အခန်း ၃၃၇
Vol. 23 Ch. 337
အပိုင်း ( 337 )
အားနည်းတဲ့သူကို အနိုင်ကျင့်ပြီးတော့ သာလွန်တယ်လို့ ခံစားနေရတာလား
ရှောင်ဟေးက ကောင်းကင်ပြင်ကို ကျော်ဖြတ်၍ ပျံသန်းလာခဲ့သည်။
လုချန်ရှန်းက ၎င်းကို မော့ကြည့်လိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ အဲ့ကောင်က ဘာတွေမှားနေတာလဲဟ။ အမြဲတမ်း လိုက်ဖမ်းခံနေရတယ် “
သူသည် သူတို့၏ ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုကို ပြန်၍အမှတ်ရသွားခဲ့သည်။ ထိုစဥ်က ရှောင်ဟေးမှာ အနောက်ပိုင်း ဗုဒ္ဓဂိုဏ်းမှ လူများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရကာ ကန်းယွင်ဂိုဏ်းအနီးအနားထိ ထွက်ပြေးလာခဲ့ရလေသည်။ ထို့နောက်တွင် သူက အကြိမ်ပေါင်းများစွာ လိုက်ဖမ်းခံခဲ့ရကာ တိုက်ခိုက်ခံခဲ့ရသည်။ လုချန်ရှန်းသည် ထပ်မံ၍ စောင့်ကြည့်မနေနိုင်တော့ပေ။
ကျင်းယုကမူ အမှန်တရားကို မသိသည့်အတွက် ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းက စကားဆက်ပြောနေတော့၏ “ သူက ဘယ်သူ့ကိုမှ ငြိမ်းငြိမ်းချမ်းချမ်း မနေစေချင်ဘူးပဲ “
ထို့နောက်၌ ချက်ချင်းဆိုသလိုပင် ရှောင်ဟေးအရှေ့ရှိ ဟင်းလင်းပြင်အတွင်းတွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာကာ သူ၏လမ်းကြောင်းကို တားဆီးပိတ်ဆို့လာခဲ့သည်။
“ မင်းက ဘယ်သွားချင်နေတာလဲ “
စကားပြောလာသူမှာ ကျင်းဝူရွှေ့ပင် ဖြစ်သည်။ သူက ထိုနေရာတွင် ပေါ်လာခဲ့ကာ သူ၏သတ်ဖြတ်လိုစိတ်များ မြင့်တက်သွားပြီး မျက်လုံးများ နီရဲနေခဲ့သည်။
“နောက်ထပ်ကိုယ်ပွားတစ်ခု “ လုချန်ရှန်းက စကားပြောလိုက်သည်။
တစ်ဦးကိုတစ်ဦး မြင်တွေ့လိုက်ရသောအခါတွင် ရှောင်ဟေးက တစ်ဖက်သို့ လှည့်ပြေးသွားခဲ့သည်။
ကျင်းဝူရွှေ့က လှုပ်ရှားလာခဲ့ကာ သူ၏ အေးစက်စက် အသံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။
“ အသုံးမဝင်ဘူး။ အခု မင်းပြေးမလွတ်တော့ဘူး “
ထို့နောက်တွင် ကျင်းဝူရွှေ့က တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားကာ သူ၏ ပြေးလမ်းကြောင်းကို ထပ်မံ၍ ပိတ်ဆို့လိုက်သည်။
“ ဘာတွေ ဖြစ်နေတာလဲဟ “ လုချန်ရှန်းမှာ နားမလည်နိုင်ဖြစ်သွားခဲ့သည်။
၎င်းတို့ အားလုံးကို နားထောင်ခဲ့ရပြီးသည့်နောက်တွင် ကျင်းယုမှာ သူက မည်သည့်အတွက်ကြောင့် ကန်ထုတ်ခံခဲ့ရလဲဆိုသည်ကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။ သူသည် လုချန်ရှန်းကို ချက်ချင်းလှည့်ကြည့်လိုက်ကာ ပြန်ပြောလိုက်သည် “ အစ်ကိုကြီး ငါတို့က နောက်မှ စကားပြောကြမယ်။ သူ့ကို ဘယ်လိုကယ်ရမလဲဆိုတာကို အရင်စဥ်းစားသင့်တယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် သူက အသေရိုက်သတ်ခံရလိမ့်မယ် “
“ အို့ ငါမေ့တော့မလို့ပဲ “
လုချန်ရှန်းက သတိပြန်ဝင်သွားခဲ့သည်။ အပြစ်မရှိသူများကို မထိခိုက်စေရန်အတွက် သူသည် ကျင်းယုကို မီးဖိုအတွင်းသို့ ထိုးထည့်လိုက်ကာ ပြေးထွက်သွားတော့သည်။ သူ၏ ပုံရိပ်က လျှပ်စီးကဲ့သို့ မြန်ဆန်နေခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အနားသို့ ရောက်ရှိသွားခဲ့သည်။
အမြန်နှုန်းက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့၏။ ရှောင်ဟေးက သူ၏တောင်ပံများကို ခတ်ကာ ထွက်သွားရန် ကြိုးပမ်းနေခဲ့သည်။ သို့သော် မှုန်ဝါးဝါး ပုံရိပ်တစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရပြီး သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် ရင်းနှီးကာ သက်တောင့်သက်သာ မရှိသည့် စိတ်ခံစားချက်တစ်ခု သူ၏စိတ်ထဲတွင် လှိုက်တက်လာခဲ့၏။
ဧရာမလက်တစ်ဖက်က သူ၏ လည်ပင်းကို ဖမ်းဆုပ်လာခဲ့ပြီး ရုန်းကန်ခွင့် မပေးဘဲ ဆွဲချသွားခဲ့သည်။
တရင်းတနှီးရှိနေသည့် အဆိုပါ စိတ်ခံစားချက်က သူ့ကို တစ်ခဏခန့် စိတ်လွတ်သွားစေခဲ့၏။
ကျင်းဝူရွှေ့မှာလည်း ရပ်တန့်သွားခဲ့သည်။ သူ၏ မျက်ဝန်းများ မှေးစင်းသွားသော်လည်း သတ်ဖြတ်လိုစိတ်များ ကျန်ရှိနေသေးသည်။
တစ်ခြားတစ်ဘက်တွင်မူ လုချန်ရှန်းက ရှောင်ဟေးကို ဆွဲခေါ်သွားကာ လီတစ်ထောင်အထိ နောက်ဆုတ်သွားပြီး ချိုင့်ဝှမ်းတစ်ခု အတွင်းသို့ ဆင်းသက်သွားခဲ့သည်။
ချုပ်မှောင်မှုမှ လွတ်မြောက်သွားသောအခါတွင် သူသည် ရင်းနှီးသော မျက်နှာတစ်ခုကို မြင်တွေ့သွားကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
“ မင်းရောက်နေပြီပဲ “
“ တကယ်လို့ ငါမလာဘူးဆိုရင် မင်းသေနေလောက်ပြီ “ လုချန်ရှန်းမှာ ကူရာကယ်ရာမဲ့သွားခဲ့သည်။ သူသည် သူ၏ ယခင်ဘဝတွင် ထိုအကောင့်ကို အကြွေးတင်ထားခဲ့သည်ဟု အမြဲလိုလို ခံစားနေခဲ့ရသည်။ သူက ဘာဖြစ်လို့ နည်းနည်းလောက် ပိုကြိုးစားပြီးတော့ မကျင့်ကြံနိုင်ရတာလဲဟ။
ရှောင်ဟေးက လူသားပုံသဏ္ဍာန်အဖြစ် ပြန်၍အသွင်ပြောင်းလိုက်ပြီး အစိမ်းရောင် ကျောက်တုံးတစ်တုံးကို မှီနေခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
လုချန်ရှန်းက မေးမြန်းနေတော့၏ “ ဘာတွေ ဖြစ်ခဲ့တာလဲ “
ကျင်းဝူရွှေ့၏ ရုတ်တရက် တိုက်ခိုက်မှုက မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။
ရှောင်ဟေးက ပြန်ပြောလာခဲ့သည် “ သူက ငါ့ကို တိုက်ခိုက်ခဲ့တာ။ ငါ့ကို ထိန်းချုပ်ချင်နေတာလား ပူးကပ်တာလိုမျိုး လုပ်ချင်နေတာလားဆိုတာကိုတော့ ငါမသိဘူး။ စစ်ပွဲဘုရင်ရဲ့ နည်းလမ်းတွေက သူ့ရဲ့ စွမ်းအားကို ဖြိုခွင်းပြီးတော့ သူ့ရဲ့ ဝိညာဥ်ခန္ဓာကိုယ်/ကိုယ်ပွားတွေကို ဖျက်စီးခဲ့တယ် “
“ အဲ့တာဆိုရင် ပြေးပေါ့ဟ။ လောင်လျူက မင်းနဲ့အတူ ရှိနေတာ မဟုတ်ဘူးလား။ သူက ဟွာရှုနယ်ပယ်ကို ရောက်နေပြီလေ “
လုချန်ရှန်းမှာ နားမလည်နိုင်ဖြစ်သွားခဲ့သည်။ တကယ်လို့ မနိုင်ဘူးဆိုရင် ပြေးလေဟ။ ၎င်းမှာ အပြင်ထွက်ချိန်တွင် တတ်မြောက်ထားသည့် အလွန်တရာ အသုံးဝင်သော စွမ်းရည်တစ်ခုဖြစ်သည်။ ထို့အပြင် ကူချန်ကျွင်းချန်ထားခဲ့သည့် နည်းလမ်းများက သူလွတ်မြောက်လာအောင် ကူညီပေးနိုင်ခဲ့ပုံရ၏။
ရှောင်ဟေးက စကားထပ်ပြောလာခဲ့၏ “ သူ့ရဲ့ ကိုယ်ပွား သုံးခု ရောက်လာခဲ့တာ။ လောင်လျူက တစ်ခုကို ထိန်းထားတယ် “
ထိုအခိုက်အတန့်တွင် လုချန်ရှန်းက နားလည်သွားခဲ့ပြီဖြစ်သည်။ သူက လောင်လျူကို မည်သို့မျှ စိုးရိမ်ပူပန်မနေခဲ့ပေ။ ထိုလူမှာ မနိုင်ဘူးဆိုပါက တစ်ခြားလူများထပ် ပိုမိုမြန်ဆန်စွာ ပြေးလွှားနိုင်သည့် လူတစ်ဦး ဖြစ်သည်။
သူတို့နှစ်ဦး စကားပြောနေသည့် အချိန်မှာပင် ချိုင့်ဝှမ်းအထက်တွင် ကျင်းဝူရွှေ့၏ ပုံရိပ် ပေါ်ထွက်လာခဲ့သည်။
အဆိုပါ အရှိန်အဝါကို ခံစားမိသွားကာ အသစ်ရောက်ရှိလာသူကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေး၏ အမူအရာ ပြောင်းလဲသွားခဲ့သည် “ မင်းက မင်းရဲ့ အရှိန်အဝါကို မသိမ်းထားခဲ့ဘူးလား “
“ မသိမ်းဘူးလေ “ လုချန်ရှန်းမှာ တအံ့တဩဖြစ်သွားခဲ့သည်။
“ အဲ့တာက …… “
ရှောင်ဟေး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ အမြဲလိုလို သတိကြီးနေတတ်တဲ့ကောင်က ဘာဖြစ်သွားတာလဲဟ။
ကျင်းဝူရွှေ့ကမူ လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် အောက်သို့ ငုံ့ကြည့်လာခဲ့သည်။ လုချန်ရှန်းကို မြင်လိုက်ရချိန်၌ သူ၏မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
“ မင်းပဲ။ မင်းမသေသေးဘူးပေါ့ “
“ ခင်ဗျားက ကျုပ်မသေခင် အရင်သေရမှာ “ လုချန်ရှန်းက မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။
ကျင်းဝူရွှေ့မှာလည်း မျက်မှောင်တကြုတ်ကြုတ်ဖြစ်သွားခဲ့သည်။ ၎င်းက သူမမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်သည်။ ယခင်က ဖြစ်ရပ်များကို အမှတ်ရသွားသောအခါတွင် သူသည် အေးစက်စွာ တုံ့ပြန်နေတော့သည် “ ဆိုတော့ မင်းက ငါ့ကို တစ်ချိန်လုံး လိမ်နေခဲ့တာပေါ့ “
“ ဒါပေါ့ “ လုချန်ရှန်းက ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည်။ သူသည် ၎င်းက မလုံလောက်သေးဘူးဟု ထင်နေခဲ့ကာ ထပ်ဖြည့်ပြောလိုက်သည် “ ရည်ရွယ်ချက်ကတော့ အသူရာတောင်ထွတ်ရဲ့ အမွေအနှစ်ကို လှည့်ထုတ်ဖို့ပဲ “
ထိုအချိန်၌ ကျင်းဝူရွှေ့၏ မျက်လုံးများ အတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။
လုချန်ရှန်းက စကားဆက်ပြောနေတော့၏ “ ခင်ဗျားတော့ သိမှာ မဟုတ်လောက်ဘူး။ ခင်ဗျားရဲ့ ကိုယ်ပွားနှစ်ခုကို ကျုပ်ဆရာကပဲ သတ်လိုက်တာ။ ကျုပ်ဆရာက ခင်ဗျားရဲ့ ရင်ဘတ်ထဲမှာရှိတဲ့ ဓာတ်ကြီးငါးပါးစလုံးကို ဖယ်ထုတ်ချင်နေတာလေ။ ခင်ဗျားဆီမှာ ဘယ်နှခုရှိနေသေးလဲ “
ဗွီ ကျွီ ကျွီ ………
ဟင်းလင်းပြင်က ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံနှင့်အတူ တုန်ခါကာ အက်ကြောင်းများ ထသွားခဲ့သည်။
ကျင်းဝူရွှေ့၏ သတ်ဖြတ်လိုစိတ်က ပိုပို၍ သိပ်သည်းအားကောင်းလာခဲ့ပြီး ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အောက်ခြေသို့ ဖိနှိပ်လာခဲ့သည်။
ရှောင်ဟေးမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ အဲ့တာက စိတ်နှလုံးသားကို သတ်ဖို့ လုပ်နေတာလားဟ။
တစ်ဖက်လူက တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက ဆက်ပြောနေတော့သည် “ ခင်ဗျားရဲ့ တပည့်နှစ်ယောက်ကိုလည်း ကျုပ်ပဲ သတ်လိုက်တာ။ ခင်ဗျား ဒေါသထွက်နေလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးမှာ အပြည့်အဝ အံ့ဩတုန်လှုပ်သွားခဲ့သည်။ အဲ့လောက်ကြီး ပြောဖို့ လိုလို့လားဟ။ ရည်ရွယ်ချက်ရှိရှိ ရန်စနေတာလား(ဒါမှမဟုတ်) စကားနာထိုးတဲ့ စွမ်းရည်ကို လေ့ကျင့်နေတာလား။
ကျင်းဝူရွှေ့က တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။ သူ၏နှလုံးသားအတွင်းတွင်မူ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်သည်။
တစ်ခဏအကြာတွင် သူသည် ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ အဲ့တာတွေ အကုန်လုံးကို ပြောနေတာက ငါ့ကို ဒေါသထွက်သွားစေဖို့အတွက်ပဲလား “
“ ငါက အဲ့လောက်တောင် ပျင်းဖို့ကောင်းနေလို့လား “ လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
ရှောင်ဟေး : “ … “
ကျင်းဝူရွှေ့မှာလည်း နားမလည်နိုင် ဖြစ်သွားခဲ့သည်။
သူသည် သူ့အရှေ့ရှိ လူငယ်လေးကို သံသယများ အံ့အားသင့်မှုများ ရောပြွန်းနေသော အကြည့်မျိုးဖြင့် ငေးကြည့်နေမိခဲ့သည်။ ထို့နောက်တွင် သူသည် အေးအေးလူလူ တုံ့ပြန်လိုက်သည် “ အဲ့တာဆိုရင် မင်းသေလို့ရပြီ ”
“ ငါ့ကို အထင်သေးနေတာလား “ လုချန်ရှန်းမှာ မကျေမနပ်ဖြစ်သွားခဲ့သည်။
၎င်းက မလေးမစားလုပ်နေခြင်းပင် ဖြစ်သည်။
ကျင်းဝူရွှေ့က အေးအေးလူလူ ပြန်ပြောလိုက်သည် “ မင်းရဲ့ ယုံကြည်မှုက ဘာလဲဆိုတာကို ငါမသိဘူး။ ကူချန်ကျွင်းက ဒီကို ရောက်လာတာလား(ဒါမှမဟုတ်) ငါ့ကို ဖျက်စီးနိုင်တဲ့ လက်နက်တစ်ခုခုကို ရထားတာလား “
“ ဟွာရှုနယ်ပယ် အဆင့်၁ ကိုယ်ပွားလေးတစ်ခုပဲ မဟုတ်ဘူးလား။ ငါ့ဟာငါ သတ်လို့ရတယ်မဟုတ်ဘူးလား “
“ မင်းကလား “
“ ဟုတ်တယ် “
“ ဟားဟားဟား “
ကျင်းဝူရွှေ့က ကျယ်လောင်စွာ အော်ရယ်နေတော့၏။ မွေးရာပါ ဝိညာဥ်အဆင့်၉ ပုရွက်ဆိတ်လေးတစ်ကောင်က ငါ့ကို သတ်မယ်လို့ ကြွေးကြော်နေတယ်ပေါ့။
သူသည် ဘာမှ ထပ်ပြောမနေတော့ဘဲ သူ၏လက်ကို မြှောက်၍ စွမ်းအင်အလင်းတန်းတစ်ခုကို ဖွဲ့တည်ကာ ချိုင့်ဝှမ်းဆီသို့ ပစ်လွှတ်လိုက်သည်။
အဆိုပါ တိုက်ကွက်က အရာအားလုံးကို ဖျက်စီးရှင်းထုတ်ရန် လုံလုံလောက်လောက် အားကောင်းနေခဲ့သည်။
ရှောင်ဟေးက မျက်မှောင်ကြုတ်၍ စောင့်ကြည့်နေခဲ့သည်။
ထိုစဥ် လုချန်ရှန်းက သူ၏လက်ကို မြှောက်လိုက်ရာ စွမ်းအင်အလင်းတန်း ပြိုကွဲသွားခဲ့သည်။ ထိုမြင်ကွင်းက ကျင်းဝူရွှေ့က တအံ့တဩဖြစ်သွားစေခဲ့သည်။
အလင်းတန်းက မိုးစက်များအဖြစ် ပြိုကွဲသွားမှုနှင့်အတူ သူ၏ အမူအရာ ထပ်မံ၍ ပြောင်းလဲသွားခဲ့ရပြန်သည်။ ထိုစဥ် လုချန်ရှန်းက သူ့အရှေ့တွင် ပေါ်လာခဲ့ပြီး အဆုံးမဲ့ မိုးကြိုးလျှပ်စီးများ ပွင့်လန်းလာသော လက်ဝါးရိုက်ချက်က သတ်ဖြတ်ခြင်း တိုက်ကွက်တစ်ခုအဖြစ် အသွင်ပြောင်းသွားကာ သူ့ကို ဖိနှိပ်လာခဲ့၏။
ဘုမ်းးး
ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားသို့ ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့၏။ ကျင်းဝူရွှေ့က တစ်ဖက်သို့ ရှောင်၍ ထိုးချလိုက်ရာ မိုးကြိုးလျှပ်စီးများ ပြိုကွဲသွားပြီး လွင့်စင်သွားသည့် စွမ်းအင်များက တောင်တန်းများကိုပင် ပြိုကျသွားစေခဲ့သည်။
“ မွေးရာပါ ဝိညာဥ်အဆင့်၉ …. မိုးကြိုးတာအို ပထမကောင်းကင် “
ကျင်းဝူရွှေ့၏ အသံ ဟိန်းထွက်လာခဲ့ပြီး သူသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားကာ စိတ်ဂဏာမငြိမ်ဖြစ်သွားခဲ့သည်။
အရာရာတိုင်းက တူညီလွန်းနေခဲ့လေသည်။ အသက်တူ နယ်ပယ်တူ မိုးကြိုးတာအို နည်းစနစ်ပင် တူညီနေခဲ့သည်။ ထိုမျှများပြားသော တိုက်ဆိုင်မှုများက ဤကမ္ဘာပေါ်တွင် မည်ကဲ့သို့ ရှိနေနိုင်မည်နည်း။
“ မင်းကိုးး “
ထိုအခိုက်အတန့်တွင် သူက ရုတ်တရက် သတိဝင်သွားခဲ့ပြီး တစ်စုံတစ်ခုကို တွေးမိသွားကာ အနည်းငယ်မျှ လေးစားမိသွားခဲ့သည်။ ထိုအသက်အရွယ်ဖြင့် ထိုကဲ့သို့သော အောင်မြင်မှုကို ရရှိထားခြင်းမှာ ရှေးခေတ်အချိန်မှာပင် အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။
သူသည် ထိုလူက ထိုကဲ့သို့သော ပါရမီမျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ ထိုအခိုက်အတန့်တွင် သူ၏ သတ်ဖြတ်လိုစိတ်များ ပိုမိုအားကောင်းလာခဲ့၏။
“ ပေါက်ကရတွေ ပြောနေတာ ရပ်ပြီးတော့ သေလိုက်တော့ “ လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ်ဖြစ်သွားခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် မိုးကြိုးစွမ်းအင်များ ပေါက်ထွက်လာခဲ့ပြီး အရှေ့သို့ ထပ်မံ၍ တိုက်ခိုက်နေတော့သည်။
ကျင်းဝူရွှေ့မှာလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ ရင်တလှပ်လှပ် ဖြစ်သွားစေသည့် အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့ပြီး သတ်ဖြတ်လိုစိတ်ကာ ကောင်းကင်ထက်သို့ပင် ထောင်တက်သွားခဲ့သည်။ သူ၏ မှော်စွမ်းအားက ယခင်က အရာများနှင့် မတူညီသော စွမ်းအားတစ်ခုနှင့်အတူ ဆင်းသက်သွားခဲ့သည်။
၎င်းက အသူရာလမ်းစဥ်ဖြစ်ပြီး သတ်ဖြတ်ခြင်း မွေးဖွားလာကာ ကောင်းကင်အနှံ့ ရွေ့လျားသွားပြီး သက်ရှိသတ္တဝါတိုင်းကို သတ်ဖြတ်ရန်အတွက် ရောက်ရှိလာသည့်အလား ဖြစ်နေခဲ့သည်။
ထိုအခိုက်တန့်တွင် ကျင်းဝူရွှေ့က အသူရာအဖြစ် ပြောင်းလဲသွားကာ တိုက်ခိုက်မှုကို ရင်ဆိုင်နေတော့လေသည်။ သူသည် သူ၏လက်မောင်းကို လွှဲရမ်းပြီး အရာအားလုံးကို ဆုတ်ဖြဲကာ ပြန့်ကျဲသွားသည့် မိုးကြိုးလျှပ်စီးများကို ကျော်ဖြတ်၍ လုချန်ရှန်း၏ အရှေ့သို့ ရောက်ရှိသွားကာ တိုက်ခိုက်နေတော့၏။
အုမ်းးးး
ကျယ်လောင်သော အသံတစ်သံ ထပ်မံ၍ ပေါက်ထွက်လာခဲ့ပြန်သည်။ မိုးကြိုးတာအိုနှင့် အသူရာလမ်းစဥ်ကို တစ်ခုကိုတစ်ခု ဝါးမျိုနေကြတော့သည်။ တာအိုနှစ်ခု ထိပ်တိုက်ရင်ဆိုင်နေလျက်ရှိပြီး အရှိန်အဟုန်က အထွတ်အထိပ်အထိ ပေါက်ထွက်သွားခဲ့သည်။
သို့ရာ၌ အဆိုပါ တိုက်ခိုက်မှုနှင့်အတူ မိုးကြိုးတာအို ပျောက်ကွယ်သွားကာ လုချန်ရှန်းပါ လွင့်ထွက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်နှင့် တိုက်မိသော တောင်တန်းများ ပြိုကျပျက်စီးသွားကာ မီတာထောင်နှင့်ချီသော ဖုန်မှုန့်များ လှိုက်တက်လာခဲ့လေသည်။
၎င်းကို စောင့်ကြည့်နေခဲ့သည့် ကျင်းဝူရွှေ့သည် မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေဘဲ လုချန်ရှန်းအနောက်သို့ ပြေးလိုက်သွားခဲ့သည်။ သူ၏ အသံက အရာအားလုံးကို ထိုးဖောက်ကာ ပဲ့တင်ထပ်သွားခဲ့သည်။
“ နောက်ဆုံးတော့လည်း မင်းက မွေးရာပါ ဝိညာဥ်ကျင့်ကြံသူလေးတစ်ယောက်ပါပဲ။ ငါ့ကို သတ်နိုင်ဖို့ အဝေးကြီး လိုသေးတယ် “
ဝှစ်
ကြီးမားသော စွမ်းအင်များက ရေးစီးကြောင်းတစ်ခုကဲ့သို့ ပြိုကျသွားသည့် တောင်တန်းများအပေါ်သို့ ကျဆင်းသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် တောင်တန်းဒေသတစ်ခုလုံး တိခနဲ ခုတ်ပိုင်းခံလိုက်ရကာ ကမ္ဘာမြေတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
ရှောင်ဟေး၏ အမူအရာ ဖြူဖျော့သွားခဲ့သည်။ သူသည် ကျင်းဝူရွှေ့၏ စွမ်းအားကိုသိနေခဲ့သောကြောင့် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။
သို့ရာ၌ တိတ်ဆိတ်ငြိမ်သက်နေစဥ် အချိန်မှာပင် လုချန်ရှန်း၏ အသံက ကျင်းဝူရွှေ့၏ အနောက်ဘက်မှ ဖြည်းဖြည်းပျံ့လွင့်လာခဲ့၏။
“ မင်းက နယ်ပယ်မြင့်တာကို အသုံးချပြီးတော့ ငါ့ကို ဖိနှိပ်ချင်နေတာပဲ။ မင်းကိုယ်မင်း ငါ့ထပ်သာနေတယ်လို့ ထင်နေတာလား “
ဟမ်
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျင်းဝူရွှေ့က ရုတ်တရက် နောက်လှည့်လိုက်ပြီး သူ့ကို တိတ်တဆိတ် ငေးကြည့်နေသည့် ပုံရိပ်တစ်ခု ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။
--
…………………………………………………………………………………………………………………………………..