← Chapters

အခန်း ၁၉၈၇

Vol. 133 Ch. 1987

အခန်း ၁၉၈၇

Vol. 133 Ch. 1987

အခန်း( ၁၉၈၇ )

အရိုင်းနယ်မြေသို့

နတ်ဧကရာဇ် ရှီယွဲ့ သားရဲမဟာမိတ် အဖွဲ့ကို အမည်ပြောင်းလဲရခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်က အလွန်ရိုးရှင်းသည်။ အစက သားရဲမဟာမိတ်အဖွဲ့သည် မဟာမိတ်အဖွဲ့တစ်ခုသာ ဖြစ်ပြီး မဟာမိတ်ခေါင်းဆောင်ကြီးအဖြစ် သူမ၏ ရာထူးမှာလည်း ရွေးကောက်တင်မြှောက်ခံထားရခြင်း ဖြစ်သည်။

သားရဲမဟာမိတ်အဖွဲ့၏ ကံစွမ်းအားအများစုက သူမအပေါ်တွင် တည်ရှိနေသော်လည်း သူမအနေနှင့် ကံစွမ်းအား အားလုံးကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။ ယခုအခါ သူမသည် နတ်ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီဖြစ်ရာ သားရဲမဟာမိတ်အဖွဲ့၏ ကံစွမ်းအားကို သူမ ထိန်းချုပ်နိုင်ရန် လွှဲပြောင်းပေးရမည်ဖြစ်ပြီး ထိုမဟာမိတ်အဖွဲ့သည်လည်း သူမ၏ လက်အောက်ခံ အင်အားစုတစ်ခုအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားရမည် ဖြစ်သည်။

ချင်းယွမ်ကျောင်းတော်ကို ဖျက်သိမ်းပြီးနောက် ချင်းယွမ်ကျောင်းတော်မှ နတ်များ ထျန်းရှီနန်းတော်သို့ ဝင်ရောက်လာသည်နှင့် ထျန်းရှီနန်းတော်၏ ကံစွမ်းအားသည် သံသယဖြစ်ဖွယ် မရှိစွာ ဒီရေအလား သိသိသာသာ မြင့်တက်လာမည် ဖြစ်သည်။ သူမသည် ထျန်းရှီနန်းတော်၏ ကံစွမ်းအားတစ်ခုလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်ရာ ချင်းယွမ်ကျောင်းတော်မှ နတ်သခင်များအတွက် နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်ရန်က ကောင်းကင်သို့ လှေကားထောင် တက်လှမ်းရသကဲ့သို့ ခက်ခဲသွားစေမည် ဖြစ်သည်။

ဤနည်းဖြင့် သူမသည် အနှစ်သာရအားဖြင့် အရှေ့ပိုင်းနယ်တစ်ခုလုံးကို လက်ဝါးကြီးအုပ်ကာ ထိန်းချုပ်နိုင်စွမ်း ရရှိသွားခဲ့ပြီ ဖြစ်သည်။

နတ်ဧကရာဇ် ရှီယွဲ့၏ စကားများကို ကြားလျှင် ထိုနေရာတွင်ရှိနေသည့် နတ်ဆိုးမျိုးနွယ် နတ်သခင်များလည်း သူမ၏ ရည်ရွယ်ချက်ကို ကွက်ကွက်ကွင်းကွင်း ချက်ချင်း သဘောပေါက်သွားကြသည်။ နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ အုပ်ချုပ်မှုကို ကြေညာရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။

တကယ်တော့ သူမသည် နတ်ဘုရားနိုင်ငံတော်တစ်ခုကို တည်ထောင်ရန် ရည်ရွယ်နေခြင်းမဟုတ်ပဲ သူကိုယ်ပိုင် အင်အားစုတစ်ခုကို ဖန်တီးရန်သာ ဖြစ်သည်။ ယခု သူမသည် နတ်ဧကရာဇ်တစ်ပါး ဖြစ်လာပြီဖြစ်ရာ ယခင် သားရဲမဟာမိတ်အဖွဲ့သည် နောက်ထပ် တည်ရှိမနေသင့်တော့ပေ။

နတ်ဆိုးမျိုးနွယ် နတ်သခင်များလည်း ထိုအရာကို သိမြင်သွားကြပြီး နတ်ဧကရာဇ် ရှီယွဲ့အား တညီတညွတ်တည်း ဦးညွှတ်ဂါရဝပြုလိုက်၏။

“နန်းတော်သခင်ကို ဂါရဝပြုပါတယ်”

ချင်းယွမ်ကျောင်းတော်မှ လူသားမျိုးနွယ် နတ်သခင်များသည် နတ်ဆိုးမျိုးနွယ် နတ်သခင်များ ဒူးထောက်လိုက်ကြသည်ကို တွေ့မြင်လျှင် အချင်းချင်း မျက်လုံးချင်းဆုံကာ ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် နတ်ဧကရာဇ် ရှီယွဲ့အား ဦးညွှတ်ကာ

“နန်းတော်သခင်ကို ဂါရဝပြုပါတယ်”

ဟု ဆိုလိုက်ကြရသည်။

ယနေ့မှစ၍ အရှေ့ပိုင်းနယ်တွင် သားရဲမဟာမိတ်အဖွဲ့နှင့် ချင်းယွမ်ကျောင်းတော်ဟူ၍ လုံးဝဥဿုံ မရှိတော့ပေ။

သားရဲမဟာမိတ်အဖွဲ့နှင့် ချင်းယွမ်ကျောင်းတော်တို့ ပေါင်းစည်းသွားခြင်းနှင့်အတူ နတ်ပလ္လင်ထက်တွင် ထိုင်နေသော နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ကြီးမားလှသော ကံစွမ်းအားများ တိုးဝင်လာသည်ကို သိသိသာသာ ခံစားလိုက်ရပြီး အရှေ့ပိုင်းနယ်၏ အလုံးစုံ ကံစွမ်းအားသည်လည်း လေပင့်သောမီးပမာ သိသိသာသာ မြင့်တက်သွားခဲ့သည်။

နတ်ဧကရာဇ် ရှီယွဲ့၏ စိတ်ထဲ အတိုင်းထက်အလွန် ကျေနပ်သွားမိသည်။ သူမ၏ လက်ရှိစွမ်းအားဖြင့် ကောင်းကင်လမ်းစဉ်ကို ထိန်းချုပ်ရန် နတ်ဆိုးဧကရာဇ်နှင့် မပြိုင်ဆိုင်နိုင်သေးသော်လည်း သူမအနေနှင့် အရှေ့ပိုင်းနယ်ကို ဆုပ်ကိုင်ထားပြီး သူမနှင့် ကံပါလာသူ၏ စွမ်းအားကို အသုံးချနိုင်ပါက တစ်နေ့တွင် နတ်ဆိုးဧကရာဇ်ထက် ပို၍ စွမ်းအားကြီးလာနိုင်ပေသည်။

သူမ၏ ကျင့်စဉ်အဆင့်နှင့် စွမ်းအားသည် တိုးတက်ရန် နေရာရှိသေးသော်လည်း နတ်ဆိုးဧကရာဇ်ကတော့ အလွန်ဆုံး နတ်ဧကရာဇ်အဆင့်တွင်သာ ရှိနေသည်။

သို့သော်လည်း ကံပါလာသူအကြောင်းကို တွေးမိလိုက်လျှင် နတ်ဧကရာဇ် ရှီယွဲ့၏ ကောင်းသော စိတ်ခံစားချက်များ နှင်းပျောက်သကဲ့သို့ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရသည်။ သူမ အမွေဆက်ခံထားသော မှတ်ဉာဏ်များအရ သူမသည် ကံပါလာသူနှင့် သံယောဇဉ်ကို ပျိုးထောင်ရန် လိုအပ်သည်။ သူတို့၏ သံယောဇဉ်နှောင်ကြိုးသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားမှသာလျှင် ကံပါလာသူသည် သူမ၏ ကျင့်ကြံခြင်း တိုးတက်မှုအတွက် များစွာအကျိုးရှိစေမည် ဖြစ်သည်။

ထိုလူယုတ်မာနှင့် သံယောဇဉ်ပျိုးထောင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ သူမအား သူနှင့်အတူ အိပ်စက်ခွင့်ပေးရခြင်း ဖြစ်နိုင်ပြီး ထိုအရာကို တွေးမိခြင်းကပင် နတ်ဧကရာဇ် ရှီယွဲ့အား ရင်ထဲတွင် မီးဟုန်းဟုန်းတောက်သလို ဒေါသထွက်စေသည်။

အမြီးကိုးခု မြေခွေးမျိုးနွယ်တွင် အဘယ်ကြောင့် ဤကဲ့သို့သော သွေးမျိုးဆက်ပါရမီမျိုး ရှိနေရသနည်း။

အကယ်၍ သူတို့ လူမှားပြီး ဆုံတွေ့ခဲ့လျှင် မည်သို့ဖြစ်မည်နည်း။

လက်ရှိတွင် သူမသည် တကယ်ပင် လူမှားနှင့် ဆုံတွေ့နေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။ ထိုလူယုတ်မာသည် သူမ၏ ခန္ဓာကိုယ်ကို အမြဲတစေ စူးစိုက်ကြည့်နေတတ်သည့် ရမ္မက်ကြီးသူတစ်ဦးပင် ဖြစ်၏။

ထိုလူလို လူစားမျိုးက သူမအပေါ် မည်သို့သံယောဇဉ်မျိုး ရှိနိုင်ပါမည်နည်း။

ပို၍ ပို၍ ဒေါသထွက်လာသဖြင့် နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ လက်ကို မြှောက်ကာ နဖူးကို ပွတ်သပ်လိုက်ပြီးနောက် ခန်းမထဲရှိ နတ်သခင်များကို မိန့်ကြားလိုက်သည်။

“ဒီနေ့အတွက် ဒီလောက်နဲ့ပဲ ရပ်နားကြစို့။ နတ်သခင် ဝမ်ကျဲ... ရှင် ပြန်ရောက်တာနဲ့ ချင်းယွမ်ကျောင်းတော်ကို ချက်ချင်း ဖျက်သိမ်းလိုက်ပါ။”

နတ်သခင် ဝမ်ကျဲလည်း သက်ပြင်းအရှည်ကြီး ချလိုက်ပြီး

“ကောင်းပါပြီ နန်းတော်သခင်”

နတ်သခင် ရှီယွဲ့ နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်သည့် သတင်း၊ ချင်းယွမ်ကျောင်းတော် ဖျက်သိမ်းခြင်း သတင်းနှင့် သားရဲမဟာမိတ်အဖွဲ့ကို ထျန်းရှီနန်းတော်အဖြစ် အမည်ပြောင်းလဲခြင်း သတင်းများသည် တောမီးပမာ ထျန်းရန်နတ်ဘုရားနယ်မြေတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်းများ ပျံ့နှံ့သွားပြီးနောက် အပူပန်ဆုံး သူများကတော့ လျှို့ဝှက်လဝန်း ကျောင်းတော်မှ နတ်သခင်များ ဖြစ်ကြသည်။

ယခင်က သူတို့သည် ထျန်းရန်နတ်ဘုရားနယ်မြေတွင် နတ်ဧကရာဇ်တစ်ပါး ပေါ်ထွက်လာရန် မလွယ်ကူဟု ထင်မှတ်ခဲ့ကြသည်။

သူတို့၏ ဘိုးဘေး ဒုတိယအကြိမ်မြောက် ဘဝသစ်ကို ရှင်သန်နိုင်သည်နှင့် သူတို့၏ လျှို့ဝှက်လဝန်း ကျောင်းတော်သည် ထျန်းရန်နတ်ဘုရားနယ်မြေတစ်ခုလုံးကို ချက်ချင်း လက်ဝါးကြီးအုပ် ထိန်းချုပ်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော် ယခုမူ နတ်ဆိုးဧကရာဇ်က သူမ၏ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိထားရုံသာမက၊ အရှေ့ပိုင်းနယ်တွင်လည်း နတ်ဧကရာဇ်တစ်ပါး ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

အကယ်၍ သူတို့၏ ဘိုးဘေးက ဘဝသစ်ကို မကြာမီ မရှင်သန်နိုင်ပါက နတ်ဆိုးဧကရာဇ်က တောင်ဘက်သို့ ချီတက်လာ၍ ဖြစ်စေ နတ်ဧကရာဇ် ရှီယွဲ့က အနောက်ဘက်သို့ ချီတက်လာ၍ဖြစ်စေ လျှို့ဝှက်လဝန်း ကျောင်းတော်သည် ပျက်စီးခြင်းသို့ ရောက်သွားနိုင်သည်။

…….

လျှို့ဝှက်လဝန်း ကျောင်းတော်။

ယွမ်မုန့်ခန်းမ။

ခန်းမအတွင်းရှိ စိတ်ခံစားမှု လေထုသည် အုံ့မှိုင်းပြီး ဖိနှိပ်မှုများဖြင့် ပြည့်နှက်နေသည်။ ရှိနေကြသည့် နတ်သခင်များထဲမှ တစ်ဦးမှ စကားမပြောကြပေ။ သူတို့၏ မျက်လုံးများသည် ခန်းမအလယ်တွင် လွင့်မျောနေသော သတင်းစာသား အပေါ်၌သာ အာရုံစိုက်ထားကြသည်။

အချိန်အတော်ကြာပြီးနောက် နတ်သခင် ယွမ်မုန့်က နောက်ဆုံးတွင် စကားစလိုက်သည်။

“ဒီကိစ္စအပေါ် ရှင်တို့ရဲ့ အမြင်က ဘာလဲ။”

နတ်သခင်တစ်ပါးက

“ကျောင်းတော်သခင်... ဘိုးဘေးက တံခါးပိတ်ကျင့်စဉ်စခန်းကနေ ဘယ်တော့လောက် ထွက်လာနိုင်မှာလဲ”

ဟု မေးမြန်းလိုက်သည်။

ထိုမေးခွန်းကို ကြားလျှင် နတ်သခင် ယွမ်မုန့်က သက်ပြင်းအသာချလိုက်ပြီး

“ကျွန်မလည်း မသိဘူး”

နတ်သခင်တစ်ပါးသည်ပင် တစ်ကြိမ်လျှင် နှစ်ပေါင်းထောင်ချီ၍ တံခါးပိတ်ကျင့်လေ့ရှိ၏။ သူတို့၏ ဘိုးဘေးသည် နတ်ဧကရာဇ်တစ်ပါး ဖြစ်သည့်အပြင် သူ့ကိုယ်သူ ချိပ်ပိတ်ထားသော နတ်ဧကရာဇ်တစ်ပါးလည်း ဖြစ်ရာ နှစ်ပေါင်းသောင်းချီ၍ တံခါးပိတ်ကျင့်စဉ်စခန်းဝင်နေရန်က အလွန်လွယ်ကူလှပေသည်။

သို့သော်လည်း လက်ရှိ ထျန်းရန်နတ်ဘုရားနယ်မြေ၏ အခြေအနေမှာ ရှုပ်ထွေးလှပြီး အလယ်ပိုင်းနယ်သည်လည်း အခြားနတ်ဧကရာဇ်များအတွက် မက်မောစရာ အပိုင်းအစတစ်ခု ဖြစ်နေသဖြင့် လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် အချိန်သိပ်မကျန်တော့ပေ။

နတ်ဆိုးဧကရာဇ် သို့မဟုတ် နတ်ဧကရာဇ် ရှီယွဲ့တို့ နှစ်ဦးထဲမှ မည်သူမဆို လျှို့ဝှက်လဝန်း ကျောင်းတော်ကို ခြေမှုန်းလာနိုင်သည်။ အကယ်၍ သူတို့၏ ဘိုးဘေး တံခါးပိတ်ကျင့်စဉ်စခန်းမှ မကြာမီ မထွက်လာပါက ပျက်စီးခြင်းတရားကသာ သူတို့အား ဧကန်မုချ စောင့်ကြိုနေပေလိမ့်မည်။

နတ်သခင် ယွမ်မုန့်က ဆက်လက်၍

“မြောက်ပိုင်းနယ်နဲ့ အရှေ့ပိုင်းနယ်တွေက အလယ်ပိုင်းနယ်ကို ကျူးကျော်ဝင်ရောက်လာတာကို တားဆီးဖို့အတွက် အဲ့ဒီနယ်မြေနှစ်ခုလုံးကို စောင့်ကြည့်ဖို့ လူလွှတ်ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုသွားမယ်။”

ဒါက သူမ လက်ရှိ လုပ်ဆောင်နိုင်သမျှ အရာအားလုံးသာ ဖြစ်သည်။ နယ်မြေနှစ်ခုမှ အလယ်ပိုင်းနယ်သို့ ကျူးကျော်မှု နှောင့်နှေးပြီး သူတို့၏ ဘိုးဘေးအတွက် အချိန်အနည်းငယ် ရရှိရန်သာ နတ်သခင် ယွမ်မုန့်အနေနှင့် မျှော်လင့်နိုင်သည်။

နတ်သခင် ယွမ်မုန့်က

“ဒီနေ့အတွက် ဒီလောက်ပဲ။ ကောင်းကင်တောင်ထိပ်သခင်... ရှင်ကတော့ ခဏနေခဲ့ပါဦး။”

အစည်းအဝေးများ ပြုလုပ်ခြင်းက အသုံးဝင်သော မဟာဗျူဟာများကို ထွက်ပေါ်လာစေပုံမရပေ။ စုဝေးခြင်းက သူတို့၏ စိုးရိမ်ပူပန်မှုများကိုသာ ပိုကြီးထွားစေပုံရသည်။

မကြာမီပင် နတ်သခင်များ ခန်းမထဲမှ ထွက်ခွာသွားကြ၏။ အားလုံး ထွက်ခွာသွားပြီးနောက် နတ်သခင် ကောင်းကင်က နောက်ဆုံးတွင်

“ကျောင်းတော်သခင်... နောက်ထပ် ဘာအစီအစဉ်တွေ ရှိပါသလဲ။”

နတ်သခင် ယွမ်မုန့်က သူမအား နေခဲ့ရန် တောင်းဆိုထားခြင်း ဖြစ်သောကြောင့် သူမအား တာဝန်တစ်ခုခု ပေးအပ်ရန် ဖြစ်နိုင်ခြေများသည်။ နတ်သခင် ယွမ်မုန့်က သူမအား မြောက်ဘက် သို့မဟုတ် အရှေ့ဘက်ကို စောင့်ကြပ်ရန် စေလွှတ်လိမ့်မည်ဟု နတ်သခင် ကောင်းကင်သည်ထင်မှတ် နေခြင်းဖြစ်သည်။

သို့သော် နတ်သခင် ကောင်းကင်၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်စွာပင် နတ်သခင် ယွမ်မုန့်က သူမအား မြောက်ဘက် သို့မဟုတ် အရှေ့ဘက်သို့ စေလွှတ်ခြင်း မပြုခဲ့ပေ။

နတ်သခင် ယွမ်မုန့်က

“ရှင် အရိုင်းနယ်မြေကို နောက်တစ်ခေါက် ထပ်သွားရမယ်”

ထိုအရာကို ကြားလျှင် နတ်သခင် ကောင်းကင်သည် ခဏခန့် ကြောင်အသွားရသည်။

“အရိုင်းနယ်မြေကို သွားရမယ် ဟုတ်လား။”

“ကျောင်းတော်သခင်က ယုတိကို အတင်းအကြပ် ပြန်ခေါ်လာခိုင်းဖို့ စဉ်းစားနေတာလား။”

“ကျွန်မတစ်ယောက်တည်းဆိုရင်တော့ သူ့ကို ပြန်ခေါ်လာနိုင်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။”

နတ်သခင် ယွမ်မုန့်က

“မဟုတ်ဘူး... ဒီတစ်ခေါက် ရှင့်ကို စေလွှတ်တာက ယွမ်ယုတိအတွက် မဟုတ်ဘူး။ လုချန်းအတွက်။”

ဒါက...

နတ်သခင် ကောင်းကင်၏ ရင်ထဲ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားရသည်။

လုချန်းအတွက်လား။

နတ်သခင် ကောင်းကင်က

“ကျောင်းတော်သခင်က လုချန်းကို ဖမ်းဆီးပြီး ပြန်ခေါ်လာခိုင်းဖို့ စဉ်းစားနေတာလား”

ဟု ထပ်မံမေးမြန်းလိုက်သည်။

နတ်သခင် ယွမ်မုန့်က ကွေ့ဝိုက်မနေပဲ

“လုချန်းမှာ လက်ရှိ အရှေ့ပိုင်းနယ်ထဲမှာ ကိုယ်ပွားတစ်ခု ရှိနေတယ်။ သူက နတ်ဆိုးဧကရာဇ်နဲ့လည်း တစ်စုံတစ်ရာ ပတ်သက်မှု ရှိပုံရတယ်။ သူက နတ်ဧကရာဇ် ရှီယွဲ့နဲ့ နတ်ဆိုးဧကရာဇ်တို့ရဲ့ လှုပ်ရှားမှုတွေကို ဧကန်မုချ သိနေလိမ့်မယ်။”

“အကယ်၍ သူက လျှို့ဝှက်လဝန်း ကျောင်းတော်မှာ ကိုယ်ပွားတစ်ခု ထားဖို့ ဆန္ဒရှိမယ်ဆိုရင် ဘယ်လို တောင်းဆိုမှုမျိုးပဲ ဖြစ်ဖြစ် ကျွန်မတို့ကျောင်းတော်က သဘောတူမယ်လို့ သူ့ကို အသိပေးလိုက်ပါ။”

တစ်ဖက်တွင်လည်း နတ်သခင် ယွမ်မုန့်သည် လုချန်းမှတစ်ဆင့် နတ်ဆိုးဧကရာဇ်နှင့် နတ်ဧကရာဇ် ရှီယွဲ့တို့၏ လှုပ်ရှားမှုများကို သိလိုခြင်း ဖြစ်သည်။ ထို့ပြင် လုချန်းသည် ကစဉ်းကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရေးဆွဲနိုင်၏။

အခြေအနေ အကျပ်အတည်း ဖြစ်လာပါက သူတို့အနေဖြင့် နတ်ဧကရာဇ်ကို ဆန့်ကျင်ရန် ကစဉ်းကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို အသုံးပြုကြည့်ဖို့ ကြိုးပမ်းခြင်းမှတစ်ပါး အခြားရွေးချယ်စရာ ရှိမည် မဟုတ်ပေ။

တကယ်တော့ ဒါက အခြားရွေးချယ်စရာ လုံးဝမရှိတော့သည့် အချိန်မှသာ ဖြစ်သည်။

လျှို့ဝှက်လဝန်း ကျောင်းတော်တွင် နတ်ဧကရာဇ်တစ်ပါးနှင့် အမွေအနှစ်အချို့ ရှိနေသော်လည်း အထွတ်အထိပ်အဆင့် ရောက်နေသော နတ်ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်ရပါက သူတို့၏ အနိုင်ရနိုင်ခြေက အလွန်နည်းပါးလှသည်။

ထို့ကြောင့် နတ်ဧကရာဇ် ယူလန်အတွက် အချိန်လုံလောက်စွာ ရရှိစေဖို့အတွက် လျှို့ဝှက်လဝန်း ကျောင်းတော်၏ စွမ်းအားကို မြှင့်တင်ရန် နတ်သခင် ယွမ်မုန့် ကြိုးစားနေခြင်း ဖြစ်သည်။

လုချန်း၏ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံသည် သူတော်စင်အဆင့် နည်းဗျူဟာပုံစံတစ်ခု ဖြစ်ပြီး နတ်ဧကရာဇ်များကိုပင် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိစေနိုင်၏။

ယင်းကို ကောင်းစွာ အသုံးချနိုင်လျှင် ထူးခြားဆန်းပြားသော ရလဒ်များကို ထွက်ပေါ်လာစေနိုင်သည်။

နတ်သခင် ယွမ်မုန့်၏ စကားများကို ကြားလျှင် နတ်သခင် ကောင်းကင်၏ ရင်ထဲ ခံစားချက်အမျိုးမျိုး ရောပြွမ်းသွားခဲ့၏။ သူတို့ တစ်နေ့နေ့တွင် လုချန်းထံမှ အကူအညီ တောင်းခံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

နတ်သခင် ကောင်းကင်က

“ကောင်းပါပြီ... ကျွန်မ အခုပဲ အရိုင်းနယ်မြေကို ထွက်ခွာပါတော့မယ်”

--

All Chapters