အခန်း ၈၇၆
Vol. 59 Ch. 876
အခန်း (၈၇၆) စိန်ခေါ်စာ
ကောင်းကင်ယံကို တုန်လှုပ်စေသော ဓားချက်.. ကမ္ဘာမြေကိုပါ တုန်ခါသွားစေပြီး အလွန်တရာ လွှမ်းမိုးဖိနှိပ်နိုင်စွမ်း ရှိလှသည်။
နဂါးနတ်ဘုရား နန်းတော် အထက် ဟင်းလင်းပြင်တွင် ဧရာမ စွမ်းအင် လှိုင်းဂယက်များ ရူးသွပ်စွာ ဆူပွက် လျှံတက်နေ၏။
နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်းမှာ အလွန်အမင်း အံ့အားသင့် မှင်သက်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များ လုံးဝ ကျောက်ရုပ်များပမာ အေးခဲ တောင့်တင်းသွားကြသည်။
ဖုန်းဝူချန် ကိုယ်တိုင်ပင် ဤဓားချက်၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် အလွန်အမင်း တုန်လှုပ်သွားရ၏။
'အချိန် စွမ်းအားတွေ ပေါင်းစပ်သွားလို့ ထင်တယ်... ဖျက်ဆီးခြင်း စွမ်းအားက ပိုပိုပြီး အစွမ်းထက်လာတာပဲ...'
ဖုန်းဝူချန် တိတ်တဆိတ် သုံးသပ်မိလိုက်သည်။
သေချာသည်ကတော့ အရေးအကြီးဆုံး အကြောင်းရင်းမှာ ကိုးထပ် ချန်ခွင်း မျှော်စင်ပင်။ ထိုမျှော်စင်က ဖုန်းဝူချန်၏ တိုက်ခိုက်နိုင်စွမ်းကို သုံးဆအထိ မြှင့်တင်ပေးလိုက်သဖြင့် ဤကဲ့သို့ ကောင်းကင်ယံကို တုန်လှုပ်စေသော ဓားချက်ကို ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်၏။
ဤဓားချက်ကို အစွမ်းကုန် ထုတ်ဖော်လိုက်ရသဖြင့် ဖုန်းဝူချန်၏ ခွန်အားများ လုံးဝ ကုန်ခမ်းသွားပြီး သူ၏ မျက်နှာမှာ အလွန်အမင်း ဖြူဖျော့နေတော့သည်။
အဖျက်အား လှိုင်းဂယက်များ ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင် တစ်ဖန် ပြန်လည် လင်းလက်လာချိန်တွင် ပိုင်လီယွိဖုန်း၏ ပုံရိပ်က လူတိုင်း၏ မျက်စိရှေ့မှောက်၌ နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့၏။
ပိုင်လီယွိဖုန်းမှာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူ၏ မျက်နှာမှာ သွေးဆုတ်နေ၏။ အဝတ်အစားများမှာလည်း တစ်စစီ စုတ်ပြဲနေကာ အလွန်တရာ သနားစရာ ကောင်းလှသော အခြေအနေသို့ ရောက်ရှိနေတော့သည်။
"သခင်လေးပိုင်လီ... ဆက်ပြီး တောင့်ခံထားနိုင်သေးရဲ့လား..."
ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးရင်း မေးလိုက်၏။
"ငါ... တောင့်ခံထားနိုင်သေးတယ်..."
ပိုင်လီယွိဖုန်းက အံကို တင်းတင်းကြိတ်ကာ ခက်ခဲစွာ တုံ့ပြန်လိုက်၏။ သူ၏ ခံနိုင်ရည် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေလေသည်။
ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဒဏ်ရာအပြင်းအထန် ရရှိထားသော ပိုင်လီယွိဖုန်းကို နဂါးနတ်ဘုရား နန်းတော်သို့ ခေါ်ဆောင်လာခဲ့ပြီး ကုသရေး ဆေးလုံး တစ်လုံးနှင့် အစစ်အမှန်ယွမ်များကို ပြန်လည် ဖြည့်တင်းပေးမည့် ဆေးလုံး တစ်လုံးကို တိုက်ကျွေးလိုက်၏။
ဤတိုက်ပွဲက သူတို့ နှစ်ဦးစလုံး၏ စွမ်းအားများကို လုံးဝ နီးပါး ကုန်ခမ်းသွားစေခဲ့သည်။
တိုက်ပွဲမှာ အလွန်တရာ ခမ်းနား ကြီးကျယ်လှသည်။ နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်းကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သော်ငြား သူတို့ အားလုံးက ဤစိတ်လှုပ်ရှားမှုကို အားရကျေနပ်နေကြ၏။ ဤမျှ ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းလှသော တိုက်ပွဲမျိုးကို ကြည့်ရသည်မှာ သူတို့အတွက် လုံးဝ အားမရနိုင်အောင် ဖြစ်နေတော့သည်။
"နန်းတော်သခင်က တကယ်ကို အံ့မခန်းပဲ... စောစောက ဓားချက်က အရမ်းကို ကြောက်ဖို့ ကောင်းလွန်းတယ်..."
"ဟုတ်တယ်... ဟုတ်တယ်... တကယ်ကို ကြောက်စရာကောင်းတာ... အဲဒါက နတ်ဘုရားအသွင်ပြောင်းဘုံ ဒုတိယအလွှာရဲ့ စွမ်းအားပဲ..."
"နန်းတော်သခင်ရဲ့ လက်ရှိ ကြောက်မက်ဖွယ် စွမ်းအားနဲ့ဆိုရင်... လိန်ဟွန်းက သူ့ကို သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး..."
ဖုန်းဝူချန်နှင့် ပိုင်လီယွိဖုန်းတို့ ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် အံ့အားသင့် ထိတ်လန့်နေကြသော နဂါးနတ်ဘုရား နန်းတော်မှ လူများ အားလုံး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြရာ သူတို့၏ မျက်နှာများမှာ ဝမ်းသာလွန်းသဖြင့် နီရဲနေကြတော့၏။
"ဘယ်လိုလဲ... အခုတော့ အစ်ကိုကြီးဖုန်း ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ သိပြီမလား..."
လင်ရှောင်ရှောင်က ဒဏ်ရာအပြင်းအထန် ရရှိထားသော ပိုင်လီယွိဖုန်းကို ကြည့်ရင်း မာနထောင်လွှားသော အပြုံးလေးဖြင့် မေးလိုက်သည်။
"ငါ လုံးဝကို အရှုံးပေးပါတယ်... အစ်ကိုဖုန်းရဲ့ စွမ်းအားက ငါ့ရဲ့ စိတ်ကူးယဉ် မှန်းဆနိုင်စွမ်းကို လုံးဝ ကျော်လွန်ပြီး ကြောက်စရာ ကောင်းလွန်းတယ်..."
ပိုင်လီယွိဖုန်းက ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး ကူကယ်ရာမဲ့စွာ ဆက်ပြောလိုက်၏။
သူ ရှုံးနိမ့်သွားခဲ့သည့်တိုင် ပိုင်လီယွိဖုန်း၏ ရင်ထဲတွင် အလွန်အမင်း စိတ်ပျက်အားငယ်နေခြင်း မျိုး လုံးဝ မရှိခဲ့ချေ။
ဖုန်းဝူချန်နှင့် အားရပါးရ တိုက်ခိုက်လိုက်ရခြင်းက ပိုင်လီယွိဖုန်းကို ပို၍ပင် စိတ်လှုပ်ရှား ဝမ်းသာသွားစေခဲ့လေ၏။
"မင်းလည်း အားနည်းတာ မဟုတ်ပါဘူး... ထျန်းကျီဘုံ နဝမအလွှာ ကျင့်ကြံခြင်း အဆင့်လေးနဲ့ နတ်ဘုရားအသွင်ပြောင်းဘုံ ဒုတိယအလွှာရဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်တာက ဘယ်ပါရမီရှင် အတွက်မဆို လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး..."
ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးရင်း ပြန်ပြောလိုက်သည်။
ပိုင်လီယွိဖုန်းက ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်၏။ ဖုန်းဝူချန်၏ ကောင်းကင်ယံကို တုန်လှုပ်စေသော ဓားချက်ကို ပြန်လည် တွေးတောမိတိုင်း သူ၏ ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်နေဆဲ ဖြစ်ပြီး ကြောက်ရွံ့မှု အရိပ်အယောင်များကိုပင် ခံစားနေရဆဲပင်။
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားက ပိုင်လီယွိဖုန်း၏ စိတ်ကူးယဉ် မှန်းဆနိုင်စွမ်းကို အပြည့်အဝ ကျော်လွန်သွားလေသည်။
"ဖုန်းဝူချန်... မင်းရဲ့ အဲဒီမျှော်စင်က ဘယ်လို ရတနာမျိုးလဲ..."
ပိုင်လီယွိဖုန်းက သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်၏။
"မင်းရဲ့ နတ်ဘုရား ဆွဲသီးလိုမျိုး တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့ ရတနာ တစ်ပါးပါပဲ..."
ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်သည်။
"မင်းရဲ့ မျှော်စင် ဇာစ်မြစ်ကို ငါ တကယ် သိချင်နေတာ..."
ပိုင်လီယွိဖုန်းက ဆက်မေးလိုက်၏။
"ရှေးဦး ကမ္ဘာဦး နတ်ဘုရား လက်နက်လေ..."
ဖုန်းဝူချန်က ဖြေကြားလိုက်ရာ သူ၏ နှုတ်ခမ်းထောင့်များတွင် မာနထောင်လွှားသော အပြုံးတစ်ခု ပေါ်လာတော့၏။
"ရှေးဦး ကမ္ဘာဦး နတ်ဘုရား လက်နက် ပါလား... ဒါကြောင့်မို့လို့ ဒီလောက်တောင် ကြောက်ဖို့ ကောင်းနေတာကိုး..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ပိုင်လီယွိဖုန်း၏ မျက်နှာအမူအရာ ရုတ်ချည်း သုန်မှုန်သွားပြီး အလွန်အမင်း အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်တော့သည်။
အကယ်၍ ၎င်းသာ သာမန် အင်မော်တယ် လက်နက် တစ်ခု ဆိုလျှင် ဖုန်းဝူချန်၏ စွမ်းအားကို သုံးဆအထိ မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ပိုင်လီယွိဖုန်း လုံးဝ မယုံကြည်ချေ။
"လောလောဆယ်တော့ အင်မော်တယ် လက်နက် အဆင့်ပဲ ရှိသေးတယ်... ဒါပေမဲ့ ပစ္စည်းတွေ အစုံအလင် စုဆောင်းမိသွားရင် သူ့ရဲ့ နတ်ဘုရား လက်နက် စွမ်းအားကို ငါ ပြန်ပြီး အသက်သွင်းနိုင်တယ်..."
ဖုန်းဝူချန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏။ ထိုပစ္စည်းများကို ရှာဖွေရန် အလွန်တရာ ခက်ခဲလွန်းလှသည် မှန်သော်ငြား သူက ဂရုမစိုက်ချေ။
"သခင်လေးပိုင်လီ... မင်း နဂါးနတ်ဘုရား နန်းတော်မှာပဲ နေပြီး ဒဏ်ရာတွေကို သေချာ ကုသလိုက်ပါဦး... ငါ တခြား လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့..."
ဖုန်းဝူချန်က ပိုင်လီယွိဖုန်း၏ ပခုံးကို ပုတ်ရင်း ဆက်ပြောလိုက်သည်။
"ဒီဒဏ်ရာတွေနဲ့ ကိစ္စ သွားရှင်းမလို့လား..."
ပိုင်လီယွိဖုန်းက အံ့အားသင့်စွာ မေးလိုက်ပြီး ဖုန်းဝူချန်ကို ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်နေတော့၏။
အလွန်တရာ ပြင်းထန် ကြမ်းတမ်းလှသော တိုက်ပွဲကြီး အပြီးတွင် ဖုန်းဝူချန် ကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားသည် မဟုတ်ပါလော။ အခြား ကိစ္စများကို မသွားရောက်မီ အဘယ်ကြောင့် ဒဏ်ရာများကို အရင် ကုသရန် မကြိုးစားရသနည်း။
"ဒီလောက် ဒဏ်ရာက ဘာမှ မဟုတ်ပါဘူး..."
ဖုန်းဝူချန်က ပခုံးတွန့်ပြလိုက်၏။
"နန်းတော်သခင်... ဘာလို့ အဲဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ..."
ထျန်းရှန်းဇီက နားမလည်စွာဖြင့် ဝင်ရောက် မေးမြန်းလိုက်သည်။
"လွှမ်းမိုးခြင်း နယ်မြေကို ခဏလောက် သွားဖို့ လိုအပ်နေလို့ပါ..."
ဖုန်းဝူချန်က အေးဆေးတည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်၏။
"လွှမ်းမိုးခြင်း နယ်မြေ ဟုတ်လား..."
လူတိုင်း အံ့အားသင့်သွားကြပြီး သူတို့၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်များ အားလုံး ဖုန်းဝူချန်ထံသို့ ရောက်ရှိသွားကြတော့သည်။
"ဟုတ်တယ်... နတ်ဘုရားဘုရင် နန်းတော်ဆီ သွားပြီး စိန်ခေါ်စာ သွားပို့မလို့..."
ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးရင်း ပြောလိုက်၏။
"ဘာ... စိန်ခေါ်စာ ဟုတ်လား..."
ဖုန်းဝူချန်၏ စကားသံ အဆုံးမှာပင် နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်း၏ မျက်နှာအမူအရာ ရုတ်ချည်း သုန်မှုန်သွားတော့သည်။
နဂါးနတ်ဘုရား နန်းတော် အနေဖြင့် နတ်ဘုရားဘုရင် နန်းတော်ကို အမှန်တကယ်ပဲ ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း ရှိနေပြီလား။
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့၏ အင်အားများ အလွန်အမင်း ဆုတ်ယုတ်နေပြီး အင်အား အဖွဲ့အစည်း အသီးသီးမှ အထွတ်အထိပ် ပညာရှင်များ အားလုံး ဒဏ်ရာအပြင်းအထန် ရရှိထားကြချိန်တွင် ဤကဲ့သို့ စစ်ပွဲ စတင်ရန် ကြိုးစားခြင်းက ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းနှင့် အတူတူပဲ မဟုတ်ပါလော။
အကယ်၍ စိန်ခေါ်စာ ပို့မည် ဆိုလျှင်တောင်မှ သူတို့၏ စွမ်းအားများ အပြည့်အဝ ပြန်လည် နာလန်ထလာသည့် အချိန်အထိ စောင့်ဆိုင်းသင့်သည် မဟုတ်ပါလော။ အဘယ်ကြောင့် ဤမျှ အလောတကြီး ဖြစ်နေရသနည်း။
"နန်းတော်သခင်... စိန်ခေါ်စာ ပို့ဖို့ဆိုတာ အခု အချိန်အခါ မဟုတ်သေးဘူး ထင်တယ်... ယွင်ယိုဇီနဲ့ နန်းတော်သခင် ချီယွမ်တို့တောင် ဒဏ်ရာတွေ ကုသနေရတုန်းပဲ ရှိသေးတာ..."
ထျန်းရှန်းဇီက စိုးရိမ်တကြီး တားဆီးလိုက်၏။
"အစ်ကိုဖုန်း... နတ်ဆိုးမျိုးနွယ်စုရဲ့ အစွမ်းထက် ပညာရှင်တွေက မင်းကို အမှောင်ထဲကနေ လျှို့ဝှက် စောင့်ကြည့်နေတယ် ဆိုတာ မမေ့နဲ့ဦး... ဒီခရီးက အရမ်းကို အန္တရာယ် များတယ်..."
ပိုင်လီယွိဖုန်းကလည်း ဝင်ရောက် သတိပေးလိုက်သည်။
"သူတို့.. ငါ့ကို မဖမ်းနိုင်ပါဘူး..."
ဖုန်းဝူချန်က နည်းနည်းလေးမျှ စိုးရိမ်ပူပန်နေခြင်း မရှိချေ။
"အစ်ကိုကြီးဖုန်း... နတ်ဘုရားဘုရင် နန်းတော်က နတ်ဆိုးမျိုးနွယ်စုနဲ့ ပူးပေါင်း ကြံစည်ထားတာ... အဲဒီကို သွားတာက ကျားတွင်းထဲ ဝင်သွားတာနဲ့ အတူတူပဲနော်..."
လင်ရှောင်ရှောင်ကလည်း အလောတကြီး တားဆီးလိုက်၏။
"အစ်ကို့မှာ အစီအစဉ် ရှိပါတယ်... အကြီးအကဲ ထျန်းရှန်းဇီ... နဂါးနတ်ဘုရား နန်းတော်ကို သေချာ စောင့်ရှောက်ထားလိုက်ပါဦး..."
ဖုန်းဝူချန်က ပြုံးရင်း မှာကြားလိုက်ပြီးနောက် လင်ရှောင်ရှောင်နှင့်အတူ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့၏။
"အကြီးအကဲ... နန်းတော်သခင်က အရမ်းကို စိတ်လိုက်မာပါ လုပ်လွန်းနေတာ မဟုတ်ဘူးလား... ကျွန်တော်တို့ အခု အနေအထားနဲ့ နတ်ဘုရားဘုရင် နန်းတော်ကို လုံးဝ မယှဉ်နိုင်သေးဘူး..."
ဖုန်းဝူချန် ထွက်သွားသည်နှင့် တစ်ပြိုင်နက် အခြားသော အစွမ်းထက် ပညာရှင်များက သူတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် ပြောဆိုလာကြတော့၏။
"အားလုံးပဲ ကိုယ့်နေရာ ကိုယ်ပြန်ပြီး ကျင့်ကြံကြတော့..."
ထျန်းရှန်းဇီက လက်တစ်ချက် ဝှေ့ယမ်းကာ အမိန့်ပေးလိုက်ပြီး မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လျက် နက်ရှိုင်းသော အတွေးနယ်ပယ် အတွင်းသို့ ရောက်ရှိသွားဟန် ပေါ်နေတော့သည်။
ဖုန်းဝူချန်၏ ဆုံးဖြတ်ချက်ကို တားဆီးရန် သူတို့ အနေဖြင့် မည်သို့မျှ မစွမ်းဆောင်နိုင်ကြချေ။
“ဝှစ်…”
လွှမ်းမိုးခြင်း နယ်မြေ၏ မြေကမ္ဘာအဆင့် ဟင်းလင်းပြင်တွင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့၏ ပုံရိပ်များ လျှပ်တစ်ပြက် ထွက်ပေါ်လာတော့၏။
သူ၏ ကျင့်ကြံခြင်း အဆင့် လွန်စွာ တိုးတက်လာပြီးနောက် လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းနိုင်သည့် အကွာအဝေးမှာလည်း အဆပေါင်းများစွာ ပိုမို ကျယ်ပြန့်လာခဲ့၏။ စိတ်လှုပ်ရှားလိုက်ရုံမျှဖြင့် ဖုန်းဝူချန် တစ်ယောက် လွှမ်းမိုးခြင်း နယ်မြေ၏ မြေကမ္ဘာအဆင့် ဟင်းလင်းပြင်သို့ မျက်တောင်တစ်ခတ် အတွင်း ရောက်ရှိနိုင်စွမ်း ရှိနေသည်။
"အစ်ကိုကြီးဖုန်း... နတ်ဘုရားဘုရင် နန်းတော်ကို ရှင်းပစ်ဖို့ အဲဒီလောက်တောင် အလောတကြီး ဖြစ်နေတာလား..."
သူတို့ ပုံရိပ်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လင်ရှောင်ရှောင်က မေးလိုက်၏။
"ဒါက အစောင့်အရှောက် လုံကျန့်ရဲ့ အကြံဉာဏ်လေ... အစ်ကိုတို့ မထွက်လာခင် သူက အသံလှိုင်းနဲ့ တိတ်တဆိတ် သတင်းပို့သွားတာ..."
ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးရင်း ရှင်းပြလိုက်ပြီး လင်ရှောင်ရှောင်၏ နူးညံ့သော လက်ကလေးကို ဆုပ်ကိုင်ကာ နတ်ဘုရားဘုရင် နန်းတော်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့၏။
"ဦးလေးလုံကျန့်ရဲ့ အကြံဉာဏ်..."
လင်ရှောင်ရှောင် အလွန်အမင်း အံ့အားသင့်သွားရသည်။
"အခုတော့ ဘာမှ မမေးနဲ့ဦး... နောက်ကျရင် မင်း အလိုလို သဘောပေါက်သွားလိမ့်မယ်..."
ဖုန်းဝူချန်က ပြုံးလျက် ဖြေကြားလိုက်၏။
ဆယ်မိနစ်ပင် မပြည့်မီ အချိန်အတွင်း ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ နှစ်ဦး နတ်ဘုရားဘုရင် နန်းတော်သို့ ရောက်ရှိသွားခဲ့ကြ၏။
သူတို့ ထွက်ပေါ်လာမှုကို နတ်ဘုရားဘုရင် နန်းတော်မှ အစွမ်းထက် ပညာရှင်များက ချက်ချင်းပင် သတိပြုမိသွားကြ၏။
"ဖုန်းဝူချန် ပါလား..."
ဖုန်းဝူချန်ကို မြင်လိုက်ရသည့်အခါ နတ်ဘုရားဘုရင် နန်းတော်မှ တပည့်များ အားလုံး အလွန်အမင်း ထိတ်လန့် ပြာယာခတ်သွားကြတော့သည်။
"နန်းတော်သခင်... အကြီးအကဲတို့... ဖုန်း... ဖုန်းဝူချန် ရောက်နေပါတယ်..."
တပည့် တစ်ဦးက ခန်းမဆောင်ကြီး အတွင်းသို့ အလောတကြီး ပြေးဝင်သွားပြီး ထိတ်လန့်တကြား သတင်းပို့လိုက်၏။
"ဖုန်းဝူချန်..."
လိန်ယွင်ခုံး၏ မျက်နှာအမူအရာ ရုတ်ချည်း ဆိုးရွား မှုန်ကုပ်သွားတော့သည်။ ထိုတပည့်လေး ခန်းမဆောင် အတွင်းသို့ မပြေးဝင်လာနိုင်မီမှာပင် လိန်ယွင်ခုံးနှင့် အကြီးအကဲ သုံးဦးတို့က အပြင်ဘက်သို့ လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့၏။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ နတ်ဘုရားဘုရင် နန်းတော်သို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လိန်ယွင်ခုံးက ရှင်းလင်းစွာ အာရုံခံမိလိုက်လေ၏။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ နှစ်ဦးတည်းသာ ဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ လိန်ယွင်ခုံးနှင့် အခြားသူများ အားလုံး စိတ်သက်သာရာ ရသွားကြ၏။ ဖုန်းဝူချန် တစ်ယောက် ရှေးဦး ကမ္ဘာဦး သားရဲကြီးကို ခေါ်ဆောင်ကာ ကလဲ့စားချေရန် လာရောက်မည်ကို သူတို့ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ကြသည် မဟုတ်ပါလော။
"ဖုန်းဝူချန်... မင်းက ကိုယ့်သေတွင်း ကိုယ်လာတူးတာလား..."
လိန်ယွင်ခုံးက သူ၏ ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် ဖုန်းဝူချန်ကို စူးစိုက်ကြည့်ရင်း ရေခဲတမျှ အေးစက်စွာ မေးလိုက်သည်။
"ခင်ဗျား ..ကျွန်တော့်ကို သတ်နိုင်မှာ မဟုတ်ပါဘူး... ဘာလဲ၊ လိန်ဟွန်း တစ်ယောက် ကြောက်လွန်းလို့ အပြင်တောင် မထွက်ရဲတော့တာလား..."
ဖုန်းဝူချန်က အေးစက်စက် ပြန်လည် မေးခွန်းထုတ်လိုက်ရာ သူ၏ အမူအရာက အလွန်တရာ မာနထောင်လွှားနေတော့၏။
"ဒါက စိန်ခေါ်စာပဲ... နောက်ထပ် နှစ်လ ကြာရင် ခင်ဗျားတို့ရဲ့ နတ်ဘုရားဘုရင် နန်းတော် တစ်ခုလုံးကို ကျွန်တော် အမြစ်ပြတ် ချေမှုန်းပစ်မယ်..."
စကားပြောနေစဉ်မှာပင် ဖုန်းဝူချန်က စိန်ခေါ်စာ တစ်စောင်ကို အပြင်သို့ ပစ်ထုတ်လိုက်ပြီး ရေခဲတမျှ အေးစက်စွာ ကြွေးကြော်လိုက်တော့သည်။
--