အခန်း ၈၈၃
Vol. 59 Ch. 883
အခန်း (၈၈၃) - ခန့်မှန်းချက်များ
"သူတို့ဘာသာ သေလမ်းကို ရွေးခဲ့တာပဲ..ငါ့ကိုတော့ လာအပြစ်မတင်နဲ့တော့.."
ရန်သူကို ကိုင်တွယ်ရာတွင် အရှင်းလင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းမှာ အမြစ်ပြတ် ချေမှုန်းပစ်ခြင်းသာ ဖြစ်သည်။ သေတွင်းထဲသို့ ကိုယ်တိုင် ဆင်းလာသည့် ရန်သူများကို ရင်ဆိုင်ရာတွင် သွေးအေးရက်စက်မှုကသာ အကောင်းဆုံး ဖြေရှင်းနည်းပင်။
ဖုန်းဝူချန်၏ လက်ဝါးချက် တစ်ချက်တည်းဖြင့် ဖူယန် အသက်ပျောက်သွားသည်ကို မြင်လိုက်ရသည့်အခါ ကျန်ရှိနေသော နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် နှစ်ဦးမှာ ကြောက်လန့်လွန်းသဖြင့် စကားပင် မဟရဲကြတော့ချေ။
ဖူယန်သည် ဘီလူး မျိုးနွယ်စု၏ အကျော်အမော် တစ်ဦး ဖြစ်သော်ငြား ဖုန်းဝူချန်ကတော့ နည်းနည်းလေးမျှ တုံ့ဆိုင်းခြင်း မရှိဘဲ သတ်ဖြတ်ပစ်ခဲ့၏။ ၎င်းမှာ ထိုမျိုးနွယ်စုကို နည်းနည်းလေးမျှ ကြောက်ရွံ့ခြင်း မရှိကြောင်း ပြသနေလေ၏။ သူ၏ အေးစက်သော အကြည့်များက ထိတ်လန့်နေသော ပညာရှင် နှစ်ဦးထံသို့ ဝေ့ကြည့်သွားပြီးနောက် ဖုန်းဝူချန်က အေးစက်စက် သရော်လိုက်သည်။
"ကိုယ့်ခြေထောက်ပေါ် ကိုယ်လျှောက်ပြီး ရောက်လာကြပြီ ဆိုမှတော့ ပြောကြစမ်းပါဦး.. နတ်ဆိုးမျိုးနွယ်စုက ရှေးဦးကမ္ဘာဦး စွမ်းအားတွေကို ဘာဖြစ်လို့ လိုက်စုနေရတာလဲ... မဟုတ်ရင်တော့ မင်းတို့ရဲ့ ကံကြမ္မာကလည်း ဒီကောင်နဲ့ အတူတူပဲ ဖြစ်သွားလိမ့်မယ်..."
"အခုချက်ချင်း ပြောစမ်း.. မဟုတ်ရင်တော့ အခုပဲ အသက်ပျောက်သွားမယ် မှတ်လိုက်..."
ယဲ့ထျန်းဝေက ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီး ထိုသူနှစ်ဦးကို စူးစိုက်ကြည့်နေတော့၏။
"ကျွန်တော်တို့ ပြောပါ့မယ်... ကျွန်တော်တို့ ပြောပါ့မယ်..."
ထိုသူများထဲမှ တစ်ဦးက ဖြူဖျော့နေသော မျက်နှာဖြင့် အသည်းအသန် တုံ့ပြန်လိုက်၏။ သူက ကြောက်ရွံ့မှုများကို မျိုသိပ်ရင်း ဆက်ပြောသည်။
"ကျွန်တော်တို့ ရှေးဦးကမ္ဘာဦး စွမ်းအားတွေကို လိုက်ရှာနေရတာက တစ်စုံတစ်ယောက်ရဲ့ အမိန့်ကြောင့်ပါ... အဲဒီလူက..."
“ဝှစ်... ဝှစ်…”
စကားမဆုံးမီမှာပင် သူတို့၏ နဖူးပေါ်တွင် သွေးစွန်းနေသော အပေါက်ငယ် တစ်ခုစီ ရုတ်တရက် ပေါ်ပေါက်လာပြီး နေရာတွင်းမှာပင် အသက်ပျောက်သွားကြတော့သည်။ ဤရုတ်တရက် အခြေအနေ ပြောင်းလဲမှုက အလွန်ပင် မြန်ဆန်လွန်းလှသဖြင့် ဖုန်းဝူချန်နှင့် အဖွဲ့သားများထဲမှ မည်သူမျှ ကြိုတင် မခန့်မှန်းနိုင်ခဲ့ကြဘဲ အလွန်အမင်း အံ့အားသင့်သွားကြရ၏။
"ဘာဖြစ်သွားတာလဲ..."
"သူတို့ကိုယ်သူတို့ အဆုံးစီရင်လိုက်တာလား.. မဖြစ်နိုင်တာ.. သူတို့ ခုနကတင် အသက်ချမ်းသာပေးဖို့ အော်နေကြတာလေ.. ဒါ သေချာပေါက် အပြင်လူ တစ်ယောက်ယောက်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်..."
"အစွမ်းထက်တဲ့ ရန်သူလား.. ဒါဆိုရင် မီးတောက်နဂါးက ဘာဖြစ်လို့ ဘာမှ အာရုံမခံမိတာလဲ..."
ချီဟွမ်နှင့် အခြားသူများမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး မည်သူက တိုက်ခိုက်လိုက်သနည်း၊ မည်သည့် စွမ်းအင် အတက်အကျမျိုး ရှိသနည်း ဆိုသည်ကို လုံးဝ ရှာမတွေ့နိုင်အောင် ဖြစ်နေကြတော့သည်။
"အနီးအနားမှာ ဘယ်လို အစွမ်းထက် ပညာရှင်မှ မရှိဘူး..."
မီးတောက်နဂါး၏ အသံက ဟိန်းထွက်လာတော့၏။
"ဘာ.. ဘယ်သူမှ မရှိဘူး ဟုတ်လား..."
"ဒါဆိုရင် ဘာဖြစ်လို့ အကြောင်းရင်း မရှိဘဲ သေသွားကြတာလဲ..."
"သူတို့ နဖူးက သွေးပေါက်တွေက ဘာလဲ.. ဒါက ဘယ်လို နည်းစနစ်မျိုးလဲ..."
ယဲ့ထျန်းဝေနှင့် အဖွဲ့သားများမှာ ပို၍ပို၍ ဇဝေဇဝါ ဖြစ်လာကြပြီး နောက်ဆုံးတွင်တော့ အားလုံး၏ အကြည့်များက ဖုန်းဝူချန်ထံသို့ ရောက်ရှိသွားကြတော့၏။ ဖုန်းဝူချန်က ထိုသူတို့၏ နဖူးပေါ်ရှိ သွေးစွန်းနေသော အပေါက်များကို စူးစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"သူတို့ သေဆုံးသွားတာက နတ်ဆိုးမျိုးနွယ်စုရဲ့ လက်ချက် မဟုတ်ဘူး.. တခြား တစ်ယောက်ယောက်ပဲ.. အဲဒီလူက အနားမှာ မရှိပေမဲ့ သူတို့ကို သတ်နိုင်တယ် ဆိုကတည်းက သူတို့ ကိုယ်ထဲမှာ တစ်ခုခု ထည့်သွင်းထားတာ ဖြစ်ရမယ်.. ကန့်သတ်ချက် တစ်ခုခု ဒါမှမဟုတ် ကျိန်စာ တစ်ခုခုပေါ့..."
"ဒီလူက သူတို့ကို သတ်ရဲတယ် ဆိုမှတော့ နတ်ဆိုးမျိုးနွယ်စုကို ကြောက်မယ့်ပုံ မပေါ်ဘူးပဲ..."
ပေတိုယန်က မျက်မှောင်ကြုတ်လျက် မှတ်ချက်ချလိုက်၏။
"နတ်ဆိုးမျိုးနွယ်စု ဒါမှမဟုတ် ယင်ယန် မိသားစုထဲက တစ်ခုခုပဲ ဖြစ်ရမယ်..."
လင်ရှောင်ရှောင်က ခန့်မှန်းလိုက်သည်။ ဖုန်းဝူချန်က ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး လက်ဝါးမှ အစစ်အမှန်ယွမ်များ အလောင်းထဲသို့ စီးဝင်စေပြီး စစ်ဆေးကြည့်လိုက်၏။ အချိန်အနည်းငယ် ကြာပြီးနောက် ဖုန်းဝူချန်က မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ တစ်စုံတစ်ခုကို သိရှိသွားသည့်အလား ပို၍ လေးနက် တင်းမာလာတော့သည်။
"နန်းတော်သခင်.. ဘာတွေ သိလိုက်ရလဲ..."
ယဲ့ထျန်းဝေက အလောတကြီး မေးမြန်းလိုက်၏။
"နတ်ဆိုးမျိုးနွယ်စုရဲ့ ကျိန်စာပဲ..."
ဖုန်းဝူချန်က မျက်မှောင်ကြုတ်လျက် ပြန်လည် ဖြေကြားလိုက်သည်။
"နတ်ဆိုးမျိုးနွယ်စုရဲ့ ကျိန်စာ ဟုတ်လား..."
လူအုပ်ကြီးမှာ အံ့အားသင့်သွားကြပြီး လင်ရှောင်ရှောင်၏ ခန့်မှန်းချက်မှာ မှန်ကန်နေကြောင်း သိလိုက်ရတော့၏။
"နန်းတော်သခင်.. ဒါဆိုရင် ဘီလူး မျိုးနွယ်စုက နတ်ဆိုးမျိုးနွယ်စုရဲ့ ထိန်းချုပ်တာကို ခံထားရတာလား..."
ချီဟွမ်က သူ၏ ကိုယ်ပိုင် ခန့်မှန်းချက်ကိုပင် သူကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့၏။
"ပြောရခက်တယ်..."
ဖုန်းဝူချန်က ခေါင်းခါယမ်းရင်း လေးနက်သော လေသံဖြင့် ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ဘီလူး မျိုးနွယ်စုက နတ်ဆိုးမျိုးနွယ်စုနဲ့ တစ်ခုခု ပတ်သက်နေတာတော့ သေချာတယ်.. နတ်ဆိုးမျိုးနွယ်စုက ရှေးဦးကမ္ဘာဦး စွမ်းအားတွေကို လိုချင်နေတယ်.. ဘီလူး မျိုးနွယ်စုကလည်း အဲ့ဒါတွေကို လိုချင်နေတယ်.. ယင်ယန် မိသားစုကလည်း ထပ်တူပဲ.. ပြီးတော့ ရှေးဦးကမ္ဘာဦး အင်းကွက်ကြီးလည်း ရှိနေသေးတယ်.. ဒီအင်အားစု သုံးခုကြားက ဆက်ဆံရေးက ဘာလဲ ဆိုတာတော့ အခုထိ မသေချာသေးဘူး..."
"အကယ်၍ သူတို့ အားလုံးက နတ်ဆိုးမျိုးနွယ်စုနဲ့ ပူးပေါင်းနေကြတာ ဆိုရင်တော့ ကျွန်မတို့အတွက် တကယ်ကို ဒုက္ခရောက်တော့မှာပဲ.."
လင်ရှောင်ရှောင်က စိုးရိမ်တကြီး ပြောလိုက်၏။
"အဲဒါက အစ်ကို.. အစိုးရိမ်ဆုံး ကိစ္စပဲ..."
ဖုန်းဝူချန်က လေးနက်စွာ တုံ့ပြန်လိုက်သည်။
အကယ်၍သာ ဤအင်အားစု သုံးခုစလုံး ပူးပေါင်းသွားမည် ဆိုလျှင် သူတို့၏ စွမ်းအားမှာ တကယ်ကို ကြောက်စရာ ကောင်းလွန်းလှပေမည်။ စကားပြောနေစဉ်မှာပင် ဖုန်းဝူချန်က ဖူယန်၏ အလောင်းအနားသို့ ချဉ်းကပ်သွားပြီး သူ၏ အစစ်အမှန်ယွမ်များကို ထပ်မံ ထည့်သွင်း စစ်ဆေးကြည့်လိုက်ပြန်၏။
"ထူးဆန်းတယ်.. ဖူယန်ရဲ့ ကိုယ်ထဲမှာတော့ နတ်ဆိုးမျိုးနွယ်စုရဲ့ ကျိန်စာတွေ မရှိဘူးပဲ..."
ဖုန်းဝူချန်က မျက်မှောင်ကို ထပ်မံ ကြုတ်လိုက်မိပြန်သည်။
"ဒီလူ နှစ်ယောက်က ဘီလူး မျိုးနွယ်စုကို စောင့်ကြည့်ဖို့အတွက် နတ်ဆိုးမျိုးနွယ်စုက ထည့်ပေးထားတဲ့ သူတွေများလား..."
လင်ရှောင်ရှောင်က သုံးသပ်လိုက်၏။
"နန်းတော်သခင်.. ရှောင်ရှောင် ပြောတာက အဓိပ္ပာယ် ရှိတယ်နော်.. နတ်ဆိုးမျိုးနွယ်စုက ဘီလူး မျိုးနွယ်စုကို ဝါးမြိုပစ်ဖို့ ကြံစည်နေတာလည်း ဖြစ်နိုင်တာပဲ..."
ဟွမ်ယန်ကလည်း ထောက်ခံလိုက်သည်။
ဖုန်းဝူချန်က ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"အားလုံးက ဖြစ်နိုင်ခြေ ရှိပါတယ်.. ဒါပေမဲ့ အတည်ပြုဖို့အတွက် အချိန်တော့ လိုဦးမယ်..."
ဘီလူး မျိုးနွယ်စု တစ်ခုတည်းကပင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေ၏။ အကယ်၍ ယင်ယန် မိသားစုနှင့် နတ်ဆိုးမျိုးနွယ်စုတို့ပါ သူတို့နှင့် ပူးပေါင်းသွားမည် ဆိုလျှင် စစ်ပွဲ စတင်သည်နှင့် တစ်ပြိုင်နက် နဂါးမျိုးနွယ်စု အနေဖြင့် သေချာပေါက် ပျက်စီးရတော့မည်ပင်။
နတ်ဆိုးမျိုးနွယ်စုထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သော နတ်ဘုရားဘုရင် နန်းတော်ကိုမူ ထည့်ပြောနေစရာပင် မလိုတော့ချေ။
နန်းကုန်းကျန့်က ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်၏။
"ကံကောင်းတာက ယင်ယန် မိသားစုရဲ့ တပ်မှူးကြီးနဲ့ တပ်မှူးလေးတို့ အသတ်ခံလိုက်ရတာပဲ.. မဟုတ်ရင်တော့ သူတို့နဲ့ နတ်ဆိုးမျိုးနွယ်စု ပေါင်းသွားတဲ့ အင်အားက ပိုပြီးတော့တောင် ခြောက်ခြားစရာ ကောင်းနေဦးမှာ..."
"အခြေအနေက မသေချာသေးတော့ လျှောက်ပြီး ခန့်မှန်းမနေကြပါနဲ့ဦး.. သွားကြစို့..."
ဖုန်းဝူချန်က အေးဆေးတည်ငြိမ်စွာပင် ပြောလိုက်ပြီး သူ၏ သံသယများ မှားယွင်းနေပါစေဟုသာ ရင်တွင်း၌ ဆုတောင်းနေမိတော့သည်။
*
လောလောဆယ်တွင် သဲလွန်စများက အကန့်အသတ် ရှိနေသဖြင့် အတည်ပြုရန် မဖြစ်နိုင်သေးပေ။
ဖုန်းဝူချန်နှင့် အဖွဲ့သားများမှာ ဆက်လက် ခရီးဆက်ကြပြီး မြောက်ဘက်ဆန်းကြယ် နယ်မြေဆီသို့ အလျင်အမြန် သွားရောက်ခဲ့ကြ၏။
မီးလျှံဝိညာဉ်နှင့် မီးလျှံမီးတောက်တို့ကို မြောက်ဘက်ဆန်းကြယ် နယ်မြေ၏ အရှေ့ဘက်စွန်းရှိ မူလတောင်တန်းများတွင် အတူတကွ ပိတ်လှောင်ထားလေ၏။ ထိုနေရာတွင် နယ်မြေ ပိုင်းခြားသတ်မှတ်ထားခြင်း မရှိသလို ကျင့်ကြံသူများကိုလည်း တွေ့ရခဲလှသည်။
"ဒီနေရာ ဖြစ်ရမယ်.. နဂါးနတ်ဆိုး အမိန့်တော်က အာရုံခံမိတဲ့ ဝိညာဉ် အရှိန်အဝါက ဒီအောက်တည့်တည့်မှာပဲ ရှိနေတာ..."
ဖုန်းဝူချန်က အောက်ဘက်ရှိ ရှုပ်ထွေးလှသော မူလတောအုပ်ကြီးကို စူးစိုက်ကြည့်ရင်း ပြောလိုက်၏။
မီးတောက်နဂါး၏ ပုံရိပ်က ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။
"ပိတ်လှောင်ရေး အခင်းအကျင်းရဲ့ အငွေ့အသက်ကို မရသလို နဂါးမျိုးနွယ်စုရဲ့ အရှိန်အဝါကိုတောင် အာရုံခံလို့ မရဘူးပဲ.. နဂါးမျိုးနွယ်စုရဲ့ ရှေးဦးကမ္ဘာဦး အကြီးအကဲ ခြောက်ယောက်က တကယ်ကို မရိုးရှင်းဘူး..."
"ရှေးဦးကမ္ဘာဦး အကြီးအကဲ ခြောက်ယောက် လား..."
ယဲ့ထျန်းဝေနှင့် အခြားသူများမှာ ပင့်သက်ရှ်ိုက်မိသွားကြရ၏။
၎င်းမှာ မည်မျှတောင် မြင့်မြတ်သော အဆင့်အတန်းမျိုး ဖြစ်ပါသနည်း။
"ရှေးဦးကမ္ဘာဦး အကြီးအကဲတွေက နဂါးမျိုးနွယ်စုရဲ့ ခေါင်းဆောင်ကြီးထက်တောင် အဆင့်အတန်း ပိုမြင့်တယ်.. သူတို့က နဂါးမျိုးနွယ်စု အသက်အန္တရာယ် ကြုံရတဲ့ အခါမျိုးမှာပဲ လှုပ်ရှားလေ့ ရှိကြတာ.. သာမန် အချိန်တွေမှာတော့ ဘယ်သူမှ မတွေ့နိုင်ဘူး..."
လင်ရှောင်ရှောင်က ရှင်းပြလိုက်ခြင်းပါ။
"နဂါးမျိုးနွယ်စု ခေါင်းဆောင်ကြီးထက်တောင် ပိုအစွမ်းထက်တာလား..."
ဟု ပေတိုယန်က အံ့အားသင့်တကြား မေးလိုက်၏။
"ရှေးဦးကမ္ဘာဦး အကြီးအကဲ ခြောက်ယောက်စလုံးက နတ်ဘုရားဖြစ်တည်ဘုံ ပထမအဆင့် နဝမအလွှာ အထွတ်အထိပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ရောက်နေကြတာလို့ ပြောကြတယ်.. သူတို့ ခြောက်ယောက် ပေါင်းလိုက်ရင် ဒုတိယအဆင့် နတ်ဘုရားဖြစ်တည်ဘုံ ပညာရှင် တစ်ယောက်ကိုတောင် အနိုင်ယူနိုင်တယ်တဲ့.. အခု လက်ရှိ သူတို့ရဲ့ စွမ်းအားကတော့ ဘယ်အဆင့်ကို ရောက်နေလဲဆိုတာ ဘယ်သူမှ မသိကြဘူး..."
လင်ရှောင်ရှောင်က ဆက်ပြောပြလိုက်၏။
"အဲ့ဒီလောက်တောင် ကြောက်ဖို့ ကောင်းတာလား..."
ယဲ့ထျန်းဝေနှင့် အခြားသူများမှာ နဂါးမျိုးနွယ်စု၏ ကြောက်မက်ဖွယ် စွမ်းအားများကြောင့် နောက်တစ်ဖန် အကြီးအကျယ် တုန်လှုပ်သွားကြရပြန်သည်။
ယင်ယန် မိသားစု၏ လက်အောက်ငယ်သားများ နဂါးမျိုးနွယ်စုကို အဘယ်ကြောင့် ဤမျှ ကြောက်ရွံ့နေကြသနည်း ဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။
"အဲဒီအဘိုးကြီး ခြောက်ယောက်က အတူတကွ လှုပ်ရှားတဲ့ အခါမျိုးမှာပဲ တကယ် အစွမ်းထက်ကြတာ.. သူတို့က ဘိုးဘေးတွေရဲ့ လျှို့ဝှက်ကျင့်စဉ်တွေကို ကျင့်ကြံထားကြတာလေ.. သူတို့ ခြောက်ယောက်က စိတ်ချင်း ဆက်သွယ်ထားကြပြီး ဘာအားနည်းချက်မှ မရှိဘူး.. မိမိရဲ့ စွမ်းအားတွေကိုလည်း စိတ်ကြိုက် ပေါင်းစပ်နိုင်ကြတယ်.. အဲဒီ အခြေအနေကတော့ တကယ်ကို ကြောက်ဖို့ ကောင်းတာပဲ..."
မီးတောက်နဂါးက ပေါ့ပေါ့ပါးပါးပင် ဝင်ပြောလိုက်၏။
"စိတ်ချင်း ဆက်သွယ်ထားတာလား.. စွမ်းအားတွေကို စိတ်ကြိုက် ပေါင်းစပ်နိုင်တယ် ဆိုတော့... ဒါက အရမ်း ကြောက်စရာ ကောင်းလွန်းတာပဲ.."
ချီဟွမ်နှင့် အခြားသူများမှာ ကြောက်လန့်လွန်းသဖြင့် မျက်နှာများ ဖြူဖျော့သွားကြပြီး အသက်ရှူရပင် ကြပ်လာသလို ခံစားလိုက်ရတော့သည်။
"အဲဒါလည်း မစွမ်းသေးပါဘူး..."
မီးတောက်နဂါးက မာနထောင်လွှားစွာဖြင့် ဆိုလိုက်သည်။ စကားပြောနေစဉ်မှာပင် မီးတောက်နဂါးက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သည့် စွမ်းအား တစ်ခု အောက်ဘက်သို့ စီးဆင်းသွားတော့၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် တစ်ကီလိုမီတာ ပတ်လည်ရှိ ရှုပ်ထွေးလှသော မူလတောအုပ်ကြီးမှာ လုံးဝ ပြာကျသွားပြီး သဲကန္တာရ အလား ဖြစ်သွားတော့သည်။
"သခင်.. မီးလျှံဝိညာဉ်နဲ့ မီးလျှံမီးတောက်တို့ရဲ့ ဝိညာဉ် အရှိန်အဝါကို အာရုံခံလို့ ရပြီလား..."
မီးတောက်နဂါးက ဖုန်းဝူချန်ကို ရိုသေစွာ မေးမြန်းလိုက်၏။
သူ၏ လေသံတွင် သူ၏ ညီနောင်များ ဘေးကင်းလုံခြုံမှု ရှိမရှိ ဆိုသည်ကို အလွန်အမင်း စိုးရိမ်ပူပန်နေမှုများ ပေါ်လွင်နေတော့သည်။
"ဒီမှာ ဘာမှ မရှိဘူး..ငါလည်း ဘာမှ အာရုံခံလို့ မရဘူးပဲ..."
ဖုန်းဝူချန်က ခေါင်းခါယမ်းရင်း အလွန်အမင်း အံ့အားသင့်စွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
ထို့နောက် သူက ဆက်ပြောလိုက်၏။
“ဒါပေမဲ့ နဂါးနတ်ဆိုး အမိန့်တော်ကတော့ မှားစရာ အကြောင်း မရှိဘူး.. ကြည့်ရတာ ဒီပိတ်လှောင်ရေး အခင်းအကျင်းက တကယ်ကို မရိုးရှင်းဘူး ထင်တယ်…”
--