← Chapters

အခန်း ၈၈၅

Vol. 59 Ch. 885

အခန်း ၈၈၅

Vol. 59 Ch. 885

အခန်း (၈၈၅) - အံ့မခန်း ထူးဆန်းမှုများ

ဆံပင်နှင့် မုတ်ဆိတ်ဖြူဖြူများဖြင့် အဘိုးအို ခြောက်ဦး ဖုန်းဝူချန်နှင့် အပေါင်းအပါများ အရှေ့တွင် ရုတ်ချည်း ထွက်ပေါ်လာကြ၏။ အစွမ်းထက် ပညာရှင်များ.. တကယ့်ကို ပြိုင်ဘက်ကင်း အထွတ်အထိပ် ပညာရှင်ကြီးများပင်။

နဂါးမျိုးနွယ်စု၏ ထိုက်ကျိ အကြီးအကဲ ခြောက်ဦး၏ အဆင့်အတန်းက အလွန်တရာ မြင့်မားလှရာ မျိုးနွယ်စု ခေါင်းဆောင်ကြီး ကိုယ်တိုင်ပင် သူတို့ကို အရိုအသေ ပေးရသည်။

မီးတောက်နဂါးက ယခင်က သွေးနတ်ဆိုးနှင့် ပူးပေါင်းကာ လုံထျန်းကျန့်ကို ဆန့်ကျင်ခဲ့သော်လည်း ထိုက်ကျိ အကြီးအကဲ ခြောက်ဦးမှာမူ လုံးဝ မသိရှိခဲ့ကြချေ။ သူတို့က နဂါးမျိုးနွယ်စု၏ သာမန် ကိစ္စရပ်များတွင် ဝင်ရောက် စွက်ဖက်လေ့ မရှိကြောင်း ရှင်းလင်းစွာ သိသာနေတော့၏။

အဘိုးအို ခြောက်ဦး၏ အကြည့်များက မီးတောက်နဂါးနှင့် အခြားသူများကို ကျော်ဖြတ်ကာ လူငယ် တစ်စုထံသို့ ရောက်ရှိသွားကြ၏။

အကြီးအကဲများ၏ စူးစိုက်ကြည့်မှုကို ခံလိုက်ရသည့်အခါ ယဲ့ထျန်းဝေနှင့် အခြားသူများမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး ဤမျှ အစွမ်းထက်သော ပညာရှင်ကြီးများ၏ အရှေ့တွင် စကားတစ်ခွန်းမျှ မဟရဲကြတော့ချေ။

"ရာ့ရှား မျိုးနွယ်စုရဲ့ သူတော်စင်မလေးလား..."

လင်ရှောင်ရှောင်ကို မြင်လိုက်ရသည့်အခါ သူတို့၏ အိုမင်းသော မျက်နှာများပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားကြ၏။

ရာ့ရှား မျိုးနွယ်စု၏ သူတော်စင်မလေးက နဂါးမျိုးနွယ်စု၏ သစ္စာဖောက်များနှင့် ဘာဖြစ်လို့ အတူတူ ရှိနေရသနည်း။

"ကျွန်တော့်ရဲ့ ဒုတိယ ညီလေးနဲ့ တတိယ ညီလေးရဲ့ ဝိညာဉ် အစအနတွေ ကျန်နေသေးတယ်... ခင်ဗျားတို့ တားဆီးနေလို့ သူတို့ကို ကယ်ဖို့ နောက်ကျသွားရင် ခင်ဗျားတို့ကို ဘယ်တော့မှ မကြေဘူး... အခုချက်ချင်း ဖယ်ပေးကြစမ်း..."

မီးတောက်နဂါးက ရက်စက်စွာ ခြိမ်းခြောက်လိုက်တော့သည်။

"မီးတောက်နဂါး... မင်းက နဂါးမျိုးနွယ်စုကို သစ္စာဖောက်ခဲ့တဲ့ အပြစ်သား တစ်ယောက်ပဲ... ဒီလို အပြစ်မျိုးက အကြိမ်ကြိမ် သေသင့်တာပဲ... မင်း ပိတ်လှောင်မှုကနေ လွတ်မြောက်လာတာကို ငါတို့ အရေးမယူတော့ပေမဲ့ သူတို့ကို လွှတ်ပေးဖို့တော့ ခွင့်မပြုနိုင်ဘူး... မင်း သေချာ စဉ်းစားပြီး ဒီနေရာကနေ ထွက်သွားပါ..."

အကြီးအကဲ တစ်ဦးက အေးဆေးတည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။

"ခေါင်းမာတဲ့ အဘိုးကြီးတွေ..."

မီးတောက်နဂါးက လက်သီးကို တင်းတင်းဆုပ်ကာ အံကြိတ်ရင်း ဆက်ပြောလိုက်သည်။

"ကျွန်တော်တို့ သခင် ဒဏ်ရာရနေတာကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ခဲ့လို့သာ ခင်ဗျားတို့ သူ့ကို ပိတ်လှောင်နိုင်ခဲ့တာလေ... မဟုတ်ရင် ဒီနေ့ ခင်ဗျားတို့ ဒီလောက် မာနထောင်လွှားနိုင်ပါ့မလား..."

"တကယ်ကို နားမလည်နိုင်တဲ့ သူပဲ..."

အကြီးအကဲ တစ်ဦးက စိတ်ပျက်စွာ ခေါင်းခါယမ်းလိုက်၏။

ထိုစဉ် ဖုန်းဝူချန်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ထိုက်ကျိ အကြီးအကဲ ခြောက်ဦးကို စူးစိုက်ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလျက် ဂါရဝပြုလိုက်၏။

"ကျွန်တော် ဖုန်းဝူချန်... နဂါးမျိုးနွယ်စုရဲ့ ထိုက်ကျိ အကြီးအကဲ ခြောက်ယောက်ကို ဂါရဝပြုပါတယ်..."

"ဖုန်းဝူချန် ဟုတ်လား..."

ဖုန်းဝူချန်ကို မြင်လိုက်ရသည့်အခါ အကြီးအကဲ ခြောက်ယောက်စလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့် ထိတ်လန့်မှုများ အပြည့်အဝ ဖုံးလွှမ်းသွားတော့၏။ ထိုက်ကျိ အကြီးအကဲ ခြောက်ဦးမှာ ဖုန်းဝူချန်၏ အမည်ကို ရှင်းလင်းစွာ ကြားဖူးထားသော်လည်း ယခင်က တစ်ခါမျှ လူကိုယ်တိုင် မတွေ့ဖူးခဲ့ကြချေ။

သို့သော် သူတို့ကို ပို၍ တုန်လှုပ်သွားစေသည့် အချက်မှာ ဖုန်းဝူချန်က မီးတောက်နဂါးနှင့် အတူတူ ရှိနေလေ၏။ ထို့အပြင် စောစောက နဂါးနတ်ဆိုး အမိန့်တော်ကို အသက်သွင်းလိုက်သူမှာလည်း ဖုန်းဝူချန်ပင် မဟုတ်ပါလော။

"ဖုန်းဝူချန်... မင်းက ဘာဖြစ်လို့ မီးတောက်နဂါးကို ပိတ်လှောင်မှု ချိုးဖျက်ဖို့ ကူညီနေရတာလဲ... သူတို့က နဂါးမျိုးနွယ်စုရဲ့ ရာဇဝတ်သားတွေလေ..."

အကြီးအကဲ တစ်ဦးက မယုံကြည်နိုင်စွာ မေးလိုက်ရာ သူ၏ အမူအရာတွင် ကူကယ်ရာမဲ့မှုများ ပါဝင်နေတော့သည်။

"မီးလျှံဝိညာဉ်နဲ့ မီးလျှံမီးတောက်တို့က နဂါးမျိုးနွယ်စုရဲ့ ရာဇဝတ်သားတွေ ဆိုတာ မှန်ပါတယ်... ဒါပေမဲ့ သူတို့ ဒီလောက် နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရတာက ပြစ်ဒဏ်အတွက် လုံလောက်နေပါပြီ... လေးစားအပ်တဲ့ အကြီးအကဲတို့... ကျေးဇူးပြုပြီး သနားညှာတာသောအားဖြင့် သူတို့ကို လွှတ်ပေးလိုက်ပါ... ကျွန်တော်တို့ အားလုံးက နဂါးမျိုးနွယ်စု ဆိုတဲ့ မိသားစု တစ်ခုတည်းပဲ မဟုတ်လား... ဘာလို့ ဒီလောက်တောင် ရက်စက်နေရမှာလဲ..."

ဖုန်းဝူချန်က တောင်းဆိုလိုက်၏။

"ဒါကတော့..."

ဖုန်းဝူချန် စကားပြောလိုက်သည်နှင့် အကြီးအကဲ ခြောက်ယောက်စလုံး ချက်ချင်းပင် စိတ်အနှောင့်အယှက် ဖြစ်သွားကြ၏။ ထိုက်ကျိ အကြီးအကဲများ ဖုန်းဝူချန်အပေါ် ဆက်ဆံပုံကို ကြည့်ရသည်မှာ သူ့ကို အလွန်အမင်း သတိထားနေရသည့်အလားပင်။ သူတို့၏ လေသံမှာ ပြင်းထန်ခြင်း မရှိသလို ဖုန်းဝူချန်ကိုလည်း လုံးဝ မငြင်းဆန်ရဲကြချေ။

'သူတို့က ငါ့သခင်ကို ကြောက်နေကြတာလား... ဘာတွေ ဖြစ်ကုန်တာလဲ...'

မီးတောက်နဂါးက ဖုန်းဝူချန်၏ ကျောပြင်ကို စူးစိုက်ကြည့်ရင်း နားမလည်နိုင်စွာ တီးတိုး ရေရွတ်လိုက်မိ၏။

ထိုက်ကျိ အကြီးအကဲ ခြောက်ဦး၏ အဆင့်အတန်းဖြင့် ဆိုလျှင် လုံထျန်းကျန့် ကိုယ်တိုင်ပင် သူတို့ကို ဤကဲ့သို့ အရိုအသေ ပေးခိုင်းနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော် ဖုန်းဝူချန်ကို ရင်ဆိုင်ရချိန်တွင်မူ သူတို့က အလွန်တရာ ယဉ်ကျေးပျူငှာနေကြပြီး ဧရာမ ဧကရာဇ် တစ်ပါး၏ အရှေ့တွင် ရောက်နေသော လက်အောက်ငယ်သားများ သဖွယ်ပင်။

မီးတောက်နဂါး တစ်သက်တွင် အကြီးအကဲ ခြောက်ဦး ဤမျှလောက်အထိ ရိုသေနှိမ့်ချနေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

"အကြီးအကဲတို့ မသိသေးဘူး ထင်တယ်... ခင်ဗျားတို့ ပိတ်လှောင်ထားတဲ့ နဂါးနတ်ဆိုးနတ်ဘုရား ကျဆုံးသွားခဲ့ပြီ..."

ဖုန်းဝူချန်က ဝင်ရောက် ဖြည့်စွက်လိုက်သည်။

"ဘာ... နဂါးနတ်ဆိုးနတ်ဘုရား သေဆုံးသွားပြီ ဟုတ်လား..."

ထိုစကားကို ကြားလိုက်ရသည့်အခါ အကြီးအကဲ ခြောက်ယောက်စလုံး၏ မျက်နှာများ ရုတ်ချည်း ဆိုးရွားစွာ ပြောင်းလဲသွားတော့၏။

"မဖြစ်နိုင်တာ... ငါတို့ သူ့ကို ပိတ်လှောင်တုန်းက ဒဏ်ရာတွေက အသက်အန္တရာယ် မရှိပါဘူး... ငါတို့က သူ့ကို တိုက်ခိုက်တာ မဟုတ်ဘဲ ပိတ်လှောင်ရုံပဲ လုပ်ခဲ့တာလေ... နဂါးနတ်ဆိုးနတ်ဘုရား ကျဆုံးဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး..."

အကြီးအကဲ တစ်ဦးက အခိုင်အမာ ပြောဆိုလိုက်၏။

နောက်ထပ် အကြီးအကဲ တစ်ဦးကလည်း ဆိုလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နဂါးနတ်ဆိုးနတ်ဘုရားကို ပိတ်လှောင်တုန်းက... အံ့မခန်း ထူးဆန်းတဲ့ ဖြစ်စဉ်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ဖူးတယ်... အဲဒီနောက်မှာ ပိတ်လှောင်ရေး အခင်းအကျင်းက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့တာပဲ... အခုထိ ငါတို့ နဂါးနတ်ဆိုးနတ်ဘုရား ဘယ်ရောက်သွားလဲ ဆိုတာ မသိရသေးဘူး... အကယ်၍ သူ သေဆုံးသွားတာ မှန်ရင် အဲဒီတုန်းက ထူးဆန်းတဲ့ မြင်ကွင်းကြီးနဲ့ ဆက်စပ်နေလိမ့်မယ်..."

'ထူးဆန်းတဲ့ မြင်ကွင်းကြီး ဟုတ်လား... ဒါကြောင့်မို့လို့ နဂါးနတ်ဆိုးနတ်ဘုရားက ငါ့ကိုယ်ထဲမှာ ပိတ်လှောင်ခံနေရတာကိုး...'

ဖုန်းဝူချန်က ရင်တွင်း၌ တိတ်တဆိတ် သုံးသပ်လိုက်၏။ နဂါးနတ်ဆိုးနတ်ဘုရားက အဘယ်ကြောင့် သူ့ကိုယ်ထဲသို့ ရောက်ရှိလာရသနည်း ဆိုသည်မှာ သူ အမြဲတမ်း သိချင်နေခဲ့သော လျှို့ဝှက်ချက်ပင်။ ဤသည်မှာ တိုက်ဆိုင်မှု သက်သက်လော .. တစ်စုံတစ်ယောက်က စီစဉ်ထားခြင်းလော။

"အကြီးအကဲ ဖုန်းဝူချန်... နဂါးနတ်ဆိုးနတ်ဘုရား တကယ်ပဲ ကျဆုံးသွားပြီလား..."

အကြီးအကဲ တစ်ဦးက မယုံကြည်နိုင်စွာဖြင့် ထပ်မံ မေးမြန်းလိုက်၏။

"ကျွန်တော့် သခင် ကျဆုံးသွားပါပြီ..."

မီးတောက်နဂါးက ဝမ်းနည်းပူဆွေးစွာဖြင့် ဖြေကြားလိုက်ရာ သူ၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ဝဲနေတော့၏။

"ဒါကတော့..."

မီးတောက်နဂါး ကိုယ်တိုင် ထုတ်ပြောလိုက်သဖြင့် အကြီးအကဲ ခြောက်ဦး အနေဖြင့် မယုံ၍ မဖြစ်တော့ချေ။ သို့သော် သူတို့၏ ရင်ထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေဆဲပင်။

နဂါးနတ်ဆိုးနတ်ဘုရား၏ စွမ်းအား မည်မျှ ကြောက်စရာ ကောင်းကြောင်းကို ထိုက်ကျိ အကြီးအကဲများ အသိဆုံး ဖြစ်သည်။ သူက နဂါးမျိုးနွယ်စု၏ သစ္စာဖောက် တစ်ဦး ဖြစ်သော်ငြား သူ၏ စွမ်းအားကိုမူ အကြီးအကဲများက လေးစားကြသည်သာ။

"အဲဒီတုန်းက တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ... ဘာဖြစ်လို့ ထူးဆန်းတဲ့ ဖြစ်စဉ်ကြီး ဖြစ်ပေါ်လာရတာလဲ..."

ဖုန်းဝူချန်က အမှန်တရားကို သိရှိလိုသဖြင့် မျက်မှောင်ကြုတ်လျက် မေးလိုက်၏။

အကြီးအကဲ လုံကွေ့က လေးနက်စွာ ရှင်းပြလိုက်သည်။

"အဲဒီနှစ်က ငါတို့ ခြောက်ယောက် ပူးပေါင်းပြီး နဂါးနတ်ဆိုးနတ်ဘုရားကို ပိတ်လှောင်ခဲ့ကြတယ်... ငါတို့ရဲ့ စွမ်းအားတွေက နဂါးနတ်ဆိုးနတ်ဘုရားနဲ့ ထိပ်တိုက် တွေ့တဲ့ အချိန်မှာပဲ ဟင်းလင်းပြင်ထဲမှာ ထူးဆန်းတဲ့ ဖြစ်စဉ်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့တာပဲ... ဒါပေမဲ့ စွမ်းအင် အတက်အကျ အရှိန်အဝါ တစ်ခုမှ မရှိခဲ့ဘူး... အဲဒီတုန်းက ငါတို့က သိပ်ပြီး ဂရုမစိုက်မိခဲ့ကြဘူးလေ... နဂါးနတ်ဆိုးနတ်ဘုရားကို ပိတ်လှောင်ပြီးတဲ့ အခါမှာမှ ပိတ်လှောင်ရေး အခင်းအကျင်းကြီးက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတာပဲ... ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့တောင် အဲဒီ အခင်းအကျင်းရဲ့ တည်နေရာကို အာရုံခံလို့ မရတော့ဘူး..."

"နန်းတော်သခင်... ကြည့်ရတာ အဲဒီ စွမ်းအားက အရမ်း ကြောက်စရာ ကောင်းလွန်းလို့ ဟင်းလင်းပြင်ထဲမှာ အပြောင်းအလဲတွေ ဖြစ်သွားပြီး တိုက်ဆိုင်စွာနဲ့ပဲ နန်းတော်သခင်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားတာ ဖြစ်ရမယ်..."

ယဲ့ထျန်းဝေက တီးတိုး သုံးသပ်လိုက်၏။

ဖုန်းဝူချန်က ခေါင်း အနည်းငယ် ညိတ်ပြလိုက်သော်လည်း သူ၏ မျက်နှာမှာ လွန်စွာ လေးနက် တင်းမာနေတော့၏။ ဤသည်မှာ တိုက်ဆိုင်မှု သက်သက်သာ ဖြစ်နိုင်ပါ့မလား။

ဖုန်းဝူချန် တစ်ယောက် နဂါးနတ်ဆိုးနတ်ဘုရား၏ အမွေအနှစ်ကို မည်သို့ ရရှိခဲ့သနည်း ဆိုသည်ကို မီးတောက်နဂါးလည်း သိချင်နေတော့၏။

‘အကြီးအကဲ ခြောက်ဦးတောင် အာရုံခံလို့ မရတဲ့ အခင်းအကျင်းကို ဖုန်းဝူချန်က ဘယ်လို ချိုးဖျက်ပြီး အမွေအနှစ်ကို ယူခဲ့တာလဲ..ဖုန်းဝူချန်ရဲ့ စွမ်းအားနဲ့ ဆိုလျှင် အကြီးအကဲ ခြောက်ဦးရဲ့ ပိတ်လှောင်မှုကို ချိုးဖျက်ဖို့ လုံးဝ မဖြစ်နိုင်’

ဖုန်းဝူချန် ကိုယ်တိုင်လည်း ဤကိစ္စကို အဖြေမရှာနိုင်သေးချေ။

"အကြီးအကဲတို့... နဂါးနတ်ဆိုးနတ်ဘုရားလည်း ကျဆုံးသွားပြီ ဆိုတော့... အတိတ်က နာကျည်းချက်တွေကို အခုပဲ အဆုံးသတ်လိုက်ကြရအောင်..."

ဖုန်းဝူချန်က ဆက်လက် တောင်းဆိုလိုက်သည်။

"မီးတောက်နဂါးက နဂါးမျိုးနွယ်စုကို နောက်ထပ် ကလဲ့စားချေမှာ မဟုတ်တော့ဘူး... အခု တိုက်ကြီး တစ်ခုလုံးမှာ နတ်ဆိုးမျိုးနွယ်စုက သောင်းကျန်းနေတော့... ကျွန်တော်တို့ အားလုံး စည်းစည်းလုံးလုံး ရှိဖို့ လိုအပ်တယ်... မီးလျှံဝိညာဉ်နဲ့ မီးလျှံမီးတောက်တို့ရဲ့ စွမ်းအားက အားနည်းတာ မဟုတ်ဘူး... သူတို့သာ ပါလာရင် ကျွန်တော်တို့ဘက်က အင်အား ပိုတောင့်တင်းသွားမှာပဲ... ကျေးဇူးပြုပြီး သူတို့ကို လွှတ်ပေးလိုက်ပါ..."

"ဒါဆိုရင်လည်း ထားလိုက်ပါတော့..."

အကြီးအကဲ လုံကွေ့က ခပ်ဖွဖွ သက်ပြင်းချလိုက်ရာ သူ၏ အိုမင်းသော မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်လေး ဖြတ်ပြေးသွား၏။

"မင်းက သူတို့အတွက် အသနားခံပေးနေမှတော့... ပြီးတော့ နဂါးနတ်ဆိုးနတ်ဘုရားလည်း ကျဆုံးသွားပြီ ဆိုတော့... ငါတို့ သူတို့ကို လွှတ်ပေးလိုက်ပါ့မယ်..."

"ကျေးဇူးတင်ပါတယ် အကြီးအကဲတို့..."

ဖုန်းဝူချန်က ချက်ချင်းပင် စိတ်သက်သာရာ ရသွားတော့၏။ အကယ်၍သာ အကြီးအကဲများကို စည်းရုံး၍ မရခဲ့ပါက အင်အားသုံးပြီး မီးလျှံဝိညာဉ်နှင့် မီးလျှံမီးတောက်တို့ကို ကယ်တင်ရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။

"ဝမ်းသာစရာပဲ..."

လင်ရှောင်ရှောင်နှင့် အခြားသူများမှာ အလွန်အမင်း ဝမ်းသာရွှင်မြူးသွားကြတော့၏။

'တကယ်တမ်း ငါ့သခင်က ဘယ်သူလဲ... ဘာဖြစ်လို့ ဒီအိုမင်းတဲ့ အကြီးအကဲတွေက သူ့ကို ဒီလောက်တောင် ရိုသေနေရတာလဲ...'

အကြီးအကဲများ အလွယ်တကူ သဘောတူလိုက်သည်ကို မြင်လိုက်ရသည့်အခါ မီးတောက်နဂါးမှာ ဖုန်းဝူချန်နှင့် ပတ်သက်၍ အလွန်အမင်း သိချင်စိတ် ပြင်းပြလာတော့၏။

"ဝီ... ဝီ..."

အကြီးအကဲ ခြောက်ဦးက သူတို့၏ အစစ်အမှန်ယွမ်များကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ပြီး လက်ဟန်များကို တူညီစွာ ဖော်လိုက်ကြရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက အရပ်မျက်နှာ အသီးသီးသို့ ဖြာထွက်သွားတော့၏။

ချောက်နက်ကြီး အောက်ခြေရှိ အခင်းအကျင်း သုံးခုမှာ တစ်ခုပြီး တစ်ခု ပျက်စီးသွားပြီး သူတို့၏ စွမ်းအင်များလည်း လွင့်စင်သွားတော့သည်။

သိပ်မကြာမီမှာပင် အခင်းအကျင်းများ၏ စွမ်းအားများ လုံးဝ ပျောက်ကွယ်သွားလေပြီ။

"ဒုတိယ ညီလေး... တတိယ ညီလေး..."

မီးတောက်နဂါးက စိတ်လှုပ်ရှားစွာဖြင့် ချောက်နက်ထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားခဲ့တော့သည်။

--

All Chapters