← Chapters

အခန်း ၁၉၈၆

Vol. 133 Ch. 1986

အခန်း ၁၉၈၆

Vol. 133 Ch. 1986

အခန်း( ၁၉၈၆ )

အရှေ့ပိုင်းနယ်မြေကို အုပ်စိုးခြင်း

လုချန်း ချိုင့်ဝှမ်းအတွင်းမှ ထွက်ခွာသွားပြီး မကြာမီမှာပင် သားရဲမဟာမိတ်၏ အကြီးအကဲများ ချိုင့်ဝှမ်းအပြင်ဘက်၌ စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လုချန်း စောစောစီးစီး ထွက်လာခဲ့၍ တော်သေး၏။ မဟုတ်ပါက သားရဲမဟာမိတ် လူများ တစ်မျိုးတွေးသွားနိုင်သည်။

အစောပိုင်းက နတ်ဧကရာဇ် ရှီယွဲ့၏ ဖိအားများ ချိုင့်ဝှမ်းအတွင်းမှ ထွက်ပေါ်လာစဉ်ကပင် ထိုအရာက သူတို့ မဟာမိတ်ခေါင်းဆောင်ကြီး၏ အဆင့်တက်ရောက်မှု ဖြစ်နိုင်ကြောင်း သားရဲမဟာမိတ်၏ အကြီးအကဲများ ချက်ချင်း သိနားလည်သွားကြသဖြင့် ချိုင့်ဝှမ်းဆီသို့ အပြေးအလွှား လာရောက် စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် သားရဲမဟာမိတ်မှ နတ်သခင်များ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေကြ၏။ ယခုအခါ သူတို့၏ မဟာမိတ်ခေါင်းဆောင်ကြီး နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်အောင်မြင်သွားပြီ ဖြစ်ရာ ယခုမှစ၍ အရှေ့ပိုင်းနယ်မြေသာမက ထျန်းရန် နတ်ဘုရား နယ်မြေ တစ်ခုလုံးပင် သူတို့ သားရဲမဟာမိတ်၏ လက်အောက်သို့ ရောက်ရှိလာနိုင်ခြေ ရှိသည်။

သူတို့၏ နတ်ဆိုးမျိုးနွယ်သည် နောက်ဆုံးတွင်တော့ နေထွက်သကဲ့သို့ ပြန်လည်ခေါင်းမော့လာနိုင်ခဲ့ပြီ ဖြစ်သည်။ နတ်ဆိုးမျိုးနွယ်အတွက် ကောင်းသောနေ့ရက်များ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်၏။

လဝက်ခန့် ကြာပြီးနောက် ချိုင့်ဝှမ်းအတွင်းမှ နတ်ဧကရာဇ် ရှီယွဲ့၏ အသံ ထွက်ပေါ်လာည်။

“မြေခွေးကောင်းကင် ခန်းမကို လာခဲ့ကြပါ။”

နတ်ဧကရာဇ် ရှီယွဲ့၏ အသံကို ကြားလျှင် နတ်သခင်များသည် တုံ့ဆိုင်းမနေပဲ မြေခွေးကောင်းကင် ခန်းမဆီသို့ ချက်ချင်း ဦးတည် ထွက်ခွာသွားကြတော့သည်။

သားရဲမဟာမိတ်၏ နတ်သခင် အကြီးအကဲများ အားလုံး စုံလင်စွာ စုဝေးမိသည်နှင့် မြေခွေးကောင်းကင် ခန်းမရှိ နတ်ပလ္လင်၏ အရှေ့ဘက်တွင် အာကာသအက်ကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက် အဖြူရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားသည့် နတ်ဧကရာဇ် ရှီယွဲ့သည် ထိုအာကာသအက်ကြောင်းအတွင်းမှ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။

ထို့နောက် နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ ကျယ်ပြန့်သော ဝတ်ရုံလက်များကို ဝှေ့ယမ်းကာ နတ်ပလ္လင်ထက်တွင် ထိုင်လိုက်ပြီး ရောက်ရှိနေကြသော နတ်သခင်များကို တစ်ချက် ဝေ့ကြည့်လိုက်၏။

နတ်သခင်များက ချက်ချင်းပင် အရိုအသေပြုရင်း

“မဟာမိတ်ခေါင်းဆောင်ကြီး အဆင့်တက်ရောက်အောင်မြင်သွားသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ မဟာမိတ်ခေါင်းဆောင်ကြီးအနေနှင့် မကြာခင် နတ်ဘုရားနယ်မြေတစ်ခုလုံးကို ဧကန်မုချ တစ်စည်းတစ်လုံးတည်းဖြစ်အောင် စုစည်းသိမ်းသွင်းနိုင်ပါလိမ့်မယ်။”

ထိုအရာကို ကြားလျှင် နတ်ဧကရာဇ် ရှီယွဲ့က မည်သည့်ခံစားချက်မှ မရှိသော မျက်နှာထားဖြင့်

“နတ်ဘုရားနယ်မြေကို တစ်စည်းတစ်လုံးတည်း ဖြစ်အောင် သိမ်းသွင်းရမည်ဟုတ်လား။ ကျွန်မ ကောင်းကင်လမ်းစဉ်ကို ထိန်းချုပ်မယ့် အရေးကို နတ်ဆိုးဧကရာဇ်က လက်ပိုက်ကြည့်နေမှာလား”

ဟု ဆိုလိုက်၏။

“ဒါပေမဲ့လည်း အရှေ့ပိုင်းနယ်မြေရဲ့ အချုပ်အခြာအာဏာကိုတော့ အတည်ပြုနိုင်ပြီ ဖြစ်တယ်။”

“ချင်းယွမ်ကျောင်းတော်ကို လူတစ်ယောက် ချက်ချင်း စေလွှတ်လိုက်။ ဒီနေ့ကစပြီး အရှေ့ပိုင်းနယ်မြေမှာ အသံတစ်သံတည်းသာ ရှိရမယ်။”

ထိုစကားကို ကြားရလျှင် နတ်သခင်များ အလွန်တရာ စိတ်လှုပ်ရှားသွားကြ၏။ ချင်းယွမ်ကျောင်းတော်နှင့် နှစ်ပေါင်းများစွာ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီးနောက် နောက်ဆုံးတွင်တော့ သူတို့သည် အရှေ့ပိုင်းနယ်မြေ၏ တစ်ဦးတည်းသော အရှင်သခင်အဆင့် အင်အားစု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အခြားနယ်များတွင် အရှင်သခင်အဆင့် အင်အားစု တစ်ခုစီသာ ရှိသော်လည်း အရှေ့ပိုင်းနယ်မြေတွင်ကတော့ နှစ်ခု ရှိနေခဲ့သဖြင့် သူတို့၏ နတ်ဆိုးမျိုးနွယ်သည် အမြဲတစေ ဖိနှိပ်ခြင်း ခံထားရသည့် အခြေအနေတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အရှေ့ပိုင်းနယ်မြေသည် သူတို့၏ သားရဲမဟာမိတ် လက်အောက်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ သားရဲမဟာမိတ်အနေနှင့် ကျားတောင်ပံတပ်သကဲ့သို့ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး အင်အားချဲ့ထွင်နိုင်တော့မည် ဖြစ်သည်။ နတ်ဧကရာဇ် ရှီယွဲ့က နတ်ဘုရားနယ်မြေတစ်ခုလုံးကို တစ်စည်းတစ်လုံးတည်း မသိမ်းသွင်းနိုင်ဟု ဆိုသော်လည်း ဤလောက၏ တစ်ဝက်ခန့်ကို သိမ်းပိုက်ထားနိုင်ခြင်းကတော့ ပြဿနာတစ်ခု မဟုတ်ပေ။

လက်ရှိတွင် နတ်ဧကရာဇ် နှစ်ပါးသာ ရှိသဖြင့် နတ်ဧကရာဇ် တစ်ပါးက နတ်ဘုရားနယ်မြေ၏ တစ်ဝက်ကို ထိန်းချုပ်ထားခြင်းက အခက်အခဲ ရှိလိမ့်မည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် နတ်ဘုရင်တစ်ပါး ခန်းမအတွင်းသို့ ဝင်ရောက်လာပြီး

“မဟာမိတ်ခေါင်းဆောင်ကြီး... ချင်းယွမ်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးက နတ်သခင်တစ်စုကို ခေါ်ဆောင်ပြီး ရောက်ရှိလာပါတယ်။”

ထိုအရာကို ကြားလိုက်ရသဖြင့် ရောက်ရှိနေကြသော နတ်သခင်များ မှင်တက်သွားကြသည်။ သူတို့ မဟာမိတ်ခေါင်းဆောင်ကြီးက ချင်းယွမ်ကျောင်းတော်သို့ လူစေလွှတ်ရန် ပြင်ဆင်နေရုံသာ ရှိသေးသော်လည်း ကျောင်းအုပ်ကြီးကိုယ်တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ယခုတော့ ချင်းယွမ်ကျောင်းတော်သို့ လူစေလွှတ်ရန် မလိုတော့။

နတ်ဧကရာဇ် ရှီယွဲ့က

“သူတို့ကို ဝင်ခွင့်ပြုလိုက်”

ဟု အေးစက်စွာ မိန့်ကြားလိုက်၏။

မကြာမီပင် နတ်သခင် ဝမ်ကျဲသည် ချင်းယွမ်ကျောင်းတော်မှ နတ်သခင်တစ်စုကို ဦးဆောင်ကာ ခန်းမအတွင်းသို့ လျှောက်လှမ်း ဝင်ရောက်လာခဲ့သည်။

ချင်းယွမ်ကျောင်းတော်မှ နတ်သခင်များ၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြသော်လည်း ယခုအခါ နတ်ဧကရာဇ် ရှီယွဲ့သည် နတ်ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်ရာ နတ်ဧကရာဇ်တစ်ပါး၏ ရှေ့မှောက်တွင် နတ်သခင်တစ်ပါးအနေနှင့် ဦးညွှတ်အရိုအသေပြုရန်မှတစ်ပါး အခြားမရှိ။

နတ်သခင် ဝမ်ကျဲနှင့် ချင်းယွမ်ကျောင်းတော်မှ နတ်သခင်များသည် ချက်ချင်းပင် အရိုအသေပြုရင်း

“နတ်ဧကရာဇ် ရှီယွဲ့ကို ဂါရဝပြုပါတယ်။ မဟာအတားအဆီးကို ကျော်လွန်ကာ နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်အောင်မြင်သွားသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။”

နတ်ဧကရာဇ် ရှီယွဲ့က မျက်နှာအမူအရာမပျက်ပဲ

“ရှင်တို့ရဲ့ တုံ့ပြန်မှုက မြန်သားပဲ။ ကျွန်မက ချင်းယွမ်ကျောင်းတော်ကို လူလွှတ်မလို့ ပြင်နေတာ။ ရှင်တို့က ကိုယ်တိုင် ရောက်လာကြတာပဲ”

ဟု ခပ်အေးအေး ဆိုလိုက်၏။

ထိုစကားကို ကြားလျှင် နတ်သခင် ဝမ်ကျဲက

“အခု ခင်ဗျား နတ်ဧကရာဇ် ဖြစ်လာပြီ ဆိုတော့ အရှေ့ပိုင်းနယ်မြေဟာ ခင်ဗျားရဲ့ လက်အောက်ကို သဘာဝကျကျပဲ ရောက်ရှိရမှာ ဖြစ်ပါတယ်။ ကျုပ်တို့ ချင်းယွမ်ကျောင်းတော်အနေနှင့် သားရဲမဟာမိတ်ဆီ ဝင်ရောက်ပူးပေါင်းပြီး လက်အောက်ခံ အင်အားစုတစ်ခု ဖြစ်လာဖို့ လိုလိုလားလား ရှိပါတယ်။”

နတ်သခင် ဝမ်ကျဲ၏ စကား မဆုံးသေးမီပင် နတ်ဆိုးမျိုးနွယ်မှ နတ်သခင်တစ်ပါးက ချက်ချင်း ထရပ်လိုက်ပြီး

“နတ်သခင် ဝမ်ကျဲ... ခင်ဗျားရဲ့ ရည်မှန်းချက် မသေးဘူးပဲ။ ချင်းယွမ်ကျောင်းတော်ကို ဆက်လက် တည်ရှိနေစေဖို့ တွေးနေသေးတာလား။ တစ်နေ့ကျရင် ခင်ဗျားတို့ သားရဲမဟာမိတ်ကနေ ခွဲထွက်သွားမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။”

ထိုသို့ပြောပြီးနောက် ထိုနတ်သခင်သည် နတ်ဧကရာဇ် ရှီယွဲ့ဘက်သို့ လှည့်ကာ

“မဟာမိတ်ခေါင်းဆောင်ကြီး... ချင်းယွမ်ကျောင်းတော်ကို ဖျက်သိမ်းပစ်ရပါမယ်။ မဟုတ်ရင် တစ်နေ့မှာ သူတို့က သားရဲမဟာမိတ်ကို ဧကန်မုချ သစ္စာဖောက်ကြပါလိမ့်မယ်။”

ချင်းယွမ်ကျောင်းတော်နှင့် သားရဲမဟာမိတ်တို့၏ အလုံးစုံ စွမ်းအားသည် တူညီလုနီးပါး ရှိခဲ့ခြင်း ဖြစ်သည်။ သူတို့ လက်နက်ချ အညံ့ခံလာခြင်းမှာ နတ်ဧကရာဇ် ရှီယွဲ့ အဆင့်တက်ရောက်အောင်မြင်သွားခြင်းကြောင့်သာ ဖြစ်၏။

တကယ်တော့ သားရဲမဟာမိတ်ဘက်တွင် နတ်ဧကရာဇ်တစ်ပါး ပိုထွက်ပေါ်လာခြင်းသာ ဖြစ်သည်။ အကယ်၍ နောင်တစ်ချိန်တွင် ချင်းယွမ်ကျောင်းတော်မှလည်း နတ်ဧကရာဇ်တစ်ပါး ပေါ်ထွက်လာခဲ့ပါက သူတို့သည် သားရဲမဟာမိတ်ထံမှ ဧကန်မုချ ခွဲထွက်သွားကြလိမ့်မည်။

ထိုအချိန်ကျလျှင် သူတို့ဘက်က မည်သည့်ဆုံးရှုံးမှုမှ ရှိခဲ့ခြင်း မဟုတ်သဖြင့် သားရဲမဟာမိတ်ကို ပြန်လည်ရင်ဆိုင်နိုင်သည့် စွမ်းဆောင်ရည်မျိုး လျင်မြန်စွာ ရရှိလာနိုင်သည်။

ထို့ကြောင့် လက်ရှိတွင် ချင်းယွမ်ကျောင်းတော်ကို ဖျက်သိမ်းပစ်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်သည်။

ထိုသို့ဆိုလျှင် ချင်းယွမ်ကျောင်းတော်မှ နတ်သခင်တစ်ပါးပါး တကယ် နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်ခဲ့လျှင်ပင် သားရဲမဟာမိတ်နှင့် ရင်ဘောင်တန်းနိုင်မည့် အင်အားစုတစ်ခုကို လျင်မြန်စွာ ပြန်လည်တည်ထောင်ရန် ခက်ခဲသွားလိမ့်မည် ဖြစ်၏။

ထို့ပြင် ချင်းယွမ်ကျောင်းတော်ကို ဖျက်သိမ်းရခြင်း၏ အဓိကအကျဆုံး အကြောင်းရင်းမှာ ချင်းယွမ်ကျောင်းတော်၏ ကံစွမ်းအားများကို ကုန်ခမ်းသွားစေရန် ဖြစ်သည်။ ချင်းယွမ်ကျောင်းတော်၏ ကံစွမ်းအား ထောက်ပံ့မှု မရှိပဲနှင့်တော့ ချင်းယွမ်ကျောင်းတော်မှ နတ်သခင်များအနေနှင့် နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်ရန် မဖြစ်နိုင်သလောက်ပ ဖြစ်သွားလိမ့်မည်။

ချင်းယွမ်ကျောင်းတော်ကို ဖျက်သိမ်းလိုက်သည်နှင့် ထိုလူသားမျိုးနွယ် နတ်သခင်များအတွက် ပြန်လည်ခေါင်းမော့လာနိုင်မည့် အခွင့်အရေး လုံးဝ ရှိတော့မည် မဟုတ်ပေ။

ဤနေရာတွင် နတ်ဆိုးမျိုးနွယ်မှ နတ်သခင်များ ပို၍ ရှေ့သို့ တိုးထွက်လာကြသည်။

“မဟာမိတ်ခေါင်းဆောင်ကြီး... ဒီနတ်သခင် ဝမ်ကျဲမှာ မရိုးသားတဲ့ ရည်ရွယ်ချက် ရှိနေတာပါ။”

“မဟာမိတ်ခေါင်းဆောင်ကြီး... လူသားမျိုးနွယ်တွေက အရမ်းကောက်ကျစ်ပါတယ်။ သူတို့တွေက အရှက်အကြောက်တွေကို မြိုသိပ်ပြီး အခွင့်ကောင်းစောင့်ဖို့ ကြံစည်နေတာ သေချာပါတယ်။”

“မဟာမိတ်ခေါင်းဆောင်ကြီး... သူတို့ရဲ့ အကွက်ထဲကို အကျမခံပါနဲ့။ တကယ်လို့ တစ်နေ့ကျရင် ချင်းယွမ်ကျောင်းတော်ကနေ နတ်ဧကရာဇ်တစ်ပါး ပေါ်ထွက်လာရင် ဘယ်လိုလုပ်မလဲ။”

ခန်းမအတွင်းရှိ နတ်ဆိုးမျိုးနွယ် နတ်သခင်များ၏ တုံ့ပြန်မှုများကို တွေ့မြင်လျှင် ချင်းယွမ်ကျောင်းတော်မှ နတ်သခင်များ ချွေးစေးများ ပြန်လာကြတော့သည်။ အမှန်အတိုင်း ပြောရလျှင်လည်း ယခုလောလောဆယ်၌ သားရဲမဟာမိတ်၏ မဟာမိတ်ခေါင်းဆောင် နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်ခဲ့၍သာ သူတို့အနေနှင့် အရှက်တရားကို မြိုသိပ်၍ အခွင့်ကောင်းစောင့်ရန် တွေးတောနေခဲ့ကြခြင်း ဖြစ်၏။

နောင်တစ်ချိန်တွင် သူတို့ကိုယ်တိုင် အဆင့်တက်လှမ်းနိုင်ပြီး ချင်းယွမ်ကျောင်းတော်မှ နတ်ဧကရာဇ်တစ်ပါး ပေါ်ထွက်လာခဲ့ပါက သူတို့သည် တစ်ဖန်ပြန်လည်၍ လွတ်လပ်သော အင်အားစုတစ်ခု ဖြစ်လာနိုင်သည်။

အကယ်၍ ဤအချိန်တွင် ချင်းယွမ်ကျောင်းတော်ကို ဖျက်သိမ်းလိုက်ပြီး လူသားမျိုးနွယ် နတ်သခင်များအတွက် ချင်းယွမ်ကျောင်းတော်၏ ကံစွမ်းအားများ ဆုံးရှုံးသွားပါက နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်ရန် လုံးဝ မဖြစ်နိုင်တော့။

ထိုအခိုက်အတန့်တွင် နတ်ဧကရာဇ် ရှီယွဲ့၏ နီရဲသော မျက်ဝန်းအစုံသည် ချင်းယွမ်ကျောင်းတော်မှ နတ်သခင်များအပေါ်သို့ အေးစက်စွာ ဝေ့ကြည့်လိုက်၏။ နတ်ဧကရာဇ် ရှီယွဲ့၏ အကြည့်ကို ခံစားလိုက်ရသဖြင့် ချင်းယွမ်ကျောင်းတော်မှ နတ်သခင်များလည်း ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲသွားကြတော့သည်။

နတ်သခင် ဝမ်ကျဲ စကားပြောရန် ပြင်လိုက်စဉ်မှာပင် နတ်ဧကရာဇ် ရှီယွဲ့က ကြားဖြတ်၍

“ချင်းယွမ်ကျောင်းတော် ဆက်လက်တည်ရှိနေဖို့ ဘာအကြောင်းပြချက်မှ မရှိတာတော့ အမှန်ပဲ။”

နတ်ဧကရာဇ် ရှီယွဲ့၏ အပြီးသတ် ဆုံးဖြတ်ချက်ကို ကြားလိုက်ရလျှင် နတ်သခင် ဝမ်ကျဲ၏ ရင်ထဲ အားလုံး ပြီးဆုံးသွားခဲ့ပြီဟု ခံစားလိုက်ရ၏။ ယခုအခါ နတ်ဧကရာဇ် ရှီယွဲ့သည် နတ်ဧကရာဇ်တစ်ပါး ဖြစ်နေပြီ ဖြစ်ရာ သူတို့အနေနှင့် သူမ၏ စကားကို မနာခံပဲ ဆန့်ကျင်ရန် မဝံ့ရဲကြ။

ထိုအခိုက်အတန့်တွင် သားရဲမဟာမိတ်မှ နတ်သခင်များ ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြတော့သည်။ သူတို့နှင့် နှစ်ပေါင်းများစွာ ရင်ဘောင်တန်း တိုက်ခိုက်ခဲ့သော ချင်းယွမ်ကျောင်းတော်သည် နောက်ဆုံးတွင်တော့ တည်ရှိမှု အဆုံးသတ် သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သားရဲမဟာမိတ်မှ နတ်သခင်များ အောင်ပွဲခံ၍ မကြာမီမှာပင် နတ်ဧကရာဇ် ရှီယွဲ့က

“ဒီနေ့ကစပြီး သားရဲမဟာမိတ်ကို ထျန်းရှီ နန်းတော်လို့ အမည်ပြောင်းလဲမယ်။ ချင်းယွမ်ကျောင်းတော်ကို ဖျက်သိမ်းပြီးတဲ့နောက် ကျောင်းတော်က အဖွဲ့ဝင်တွေ အားလုံးလည်း ထျန်းရှီ နန်းတော်

ထဲကို ဝင်ရောက်ရမယ်”

ဟု ထပ်မံ မိန့်ကြားလိုက်ပြန်သည်။

ထိုအရာကို ကြားလိုက်ရသဖြင့် သားရဲမဟာမိတ်မှ နတ်သခင်များမှာ ဆွံ့အမှင်တက်သွားကြတော့သည်။

အမည်ပြောင်းလဲမယ် ဟုတ်လား။

အစက သားရဲမဟာမိတ်ဟု အမည်ပေးခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းသည် နတ်ဆိုးမျိုးနွယ်၏ အင်အားစုတစ်ခု ဖြစ်ကြောင်း လူတိုင်းကို သိစေရန် ဖြစ်သည်။ ထို့ပြင် သားရဲမဟာမိတ်၏ ဖွဲ့စည်းပုံမှာ အဖွဲ့အစည်းတစ်ခုတည်းက လွှမ်းမိုးချုပ်ကိုင်ထားခြင်းမျိုး မဟုတ်ပေ။

မဟာမိတ်ခေါင်းဆောင်ကြီး ဖြစ်သော နတ်ဧကရာဇ် ရှီယွဲ့မှာလည်း များသဘောဖြင့် ရွေးကောက်တင်မြှောက်ခံထားရခြင်း ဖြစ်ပြီး အစပိုင်းတွင် သားရဲမဟာမိတ်တစ်ခုလုံးကို လုံးဝဥဿုံ ထိန်းချုပ်ထားနိုင်ခဲ့ခြင်း မရှိပေ။

သားရဲမဟာမိတ်ဟူသည် လူသားမဟုတ်သော နတ်ဆိုးမျိုးနွယ် အင်အားစုများ ပါဝင်သည့် သားရဲမျိုးနွယ် မဟာမိတ်အဖွဲ့ဟု အဓိပ္ပာယ်ရသည်။

အကယ်၍ ၎င်းက ထျန်းရှီ နန်းတော် ဖြစ်သွားပါက သူတို့ သားရဲမျိုးနွယ်၏ လွတ်လပ်ခွင့်များ ဆုံးရှုံးသွားရမည် မဟုတ်ပါလား။

လူသားမျိုးနွယ်များ ဝင်ရောက်ပူးပေါင်းလာသည့်အခါ သူတို့က နတ်ဆိုးမျိုးနွယ်နှင့် တန်းတူရည်တူ ဖြစ်သွားကြမှာလား။

နတ်ဆိုးမျိုးနွယ် နတ်သခင်အချို့က ၎င်းကို ကန့်ကွက်ဖို့ ပြင်လိုက်စဉ်မှာပင် နတ်ဧကရာဇ် ရှီယွဲ့က ဧကရာဇ်၏ အရှိန်အဝါ ဖိအားများကို ချက်ချင်း ထုတ်ဖော်လိုက်ရာ ရောက်ရှိနေကြသော နတ်သခင်အားလုံး ခေါင်းပင် မဖော်နိုင်လောက်အောင် ဖြစ်သွားကြရတော့သည်။

နောက်တစ်ခဏ၌ ခန်းမအတွင်းတွင် နတ်ဧကရာဇ် ရှီယွဲ့၏ အေးစက်လှသော အသံ ဟိန်းထွက်လာ၏။

“ကျွန်မက နတ်ဧကရာဇ်ပဲ။ အခုမှကပြီး အရှေ့ပိုင်းနယ်မြေတစ်ခုလုံးရဲ့ ကံကြမ္မာကို ကျွန်မတစ်ယောက်တည်းကသာ ဆုံးဖြတ်မယ်။”

--

………….

All Chapters