← Chapters

အခန်း ၁၉၈၃

Vol. 133 Ch. 1983

အခန်း ၁၉၈၃

Vol. 133 Ch. 1983

အခန်း (၁၉၈၃)

နတ်သခင် ရှီယွဲ့ အဆင့်တက်ရခြင်း

သားရဲမဟာမိတ်အဖွဲ့ကြီး။

ကောင်းကင်မြေခွေး ချိုင့်ဝှမ်း။

နတ်သခင် ရှီယွဲ့၏ အိပ်ဆောင်အတွင်း၌။

လုချန်းသည် နူးညံ့လှသော မြေခွေးအမြီးနှစ်‌ချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း အပေါ်သို့ မော့ကြည့်ကာ ရင်ထဲမှ သက်ပြင်းအရှည်ကြီးတစ်ချက်ကို လေးပင်စွာ ချလိုက်မိသည်။

ထိုခဏတွင် စနစ်၏ အသိပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဇနီးများအား ကိုယ်ဝန်ရရှိစေရန် ကူညီပေးခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ အကြို ဆုလာဘ်အဖြစ် ‘ကောင်းကင်တုန် ဝိညာဉ်ချေမှုန်း’ ဓားသိုင်းပညာကို ချီးမြှင့်လိုက်ပါသည်။”

စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသဖြင့် လုချန်းလည်း အိမ်မက်မှ နိုးထလာသကဲ့သို့ တဖြည်းဖြည်း သတိပြန်ဝင်လာပြီး စနစ်ကို ချက်ချင်းပင် ဖွင့်ကြည့်လိုက်တော့သည်။

ထိုအချိန်တွင် စနစ်မျက်နှာပြင်ပေါ်၌ အခြားသော ဆုလာဘ်အသိပေးချက်တစ်ခုလည်း ထင်ထင်ရှားရှား ရှိနေသေးသည်။ သူသည် နတ်သခင် ရှီယွဲ့ကို ပိုင်ဆိုင်ခဲ့စဉ်က ‘ကောင်းကင်နှလုံးသား ဆေးမှုန့်’ ဟု ခေါ်သော ဆုလာဘ်တစ်ခုကိုလည်း ရရှိခဲ့ခြင်း ဖြစ်သည်။

လုချန်းသည် ကောင်းကင်နှလုံးသား ဆေးမှုန့်နှင့် ပတ်သက်သည့် စနစ်၏ မိတ်ဆက်ကို အရင် အကျဉ်းချုပ် ဖတ်ရှုလိုက်သည်။

[ကောင်းကင်နှလုံးသား ဆေးမှုန့် : သုံးစွဲပြီးနောက် ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်နှလုံးသားတစ်ခု တရွေ့ရွေ့ တဖြည်းဖြည်း ဖြစ်ပေါ်လာမည် ဖြစ်ပြီး သခင်၏ ကျင့်ကြံခြင်းနှုန်းကို သိသိသာသာ မြှင့်တင်ပေးလိမ့်မည်။]

ကောင်းကင်နှလုံးသား...

ဒါက ဘယ်လိုရတနာမျိုးလဲ...

လုချန်း စိတ်ထဲ ဝေခွဲမရစွာဖြင့် မေးလိုက်သည်။

“စနစ်... ကောင်းကင်နှလုံးသားဆိုတာ ဘာလဲ။”

စနစ်က

“ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း ကံစွမ်းအားများ ကျဆင်းသွားပြီးနောက် ကောင်းကင်လမ်းစဉ် နိယာမများ ပြောင်းလဲသွားခဲ့ရာ ကောင်းကင်နှလုံးသား ရှိသည့် ကောင်းကင်လမ်းစဉ်၏ အသိအမှတ်ပြုခြင်းကို ခံရသည့် နတ်သာလျှင် နတ်ဧကရာဇ် အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။”

စနစ်၏ မိတ်ဆက်ကို ကြားလျှင် လုချန်း ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။ ၎င်းသည် ကံကြမ္မာ၏သားတော်နှင့် ဆင်တူလှသည်။

ကောင်းကင်နှလုံးသားအကြောင်း ဖတ်ပြီးနောက် လုချန်းသည် စိတ်ကျေနပ်စွာဖြင့် သူတော်စင် အဆင့် ဓားသိုင်းပညာဖြစ်သော ‘ကောင်းကင်တုန် ဝိညာဉ်ချေမှုန်း’ ဓားသိုင်းအမွေအနှစ်ကို လက်ခံလိုက်သည်။ ချက်ချင်းပင် ထိုဓားသိုင်း၏ ဆန်းကြယ်သော အကြောင်းအရာများ သူ့စိတ်အာရုံထဲ၌ ပေါ်လာခဲ့တော့သည်။

ကောင်းကင်တုန် ဝိညာဉ်ချေမှုန်းကို ထုတ်ဖော်ရန်အတွက် နတ်ဘုရင်တစ်ပါး၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအား ထက်ဝက်ကျော်ကို အနည်းဆုံး သုံးစွဲရန် လိုအပ်သော်လည်း ၎င်း၏ ဖျက်ဆီးနိုင်စွမ်းက အလွန်တရာ ကြီးမားလှသည်။ အကယ်၍ စနစ်တကျ အသုံးပြုပါက နတ်သခင်တစ်ပါးကိုပင် ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်။

သို့သော် သူတော်စင် အဆင့် ဓားသိုင်းပညာတစ်ခုကို ထုတ်ဖော်ရာတွင် နတ်စွမ်းအားများ လည်ပတ်ရန်အတွက် သီးသန့်သွေးကြောမျှင်များ လိုအပ်ပြီး ထိုသွေးကြောများ ဖွံ့ဖြိုးရန်အတွက် ရေရှည်လေ့ကျင့်ရန် လိုအပ်သည်။

လုချန်း စိတ်ထဲ အလွန်ကျေနပ်သွားခဲ့သည်။ ဆုလာဘ်နှစ်ခုလုံးက တကယ့်ကို ကောင်းလှသည်။

အရေးအကြီးဆုံးအချက်မှာ သူသည် နောက်ဆုံး၌ နတ်သခင် ရှီယွဲ့ကို အောင်မြင်စွာ ကိုယ်ဝန်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သာမန်နတ်သခင်တစ်ပါးပင် မဟုတ်ပဲ မဟာအင်အားကြီးအုပ်စုတစ်ခု၏ ဦးစီးခေါင်းဆောင်ကို ကိုယ်ဝန်ရရှိစေခဲ့သည်ကို တွေးမိသောအခါ လုချန်းစိတ်ထဲ အတိုင်းအဆမရှိ ဝမ်းမြောက်သွားခဲ့ပြီး ထူးဆန်းသော အောင်မြင်မှု ခံစားချက်တစ်ခု ရင်ထဲ၌ တိုးဝှေ့လာခဲ့သည်။

ထိုအခိုက်အတန့်တွင် နတ်သခင် ရှီယွဲ့၏ ခန္ဓာကိုယ်အတွင်းရှိ သားရဲအမြုတေထဲမှ နောက်ဆုံးကျန်ရှိနေသော နတ်ဆိုးစွမ်းအား အစအနလေးမှာ လုံးဝ ဥဿုံ သန့်စင်သွားခဲ့ပြီး ထိုနောက်ဆုံး နတ်ဆိုးစွမ်းအားသည် နတ်သခင် ရှီယွဲ့အတွင်းရှိ နတ်ဆိုးစွမ်းအားအဖြစ်သို့ ကူးပြောင်းသွားကာ သူမ၏ အရှိန်အဝါများလည်း ရုတ်တရက် ထိုးတက်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံး မြေငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့ပြီး အရှေ့ပိုင်းနယ်၏ ကောင်းကင်ပြင်ကြီး ပြိုကျတော့မည့်အလား အရှေ့ပိုင်းနယ်၏ အထက်ကောင်းကင်တွင် ထူထပ်မည်းမှောင်သည့် တိမ်တိုက်ကြီးများ ပေါ်လာခဲ့သည်။

ကောင်းကင်ယံရှိ ထူးခြားဖြစ်စဉ်ကို တွေ့မြင်လျှင် ဂိုဏ်းအသီးသီး၏ ပထမဆုံး အတွေးမှာ နေ့ချင်းညချင်း ကပ်ဘေးကြီး ဆိုက်ရောက်တော့မည်ဟူ၍ ဖြစ်သည်။

သို့သော် အံ့ဩစရာကောင်းသည်က ထိုမည်းနက်သော တိမ်တိုက်များသည် ကပ်ဘေးမိုးကြိုးများအဖြစ် အောက်သို့ ကျရောက်မလာခဲ့ပေ။

တစ်ချိန်တည်းမှာပင် နတ်သခင် ရှီယွဲ့၏ အရှိန်အဝါသည် ကောင်းကင်သို့ ထိုးတက်သွားပြီး သူမ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ပျံ့လွင့်လာကာ မကြာမီ အရှေ့ပိုင်းနယ်တစ်ခုလုံးကို ဝါးမြိုသကဲ့သို့ လွှမ်းခြုံသွားခဲ့သည်။

မကြာခင်မှာပင် နတ်သခင် ရှီယွဲ့၏ ပြိုင်ဘက်ကင်းသော ဖိအားသည် ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ တော့သည်။

……

ချင်းယွမ်ကျောင်းတော်။

တောင်ထိပ်တစ်ခုပေါ်ရှိ။

အဆောင်တစ်ခုအတွင်း၌။

နတ်သခင် ဝမ်ကျဲသည် ဤဖိအားကို ခံစားလိုက်ရလျှင် ချက်ချင်းပင် မျက်ခုံးတွန့်သွားခဲ့သည်။

ဤဖိအားထဲတွင် နတ်ဆိုးသဘာဝ အစအနတစ်ခု ကပ်ညှိပါဝင်နေပြီး သားရဲမဟာမိတ်နှင့် ရေရှည် ပတ်သက်ခဲ့ရသဖြင့် သူသည် နတ်သခင် ရှီယွဲ့၏ ဖိအားကို အလွန် ရင်းနှီးကျွမ်းဝင်နေခဲ့ခြင်း ဖြစ်သည်။

နတ်သခင် ဝမ်ကျဲက စိတ်မသက်မသာဖြင့် ရေရွတ်လိုက်သည်။

“သူ တကယ်ပဲ အဆင့်တက်သွားတာလား... ဒါက အနောက်အရပ်ကနေ နေထွက်သလို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

သားရဲမဟာမိတ်နှင့် ချင်းယွမ်ကျောင်းတော်တို့သည် အရှေ့ပိုင်းနယ်ကို ထိန်းချုပ်နိုင်ရန်အတွက် ခေတ်အဆက်ဆက် ပြိုင်ဆိုင်ခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ မဟာမိတ်ခေါင်းဆောင် နတ်သခင် ရှီယွဲ့သည် နတ်ဧကရာဇ်အဖြစ်သို့ အဆင့်တက်ရောက်သွားခဲ့ပြီ ဖြစ်ရာ အရှေ့ပိုင်းနယ်ကို မည်သူက ထိန်းချုပ်မည်ဆိုသည်က သံသယဖြစ်စရာ မလိုတော့ပေ။

ထိုအရာက ချင်းယွမ်ကျောင်းတော်အတွက်တော့ ပြဿနာကြီးတစ်ခုဖြစ်သည်။

သားရဲမဟာမိတ်က အရှေ့ပိုင်းနယ်ကို လက်ဝါးကြီးအုပ် ထိန်းချုပ်လိုက်သည်နှင့် သူတို့သည် ချင်းယွမ်ကျောင်းတော်ကို ခေါင်းငုံ့ အညံ့ခံခိုင်းလိမ့်မည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက အရှေ့ပိုင်းနယ်ထဲမှ မောင်းထုတ်လိမ့်မည် ဖြစ်သည်။

အကယ်၍ နတ်ဧကရာဇ် ရှီယွဲ့၏ ရည်မှန်းချက်က ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံး ဖြစ်နေပါက သူမသည် ချင်းယွမ်ကျောင်းတော်ကို ဝါးမြိုရန် ရွေးချယ်ပြီးနောက် နတ်ဆိုးဧကရာဇ်ကို စိန်ခေါ်ရန် အလွန် ဖြစ်နိုင်ခြေ ရှိသည်။

သို့သော် ယခုအခါ မဟာလမ်းစဉ်တွင် ပြဿနာများ ရှိနေပြီး ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း မကြာခဏ ကပ်ဘေးများ ဆိုက်ရောက်နေသဖြင့် နတ်ဧကရာဇ် ရှီယွဲ့၌ ကြီးမားသောရည်မှန်းချက်များ ရှိလျှင်ပင် သူမသည် နတ်ဆိုးဧကရာဇ်ကို ချက်ချင်း ရင်ဆိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ချင်းယွမ်ကျောင်းတော်ကို ဝါးမြိုရန်ကတော့ အတော်လေး ဖြစ်နိုင်ခြေ ရှိနေသည်။

နတ်ဧကရာဇ် ရှီယွဲ့သည် နတ်ဧကရာဇ် အဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ရာ ချင်းယွမ်ကျောင်းတော်ကို ဝါးမြိုလိုပါက အလွန်လွယ်ကူသော ကိစ္စတစ်ခု ဖြစ်လိမ့်မည်။ နတ်သခင်များသည် နတ်ဧကရာဇ်တစ်ပါးကို ဆင်နှင့်ဆိတ်ပမာ ယှဉ်နိုင်စွမ်း မရှိကြပေ။

နတ်သခင် ဝမ်ကျဲသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိ၏။ အရှေ့ပိုင်းနယ်၌ သားရဲမဟာမိတ်နှင့် ခေတ်ကာလများစွာ တန်းတူ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ချင်းယွမ်ကျောင်းတော်သည် ရှုံးနိမ့်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

နတ်ဧကရာဇ် ရှီယွဲ့တစ်ယောက် မည်သို့ မည်ပုံအဆင့်တက်လှမ်းနိုင်ခဲ့သည်ကို မည်သူမှ မသိနိုင်ပေ။

ယုတ္တိဗေဒအရ ဆိုလျှင် ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကံစွမ်းအားသည် နတ်ဧကရာဇ်နှစ်ပါး တပြိုင်တည်း တည်ရှိနေမှုကို ထောက်ပံ့ရန် မလုံလောက်သင့်ပေ။

…….

ထိုအခိုက်အတန့်တွင်။

နဝမကောင်းကင်တက္ကသိုလ်၏ အထက်ကောင်းကင်၌။

ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကောင်းကင်လမ်းစဉ်ကို သန့်စင်ရန် ကြိုးပမ်းနေသည့် ရွှမ်ချင်းယွမ်သည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး အရှေ့ပိုင်းနယ်ဘက်သို့ စိတ်ဝေခွဲမရစွာဖြင့် လှမ်းမျှော်ကြည့်လိုက်သည်။

သူမ၏ တွက်ချက်မှုအရ နောက်ထပ် နှစ်သန်းပေါင်း တစ်ရာအတွင်း နတ်ဧကရာဇ်အသစ်တစ်ပါး ထွက်ပေါ်လာရန် မရှိပေ။

သို့သော် အချိန်အနည်းငယ်အတွင်း မည်သို့သော အကြောင်းကြောင့် နတ်ဧကရာဇ်အသစ်တစ်ပါး ရုတ်ချည်း ပေါ်ပေါက်လာရသနည်း။

တစ်စုံတစ်ယောက်သည် သူမ၏ ဟောကိန်းကို တကယ်ပင် ဆန့်ကျင်ဖောက်ထွက်နိုင်ခဲ့သည်။ ထိုသူက ထိုအရာကို မည်သို့သော နည်းလမ်းဖြင့် စွမ်းဆောင်ခဲ့သနည်း။

ဖိအားနှင့် ထွက်ပေါ်လာသော အရှိန်အဝါအရ ဆန်းစစ်ကြည့်ရလျှင် သားရဲမဟာမိတ်မှ နတ်ဆိုးနတ် မဟာမိတ်ခေါင်းဆောင် အဆင့်တက်သွားခဲ့ခြင်း ဖြစ်ပုံရသည်။

သို့သော် နတ်ဧကရာဇ် ရှီယွဲ့သည် အဆင့်တက်သွားခဲ့သော်လည်း သူမသည် ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကောင်းကင်လမ်းစဉ်၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပုံမပေါ်ပေ။

ဤနေရာတွင် ရွှမ်ချင်းယွမ်သည် သူမ၏ စိတ်ကိုတည်ငြိမ်စွာဖြင့် ဂရုတစိုက် အာရုံခံကြည့်ရာ ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကောင်းကင်လမ်းစဉ်သည် မည်သူတစ်ဦးတစ်ယောက်၏ သန့်စင်ခြင်းမှ မခံရသေးပဲ လွတ်လပ်စွာ ဆက်လက် လည်ပတ်နေဆဲ ဖြစ်သည်။

ထို့ပြင် ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကံစွမ်းအားများသည် နတ်ဧကရာဇ် ရှီယွဲ့ထံသို့ စုဆုံမသွားခဲ့ပေ။ သူမသည် သူမ၏ တည်ရှိမှုကို ထောက်ပံ့ရန် ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကံစွမ်းအားပေါ်တွင် မှီခိုခြင်းမရှိပဲ ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် ဆန်းကြယ်ထူးခြားသော နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ပုံရသည်။

သူမ မည်သို့သော နည်းလမ်းဖြင့်ပင် အဆင့်တက်ခဲ့သည်ဖြစ်စေ ယခု နတ်ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ယခု သူမ၌ ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကောင်းကင်လမ်းစဉ်ကို အလုံးစုံ ထိန်းချုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

နတ်ဧကရာဇ် ရှီယွဲ့က ကောင်းကင်လမ်းစဉ်ကို ခြယ်လှယ်ထိန်းချုပ်နိုင်ရန် သူမနှင့် လာရောက် ပြိုင်ဆိုင်မှာကို ရွမ်ချင်းယွမ် စိုးရိမ်နေမိသည်။

နတ်ဧကရာဇ် ရှီယွဲ့သည် နတ်ဧကရာဇ်အဖြစ်သို့ အသစ်စက်စက် အဆင့်တက်လာခဲ့ခြင်း ဖြစ်သဖြင့် သူမ၏ စွမ်းအားအရ ရွှမ်ချင်းယွမ်ကို ထိပ်တိုက် မရင်ဆိုင်နိုင်သေးသော်လည်း သူမကသာ ကောင်းကင်လမ်းစဉ်ကို လုယူထိန်းချုပ်ဖို့ ကြိုးပမ်းလာပါက ရွှမ်ချင်းယွမ်၏ ကောင်းကင်လမ်းစဉ် သန့်စင်ခြင်း လုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေပြီး တိုးတက်မှုကို နှောင့်နှေးသွားစေလိမ့်မည်။

ထျန်းရန် နတ်ဘုရား နယ်မြေသည် ပျက်စီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူမ ခံစားမိသည်။ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က နတ်စွမ်းအားများ ပြန်လည် နိုးထလာခဲ့သော်လည်း ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကံစွမ်းအားက တိုးပွားမလာခဲ့ပေ။

တိုးပွားလာမည့်အစား ကံစွမ်းအားသည် တဖြည်းဖြည်း ကျဆင်းမည့် လက္ခဏာများ ပင် ပြသနေသည်။

အကယ်၍ သူမ အနေနှင့် ကောင်းကင်လမ်းစဉ်ကို မထိန်းချုပ်နိုင်ပဲ ပိုမိုအားကောင်းသော စွမ်းအားကို မရရှိပါက ထျန်းရန် နတ်ဘုရား နယ်မြေ ပျက်စီးသွားချိန်တွင် ဤလောက၏ အတားအဆီးကို ဖြတ်ကျော်ရန် နည်းလမ်း ရှိတော့မည် မဟုတ်ပေ။

ထိုစဉ် ရွှမ်ချင်းယွမ်သည် သူမ၏ မျက်လုံးများကို တည်ငြိမ်စွာ ပိတ်လိုက်ပြီး နတ်ဧကရာဇ် ရှီယွဲ့အနေနှင့် ကောင်းကင်လမ်းစဉ် ထိန်းချုပ်မှုအတွက် သူမနှင့် ယှဉ်ပြိုင်လာမည့် ဖြစ်နိုင်ခြေကို တွက်ချက်ရန် ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကို ဆင့်ခေါ်လိုက်သည်။

နောက်တစ်ခဏ၌ သူမ၏ ရှေ့မှောက်တွင် ဆန်းကြယ်သော ယင်ယန်ပုံရိပ်တစ်ခု ပေါ်လာပြီး ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားအောက်တွင် မရပ်မနား လည်ပတ်နေခဲ့ကာ မကြာမီ ယင်ယန်ပုံရိပ်အတွင်းမှ မြူခိုးများ ထွက်ပေါ်လာပြီး ဖန်သားမျက်နှာပြင်တစ်ခုအဖြစ် အံ့ဩဖွယ် ပုံပေါ်လာခဲ့သည်။

မျက်လုံးများကို ဖွင့်လိုက်ပြီး ရွှမ်ချင်းယွမ်သည် ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားဖြင့် ဖြစ်ပေါ်လာသော ဖန်သားမျက်နှာပြင်ကို ကြည့်လိုက်ရာ ယင်းအထဲ၌ လုချန်းသည် နတ်ဧကရာဇ် ရှီယွဲ့၏ မြေခွေးအမြီးကို ဆုပ်ကိုင်ထားရင်း နတ်ဧကရာဇ် ရှီယွဲ့နှင့် ရင်းနှီးကျွမ်းဝင်စွာ ပြုမူနေသည်ကို တွေ့မြင်လိုက်ရသည်။

ဤမြင်ကွင်းကို တွေ့မြင်လျှင် ရွှမ်ချင်းယွမ် ခဏခန့် ဆွံ့အမှင်တက်သွားခဲ့သည်။

သူမသည် နတ်ဧကရာဇ် ရှီယွဲ့၏ အနာဂတ်ကိုသာ ကြိုတင်တွက်ချက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ နတ်ဧကရာဇ် ရှီယွဲ့၏ အနာဂတ်က လုချန်းနှင့် ဤမျှလောက်အထိ နက်ရှိုင်းစွာ ပတ်သက်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ တွက်ချက်မှုထဲတွင် လုချန်းက ထင်ထင်ရှားရှား ပေါ်လာခဲ့ခြင်းဖြစ်သည်။

ပုံရိပ်ထဲမှ အခြေအနေကို မြင်ပြီးနောက် ရွှမ်ချင်းယွမ် အလွန် စိတ်ပျက်ဒေါသထွက်သွားခဲ့သည်။

ဤရွံရှာဖွယ် သတ္တဝါက ဘာဖြစ်လို့ နေရာတိုင်းမှာ ပေါ်နေရတာလဲ။

ခဏလေး...

နတ်ဧကရာဇ် ရှီယွဲ့၏ အရှိန်အဟုန်ပြင်းစွာ အဆင့်တက်ရောက်မှုက လုချန်း၏ ကူညီစောင့်မမှုကြောင့် ဖြစ်နေတာများလား။

အကယ်၍ ထိုသို့သာ ဆိုလျှင် နတ်ဧကရာဇ် ရှီယွဲ့နှင့် လုချန်းတို့၏ ဆက်ဆံရေးက အလွန် ထူးခြားနေလိမ့်မည်ဖြစ်သည်။ ယင်းက နောင်အနာဂတ်တွင် လုချန်းကို ရင်ဆိုင်ရာ၌ ပိုမိုစိန်ခေါ်မှု ကြီးမားစေလိမ့်မည် ဖြစ်သည်။

သူမအနေနှင့် ပန်းနီရထားကို အစဉ်မပြတ် သတိထားနေရမည့်အပြင် နတ်ဧကရာဇ် ရှီယွဲ့ကိုလည်း စောင့်ကြည့်နေရတော့မည် ဖြစ်သည်။

ဤအချိန်တွင် သူမသည် ကောင်းကင်လမ်းစဉ်ကို သန့်စင်ခြင်း ဖြစ်စဉ်ကို အားသွန်ခွန်စိုက် မြှင့်တင်ရမည် ဖြစ်ပြီး လုချန်းကို ကြီးထွားလာခွင့် လုံးဝ မပေးနိုင်ပေ။

ရွှမ်ချင်းယွမ်သည် သူမ၏ လက်ကို ဝှေ့ယမ်းကာ တွက်ကိန်း ပုံရိပ်ကို ဖျောက်ဖျက်လိုက်ပြီးနောက် မျက်လုံးများကို ထပ်မံ ပိတ်လိုက်ကာ ကောင်းကင်လမ်းစဉ်ကို သန့်စင်ရန်အတွက် သူမ၏ စိတ်အာရုံကို ပြန်လည် စုစည်းလိုက်တော့သည်။

--

…………

All Chapters