← Chapters

အခန်း ၈၇၉

Vol. 59 Ch. 879

အခန်း ၈၇၉

Vol. 59 Ch. 879

အခန်း (၈၇၉) - နဂါးနတ်ဆိုး အမိန့်တော် ရောက်ရှိလာခြင်း

"မီးတောက်နဂါးက သခင့်ကို ဂါရဝပြုပါတယ်..."

အသိစိတ် ပြန်လည် ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် မီးတောက်နဂါးက ဒူးတစ်ဖက် ထောက်ချလိုက်ပြီး ဖုန်းဝူချန်ကို ရိုသေလေးစားစွာဖြင့် ဂါရဝပြုလိုက်၏။

မီးတောက်နဂါးက ရုတ်တရက်ကြီး ဒူးထောက်ချလိုက်ပြီး ဖုန်းဝူချန်ကို သခင်ဟု ခေါ်ဆိုလိုက်ခြင်းကြောင့် လင်ရှောင်ရှောင် တစ်ယောက် အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားရသည်။

လင်ရှောင်ရှောင်က မီးတောက်နဂါးနှင့် ဖုန်းဝူချန်တို့ကို နားမလည်နိုင်သော အကြည့်များဖြင့် တွေဝေစွာ ကြည့်နေမိပြီး အခြေအနေကို လုံးဝ သဘောမပေါက်နိုင်အောင် ဖြစ်နေတော့၏။

လွန်ခဲ့သော အခိုက်အတန့်လေးကမှ ဖုန်းဝူချန်ကို သတ်ဖြတ်ချင်သည့် အငွေ့အသက်များ ပြည့်နှက်နေခဲ့ပြီး ယခုအခါတွင်မူ အရှေ့၌ ဒူးထောက်ကာ သခင်ဟု ခေါ်ဆိုနေ၏။ ဤကွာခြားချက် ကြီးမားလွန်းမှုကြောင့် လင်ရှောင်ရှောင်မှာ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရလေ၏။

"ကြည့်ရတာ ခင်ဗျား နဂါးနတ်ဆိုးနတ်ဘုရားနဲ့ တွေ့ပြီးသွားပြီ ထင်တယ်... ထတော့..."

ဖုန်းဝူချန်က အေးဆေးတည်ငြိမ်စွာ တုံ့ပြန်လိုက်၏။ မီးတောက်နဂါးကို အပြည့်အဝ သိမ်းသွင်းနိုင်ခဲ့ပြီ ဖြစ်သဖြင့် သူ၏ ရင်ထဲတွင် စိတ်သက်သာရာ ရသွားတော့သည်။

"အခုကစပြီး သခင့်ကို တပည့် အစွမ်းကုန် ကူညီပေးပါ့မယ်..."

မီးတောက်နဂါးက အလွန်တရာ ရိုသေလေးစားသော ဟန်ပန်ဖြင့် ကတိပေးလိုက်၏။ ဖုန်းဝူချန်ကို နဂါးနတ်ဆိုးနတ်ဘုရား အဖြစ် အပြည့်အဝ အသိအမှတ်ပြု လက်ခံသွားခဲ့၏။

"နဂါးနတ်ဆိုးနတ်ဘုရားရဲ့ စစ်သူကြီး အများစုက အနားယူသွားကြပြီ... မီးလျှံဝိညာဉ်နဲ့ မီးလျှံမီးတောက်တို့ကို ကယ်တင်ဖို့ ကိစ္စကတော့ ရက်အနည်းငယ်လောက် ဆက်စောင့်ရဦးမယ်... ခင်ဗျား အနေနဲ့ နဂါးနတ်ဆိုး အမိန့်တော်ကို ယူပြီး သူတို့ကို အခုချက်ချင်း သွားစုစည်းလိုက်ပါ..."

ဖုန်းဝူချန်က ခပ်ရေးရေး ပြုံးရင်း အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ... တပည့် အခုချက်ချင်း ဆောင်ရွက်လိုက်ပါ့မယ်..."

မီးတောက်နဂါးက ရိုသေစွာဖြင့် အမိန့်ကို နာခံလိုက်၏။

"နေဦး..."

ဖုန်းဝူချန်က လှမ်းတားလိုက်ပြီး ဆက်လက် မှာကြားလိုက်သည်။

"နတ်ဆိုးမျိုးနွယ်စုနဲ့ ယင်ယန် မိသားစုကို အမှောင်ထဲကနေ လျှို့ဝှက် စောင့်ကြည့်နေပါ... ထူးခြားတဲ့ လှုပ်ရှားမှု ရှိရင် ချက်ချင်း သတင်းပို့ပါ..."

"ဟုတ်ကဲ့ပါ သခင်..."

မီးတောက်နဂါးက ရိုသေစွာ ပြန်လည် ဖြေကြားလိုက်ပြီးနောက် မျက်တောင်တစ်ခတ် အတွင်းမှာပင် လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့၏။

"ရှောင်ရှောင်... ငါတို့ ပြန်ကြရအောင်..."

ဖုန်းဝူချန်က လင်ရှောင်ရှောင်ကို ပြုံးလျက် ခေါ်လိုက်၏။

"အစ်ကိုကြီးဖုန်း... တကယ်တမ်း ဘာတွေ ဖြစ်ကုန်တာလဲဟင်..."

လင်ရှောင်ရှောင်က သိလိုစိတ်ကို မထိန်းချုပ်နိုင်တော့ချေ။ ဖုန်းဝူချန်နှင့် ပတ်သက်၍ သူမ.. မသိရှိထားသော လျှို့ဝှက်ချက်များ အများအပြား ရှိနေသေးသည့်အလား ခံစားလိုက်ရပြီး အနည်းငယ် စိမ်းသက်သွားသလိုပင်။

လင်ရှောင်ရှောင်၏ ဇဝေဇဝါ ဖြစ်နေမှုကို သတိပြုမိလိုက်သည့်အခါ ဖုန်းဝူချန်က ပြုံးလျက် ရှင်းပြလိုက်သည်။

"နဂါးနတ်ဆိုးနတ်ဘုရားရဲ့ အမွေအနှစ် ဆိုတာ သာမန် လောကကြီး အတွက်တော့ အရမ်းကို အံ့မခန်း ဖြစ်လွန်းတယ်လေ... ဒါကြောင့် အစ်ကို ဘယ်တုန်းကမှ ထုတ်မပြောခဲ့တာ... လမ်းကျရင် မင်းကို ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်..."

အပြန်လမ်း တစ်လျှောက်တွင် ဖုန်းဝူချန်က လင်ရှောင်ရှောင်ကို အရာအားလုံး အသေးစိတ် ရှင်းပြလိုက်ရာ နောက်ဆုံးတွင်တော့ သူမ အပြည့်အဝ နားလည် သဘောပေါက်သွားတော့၏။

"ဒါကြောင့်မို့လို့ အစ်ကိုကြီးဖုန်းရဲ့ ဆေးပညာနဲ့ လက်နက် သွန်းလုပ်တဲ့ ပညာတွေက ဒီလောက်တောင် အံ့မခန်း ဖြစ်နေတာကိုး... အရာအားလုံးက နဂါးနတ်ဆိုးနတ်ဘုရားရဲ့ မှတ်ဉာဏ်တွေကြောင့်ပဲ... အစ်ကိုကြီးဖုန်း ထုတ်မပြောခဲ့တာလည်း အံ့သြစရာ မဟုတ်ပါဘူး... တကယ်ကို ယုံကြည်ဖို့ ခက်လွန်းတဲ့ ကိစ္စကြီးပဲရှင်..."

လင်ရှောင်ရှောင်က ခေါင်းညိတ်ရင်း ထောက်ခံလိုက်ရာ ဖုန်းဝူချန်၏ ရှင်းပြချက်ကို ကြားပြီးနောက် သူမ၏ ရင်ထဲတွင် အလွန်အမင်း အံ့အားသင့်နေဆဲပင်။

"နဂါးနတ်ဆိုးနတ်ဘုရားရဲ့ အမွေအနှစ်ကို ရရှိခဲ့တာက ငါ့အတွက်လည်း လုံးဝ ထင်မှတ်မထားတဲ့ ကိစ္စပါပဲ... အခု မီးတောက်နဂါးကို သိမ်းသွင်းနိုင်ခဲ့ပြီ ဆိုတော့ ငါလည်း တော်တော်လေး စိတ်သက်သာရာ ရသွားပြီ..."

ဖုန်းဝူချန်က ပြုံးလျက် မှတ်ချက်ချလိုက်၏။

"စောစောက မီးတောက်နဂါး.. ကျွန်မတို့ကို ပြန်တိုက်ခိုက်လာမလား ဆိုပြီး ရှောင်ရှောင်.. အရမ်း စိုးရိမ်နေခဲ့တာ... သူ့ရဲ့ စွမ်းအားက အရမ်းကို ကြောက်ဖို့ ကောင်းလွန်းတယ်…ရှောင်ရှောင့် အဘိုးနဲ့ အဖေတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."

လင်ရှောင်ရှောင်က ဝင်ရောက် ပြောဆိုလိုက်သည်။

ဖုန်းဝူချန်က ပခုံးတွန့်ပြလိုက်ပြီး ရယ်ရင်း ပြန်လည် တုံ့ပြန်လိုက်၏။

"နဂါးနတ်ဆိုးနတ်ဘုရား လက်အောက်က အစွမ်းအထက်ဆုံး စစ်သူကြီး တစ်ယောက် အနေနဲ့ မီးတောက်နဂါးက ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားတာ အံ့သြစရာ မဟုတ်ပါဘူး... သူက နဂါးနတ်ဆိုးနတ်ဘုရား ကိုယ်တိုင် လေ့ကျင့် ပျိုးထောင်

ပေးထားခဲ့တာလေ..."

"အစ်ကိုကြီးဖုန်း... နဂါးနတ်ဆိုးနတ်ဘုရားရဲ့ လက်အောက်ငယ်သားတွေ အကူအညီနဲ့ ဆိုရင်... နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ဖို့ ရှောင်ရှောင်တို့ဘက်က အခွင့်အရေး ရှိလာနိုင်တယ်... အထူးသဖြင့် မိစ္ဆာ ဧကရာဇ် ပိတ်လှောင်မှုကနေ မလွတ်မြောက်ခင် ကျွန်မတို့ အရင် စတင် တိုက်ခိုက်မယ် ဆိုရင်ပေါ့..."

လင်ရှောင်ရှောင်က အကြံပြုလိုက်သည်။

"မင်း ထင်သလောက်တော့ မလွယ်ကူဘူး... အဲဒီလောက်သာ လွယ်ကူရင် နဂါးမျိုးနွယ်စုက နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းပြီးလောက်ပြီပေါ့... သူတို့ကို ဒီလို သောင်းကျန်းခွင့် ပြုထားမှာ မဟုတ်ဘူး..."

ဖုန်းဝူချန်က သက်ပြင်းချရင်း လေးနက်စွာ ရှင်းပြလိုက်၏။

ထို့နောက် လင်ရှောင်ရှောင်၏ ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်ပေးရင်း ဖုန်းဝူချန်က ခပ်တိုးတိုး ကတိပေးလိုက်သည်။

"အကောင်းက အဆိုးကို အမြဲတမ်း အနိုင်ယူနိုင်စွမ်း ရှိပါတယ်... စိတ်ချပါ... ဘာတွေပဲ ဖြစ်လာပါစေ မင်းကို

..ငါ သေချာပေါက် ကာကွယ်ပေးပါ့မယ်..."

"အင်း..."

လင်ရှောင်ရှောင်က လိမ္မာစွာ ခေါင်းညိတ်ပြလိုက်ရာ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ချိုမြိန်သော အပြုံးတစ်ခု ပွင့်လန်းလာတော့၏။

"ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင် အနာဂတ် ယောက္ခမကြီးနဲ့ သွားတွေ့ဖို့ အရည်အချင်း ပြည့်မီနေပြီပဲ... တန်ဖိုးကြီး လက်ဆောင်တစ်ခု သေချာ ပြင်ဆင်သွားရမယ်..."

ဖုန်းဝူချန်က ခပ်ဟဟ ရယ်ရင်း ပြောလိုက်သည်။

လင်ရှောင်ရှောင် အစပိုင်းတွင် အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ဝမ်းသာရွှင်မြူးသွားတော့၏။

"အစ်ကိုကြီးဖုန်း... ရာ့ရှား မျိုးနွယ်စုဆီ အလည်လာမလို့လား... ဝမ်းသာစရာပဲ... ဖေဖေနဲ့ မေမေလည်း အရမ်း ဝမ်းသာကြမှာ အသေအချာပဲ..."

"သွားကြစို့... နဂါးနတ်ဘုရား နန်းတော်ကို ပြန်ကြမယ်ကွ..."

ဖုန်းဝူချန်က ပြုံးလျက် ပြောလိုက်သည်။

လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းကာ ဖုန်းဝူချန်က လင်ရှောင်ရှောင်ကို နဂါးနတ်ဘုရား နန်းတော်သို့ ချက်ချင်း ခေါ်ဆောင်သွားခဲ့၏။

နဂါးနတ်ဘုရား နန်းတော်၏ အမှောင်ထဲတွင် ပုန်းကွယ်နေခဲ့ကြသော အင်အား အဖွဲ့အစည်း အသီးသီးမှ အစွမ်းထက် ပညာရှင်များ အားလုံး ထွက်ခွာသွားကြပြီ ဖြစ်သလို နတ်ဆိုးမျိုးနွယ်စုမှ အစွမ်းထက် ပညာရှင်များလည်း ထွက်သွားကြပြီပင်။

'သူတို့ အကုန်လုံး ထွက်သွားကြပြီလား... နဂါးနတ်ဘုရား နန်းတော်မှာ ဒီလို အံ့မခန်း မျှော်စင်ကြီး ရှိနေတာတောင် နတ်ဆိုးမျိုးနွယ်စုက လှုပ်ရှားဖို့ မကြိုးစားဘူးပဲ... လုံကျန့်ကိုများ သူတို့ အာရုံခံမိသွားလို့လား... ဒါက လုံးဝ မဖြစ်နိုင်ပါဘူး... သူတို့ တကယ်ပဲ စိတ်ရှည်နိုင်ကြတာပဲ...'

ဖုန်းဝူချန်က လှည့်စားသော အပြုံးတစ်ခုဖြင့် ရင်တွင်း၌ တိတ်တဆိတ် သုံးသပ်လိုက်သည်။

နတ်ဆိုးမျိုးနွယ်စုမှ လူများက လှုပ်ရှားခြင်း မရှိသဖြင့် ဖုန်းဝူချန် အနေဖြင့်လည်း စိတ်သက်သာရာ ရသွားပြီး သူ၏ ဒဏ်ရာများကို ကုသရန် အလျင်အမြန် ထွက်ခွာသွားတော့၏။

ဆေးပညာ ပြိုင်ပွဲကြီးက နီးကပ်လာပြီ ဖြစ်ရာ ဖုန်းဝူချန် အနေဖြင့် သေချာစွာ ပြင်ဆင်ထားရန် လိုအပ်သည်။

...

မြင့်မားလှသော တောင်ထိပ် တစ်ခု၏ အထက် ကောင်းကင်ယံတွင် မီးတောက်နဂါးက လွှမ်းမိုးဖိနှိပ်နိုင်စွမ်း အပြည့်ဖြင့် မာနထောင်လွှားစွာ ရပ်တည်နေ၏။

မီးတောက်နဂါး၏ လက်ဝါးပြင်ထက်တွင် အနက်ရောင် တံဆိပ်ပြား တစ်ခု လွင့်မျောနေပြီး ၎င်းမှာ နဂါးနတ်ဆိုး အမိန့်တော်ပင်။

“ဝီ…”

ကောင်းကင်ယံသို့ ထိုးတက်သွားမည့် အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်လာပြီး မီးတောက်နဂါးက နဂါးမျိုးနွယ်စု၏ သွေးမျိုးဆက် စွမ်းအားများကို နဂါးနတ်ဆိုး အမိန့်တော် အတွင်းသို့ စီးဝင်စေလိုက်၏။ ကောင်းကင်နှင့် မြေကမ္ဘာကို တုန်လှုပ်စေမည့် ကြောက်မက်ဖွယ် စွမ်းအားက မျက်တောင်တစ်ခတ် အတွင်းမှာပင် ဟင်းလင်းပြင် တစ်ခုလုံးကို အုံ့မှိုင်းသွားစေတော့သည်။

အချိန် အနည်းငယ် ကြာပြီးနောက် နဂါးနတ်ဆိုး အမိန့်တော်မှ မျက်စိကျိန်းမတတ် တောက်ပသော အနက်ရောင် အလင်းတန်းများ လျှပ်တစ်ပြက် ပေါက်ကွဲထွက်လာတော့၏။ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားများက နဂါးနတ်ဆိုး အမိန့်တော်ထံမှ ဖြာထွက်လာပြီး ပေပေါင်း ဒါဇင်ချီ ရှိသည့် အနက်ရောင် စွမ်းအင် အလင်းတိုင်ကြီး တစ်ခုက ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားကာ မီတာ သောင်းချီ ကျယ်ဝန်းသော အနက်ရောင် အလင်းရေဝဲကြီး တစ်ခုကို ဖန်တီးလိုက်သည်။ မြင်ကွင်း တစ်ခုလုံးမှာ အလွန်တရာ ခမ်းနား ကြီးကျယ်လှ၏။

နဂါးနတ်ဆိုး အမိန့်တော်မှ ထုတ်လွှတ်လိုက်သော အရှိန်ဝါမှာ နဂါးနတ်ဆိုးနတ်ဘုရား၏ အရှိန်အဝါပင်။

အရှိန်အဝါများက အဆုံးသတ် မရှိသည့်အလား ရူးသွပ်စွာ တဟုန်ထိုး မြင့်တက်နေတော့၏။

ကြောက်မက်ဖွယ် စွမ်းအင်ကြီးက ဝူကျိနယ်မြေမှနေ၍ လွှမ်းမိုးခြင်း နယ်မြေ၊ မြောက်ဘက် ဆန်းကြယ် နယ်မြေများ အထိ ရူးသွပ်စွာ ဖြာထွက်သွားတော့သည်။ တိုက်ကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ကောင်းကင်နှင့် မြေကမ္ဘာကိုပါ ဖျက်ဆီးပစ်နိုင်စွမ်း ရှိသော ပထမအဆင့် အသွင်ပြောင်းခြင်း စွမ်းအားက အရာအားလုံးကို လွှမ်းခြုံသွားတော့၏။

တိုက်ကြီး တစ်ခုလုံးရှိ မရေမတွက်နိုင်သော အင်အား အဖွဲ့အစည်း အကြီးအသေး အားလုံးနှင့် ကျင့်ကြံသူများမှာ အလွန်အမင်း ထိတ်လန့် ပြာယာခတ်သွားကြတော့သည်။ ဤမျှ ခန့်မှန်း၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်ပြီ မဟုတ်ပါလော။

သန့်ရှင်းသောဝိညာဉ် ကျောင်းတော်၊ နတ်ဘုရားဘုရင် နန်းတော်၊ အင်မော်တယ် လက်နက် စံအိမ်၊ ကျန်း မိသားစု၊ ပေရွှမ် ဂိုဏ်းနှင့် အခြားသော အင်အား အဖွဲ့အစည်း အသီးသီးမှ အထွတ်အထိပ် ပညာရှင်များ အားလုံး အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်သွားကြတော့၏။

တစ်ချိန်တည်းမှာပင် နဂါးမျိုးနွယ်စု၊ ရှေးဟောင်း ရာ့ရှား မျိုးနွယ်စု၊ ယင်ယန် မိသားစု၊ ပိုင်လီ မျိုးနွယ်စု၊ ဖီးနစ်မိစ္ဆာမျိုးနွယ်စု၊ ဘီလူးမျိုးနွယ်စု၊ နတ်ဆိုးမျိုးနွယ်စုနှင့် နတ်သူငယ် မျိုးနွယ်စု တို့မှ အထွတ်အထိပ် ပညာရှင်များ အားလုံး နဂါးနတ်ဆိုးနတ်ဘုရား၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ပထမဆုံး အချိန်မှာပင် အာရုံခံမိလိုက်ကြ၏။

"နဂါးနတ်ဆိုးနတ်ဘုရားပါလား..."

အင်အား အဖွဲ့အစည်း အသီးသီးမှ အထွတ်အထိပ် ပညာရှင်များ၏ မျက်နှာအမူအရာများ ရုတ်ချည်း ဆိုးရွားစွာ ပြောင်းလဲသွားပြီး အားလုံး၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့ ထိတ်လန့်မှုများ အပြည့်အဝ ဖုံးလွှမ်းသွားတော့သည်။

နဂါးနတ်ဆိုးနတ်ဘုရား ဆိုသော စကားလုံး ငါးလုံးတည်းကပင် ကြားရသူတိုင်း၏ နှလုံးသားများကို ကြောက်ရွံ့ တုန်လှုပ်သွားစေမည့် ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားသည်။

"နဂါးနတ်ဆိုးနတ်ဘုရားရဲ့ အရှိန်အဝါပဲ... ပြီးတော့ မီးတောက်နဂါးရဲ့ အရှိန်အဝါပါ ပါနေတယ်... မကောင်းတော့ဘူး... နဂါးနတ်ဆိုး အမိန့်တော်ပဲ... မီးတောက်နဂါးဆီမှာ နဂါးနတ်ဆိုး အမိန့်တော် ရှိနေတာလား..."

"နဂါးနတ်ဆိုး အမိန့်တော်... မီးတောက်နဂါးက နဂါးနတ်ဆိုးနတ်ဘုရားရဲ့ လက်အောက်ငယ်သားတွေကို ဆင့်ခေါ်နေတာပဲ... မီးတောက်နဂါးက နဂါးမျိုးနွယ်စုကို တိုက်ခိုက်ဖို့ အစီအစဉ် ရှိနေတာလား..."

"ကျစ်... နဂါးနတ်ဆိုးနတ်ဘုရား ရှင်သန်လာတာလား... နဂါးနတ်ဆိုး အမိန့်တော် ထွက်ပေါ်လာတာက နဂါးနတ်ဆိုးနတ်ဘုရား ကိုယ်တိုင် ရောက်ရှိလာတာနဲ့ အတူတူပဲ..."

"ဒါက နဂါးနတ်ဆိုးနတ်ဘုရားရဲ့ အရှိန်အဝါ အစစ်ပဲ... နဂါးနတ်ဆိုးနတ်ဘုရားက ပိတ်လှောင်မှုကနေ ဖောက်ထွက်လာနိုင်ခဲ့ပြီလား..."

အင်အား အဖွဲ့အစည်း အသီးသီးမှ အထွတ်အထိပ် ပညာရှင်များ အားလုံး အလွန်အမင်း တုန်လှုပ် ပြာယာခတ်နေကြတော့၏။

အလွန် ဝေးကွာသော လျှို့ဝှက်ဆန်းကြယ်သည့် အုံ့မှိုင်းသော ဟင်းလင်းပြင် တစ်ခု အတွင်း၌ နတ်ဆိုးမျိုးနွယ်စု၏ အကျော်အမော် ခေါင်းဆောင်များလည်း ဤကြောက်မက်ဖွယ် အရှိန်အဝါကို ရှင်းလင်းစွာ အာရုံခံမိလိုက်ကြ၏။

"နဂါးနတ်ဆိုးနတ်ဘုရားပါလား..."

သွေးနတ်ဆိုး၏ နှုတ်ခမ်းထောင့်များက အေးစက်စက် သရော် အပြုံး အဖြစ် ကွေးတက်သွားပြီး ရေခဲတမျှ အေးစက်စွာ မှတ်ချက်ချလိုက်သည်။

(သွေးနတ်ဆိုးကို သွေးနတ်ဆိုးဟု ပြောင်းလဲ သုံးနှုန်းသွားပါမည်။)

"မီးတောက်နဂါး... မင်းက တကယ်ကို အလောတကြီး ဖြစ်နေတာပဲ... နဂါးနတ်ဆိုးနတ်ဘုရားရဲ့ လက်အောက်ငယ်သားတွေကို ဆင့်ခေါ်လိုက်တာက ငါတို့ နတ်ဆိုးမျိုးနွယ်စု အတွက်တော့ တကယ့်ကို ကြီးမားတဲ့ အကူအညီ တစ်ရပ်ပါပဲ..."

ထိုစဉ်… နတ်ဆိုးမျိုးနွယ်စု၏ ပထမ အကြီးအကဲ မိုကျုံးက ဩရှရှ အသံဖြင့် သတိပေးလိုက်၏။

"သွေးနတ်ဆိုး... အခုချိန်မှာ နဂါးမျိုးနွယ်စုကို တိုက်ခိုက်ဖို့ စဉ်းစားနေမယ့် အစား... မိစ္ဆာ ဧကရာဇ်ရဲ့ ပိတ်လှောင်မှုကို အမြန်ဆုံး ချိုးဖျက်ပြီး သူ့ကို ကယ်တင်ဖို့ ကြိုးစားတာက ပိုကောင်းလိမ့်မယ်... မိစ္ဆာ ဧကရာဇ်သာ အပြင်ထွက်လာနိုင်ရင် နဂါးမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းဖို့ ဆိုတာ လက်ဖဝါး လှန်လိုက်သလို လွယ်ကူတဲ့ ကိစ္စပဲ..."

"ငါ ဘာလုပ်ရမယ် ဆိုတာ ကောင်းကောင်း သိတယ်... မင်း ငါ့ကို လာသင်ပေးစရာ မလိုဘူး... ရှေးဦး ကမ္ဘာဦး စွမ်းအား မရှိဘဲနဲ့ ပိတ်လှောင်မှုကို ချိုးဖျက်ဖို့ စဉ်းစားနေတာက အိပ်မက် မက်နေသလိုပဲ..."

သွေးနတ်ဆိုးက အေးစက်စက် နှာမှုတ်ရင်း ပြန်ပြောလိုက်သည်။

"အကယ်၍ မီးတောက်နဂါးက နဂါးနတ်ဆိုးနတ်ဘုရားရဲ့ လက်အောက်ငယ်သားတွေကို ဆင့်ခေါ်လိုက်ပြီး... အဲဒီ အစွမ်းထက်တဲ့ အဖွဲ့အစည်းနဲ့ ငါတို့ မဟာမိတ် ဖွဲ့နိုင်မယ် ဆိုရင်... နတ်ဆိုးမျိုးနွယ်စုရဲ့ အင်အားတွေ သေချာပေါက် အရူးအမူး.. တိုးတက်လာလိမ့်မယ်..."

သွေးနတ်ဆိုးက ရက်စက်စွာ ရယ်ရင်း ဆက်ပြောလိုက်၏။

နဂါးနတ်ဆိုး အမိန့်တော် ထွက်ပေါ်လာမှုက တိုက်ကြီး တစ်ခုလုံးရှိ အထွတ်အထိပ် ပညာရှင်များ အားလုံးကို တုန်လှုပ်သွားစေခဲ့သည်ဟု ဆိုနိုင်သည်။

မီးတောက်နဂါး ရှိနေသော နေရာမှ ကြောက်မက်ဖွယ် စွမ်းအင်များ ဖြာထွက်နေပြီး နဂါးနတ်ဆိုး အမိန့်တော်၏ အရှိန်အဝါကလည်း အမြင့်ဆုံး အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနေခဲ့၏။

"နိုးထကြလော့..."

မီးတောက်နဂါး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး ကမ္ဘာမြေကို တုန်လှုပ်စေမည့် အသံဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်တော့သည်။

--

All Chapters