စတင်၍ ရုန်းကန်နေတော့လေသည်။
“ မင်းဘယ်သူလဲ။ ငါ့ကိုလွှတ်။ ငါ ……… “
“ ငါက မင်းရဲ့ အစ်ကိုကြီးပဲ “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်သည်။
ကျင်းယုမှာ သတိအပြည့်ဖြစ်သွားခဲ့သည်။ လုချန်ရှန်းကမူ မည်သည့်စကားမှ ထပ်ပြောမနေတော့ပေ။ သူ၏ပတ်ပတ်လည်တွင် အလင်းတန်းတစ်ခုဖြစ်တည်လာခဲ့ပြီး သူ၏ ရုပ်ရည်မှာ သူ၏မူလအသွင်အပြင်အဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့သည်။ အံ့မခမ်းလိလိ ချောမောလွန်းလှသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့၏။
“ လုချန်ရှန်းလား “
“ ဟုတ်တယ် “
လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်ကာ စကားပြောရန် ပြင်လိုက်သည်။ သို့သော် ထိုလူငယ်က ပိုမိုရုန်းကန် လှုပ်ရှားလာခဲ့ပြီး ကျယ်လောင်စွာ အော်ပြောလာတော့၏။
“ မင်းမေကလွှား။ အစ်ကိုကြီး မင်းအသက်ရှင်နေတုန်းက ငါမင်းကို အများကြီး လေးစားခဲ့တာပါကွာ။ မင်းသေတာက ငါနဲ့ ဘာမှမဆိုင်ဘူးလေ။ ငါ့ကို ဒုက္ခမပေးပါနဲ့ကွာ ……….. “
လုချန်ရှန်း : “ … “
လုချန်ရှန်းသည် အဆိုပါ သွေးနှောလူငယ်ကို ငေးကြည့်နေရင်းဖြင့် ဆွံ့အသွားခဲ့သည် “ မင်းက ကျင့်ကြံသူတစ်ယောက်လေ။ သရဲတစ္ဆေတွေကို ကြောက်နေတာလားဟ “
“ ကျုပ်က အဲ့တာတွေကို သေချာပေါက် မကြောက်ဘူးပေါ့။ ဒါပင်မဲ့ ခင်ဗျားက လုချန်ရှန်းလေ။ ဘယ်လောက်တောင် ထူးခြားပြီးတော့ ပြိုင်ဘက်ကင်းလိုက်သလဲ ………. “
လုချန်ရှန်းမှာ ၎င်းကို နားထောင်နေရင်းဖြင့် အတော်ပင် စိတ်ကျေနပ်သွားခဲ့သည်။ အဆိုပါ အကဲဖြတ်မှုက ပြီးပြည့်စုံမှု မရှိသော်လည်း လက်ခံနိုင်ဖွယ် ရှိနေသေးသည်။ သို့ရာတွင် ဆက်လက်၍ ပေါ်ထွက်လာသည့် စကားလုံးများက သူ၏ အမူအရာကို မည်းမှောင်သွားစေခဲ့သည်။
“ မင်းလို ဘဝတစ်ခုရဲ့ ကပ်ဘေးတစ်ခုက သေပြီးတဲ့နောက်မှာ သရဲကောင်းဖြစ်မှာ မဟုတ်ဘူး။ ငါ့ကို ချမ်းသာပေးပါကွာ ………. “
“ ငါက လူဟ ”
လုချန်ရှန်း၏ အမူအရာ မည်းမှောင်သွားတော့သည်။ သူသည် ထိုအကောင့်ကို အသေရိုက်သတ်ချင်သွားခဲ့သည်။ မင်းပြောနေတာတွေက လူစကားရော ဟုတ်ရဲ့လားဟ။
“ ခင်ဗျားက တကယ့်လူလား “ ကျင်းယုမှာ အနည်းငယ်မျှ စိတ်တည်ငြိမ်သွားခဲ့ကာ မအောင့်ထားနိုင်တော့ဘဲ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ ဒါပင်မဲ့ မင်းသေသွားပြီ မဟုတ်ဘူးလား “
“ အဲ့ကိစ္စကို နောက်မှပြောမယ်။ ခုနက ဘာဖြစ်သွားတာလဲ။ ငါတို့ မတွေ့ရတာသိပ်မကြာသေးပါဘူး။ မင်းက လူတွေကိုပါ လိုက်လိမ်နေပြီလား “
ကျင်းယုသည် ကိုယ့်ကိုကိုယ် စိတ်တည်ငြိမ်သွားစေလိုက်ပြီး လုချန်ရှန်းကို ဂရုတစိုက် စစ်ဆေးကြည့်ရှုကာ သူ၏ကိုယ်ပိုင်နဖူးကို ထိ၍ ထို့နောက်တွင် လုချန်ရှန်း၏ နဖူးပေါ်သို့ သူ့လက်ကို တင်လိုက်သည်။ သူ့အရှေ့တွင် ရှိနေသည့်လူက လူသားတစ်ဦးဖြစ်သည်ဆိုသည်ကို အတည်ပြုခဲ့ပြီးသာလျှင် သူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
သို့ရာတွင် သူသည် ချက်ချင်းဆိုသလိုပင် ထပ်မံ၍ စိတ်လှုပ်ရှားသွားခဲ့ကာ စကားပြောထပ်လာခဲ့သည် “ ကျွန်တော့်ကို အစ်ကိုမီထျန်းက ကန်ထုတ်လိုက်တာ “
“ ရှောင်ဟေးလား “
“ ဟုတ်တယ်။ ကျွန်တော်က ဒီနေရာကို ရောက်လာပြီးတော့ သူ့ကို မတော်တဆ တွေ့ခဲ့တာ။ အစကတော့ သူ့ကို သွားပြီးတော့ နှုတ်ဆက်မလို့ပဲ။ ဒါပင်မဲ့ ကျွန်တော်ရောက်သွားတာနဲ့ သူက ကျွန်တော့်ကို ကန်ထုတ်လိုက်တာ။ အစ်ကိုကြီးကတော့ ယုံမှာ မဟုတ်လောက်ဘူး။ သူက ကျွန်တော့်ကို ချီးထွက်လုနီးပါး ဖြစ်အောင် ရိုက်ခဲ့တာ “
ကျင်းယုသည် အစောပိုင်းအချိန်များအတွင်းက ဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်ပြောင်းပြောပြနေခဲ့ပြီး မတရားခံခဲ့ရသကဲ့သို့ ပိုပို၍ ခံစားသွားခဲ့ရသည်။
လုချန်ရှန်းက မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလိုက်သည် “ မင်းက သူ့မိန်းမကို ကြာခိုလိုက်လို့လား “
“ အဲ့ဒီ ရတနာဟောင်းကြီးက သူနဲ့ ဆိုင်နေမယ်ဆိုတာကို ကျွန်တော်မသိဘူးလေ။ ခုနကလေးတင် သူနဲ လောင်လျူက အဲ့မှာ ရှိနေတာကို တွေ့ခဲ့ရတယ်။ နောက်လူတစ်ယောက်လည်း ရှိနေတယ်။ အဲ့လူက ကောင်းကင်ဘုံ အကယ်ဒမီရဲ့ အစွမ်းထက် ပညာရှင်တစ်ယောက် ဖြစ်မဲ့ပုံပဲ။ တကယ်တော့ သူက ကျွန်တော် တစ်ခုခု ကြားသွားမှာကို ကြောက်နေတာ “
ကျင်းယုမှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့သည်။
လုချန်ရှန်းကမူ ဇဝေဇဝါဖြင့် မေးမြန်းနေတော့သည် “ အဲ့လူက ဘယ်လိုပုံစံမျိုးလဲ “
“ အသက်သုံးဆယ်ကျော်အရွယ်ပဲ။ တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်။ သတ်ဖြတ်လိုစိတ်အပြည့်ပဲ။ တောင်ထွတ်တစ်ခုခုရဲ့ သခင်လို့ ပြောကြတယ် “
လုချန်ရှန်းမှာ ၎င်းကို နားထောင်နေရင်းဖြင့် အမူအရာ ပြောင်းလဲသွားခဲ့သည်။
“ ကျင်းဝူရွှေ့လား။ သူဘာလုပ်ချင်နေတာလဲ “
သူသည် စကားပြောဆိုနေရင်းဖြင့် အဝေးသို့ ငေးကြည့်မိသွားခဲ့သည်။ သို့သော် သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေမှတစ်ဆင့် ကျယ်လောင်သော အော်ဟစ်သံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။ စိမ်းနက်ရောင် ငှက်တစ်ကောင်က ၎င်း၏တောင်ပံများကို ဖြန့်ကာ မိုးကုပ်စက်ဝိုင်းထံသို့ ပျံတက်လာခဲ့၏။
၎င်း၏ ခန္ဓာကိုယ်မှာ သွေးများဖြင့် ဖုံးလွှမ်းနေလျက်ရှိပြီး ပူပူနွေးနွေး သွေးစက်များနှင့် အမွှေးအတောင်များ အဆက်မပြတ် ကျဆင်းနေခဲ့သည်။ ၎င်း၏ တောင်ပံတစ်ဖက်မှာပင် သွေးထွက်သံယို အပေါက်တစ်ခု ရှိနေခဲ့လေသည်။
၎င်းက ရှောင်ဟေးပင် ဖြစ်သည်။
--
……………………………………………………………………………………………………………………………………….