အခန်း ၁၉၈၂
Vol. 133 Ch. 1982
အခန်း (၁၉၈၂ )
ကြယ်မြစ် နတ်သခင် ဘဝကူးပြောင်းခြင်း
ကြယ်မြစ် နတ်သခင် သူ့ဖာသာသူ ချိပ်ပိတ်လိုခြင်းမှာ တကယ် ဖြစ်နိုင်ကြောင်း သိရလျှင်ပင် နတ်သခင်ထိုက်ဟွာအနေနှင့် ဝမ်းသာအားရဖြစ်သည့် အရိပ်အယောင်ကို မပြသနိုင်ပေ။ အဆုံးတွင်တော့ ကြယ်မြစ် နတ်သခင်သည် ခန်းမသခင် ရာထူးကို ဆက်လက် ရယူထားဆဲ ဖြစ်၏။
ကြယ်မြစ် နတ်သခင်က
“ကျုပ်ဘာသာကျုပ် ချိပ်ပိတ်လိုက်တာကလည်း ဖယောင်းတိုင်လို တစ်ဆတ်ဆတ် အရည်ပျော်ပြီး အသက်စွမ်းအား ဆုံးရှုံးမှုကို ဖြစ်စေတယ်ဆိုတာ ကျုပ် သဘာဝကျကျ သိပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ အဲဒီ ဆုံးရှုံးမှုကို နှေးကွေးသွားစေနိုင်တယ်။ ဒီနည်းနဲ့ ကျုပ် နောက်ထပ် နှစ်အနည်းငယ်လောက် ပိုအသက်ရှင်နိုင်မှာပါ။”
တကယ်တွင်တော့ သူ၏ သက်တမ်းကုန်ဆုံးမည့် အချိန်မှာ ရောက်ရှိမလာသေးသော်လည်း ဖန်တီးခြင်း လမ်းစဉ်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ တိုက်စားခြင်းကို ဆက်လက် ခံနေရသဖြင့် မီးစာ ကုန်ခါနီးသကဲ့သို့ သူ၏ သက်တမ်းကုန်ဆုံးမည့် အချိန်သည် မကြာမီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတော့မည် ဖြစ်သည်။
အကယ်၍ သူ၏ သက်တမ်းကုန်ဆုံးမည့် အချိန် ရောက်လာသည်အထိ တကယ် စောင့်ဆိုင်းနေပါက သူသည် ဘဝ ကူးပြောင်းနိုင်တော့မည် မဟုတ်ပေ။
နတ်သခင်များအနေနှင့် ၎င်းတို့၏ သက်တမ်း မကုန်ဆုံးမီ ဘဝ ကူးပြောင်းရမည် ဖြစ်သည်။ နတ်များသည် ၎င်းတို့ အလိုရှိချိန်မှ အချိန်မရွေး ဘဝ မကူးပြောင်းနိုင်ပေ။ အကယ်၍ သက်တမ်းကုန်ဆုံးရန် နီးကပ်နေပြီဆိုပါက ၎င်းတို့သည် ဘဝ ကူးပြောင်းနိုင်ခြင်း မရှိတော့ပဲ သေမင်း၏ လက်ခုပ်တွင်းသို့ သက်ဆင်းမည့် အချိန်ကိုသာ စောင့်ဆိုင်းနိုင်တော့သည်။
သူသည် သေဆုံးခြင်းကို ဒီအတိုင်း စောင့်ဆိုင်းနေရန် လုံးဝ အလိုမရှိပေ။
အဆုံးတွင်တော့ ဤခေတ်ကာလက ဒုတိယမြောက် နတ်ဧကရာဇ်တစ်ပါးကို ထပ်မံ ပေါ်ထွက်လာစေနိုင်ခြင်း မရှိတော့ရာ ထိုသို့ဖြစ်မည့်အစား ဘဝကူးပြောင်းပြီး အစမှ ပြန်လည် ကျင့်ကြံခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ယခုအချိန်တွင် နတ်စွမ်းအားများ ပြန်လည် နိုးထလာချိန်နှင့်လည်း ကွက်တိ ဖြစ်နေသည်။
ဘဝ ကူးပြောင်းပြီး အစမှ ပြန်လည် ကျင့်ကြံပြီးနောက် သူ၏ ကျင့်စဉ်အဆင့်သည် တိုတောင်းသော အချိန်ကာလအတွင်း တဟုန်ထိုး လျင်မြန်စွာ တိုးတက်လာမည်မှာ ထင်ရှားလှသည်။
ဟုတ်ပါသည်။ ကျင့်ကြံခြင်း လမ်းစဉ်သည် ယခုအခါ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ၏ တိုက်စားခြင်းကို ခံနေရပြီး သူ၏ ကျင့်စဉ်အဆင့် စဉ်ဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ နောင်တွင် ကျင့်ကြံရန် ပို ခက်ခဲလာမည် ဖြစ်သောကြောင့် ဘဝ ကူးပြောင်းပြီး အစမှ ပြန်လည် ကျင့်ကြံခြင်းက ကြီးမားသော စွန့်စားရမှုများကို သယ်ဆောင်ထားသည်။
သို့သော် ကြိုတင်၍ မဟာဗျူဟာမြောက် စီမံကိန်းများ ချမှတ်ထားပါက ကြီးမားသော မမျှော်လင့်ထားသည့် အမှားအယွင်းများ ရှိလာမည် မဟုတ်ပေ။
ထို့ပြင် သူသည် တစ်ကြိမ်တည်းသာ ဘဝ ကူးပြောင်းရန် ရည်ရွယ်ထားခြင်း မဟုတ်ပေ။ သူ၏ နတ်သခင် နတ်အာရုံ စွမ်းအားဖြင့် သူသည် အကြိမ်ပေါင်းများစွာ ဘဝကူးပြောင်းနိုင်သည်။
အကြိမ်ကြိမ် ဘဝ ကူးပြောင်းခြင်း အားဖြင့် မတော်တဆမှုများ မရှိပါက သူသည် ယခုထက် ပို၍ အသက်ရှည်ရှည် တည်တံ့နေထိုင်နိုင်မည် ဖြစ်သည်။
ကြယ်မြစ် နတ်သခင်က သက်ပြင်းချလိုက်ပြီး နတ်သခင်ထိုက်ဟွာ၏ ပုခုံးကို နောက်တစ်ကြိမ် အားပါပါဖြင့် ပုတ်လိုက်ကာ
“ထိုက်ဟွာ... အခုကစပြီး ခမ်းနားသော ကောင်းကင်ခန်းမကို ခင်ဗျားဆီ လွှဲအပ်ခဲ့ပြီ။”
နတ်သခင်ထိုက်ဟွာက
“ခန်းမသခင်... ကျေးဇူးပြုပြီး စိတ်ချပါ။ ကျုပ် ခမ်းနားသော ကောင်းကင်ခန်းမကို ကောင်းကောင်း စောင့်ရှောက်ထားပါ့မယ်။ ခန်းမသခင် ချိပ်ပိတ်ခြင်းကနေ ပြန်လည် ထွက်ပေါ်လာမယ့် နေ့ရက်ကို စောင့်ဆိုင်းနေပါ့မယ်။”
ကြယ်မြစ် နတ်သခင်က
“ဒီတစ်ကြိမ် ကျုပ်ဘာသာကျုပ် ချိပ်ပိတ်ပြီးရင် ကျုပ်တို့ နောက်ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး ထင်ပါရဲ့။”
“တော်ပြီ... ဒီစကားတွေကို ရပ်လိုက်ရအောင်။ ကျုပ် အခုပဲ ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အကြီးအကဲတွေကို စုဝေးစေမယ်။”
သူ၏ စကားအဆုံးတွင် ကြယ်မြစ် နတ်သခင်၏ အသံသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ အထက် ကောင်းကင်ယံတစ်ခုလုံးတွင် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွား၏။
“အတွင်းစည်း အကြီးအကဲအားလုံး ကြယ်မြစ် ခန်းမကို လာခဲ့ကြပါ။ ကျုပ် ကြေညာစရာ အရေးကြီးတဲ့ ကိစ္စရှိတယ်။”
မကြာမီပင် ခမ်းနားသော ကောင်းကင်ခန်းမ၏ အတွင်းစည်း အကြီးအကဲများသည် ကြယ်မြစ် ခန်းမအတွင်းသို့ စုဝေးရောက်ရှိလာကြသည်။
ကြယ်မြစ် နတ်သခင်သည် ကြယ်မြစ် ခန်းမ၏ အထက်ရှိ နတ်ရွှေဖြင့် ပြုလုပ်ထားသော ပလ္လင်ပေါ်တွင် ထိုင်ကာ ရောက်ရှိနေသည့် အကြီးအကဲများကို ဝေ့ကြည့်၍ ကွေ့ဝိုက်မနေပဲ ပြောလိုက်သည်။
“ကျုပ် ကျုပ်ဘာသာကျုပ် ချိပ်ပိတ်ဖို့နဲ့ ခန်းမသခင် ရာထူးကို နတ်သခင်ထိုက်ဟွာဆီ လွှဲပြောင်းပေးဖို့ စဉ်းစားထားတယ်။ ဒီနေ့ကစပြီး နတ်သခင်ထိုက်ဟွာက ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ခန်းမသခင်အသစ် ဖြစ်လာလိမ့်မယ်။”
ထိုအရာကို ကြားလျှင် ခမ်းနားသော ကောင်းကင်ခန်းမ၏ အကြီးအကဲများကြားတွင် ပျားအုံကို တုတ်ဖြင့်ထိုးလိုက်သလို ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
တစ်ဖက်တွင်တော့ လူများသည် ကြယ်မြစ် နတ်သခင်က သူ့ဖာသာသူ ချိပ်ပိတ်ရန် စဉ်းစားနေခြင်းအပေါ် အံ့အားသင့်နေကြပြီး အခြားတစ်ဖက်တွင်လည်း ရောက်ရှိနေသူ အများစုမှာ နတ်သခင်ထိုက်ဟွာထက် ပို အားကောင်းသော ကျင့်စဉ်အဆင့် ရှိနေကြသောကြောင့်ဖြစ်၏။
အမှန်စင်စစ် အကြီးအကဲများထဲ၌ ခန်းမသခင် ရာထူးကို မက်မောနေကြသူများ မနည်းသော်လည်း ကြယ်မြစ် နတ်သခင်သည် ထိုရာထူးကို နတ်သခင်ထိုက်ဟွာအား အပ်နှင်းခဲ့သည်။
ကြယ်မြစ် နတ်သခင်သည် ဤလူများ ဘာတွေးနေသည်ကို သဘာဝကျကျ သိသဖြင့် ဆက်လက်၍
“ကျုပ်ရဲ့ သက်တမ်းကုန်ဆုံးမယ့် အချိန်က နီးကပ်လာနေပြီ။ ဒါကြောင့် ကျုပ်ဘာသာကျုပ် ချိပ်ပိတ်ပြီး မဟာလမ်းစဉ် ကပ်ဘေး ကျော်လွန်သွားဖို့ စောင့်ဆိုင်းရုံကလွဲလို့ ကျုပ်မှာ အခြားရွေးချယ်စရာ မရှိတော့ဘူး။”
“ကျုပ် ကျုပ်ဘာသာကျုပ် ချိပ်ပိတ်ပြီးတဲ့နောက် ခင်ဗျားတို့အနေနှင့် ခမ်းနားသော ကောင်းကင်ခန်းမတစ်ခုလုံးကို စီမံခန့်ခွဲရာမှာ နတ်သခင်ထိုက်ဟွာကို ကူညီပံ့ပိုးပေးကြလိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်။”
“ကျုပ်ဘာသာကျုပ် ချိပ်ပိတ်ပြီးရင် ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ကိစ္စရပ်တွေကို ထပ်ပြီး မဖြေရှင်းချင်တော့တာက ကျုပ်ရဲ့ ဆန္ဒပဲ။”
ကြယ်မြစ် နတ်သခင်၏ နောက်ဆုံးစကားများကို ကြားသောအခါ မရိုးသားသော ရည်ရွယ်ချက်ရှိသည့် နတ်သခင်များ ချက်ချင်းပင် ပို၍ငြိမ်သက်သွားကြတော့သည်။ ကြယ်မြစ် နတ်သခင်၏ သတိပေးချက်က အလွန် ထင်ရှားလှပေသည်။
အကယ်၍ သူ သူ့ဖာသာသူ ချိပ်ပိတ်ပြီးနောက် တစ်စုံတစ်ယောက်က ပြဿနာရှာပါက သူသည် ထိုကိစ္စကို ဖြေရှင်းရန် ချိပ်ပိတ်ခြင်းကို ပြန်လည် ဖွင့်လှစ်နိုင်သည်။
ကြယ်မြစ် နတ်သခင်က ဆက်လက်၍
“ကောင်းပြီ... နတ်သခင်ထိုက်ဟွာ။ တက်လာခဲ့ပါ။”
ထိုစကားများကို ကြားလျှင် နတ်သခင်ထိုက်ဟွာသည် စိတ်လှုပ်ရှားမှုကို မနည်းထိန်းကာ ခမ်းနားသော ကောင်းကင်ခန်းမ၏ အမြင့်ဆုံး ရာထူးကို ကိုယ်စားပြုသည့် နတ်ပလ္လင်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
သူ ကြယ်မြစ် နတ်သခင်၏ ဘေးသို့ ရောက်ရှိသွားလျှင် ကြယ်မြစ် နတ်သခင်က မတ်တတ်ရပ်ပြီး
“ခင်ဗျား ကျုပ်ရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်အောင် မလုပ်ဘူးလို့ ကျုပ် မျှော်လင့်ပါတယ်။”
နတ်သခင်ထိုက်ဟွာက ချက်ချင်းပင် ဦးညွှတ် ဂါရဝပြုကာ ပြောလိုက်သည်။
“ခန်းမသခင်... ကျေးဇူးပြုပြီး စိတ်ချပါ။ ခန်းမသခင် ချိပ်ပိတ်ခြင်းကို ဖွင့်ပြီး တံခါးပိတ်ကျင့်စဉ်ကနေ ပြန်မလာမချင်း ကျုပ် ခမ်းနားသော ကောင်းကင်ခန်းမကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ထားပါ့မယ်။”
နတ်သခင်ထိုက်ဟွာ၏ စကားအဆုံးတွင် ခန်းမအတွင်းရှိ အကြီးအကဲများက တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။
“ထိုက်ဟွာ ခန်းမသခင်ကို ဂါရဝပြုပါတယ်”
အချို့သော နတ်သခင်များသည် စိတ်ထဲတွင် မကျေနပ်ကြသော်လည်း နတ်သခင် ထိုက်ဟွာသည် ကြယ်မြစ် နတ်သခင် ကိုယ်တိုင် သတ်မှတ်ပေးခဲ့သူ ဖြစ်သဖြင့် ၎င်းတို့တွင် ရွေးချယ်စရာ မရှိပေ။
သို့သော်လည်း အချို့သော နတ်သခင်များကတော့ ဉာဏ်ဆင်ကာ စဉ်းစားတွေးတောနေကြပြီ ဖြစ်သည်။ အဆုံးတွင်တော့ ကြယ်မြစ် နတ်သခင်၏ သက်တမ်းကုန်ဆုံးမည့် အချိန်က ရောက်ရှိနေပြီ ဖြစ်ရာ သူ့ဖာသာသူ ချိပ်ပိတ်ထားလျှင်ပင် အချိန်အကြာကြီး ခံနိုင်တော့မည် မဟုတ်ပေ။
ကြယ်မြစ် နတ်သခင် ကွယ်လွန်သွားသည်နှင့်တစ်ပြိုင်နက် နတ်သခင်ထိုက်ဟွာ၏ နောက်ကွယ်တွင် တောင်ကြီးကဲ့သို့ ကျောထောက်နောက်ခံ ပေးမည့်သူ ရှိတော့မည် မဟုတ်ပေ။
အကယ်၍ ၎င်းတို့အနေနှင့် အာဏာလုယူလိုပါက နောက်ထပ် အနည်းငယ်မျှ စောင့်ဆိုင်းခြင်းက အန္တရာယ်မရှိနိုင်ပေ။ သူတို့၏ သက်တမ်းကုန်ဆုံးမည့် အချိန်က ရောက်မလာသေးသဖြင့် သူတို့ စိတ်ရှည်ရှည် စောင့်ဆိုင်းနိုင်သည်။
ဤအချိန်တွင် ကြယ်မြစ် နတ်သခင်က ဆက်လက်၍
“ဒါဆိုရင် ဒီလောက်ပါပဲ။ ကျုပ် ထိုက်ဟွာ ခန်းမသခင်ရဲ့ ရာထူးတက်ပွဲ အခမ်းအနားကို တက်ရောက်တော့မှာ မဟုတ်ဘူး။”
“ကျုပ် ပြန်လာတဲ့အချိန်မှာ စည်ပင်ဝပြောပြီး အင်အားကြီးတဲ့ ခမ်းနားသော ကောင်းကင်ခန်းမကို မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။”
သူ၏ စကားအဆုံးတွင် ကြယ်မြစ် နတ်သခင်၏ ခန္ဓာသည် လေထဲတွင် အရည်ပျော်သကဲ့သို့ ထိုနေရာ၌ပင် ပျောက်ကွယ်သွားခဲ့သည်။
ချက်ချင်းပင် နတ်သခင်ထိုက်ဟွာက ကြယ်မြစ် နတ်သခင် ရပ်နေခဲ့သည့် နေရာသို့ ဦးဆောင်၍ ဂါရဝပြုလိုက်သည်။
“ကြယ်မြစ် ခန်းမသခင်ကို နှုတ်ဆက်ပါတယ်
ကြယ်မြစ် ခန်းမသခင်အနေနှင့် ဒုတိယမြောက် ဘဝကို ဖြတ်သန်းနိုင်ပြီး ဒဏ္ဍာရီကို ဆက်လက် ရေးထိုးနိုင်ပါစေ။”
နတ်သခင်များ သူ့ဖာသာသူ ချိပ်ပိတ်ခြင်းသည် ယေဘုယျအားဖြင့် ဒုတိယမြောက် ဘဝတစ်ခုကို နေထိုင်ရန် ဖြစ်ပြီး ဤအရာက ကြယ်မြစ် နတ်သခင်အပေါ် ကောင်းချီးပေးသည့် ပုံစံတစ်ခု ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကြယ်မြစ် နတ်သခင်သည် ခမ်းနားသော ကောင်းကင်ခန်းမ၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ၏ နတ်အာရုံကို ခမ်းနားသော ကောင်းကင်ခန်းမတစ်ခုလုံးသို့ နောက်တစ်ကြိမ် ဖြန့်ကျက်ကာ သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။
မဟာလမ်းစဉ် ကပ်ဘေးသာ မရှိခဲ့လျှင်၊ နတ်ဧကရာဇ်တစ်ပါး ပေါ်ထွက်လာခြင်းသာ မရှိခဲ့လျှင် သူသည် ဘဝ ကူးပြောင်းရန် အလိုရှိမည် မဟုတ်ပေ။
သူသည် အပြည့်အဝ ပြင်ဆင်ထားသော်လည်း ဘဝကူးပြောင်းခြင်းသည် သဘာဝအရပင် မြောက်မြားစွာသော မရေရာမှုများကို သယ်ဆောင်ထားသည်။
သာမန်လူများတွင် သူ၏ ပြတ်သားမှုမျိုး မရှိကြပေ။ သို့သော်လည်း ဘဝကူးပြောင်းခြင်း အောင်မြင်ပြီး အစမှ ပြန်လည် ကျင့်ကြံကြသည့် နတ်သခင် အများစုမှာ မကြာခဏဆိုသလို ပို၍ဝေးကွာသော ခရီးကို လျှောက်လှမ်းနိုင်ကြရာ ဘဝများ ကူးပြောင်းခြင်း နည်းလမ်းအားဖြင့် သူသည် မဟာလမ်းစဉ် ကပ်ဘေး အဆုံးသတ်သည်အထိ၊ နတ်ဆိုးဧကရာဇ် ကျဆုံးသွားသည်အထိ တောင့်ခံနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
ထို့နောက် ကြယ်မြစ် နတ်သခင်သည် သူ၏ နတ်အာရုံကို ပြန်လည် ရုပ်သိမ်းကာ သူ၏ ကျင့်ကြံခြင်း ဂူဗိမာန်သို့ ပြန်သွားပြီး ထောက်လှမ်းခြင်းကို ရှောင်ရှားရန် ကြိုတင် စီမံထားသော ချိပ်ပိတ်နည်းဗျူဟာပုံစံကို အသက်သွင်းလိုက်သည်။
ချက်ချင်းပင် သူသည် သူ၏ စွမ်းအားများကို စတင် ဖြန့်ခွဲလိုက်ပြီး ဘဝ ကူးပြောင်းခြင်း နည်းလမ်းကို စတင်လိုက်တော့သည်။
…..
ကြယ်မြစ် နတ်သခင် သူ့ဖာသာသူ ချိပ်ပိတ်လိုက်သည့် သတင်းသည် တောင်ပိုင်းနယ်တစ်ခုလုံးသို့ တောမီးပမာ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။
အဆုံးတွင်တော့ ခမ်းနားသော ကောင်းကင်ခန်းမသည် အုပ်စိုးသူအဆင့် အင်အားစုကြီးတစ်ခု ဖြစ်ပြီး ထိုအင်အားစုကြီးတစ်ခု၏ ခေါင်းဆောင် သူ့ဖာသာသူ ချိပ်ပိတ်လိုက်ခြင်းက သူ၏ သက်တမ်းကုန်ဆုံးမည့် အချိန် နီးကပ်နေပြီဖြစ်ကြောင်း ဆိုလို၏။
၎င်းက တောင်ပိုင်းနယ်ရှိ အင်အားစု အမြောက်အမြားကို မျှော်လင့်ချက်များ သယ်ဆောင်လာပေးခဲ့သည်။ လူတိုင်းက အုပ်စိုးသူ အဆင့် အင်အားစု နေရာကို မက်မောနေကြပြီး အချို့မှာ ထိုနေရာကို အစောကတည်းက မျက်စိကျ လိုလားနေကြသော်လည်း ခမ်းနားသော ကောင်းကင်ခန်းမ၏ ကြောက်မက်ဖွယ် ကောင်းလှသော အင်အားကြောင့် အင်အားစု အများစုက အောင့်အီးသည်းခံရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း၌ အုပ်စိုးသူအဆင့် အင်အားစုကြီးများသည် စဉ်ဆက်မပြတ် ပြောင်းလဲနေကြသည်။ မည်သည့်အင်အားစုမှ နယ်မြေတစ်ခုခု၏ အုပ်စိုးသူအဆင့် အင်အားစုကြီးအဖြစ် အမြဲတမ်း မတည်တံ့နိုင်ပေ။
တစ်ချိန်က ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးကို အုပ်စိုးခဲ့သည့် နဝမကောင်းကင်တက္ကသိုလ်ပင်လျှင် ဖြုတ်ချခြင်း ခံခဲ့ရရာ တောင်ပိုင်းနယ်၏ အုပ်စိုးသူအဆင့် အင်အားစုသာ ဖြစ်သော ခမ်းနားသော ကောင်းကင်ခန်းမဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။
ခဏခန့်အတွင်း တောင်ပိုင်းနယ်တစ်ခုလုံး လျှို့ဝှက်ပူးပေါင်း ကြံစည်မှုများဖြင့် ပြည့်နှက်သွားခဲ့လေသည်။
……
သွေးလင်းယုန်ခန်းမ။
ခန်းမကြီးအတွင်း၌။
သွေးမိစ္ဆာ နတ်သခင်သည် ခမ်းနားသော ကောင်းကင်ခန်းမနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စစ်ဆေးနေရင်း ရုတ်တရက် တဟားဟားနှင့် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
“သွေးလင်းယုန်ခန်းမရဲ့ အချိန်က နောက်ဆုံးတော့ ရောက်လို့လာခဲ့ပြီ။”
သွေးမိစ္ဆာ နတ်သခင်သည် နယ်မြေချဲ့ထွင်ရန် အစောကတည်းက ရည်ရွယ်ထားသော်လည်း ခမ်းနားသော ကောင်းကင်ခန်းမက ၎င်းတို့ကို ပစ်မှတ်ထားလာမည်ကို အမြဲတစေ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ခမ်းနားသော ကောင်းကင်ခန်းမ၏ ခန်းမသခင်သည် သူ့ဖာသာသူ ချိပ်ပိတ်လိုက်ပြီး သက်တမ်းကုန်ဆုံးမည့် အချိန် နီးကပ်လာပြီ ဖြစ်ရာ တောင်ပိုင်းနယ်ရှိ အခြားသော မဟာအင်အားစုကြီးများသည် ဧကန်မုချ စိတ်အားထက်သန်နေကြမည် ဖြစ်၏။
ခမ်းနားသော ကောင်းကင်ခန်းမကိုယ်တိုင်လည်း ယခုကဲ့သို့ ကိုယ့်အရေးနှင့်ကိုယ် ရှုပ်နေသည့် အခြေအနေမျိုးတွင် ၎င်းတို့ကို ကိုင်တွယ်ရန် အချိန်ရှိလိမ့်မည် မဟုတ်ပေ။
နောက်ဆုံးတွင် သွေးလင်းယုန်ခန်းမသည် ဤကမ္ဘာငယ်လေးထဲမှ ထွက်ခွာနိုင် တော့မည် ဖြစ်သည်။
--
………