← Chapters

အခန်း ၈၈၂

Vol. 59 Ch. 882

အခန်း ၈၈၂

Vol. 59 Ch. 882

အခန်း (၈၈၂) - ဖူယန်ကို သတ်ဖြတ်ခြင်း

"ဖူယန်ကတော့ ကိုယ့်သေတွင်း ကိုယ်တူးလိုက်တာပဲ..."

ယဲ့ထျန်းဝေနှင့် အခြားသူများက အေးစက်စက် သရော်လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် သူတစ်ပါး ဘေးတွေ့သည်ကို ဝမ်းသာအားရ ဖြစ်နေသော ရက်စက်သည့် အပြုံးများ ပေါ်ပေါက်လာတော့၏။

ယခင်ကဆိုလျှင် ဖူယန်၏ စွမ်းအားကို သူတို့ သတိထားခဲ့ရမည် ဖြစ်သော်လည်း ယခုအခါတွင်မူ အခြေအနေများက လုံးဝ ပြောင်းလဲသွားခဲ့၏။ ဖုန်းဝူချန်ထံတွင် ဝိညာဉ် ရုပ်သေးရုပ် ရာပေါင်းများစွာ ရှိနေပြီး နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်ဝင် ရုပ်သေးရုပ်များပင် ဆယ်ဂဏန်းချီ ရှိနေသည် မဟုတ်ပါလော။

ဖူယန်တို့ဘက်တွင်မူ လူသုံးယောက်သာ ပါရှိပြီး ဖူယန် ကိုယ်တိုင်ပင် နတ်ဘုရားအသွင်ပြောင်းဘုံ စတုတ္ထအလွှာ အဆင့်၌သာ ရှိနေသေး၏။

"ဘုန်း... ဘုန်း... ဘုန်း"

"ဝီ... ဝီ..."

ပြင်းထန်သော တိုက်ပွဲကြီး အတွင်း၌ ဖူယန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦးမှာ ဝိညာဉ် ရုပ်သေးရုပ်များ၏ မရပ်မနား တိုက်ခိုက်မှုအောက်တွင် အသည်းအသန် ခုခံနေရပြီး ခြေတစ်လှမ်းချင်းစီ အနောက်သို့ ဆုတ်ခွာနေကြရတော့၏။ သူတို့မှာ ပြန်လည် ခုခံနိုင်စွမ်း လုံးဝ မရှိတော့ချေ။

၎င်းကို မြင်လိုက်ရသည့်အခါ ဖုန်းဝူချန်က ရက်စက်ကြမ်းကြုတ်သော အေးစက်စက် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

"ဖူယန်... ခင်ဗျားရဲ့ ဒီလောက် စွမ်းအားလေးနဲ့တော့...ကျုပ်ကို ယှဉ်ဖို့ အဝေးကြီး လိုသေးတယ်..."

"ယုတ်မာတဲ့ ကောင်လေး... မင်းဆီမှာ ဒီလောက် အစွမ်းထက်တဲ့ ဝိညာဉ် ခန္ဓာကိုယ်တွေ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ..."

ဖူယန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်စွာ တွန့်လိမ်နေပြီး အရေပြားများမှာလည်း ပြင်းထန်စွာ တုန်ယင်နေတော့၏။

သူ့တွင် နောင်တများ ပြည့်နှက်နေသော်လည်း အရာအားလုံးက နောက်ကျသွားခဲ့၏။

ဝိညာဉ် ရုပ်သေးရုပ်များမှာ ကိုယ်ပိုင် အသိစိတ် မရှိကြဘဲ အမိန့်ကိုသာ နာခံတတ်ကြသူများ ဖြစ်ရာ ညှာတာမှု ကင်းမဲ့စွာဖြင့် နည်းနည်းလေးမျှ မတုံ့ဆိုင်းဘဲ တိုက်ပွဲဝင်နေကြတော့သည်။

မိနစ် အနည်းငယ်အတွင်းမှာပင် ဖူယန်တို့ သုံးယောက်စလုံး ဒဏ်ရာများ ရရှိသွားကြပြီး ဝိညာဉ် ရုပ်သေးရုပ်များကို လုံးဝ မယှဉ်နိုင်တော့ချေ။

ထွက်ပြေးရန်မှာလည်း လုံးဝ မဖြစ်နိုင်တော့သဖြင့် သူတို့မှာ သူတို့၏ ဧရာမ ခန္ဓာကိုယ်ကြီးများ အဖြစ်သို့ အသွင်ပြောင်းကာ ဝိညာဉ် ရုပ်သေးရုပ်များကို အချည်းနှီး ပြန်လည် တိုက်ခိုက်ရန် ကြိုးစားနေကြတော့၏။

သို့သော် သူတို့၏ တိုက်ခိုက်မှုများက ဝိညာဉ် ရုပ်သေးရုပ်များ အပေါ်တွင် မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ချေ။ တိုက်ပွဲ ကြာလာလေလေ သူတို့ ပို၍ ထိတ်လန့်လာလေလေ ဖြစ်ပြီး လက်ရှိ အခြေအနေကို လုံးဝ သည်းမခံနိုင်တော့လောက်အောင် ဖြစ်လာတော့သည်။

"ပြေးကြစို့..."

ဖူယန်က ထိတ်လန့် ပြာယာခတ်စွာဖြင့် အော်ဟစ်လိုက်ပြီး ထွက်ပြေးရန် ကြိုးစားတော့၏။

ထိုသုံးယောက်မှာ တစ်စက္ကန့်မျှပင် ဆက်လက် မနေရဲကြတော့ဘဲ ရရှိသမျှ အခွင့်အရေးကို အသုံးချကာ အစွမ်းကုန် အမြန်နှုန်းဖြင့် ထွက်ပြေးကြတော့သည်။

ဘီလူး မျိုးနွယ်စုမှ အစွမ်းထက် စစ်သည်တော် သုံးဦးမှာ အလွန်အမင်း ကြောက်လန့်သွားကြပြီး ထွက်ပြေးနေကြရလေ၏။ အကယ်၍ ဤသတင်းသာ အပြင်သို့ ပေါက်ကြားသွားပါက သူတို့ သုံးယောက်အတွက်တော့ သိက္ခာကျစရာ အကောင်းဆုံး ကိစ္စကြီး တစ်ခု ဖြစ်ပေမည်။

"ဟားဟား... သူတို့တွေ တကယ်ပဲ အသက်လုပြီး ပြေးနေကြတာလားဟ..."

ဟွမ်ယန်က မနေနိုင်ဘဲ အားပါးတရ ရယ်လိုက်တော့၏။

"နန်းတော်သခင်... သူတို့ကို လွှတ်ပေးလိုက်ပါ..."

ပေတိုယန်က လှမ်းအော်လိုက်သည်။

"ဒီအထိ ရောက်လာပြီးမှ... ဘာလို့ အဲဒီလောက်တောင် အလောတကြီး ထွက်သွားချင်နေရတာလဲ..."

ဖုန်းဝူချန်က ရေခဲတမျှ အေးစက်စွာ ပြောလိုက်ရာ သူ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ချင်သည့် အငွေ့အသက်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့၏။ သူက ထိုသုံးယောက်ကို လွှတ်ပေးရန် လုံးဝ အစီအစဉ် မရှိချေ။

"ဝှစ်... ဝှစ်... ဝှစ်"

စိတ်လှုပ်ရှားလိုက်ရုံဖြင့် ဖုန်းဝူချန်က အခြားသော ဝိညာဉ် ရုပ်သေးရုပ်များကို ထိန်းချုပ်လိုက်ရာ ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်းမှ အနက်ရောင် ပုံရိပ် အများအပြား အလွန်တရာ မြန်ဆန်သော အမြန်နှုန်းဖြင့် ပစ်ထွက်လာတော့သည်။

ဖူယန်နှင့် သူ၏ အပေါင်းအပါများ ဝေးဝေးမရောက်မီမှာပင် နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်ရှိ ဝိညာဉ် ရုပ်သေးရုပ် ဒါဇင်ကျော်က သူတို့ကို ဝိုင်းရံ ပိတ်ဆို့လိုက်၏။

"ဘာ..."

ထိုသုံးယောက်လုံး၏ မျက်နှာအမူအရာများ ရုတ်ချည်း ဆိုးရွားစွာ ပြောင်းလဲသွားတော့သည်။

"အားလုံး... အားလုံးက နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်တွေချည်းပဲလား..."

သူတို့ထဲမှ တစ်ဦးက တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်လျက် ကြောက်လန့်တကြား ရေရွတ်လိုက်မိ၏။

"ဒီလောက်များတဲ့ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် ဝိညာဉ် ခန္ဓာကိုယ်တွေ ရှိနေတာ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ဖူယန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦးမှာ အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားကြပြီး လုံးဝ ဆွံ့အ မှင်သက်သွားကြတော့သည်။ ဖုန်းဝူချန်ကို အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း ယခုမူ မျှော်လင့်ချက် ကင်းမဲ့သော အခြေအနေဆိုးကြီး အတွင်းသို့ ကျရောက်သွားခဲ့၏။

နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် ဝိညာဉ် ခန္ဓာကိုယ် ဒါဇင်ကျော်က ဖူယန်တို့ အဖွဲ့ကို ဝိညာဉ်ပင် လွင့်ထွက်မတတ် ခြောက်ခြားသွားစေခဲ့သည်။

ဤမျှ ကြောက်မက်ဖွယ် ကောင်းသော စစ်ကြောင်းကြီး၏ အရှေ့တွင် ဖူယန်တို့ သုံးယောက် အနေဖြင့် အနိုင်ရရန် လုံးဝ အခွင့်အရေး မရှိချေ။

ထိုအခိုက်အတန့်တွင် ဖူယန်၏ ရင်ထဲ၌ နောင်တများ ချက်ချင်းပင် ပြည့်နှက်သွားသော်လည်း ထွက်ပြေးရန်မှာမူ အရာအားလုံး နောက်ကျသွားခဲ့၏။

"ဘုန်း... ဘုန်း... ဘုန်း"

“ဖူး... ဖူး…”

ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် ဝိညာဉ် ရုပ်သေးရုပ် ဒါဇင်ကျော်က ဖူယန်တို့ သုံးယောက်ကို ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများ ပြုလုပ်ကြတော့ရာ သူတို့မှာ သွေးစိမ်းများကို အဆက်မပြတ် အန်ထုတ်နေရပြီး ဒဏ်ရာများမှာလည်း လျင်မြန်စွာ ဆိုးရွားလာတော့၏။

"ကောင်းတယ်..."

"သူတို့ကို အားကုန် ရိုက်... သေအောင် ရိုက်သတ်ပစ်လိုက်ပါ..."

"နန်းတော်သခင်... မသတ်ခင် သူတို့ကို အရင်ဆုံး မသန်မစွမ်း ဖြစ်အောင် လုပ်ပစ်လိုက်ပါဦးဗျာ..."

ပေတိုယန်နှင့် အခြားသူများမှာ အားရကျေနပ်စွာဖြင့် အော်ဟစ်လိုက်ကြပြီး လင်ရှောင်ရှောင်နှင့် လန်ယွဲ့တို့ပါ ထိုအော်ဟစ်သံများထဲတွင် ပါဝင်လာကြတော့သည်။

ယန်ဟွမ် သဲကန္တာရတွင် ဖူယန်နှင့် တွေ့ဆုံခဲ့ပြီး ဖူယန်၏ လိုက်လံ သတ်ဖြတ်ခံခဲ့ရသည့် မြင်ကွင်းကို ပြန်လည် သတိရမိသည့်အခါ သူတို့ အားလုံး ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာကြတော့၏။

ယခုအခါ ကလဲ့စားချေရန် အံ့မခန်း အခွင့်အရေးကြီးကို ရရှိထားပြီ ဖြစ်ရာ မည်သို့လုပ် လက်လွတ်ခံပါမည်နည်း။

ဝိညာဉ် ရုပ်သေးရုပ်များမှာ လူသားတို့၏ ခံစားချက်များ လုံးဝ ကင်းမဲ့နေကြပြီး သတ်ဖြတ်ရန်အတွက် လက်နက်ကိရိယာများပမာသာ တည်ရှိနေကြလေသည်။

နှစ်မိနစ်ပင် မပြည့်မီသော အချိန်အတွင်းမှာပင် ဖူယန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိသွားကြပြီး အရေပြားများမှာ ညိုမည်းကာ မျက်နှာများမှာလည်း ဝက်ခေါင်းပမာ ဖူးရောင်လာတော့၏။ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် ဒါဇင်ကျော်၏ ရက်စက်ကြမ်းကြုတ်သော ရိုက်နှက်မှုကို ခံနေရသဖြင့် သူတို့မှာ ပြန်လည် ခုခံနိုင်စွမ်း လုံးဝ မရှိတော့ချေ။

၎င်းမှာ အလွန်တရာ သနားစရာ ကောင်းလှသည်။ တကယ့်ကို သနားစရာ ကောင်းလွန်းလှသည်။

"မရိုက်ပါနဲ့တော့... ဖုန်းဝူချန်... ရပ်လိုက်ပါတော့..."

ဖူယန်၏ အသက်ချမ်းသာပေးရန် အသနားခံသံက ရုတ်တရက် ထွက်ပေါ်လာ၏။ အလွန် တိုးညင်းသော်လည်း ဖုန်းဝူချန်နှင့် အခြားသူများ အားလုံး ရှင်းလင်းစွာ ကြားလိုက်ရသည်။

"ရပ်လိုက်ကြပါ... အခုချက်ချင်း ရပ်လိုက်ကြပါတော့..."

အခြား နှစ်ယောက်ကလည်း ထိတ်လန့် ပြာယာခတ်စွာဖြင့် အသည်းအသန် အော်ဟစ်လိုက်ကြ၏။

အကယ်၍ သူတို့သာ ယခု အသနားမခံလျှင်၊ ဤရိုက်နှက်မှုသာ ဆက်ဖြစ်နေမည် ဆိုလျှင် သူတို့ သုံးယောက်စလုံး သေချာပေါက် သေအောင် ရိုက်သတ်ခံရမည်။

"အသံက အရမ်း တိုးလွန်းတယ်... ငါ ဘာမှ မကြားရဘူး..."

ဖုန်းဝူချန်က သရော်လိုက်၏။

"ဖုန်းဝူချန်... ကျေးဇူးပြုပြီး ငါတို့ကို အသက်ချမ်းသာ ပေးပါ..."

သူတို့ထဲမှ တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ၏ ဒဏ်ရာများမှာ ပို၍ပို၍ ဆိုးရွားလာနေပြီး ဆက်လက် တောင့်ခံထားနိုင်စွမ်း မရှိတော့သည့်ဟန် ပေါ်နေတော့၏။

"ဒီထက် ကျယ်ကျယ် ပြောစမ်းပါ... ထမင်း မစားထားကြဘူးလား..."

နန်းကုန်းကျန့်က အေးစက်စက် ရယ်ရင်း ဝင်ပြောလိုက်၏။

"ငါ့အသက်ကို ချမ်းသာပေးပါ ဖုန်းဝူချန်... အခုချက်ချင်း ရပ်ခိုင်းလိုက်ပါတော့..."

ဖူယန်က ထိတ်လန့်တကြားဖြင့် အားကုန် အော်ဟစ်လိုက်တော့သည်။

"ဒီထက် ကျယ်ကျယ် အော်စမ်း..."

ယဲ့ထျန်းဝေက ကြိမ်းမောင်းလိုက်၏။

"ငါ့အသက်ကို ချမ်းသာပေးပါ... အသက်ချမ်းသာ ပေးပါ..."

ဖူယန်က သူ၏ အဆုတ်များ ပေါက်ထွက်တော့မည့်အလား အားကုန် ဟစ်အော်လိုက်တော့သည်။

"သြော်... အခုမှ အသက်ချမ်းသာပေးဖို့ အသနားခံနေတာလား..."

ပေတိုယန်က အခုမှ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည့်အလား ဟန်ဆောင်လိုက်ပြီးနောက် အေးစက်စက် သရော်လိုက်၏။

"သဲကန္တာရထဲမှာတုန်းကတော့ မင်းက အရမ်းကို မာနကြီးပြီး ထောင်လွှားနေခဲ့တာ မဟုတ်လား... အခုကျတော့ ဘာဖြစ်လို့ အသက်ချမ်းသာပေးဖို့ ဒီလောက်တောင် အသနားခံနေရတာလဲ..."

"ငါ မှားသွားပါတယ်... ငါ တကယ် မှားသွားပါပြီ... ဖုန်းဝူချန်... ငါ့အသက်ကို ချမ်းသာပေးပါ... မင်း ဆက်ပြီး ရိုက်ခိုင်းနေရင် ငါ သေသွားလိမ့်မယ်..."

ဖူယန်က ကြောက်ရွံ့မှုကြောင့် အသနားခံလိုက်ရာ ယခုအခါတွင်မူ သူ၏ ရင်ထဲ၌ အလွန်အမင်း နောင်တရခြင်းများဖြင့် ပြည့်နှက်နေတော့၏။

"ဖုန်းဝူချန်... ငါတို့ကို အသက်ချမ်းသာပေးပါ... ငါတို့က အမိန့်ကို နာခံရရုံ သက်သက်ပါ..."

အခြား နှစ်ယောက်ကလည်း မရပ်မနား အသနားခံနေကြတော့သည်။

ထိုစဉ် ပေတိုယန်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"ဟွန့်... ယန်ဟွမ် သဲကန္တာရထဲမှာတုန်းက ကျွန်တော်.. သူ့လက်ချက်နဲ့ သေမလို ဖြစ်ခဲ့တာ... နန်းတော်သခင်... သူ့ကို လုံးဝ အသက်ချမ်းသာ မပေးသင့်ဘူး..."

ဖုန်းဝူချန်က အေးစက်စက် သရော်လိုက်သည်။

"သူတို့က ကိုယ့်သေတွင်း ကိုယ်လာတူးတာ ဆိုတော့... ငါကလည်း သူတို့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့..."

"ဖုန်းဝူချန်... သူတို့ကို ရပ်ခိုင်းလိုက်စမ်းပါ..."

ဖူယန်၏ အသံက အလွန်အမင်း ထိတ်လန့် ပြာယာခတ်စွာဖြင့် ထွက်ပေါ်လာပြန်သည်။

သို့သော် ဖုန်းဝူချန်က ဘာမှ မကြားရသည့်အလား လျစ်လျူရှုထားလိုက်၏။

"ဘုန်း... ဘုန်း... ဘုန်း"

“အား... အား…”

"ဝီ... ဝီ..."

ဝိညာဉ် ရုပ်သေးရုပ် ဒါဇင်ကျော်က သူတို့ကို မရပ်မနား အဆက်မပြတ် ထိုးနှက်နေကြရာ ဖူယန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦးမှာ နာကျင်စွာဖြင့် ဆက်တိုက် အော်ဟစ်နေကြရတော့၏။ သူတို့မှာ ကောင်းကင်ယံမှနေ၍ မြေပြင်ပေါ်သို့ ရောက်ရှိသွားသည်အထိ ရိုက်နှက်ခံနေရလေ၏။

ကြောက်မက်ဖွယ် စွမ်းအားများကြောင့် မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး သူတို့ ကျဆင်းသွားသော နေရာတွင် ဧရာမ တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်သွားတော့သည်။

ရက်စက်ကြမ်းကြုတ်သော ရိုက်နှက်မှုကြောင့် ဖူယန်နှင့် အခြား နှစ်ဦးတို့၏ အရိုးများ အားလုံး တစ်စစီ ကျိုးကြေ ပျက်စီးသွားခဲ့၏။ သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ စီးဆင်းသွားသော အဆုံးမဲ့ နာကျင်မှုများမှာ သေခြင်းတရားထက်ပင် ပို၍ ဆိုးရွားနေတော့၏။

နောက်ဆုံးတွင်တော့ ဖူယန်နှင့် သူ၏ အပေါင်းအပါများ၏ အသနားခံသံများနှင့် အော်ဟစ်သံများ လုံးဝ တိတ်ဆိတ်သွားခဲ့ပြီး အသက်ငင်နေသော အခြေအနေသို့သာ ရောက်ရှိသွားကြတော့သည်။

ဖုန်းဝူချန်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ် ရုပ်သေးရုပ်များ အားလုံး ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြတော့၏။

"သူတို့ အသက်ရှင်နေသေးတာပဲ... တော်တော်လေးတော့ ခံနိုင်ရည် ရှိကြသားပဲ..."

ပေတိုယန်က အားရကျေနပ်စွာဖြင့် သရော်လိုက်သည်။

ဒဏ်ရာအပြင်းအထန် ရရှိထားသော ဖူယန်ကို ကြည့်ရင်း ဖုန်းဝူချန်က အေးစက်စက် ပြုံးလျက် မေးလိုက်၏။

"ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ မင်း ထင်မထားခဲ့ဘူး မဟုတ်လား... ကြည့်ရတာ ကံကြမ္မာက မင်းကို ငါ့လက်နဲ့ကိုယ်တိုင် အဆုံးစီရင်ဖို့ သတ်မှတ်ပေးထားပုံရတယ်..."

"ငါ့ကို သတ်လိုက်ရင်... ဘီလူး မျိုးနွယ်စုက မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး..."

ဖူယန်က အလွန်အမင်း အားနည်းနေသော အသံဖြင့် ခက်ခဲစွာ ပြောလိုက်၏။ သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး တစ်ဝက်ခန့်သာ ပွင့်နေသော မျက်လုံးများထဲတွင် မကျေနပ်မှုများနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေတော့သည်။

"ဒါဆိုရင်လည်း... မင်းကိုပဲ ငါ အရင်ဆုံး သတ်ပစ်ရမှာပေါ့..."

ဖုန်းဝူချန်က ရေခဲတမျှ အေးစက်စွာ ပြောလိုက်ပြီးနောက် နည်းနည်းလေးမျှ တုံ့ဆိုင်းမနေဘဲ သူ၏ လက်ဝါးဖြင့် အားကုန် ရိုက်ချလိုက်တော့၏။

“ဘုန်း…”

“ဖူး…”

ဖုန်းဝူချန်က တကယ်ပဲ တိုက်ခိုက်ရဲကြောင်း တွေ့လိုက်ရသည့်အခါ ဖူယန်မှာ မျှော်လင့်ချက် လုံးဝ ကင်းမဲ့သွားတော့သည်။ ဖုန်းဝူချန်၏ လက်ဝါးကြီးက သူ၏ မျက်စိရှေ့တွင် လျင်မြန်စွာ ကြီးမားလာပြီးနောက် နောက်ဆုံး ပေါက်ကွဲသံနှင့်အတူ ကြီးစိုးသော ကြောက်မက်ဖွယ် စွမ်းအားက ဖူယန်၏ ရင်ဘတ်ကို ချိုင့်ဝင်သွားစေတော့၏။

ကြောက်မက်ဖွယ် စွမ်းအားကြောင့် ဖူယန်၏ ကိုယ်တွင်း အင်္ဂါများ အားလုံး တစ်စစီ ကြေမွ ပျက်စီးသွားခဲ့၏။

"မင်း...တကယ်ပဲ..."

ဖူယန်က မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ဖုန်းဝူချန်ကို စူးစိုက်ကြည့်လိုက်သော်လည်း သူ၏ စကားမဆုံးမီမှာပင် ထာဝရ တိတ်ဆိတ်သွားခဲ့တော့သည်။

--

All Chapters