အခန်း ၈၈၁
Vol. 59 Ch. 881
အခန်း (၈၈၁) - ဖူယန်၏ တိုက်ခိုက်မှု
"မီးတောက်နဂါး..."
သွေးနတ်ဆိုး၏ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားပြီး အရိုးထဲထိ စိမ့်ဝင်သွားစေမည့် သတ်ဖြတ်ချင်သည့် အငွေ့အသက်များ ဖြတ်ပြေးသွားတော့၏။
မီးတောက်နဂါး၏ စကားများက သွေးနတ်ဆိုး၏ သံသယများကို လှုံ့ဆော်ပေးလိုက်လေ၏။ မီးတောက်နဂါးထံတွင် အခြားသော လျှို့ဝှက် ရည်ရွယ်ချက်များ ရှိနေသည်ကို သူ အာရုံခံမိသွားတော့သည်။
"မီးတောက်နဂါး... ငါ့ရဲ့ အစီအစဉ်တွေကို လာမရှုပ်တာ အကောင်းဆုံးပဲနော်... မဟုတ်ရင် မင်း ဒီလောကထဲ ရောက်လာတာကို နောင်တရသွားအောင် လုပ်ပစ်မယ်..."
သွေးနတ်ဆိုးက အဆိပ်ပြင်းသော လေသံဖြင့် ခြိမ်းခြောက်လိုက်ပြီး.. ဖြည်းညင်းစွာ လက်သီးဆုပ်လိုက်၏။
စကားသံ အဆုံးမှာပင် သွေးနတ်ဆိုး၏ ပုံရိပ်က မကောင်းဆိုးဝါးဆန်သော အနက်ရောင် မြူခိုးများ အဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့သည်။
*
မျက်တောင်တစ်ခတ် အတွင်းမှာပင် သုံးရက်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီး ဖုန်းဝူချန်၏ ဒဏ်ရာများလည်း အပြည့်အဝ ပျောက်ကင်း သက်သာသွားခဲ့၏။
"အစောင့်အရှောက် လုံကျန့်နဲ့ တခြားသူတွေရဲ့ စိုးရိမ်ပူပန်မှုတွေက အကြောင်းပြချက် ခိုင်လုံတာပဲ... နတ်ဆိုးမျိုးနွယ်စုက တကယ်ပဲ ရှေးဦး ကမ္ဘာဦး သားရဲကြီးတွေကို အသုံးချဖို့ ကြံစည်နေတာပဲ..."
ဖုန်းဝူချန်က ခန်းမဆောင်ကြီး အတွင်း၌ တီးတိုး ရေရွတ်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်များတွင် အေးစက်စက် သရော်သော အပြုံး တစ်ခု ပေါ်လာတော့၏။
မီးတောက်နဂါးက ဖုန်းဝူချန်ထံသို့ သတင်းများကို ချက်ချင်း ပေးပို့ခဲ့လေ၏။
နတ်ဆိုးမျိုးနွယ်စု၏ လှုပ်ရှားမှုများ အားလုံးက မီးတောက်နဂါး အတွက်တော့ လက်ခုပ်ထဲက ရေလိုပင် ရှင်းလင်း ထင်ရှားနေတော့သည်။
ယင်ယန် မိသားစု၏ လှုပ်ရှားမှုများ အားလုံးကိုလည်း မီးတောက်နဂါး ကောင်းကောင်းကြီး သိရှိထား၏။ ယင်ယန် မိသားစု၏ ဘိုးဘေးကြီးမှာ တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ပေါ်လာပြီ ဖြစ်သော်ငြား မည်သည့် လှုပ်ရှားမှုမျှ မရှိသေးချေ။
"ကျားသစ်ရိုင်းကြီးက ဒီလောက်တောင် ကြောက်စရာ ကောင်းနေမှတော့... နတ်ဆိုးမျိုးနွယ်စုက သူတို့ကို ပစ်မှတ်ထားတာလည်း အံ့သြစရာ မဟုတ်ပါဘူး..."
ဖုန်းဝူချန်က မှတ်ချက်ချလိုက်သည်။
ထျန်းရှန်းဇီက မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်၏။
"အကယ်၍ နတ်ဆိုးမျိုးနွယ်စုကသာ ရှေးဦး ကမ္ဘာဦး သားရဲကြီးတွေကို ဖမ်းဖို့ တကယ်ပဲ ရည်ရွယ်ထားတယ် ဆိုရင်... ကိုးထပ် ချန်ခွင်း မျှော်စင်နဲ့ ချင်းယန်က သူတို့ရဲ့ ပထမဆုံး ပစ်မှတ် ဖြစ်လာမှာပဲ..."
"ခင်ဗျားသာ ဆိုရင် ဘယ်သူ့ကို အရင် တိုက်ခိုက်မလဲ..."
ဖုန်းဝူချန်က ခန်းမဆောင် အတွင်းရှိ လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး ပြုံးလျက် မေးလိုက်သည်။
"ကျွန်တော်သာ ဆိုရင် ချင်းယန်ကို အရင် တိုက်ခိုက်မှာပဲ..."
ချီဟွမ်က ရိုသေစွာဖြင့် ပြန်လည် ဖြေကြားလိုက်၏။
"မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးရဲ့ စွမ်းအားက ကျားသစ်ရိုင်းကြီးထက် အများကြီး အားနည်းတယ်... ပြီးတော့ သူကလည်း ရှေးဦး ကမ္ဘာဦး စွမ်းအားကို ပိုင်ဆိုင်ထားတယ်လေ... ကျွန်တော်သာ ဆိုရင်လည်း ချင်းယန်ကိုပဲ အရင် ပစ်မှတ်ထားမှာပါ..."
ယီထျန်းချင်းကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
အခြားသူများလည်း တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက် ထောက်ခံလိုက်ကြ၏။
လျိုချင်းယန်မှာ မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးနှင့် နှိုင်းယှဉ်ပါက စွမ်းအား အများကြီး အားနည်းလွန်းလှပြီး ကျားသစ်ရိုင်းကြီးလောက် မစွမ်းနိုင်သည်မှာ သေချာလှသည်။ ထို့ကြောင့် ဦးနှောက်ရှိသူတိုင်းက လျိုချင်းယန်ကိုသာ ပထမဆုံး တိုက်ခိုက်ရန် ရွေးချယ်ကြမည်မှာ အသေအချာပင်။
"နန်းတော်သခင်... နန်းတော်သခင် ကိုယ်တိုင်တောင် ဒီပိတ်လှောင်မှုကို မချိုးဖျက်နိုင်သေးတာ... နတ်ဆိုးမျိုးနွယ်စုက ကိုးထပ် ချန်ခွင်း မျှော်စင်ကို ယူသွားနိုင်တယ် ဆိုရင်တောင်မှ... ပိတ်လှောင်မှုကို ချိုးဖျက်နိုင်ဖို့က သေချာပေါက် မလွယ်ပါဘူး... ကျားသစ်ရိုင်းကြီးကို ဖမ်းဖို့ ဆိုတာ နေနေသာသာပေါ့..."
ဟန်ခွန်းက မျက်မှောင်ကြုတ်လျက် ဝင်ပြောလိုက်၏။
ဖုန်းဝူချန်က ခေါင်း အနည်းငယ် ညိတ်ပြလိုက်ပြီး လေးနက်စွာ ရှင်းပြလိုက်သည်။
"နတ်ဆိုးမျိုးနွယ်စုက ပိတ်လှောင်မှုကို ချိုးဖျက်နိုင်မလား၊ မချိုးဖျက်နိုင်ဘူးလား ဆိုတာ ငါ မသိဘူး... ဒါပေမဲ့ သေချာတာ တစ်ခုကတော့... သူတို့ သေချာပေါက် ချင်းယန်ကို လာတိုက်ခိုက်ကြမှာပဲ... အချိန်သိပ်ကြာမှာ မဟုတ်ဘူး..."
"ချင်းယန်က တံခါးပိတ် ကျင့်ကြံနေတုန်းပဲ ရှိသေးတာ..."
လွမ်ရှန်က စိုးရိမ်တကြီး သတိပေးလိုက်၏။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီးနောက် မီးတောက်နဂါးထံသို့ အသံလှိုင်းဖြင့် သတင်းပို့လိုက်သည်။
"မီးတောက်နဂါး... နတ်ဆိုးမျိုးနွယ်စုကို ဆက်ပြီး စောင့်ကြည့်နေ... နောက် သုံးရက်နေရင် မီးလျှံဝိညာဉ်နဲ့ မီးလျှံမီးတောက်တို့ကို ကယ်တင်ဖို့ သွားရအောင်..."
"ဟုတ်ကဲ့ပါ သခင်..."
မီးတောက်နဂါး၏ ရိုသေလေးစားသော အသံက ပြန်လည် ထွက်ပေါ်လာတော့၏။
လူတိုင်းနှင့် စကား အနည်းငယ် ပြောပြီးနောက် ဖုန်းဝူချန်က ခန်းမဆောင်ကြီး အတွင်းမှ ထွက်ခွာလာခဲ့ပြီး ၀င်္ကပါ နယ်မြေ အတွင်းသို့ တစ်ယောက်တည်း ဝင်ရောက်သွားတော့သည်။
ဖုန်းဝူချန်က စကား တစ်ခွန်းမျှ မဟရသေးမီမှာပင် အမှောင်မိစ္ဆာ ကျားသစ်က စတင် မေးလိုက်၏။
"သိချင်တာ ရှိရင် မေးလိုက်ပါ..."
ဖုန်းဝူချန် ရောက်ရှိလာခြင်းက အမှောင်မိစ္ဆာ ကျားသစ်ကို သူ၏ ရည်ရွယ်ချက် မည်သည်ကို ကြိုတင် ရိပ်မိသွားစေပုံရသည်။
အမှောင်မိစ္ဆာ ကျားသစ်ကို အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးနောက် ဖုန်းဝူချန်က ပြောလိုက်သည်။
"ကြည့်ရတာ မင်းက သူတို့ ရှိနေတာကို သတိထားမိနေပုံရတယ်..."
စကားပြောနေစဉ်မှာပင် ဖုန်းဝူချန်က အမှောင်မိစ္ဆာ ကျားသစ်၏ ဧရာမ ခေါင်းကြီး အနီးသို့ လျှောက်သွားလိုက်ပြီးနောက် ဆက်ပြောလိုက်၏။
"မင်းရဲ့ အတိတ် ဇာတ်ကြောင်းကို ငါ သိချင်တယ်..."
စကားသံ အဆုံးမှာပင် ဖုန်းဝူချန်က သူ၏ လက်ကို အမှောင်မိစ္ဆာ ကျားသစ်၏ ခေါင်းပေါ်သို့ ညင်သာစွာ တင်လိုက်တော့သည်။
အမှောင်မိစ္ဆာ ကျားသစ်က ဘာမှ ပြန်မပြောသလို ရုန်းကန်ခြင်းမျိုးလည်း မရှိခဲ့ချေ။
ဖုန်းဝူချန်က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး အမှောင်မိစ္ဆာ ကျားသစ်၏ မှတ်ဉာဏ်များကို စစ်ဆေးကြည့်လိုက်၏။
အချိန် အနည်းငယ် ကြာပြီးနောက် ဖုန်းဝူချန်က မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး မှတ်ချက်ချလိုက်သည်။
"ကြည့်ရတာ မင်းရဲ့ အတိတ်က လက်ရှိ မင်းနဲ့ လုံးဝ မတူဘူးပဲ... အစောင့်အရှောက် လုံကျန့်နဲ့ တခြားသူတွေ ပြောခဲ့တာ မှန်နေတယ်..."
ဖုန်းဝူချန် မြင်တွေ့ခဲ့ရသော အမှောင်မိစ္ဆာ ကျားသစ်၏ မှတ်ဉာဏ်များက လုံကျန့် ရှင်းပြခဲ့သည့် အတိုင်း တသဝေမတိမ်း ဖြစ်နေတော့၏။
အတိတ်တုန်းက အမှောင်မိစ္ဆာ ကျားသစ်သည် ရက်စက်ကြမ်းကြုတ်ပြီး ညှာတာမှု ကင်းမဲ့လှ၏။ အလွန်တရာ သွေးအေး ရက်စက်ပြီး အနှစ်သာရ အားဖြင့် ကြောက်မက်ဖွယ် မကောင်းဆိုးဝါးကြီး တစ်ကောင်နှင့် လုံးဝ တူညီနေခဲ့သည်။
အမှောင်မိစ္ဆာ ကျားသစ်က ဖုန်းဝူချန်ကို ကြည့်ရင်း မေးလိုက်၏။
"ငါ့ရဲ့ အတိတ်ကို မြင်ပြီးပြီ ဆိုတော့... ငါ့ကို မကြောက်ဘူးလား..."
"ကြောက်တာပေါ့... သေချာပေါက် ကြောက်တယ်... ဒုတိယအဆင့် နတ်ဘုရား အသွင်ပြောင်းဘုံ အထွတ်အထိပ်ကို ဘယ်သူက မကြောက်ဘဲ နေမှာလဲ..."
ဖုန်းဝူချန်က နည်းနည်းလေးမျှ တုံ့ဆိုင်းမနေဘဲ.. ပြုံးရင်း ပြန်လည် ဖြေကြားလိုက်သည်။
ထို့နောက် သူက ဆက်ပြောလိုက်၏။
"မင်းက ၀င်္ကပါ နယ်မြေထဲမှာ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရတော့... မင်းရဲ့ အထီးကျန်မှုက မင်းရဲ့ ရက်စက်ကြမ်းကြုတ်ပြီး ညှာတာမှု ကင်းမဲ့တဲ့ သဘာဝကို ဖုံးကွယ်သွားစေခဲ့တယ်... ပြီးတော့ လူသားတွေလို ခံစားချက် တချို့ကိုတောင် ဖြစ်ပေါ်လာစေခဲ့တယ်..."
"မင်းရဲ့ မှတ်ဉာဏ်တွေထဲမှာ... သတ်ဖြတ်မှုတွေ ပြည့်နှက်နေတယ် ဆိုပေမယ့်... ကလေးငယ် နှစ်ယောက်ကို မင်း မသတ်ရက်ဘူး ဆိုတာကို ငါ မြင်ခဲ့တယ်... ဒါက မင်းရဲ့ ရင်ထဲမှာ အသိတရား နည်းနည်းလေးတော့ ကျန်နေသေးတယ် ဆိုတာကို ပြသနေတာပဲ... သူတို့က မင်းကို မယုံကြည်ကြဘူး ဆိုပေမယ့်... မင်းက ရှေးဦး ကမ္ဘာဦး သားရဲကြီး တစ်ကောင် ဖြစ်နေရင်တောင် ငါကတော့ မင်းကို ယုံကြည်ဖို့ ရွေးချယ်လိုက်ပြီ..."
ဖုန်းဝူချန်က ဆက်ပြောလိုက်သည်။
ဖုန်းဝူချန်၏ စကားများကို ကြားလိုက်ရသည့်အခါ အမှောင်မိစ္ဆာ ကျားသစ်က ဖုန်းဝူချန်ကို နောက်တစ်ဖန် စူးစ်ုက်ကြည့်လိုက်မိ၏။ ဖုန်းဝူချန်က သူ့ကို ယုံကြည်ရန် ရွေးချယ်လိုက်သဖြင့် ၎င်းမှာ အနည်းငယ် အံ့အားသင့်သွားရသည်။
"မင်း ထွက်ပေါ်လာမှုက နတ်ဆိုးမျိုးနွယ်စုကို တုန်လှုပ်သွားစေခဲ့ပြီ... သူတို့က မင်းကို အသုံးချချင်နေကြတယ်... ဒါပေမဲ့ မင်းရဲ့ လက်ရှိ စွမ်းအားနဲ့ ဆိုရင် သူတို့ကို အနိုင်ယူဖို့ သေချာပေါက် မလွယ်ဘူး... ပိတ်လှောင်ရေး အခင်းအကျင်းနဲ့ လင်ရွှီဇီရဲ့ စွမ်းအားတွေကို ငါ အမြန်ဆုံး ဝါးမြိုပြီး ပိတ်လှောင်မှုကို အားနည်းသွားအောင် လုပ်ပေးမယ်... အဲဒီအခါကျရင် မင်း.. ထွက်လာလို့ ရပြီပေါ့... မင်းလည်း ငါ့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
ဖုန်းဝူချန်က ထပ်မံ ဖြည့်စွက် ပြောဆိုလိုက်၏။
ထို့နောက် သူက အမှောင်မိစ္ဆာ ကျားသစ်ကို ပြုံးပြလိုက်ပြီး အပြင်သို့ ထွက်ခွာသွားခဲ့၏။
"ဖုန်းဝူချန်... မင်းက တခြား လူသားတွေနဲ့ တကယ်ကို မတူဘူးပဲ..."
အမှောင်မိစ္ဆာ ကျားသစ်က ဖုန်းဝူချန်၏ ရိုးသားမှုနှင့် ပွင့်လင်းမှုကို သတိပြုမိသွားပြီး တီးတိုး ရေရွတ်လိုက်တော့သည်။
...
သုံးရက်တာ အချိန်ကာလ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ဖုန်းဝူချန်၊ လင်ရှောင်ရှောင်၊ ယဲ့ထျန်းဝေနှင့် အခြားသူများ အားလုံး မြောက်ဘက် ဆန်းကြယ် နယ်မြေဆီသို့ ထွက်ခွာလာခဲ့ကြ၏။
မီးလျှံဝိညာဉ်နှင့် မီးလျှံမီးတောက်တို့ကို ပိတ်လှောင်ထားသော နေရာမှာ မြောက်ဘက် ဆန်းကြယ် နယ်မြေတွင် တည်ရှိနေခြင်း ဖြစ်၏။
မီးလျှံဝိညာဉ်နှင့် မီးလျှံမီးတောက်တို့မှာ အတိတ်ကာလက ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ပိတ်လှောင်ခံထားရခြင်း ဖြစ်သည်။ သူတို့၏ ဒဏ်ရာများမှာ အလွန်အမင်း ဆိုးရွားလွန်းသဖြင့် ရုပ်ခန္ဓာများကို မထိန်းသိမ်းနိုင်တော့ဘဲ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဝိညာဉ် အစအနလေးများ အဖြစ်သာ ကျန်ရှိနေတော့၏။
ဖုန်းဝူချန်နှင့် အဖွဲ့ နဂါးနတ်ဘုရား နန်းတော်မှ ထွက်ခွာလာပြီး သိပ်မကြာမီမှာပင် အစွမ်းထက် ပညာရှင်များ၏ ပစ်မှတ်ထားမှုကို ခံလိုက်ရတော့သည်။
"သခင်... အဲဒါ ဘီလူး မျိုးနွယ်စုက ဖူယန်ပဲ..."
မီးတောက်နဂါး၏ အသံလှိုင်းက ချက်ချင်း ရောက်ရှိလာ၏။
"ဖူယန် ဟုတ်လား..."
ဖုန်းဝူချန် အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်မိသည်။ ဘီလူး မျိုးနွယ်စုက အချိန်အကြာကြီး ပျောက်ကွယ်နေခဲ့ပြီးမှ ရုတ်တရက် ပြန်လည် ထွက်ပေါ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"ဝှစ်... ဝှစ်... ဝှစ်"
ဖုန်းဝူချန် အံ့အားသင့်နေစဉ်မှာပင် ပုံရိပ် အနည်းငယ်က လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းဖြင့် သူတို့၏ အမြင်အာရုံ အတွင်းသို့ ရောက်ရှိလာကြ၏။ သူတို့၏ ကြောက်မက်ဖွယ် အရှိန်အဝါများက ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေပြီး အားလုံးက နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်တွင် ရှိနေကြသည်။
"ဘယ်သူတွေလဲ..."
ပေတိုယန်က အေးစက်စက် အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများက အသစ်ရောက်ရှိလာသူများကို ဝေ့ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ လေးနက် တင်းမာနေတော့၏။
"ဘီလူး မျိုးနွယ်စုက ဖူယန် ပါလား..."
နန်းကုန်းကျန့်က အလွန်အမင်း အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ပြီး ခေါင်းဆောင်အဖြစ် လာသူမှာ ဖူယန် ဖြစ်ကြောင်း မှတ်မိသွားတော့သည်။
သူတို့ကို ဦးဆောင်လာသူမှာ အမှန်တကယ်ပင် ဖူယန် ဖြစ်၏။
"ဖုန်းဝူချန်... ငါတို့ ပြန်တွေ့ကြပြန်ပြီနော်..."
ဖူယန်က မကောင်းဆိုးဝါးဆန်သော အပြုံးဖြင့် ပြောလိုက်ရာ သူ၏ အကြံအစည်များမှာ မကောင်းကြောင်း ရှင်းလင်းစွာ သိသာနေသည်။
"ဖူယန်... ကြည့်ရတာ ခင်ဗျားရဲ့ ကျင့်ကြံခြင်းက တော်တော်လေး တိုးတက်လာပုံ ရတယ်... ကျုပ်တို့ကို လာနှုတ်ဆက်တာလား... ဒါမှမဟုတ် ကိုယ့်သေတွင်း ကိုယ်လာတူးတာလား ဆိုတာ ကျုပ် တကယ် သိချင်နေတာ..."
ဖုန်းဝူချန်က အေးစက်စက် ရယ်ရင်း မေးလိုက်ပြီး အလကား စကားများကို အချိန်မဖြုန်းတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက် မေးလိုက်၏။
"ရှေးဦး ကမ္ဘာဦး စွမ်းအားကို လာယူတာကွ...သေပေတော့..."
ဖူယန်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် သူ၏ အစစ်အမှန်ယွမ်များကို အသက်သွင်းလိုက်ရာ ထိုသုံးယောက်က ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုကြီးကို စတင်လိုက်ကြတော့၏။
"အိုး... ဟုတ်လား..."
ဖုန်းဝူချန်က ရေခဲတမျှ အေးစက်စွာ ရယ်လိုက်ပြီး နည်းနည်းလေးမျှ မကြောက်ရွံ့နေချေ။
စိတ်လှုပ်ရှားလိုက်ရုံမျှဖြင့် ကိုးထပ် ချန်ခွင်း မျှော်စင်က သူ၏ လက်ဝါးပြင်ထက်တွင် ရုတ်တရက် ထွက်ပေါ်လာတော့၏။
"ဝှစ်... ဝှစ်... ဝှစ်"
နောက်တစ်စက္ကန့်တွင် အနက်ရောင် ပုံရိပ် သုံးခု လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး ချက်ချင်းပင် ဝင်ရောက် တိုက်ခိုက်တော့၏။
ဖုန်းဝူချန်က ဝိညာဉ် ရုပ်သေးရုပ် သုံးရုပ်ကို ဆင့်ခေါ်လိုက်လေ၏။
"နတ်ဘုရားအသွင်ပြောင်းဘုံ ပဉ္စမအလွှာပါလား..."
ဖူယန်နှင့် သူ၏ အပေါင်းအပါများ၏ မျက်နှာများ ရုတ်ချည်း သွေးဆုတ်ကာ ဖြူဖျော့သွားကြတော့သည်။
နောက်တစ်ယောက်ကလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် ဝိညာဉ်တွေပဲ..."
"ခင်ဗျားတို့ ကိုယ့်သေတွင်း ကိုယ်လာတူးတာ ဆိုရင်တော့... ကျုပ် သေချာပေါက် မတားဘူး..."
ဖုန်းဝူချန်က အေးစက်စက် သရော်ရင်း ပြောလိုက်ရာ ဖူယန်နှင့် သူ၏ အပေါင်းအပါများကို အလွယ်တကူ ကိုင်တွယ်နိုင်မည်ဟု ယုံကြည်မှု အပြည့် ရှိနေပုံရသည်။
"ဘုန်း... ဘုန်း... ဘုန်း"
"ဝီ... ဝီ..."
အလွန်တရာ ပြင်းထန် ကြမ်းတမ်းလှသော တိုက်ပွဲကြီး ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူတို့၏ ရက်စက်ကြမ်းကြုတ်လှသော ဝင်တိုက်မိမှုကြောင့် ကြောက်မက်ဖွယ် စွမ်းအားများ ရူးသွပ်စွာ တိုက်ခတ်သွားတော့၏။
ဟင်းလင်းပြင်မှာ တစ်လွှာပြီး တစ်လွှာ ပြိုကျ ပျက်စီးသွားပြီး ပြင်းထန်သော တုန်ခါမှုများကြောင့် အဖျက်အား လှိုင်းများက ဒေါသတကြီး ရိုက်ခတ်နေသော ရေလှိုင်းကြီးများပမာ လိမ့်တက် ဖြာထွက်သွားတော့သည်။
ဝိညာဉ် ရုပ်သေးရုပ် သုံးရုပ်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသည်။
--