အခန်း ၁၉၉၀
Vol. 133 Ch. 1990
အခန်း (၁၉၉၀)
နဂါးပြာခန်းမ၏ အစီအစဉ်
လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ ဉာဏ်မမှီသကဲ့သို့ ဖြစ်သွားကာ
“ဒီလိုဖိအားမျိုး ထုတ်လွှတ်နိုင်တဲ့ အစွမ်းထက်တဲ့ တည်ရှိမှုက နတ်ဧကရာဇ်တစ်ပါး မဟုတ်ဘူးလား။”
လုချန်းက
“စောစောက အငွေ့အသက်က လောကပြင်ပသတ္တဝါတွေရဲ့ အငွေ့အသက်နဲ့ နည်းနည်း ဆင်တူနေတယ်။”
လုချန်းသည် လောကပြင်ပသတ္တဝါတစ်ဦးဖြစ်သော ဖန်ရှောင်း၏ ကျန်ရှိသော ဝိညာဉ်အကြွင်းအကျန်ကို သန့်စင်ခဲ့ပြီး ဖန်ရှောင်း၏ မှတ်ဉာဏ်အချို့ကိုလည်း ရရှိခဲ့ဖူးသဖြင့် ထိုသူတို့၏ အငွေ့အသက်ကို ရင်းနှီးနေခြင်း ဖြစ်၏။ ထိုအငွေ့အသက်ထဲတွင် လောကပြင်ပသတ္တဝါများ၏ စွမ်းအားများ ပါဝင်နေသဖြင့် ၎င်းမှာ ထိုသူတို့ထံမှ လာသော ဖိအား ဖြစ်နိုင်ခြေ များသည်။
တစ်ဖက်လူက လောကပြင်ပသတ္တဝါ ဖြစ်နိုင်ပြီး သူတို့အား ရန်သူအဖြစ် သတ်မှတ်နိုင်သည်ဟူသော အတွေးဝင်လာသည့်အခါ လုချန်း၏ မျက်နှာအမူအရာလည်း ထူးခြားစွာ လေးနက်သွား၏။ အကယ်၍ လွတ်မြောက်လာခဲ့သည်မှာ တကယ်ပင် လောကပြင်ပသတ္တဝါတစ်ကောင် ဖြစ်နေပါက သူတို့ ဒုက္ခရောက်သွားနိုင်သည်။
၎င်းတို့အား ချိပ်ပိတ်ခဲ့ပြီး ထျန်းရန်နတ်ဘုရားနယ်မြေကို ဖန်တီးခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်ဟု ယခု လုချန်း ပို၍ ခံစားလာရ၏။
သူ၏ ဘဝဟောင်းမှ မှတ်ဉာဏ်များကို ပြန်လည်မရရှိသေးသော်လည်း သူ့ထံ၌ စနစ်တစ်ခု ရှိနေ၏။ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များကို ထည့်သွင်းစဉ်းစားကြည့်လျှင် သူသည် ထျန်းရန်နတ်ဘုရားနယ်မြေကို ဖန်တီးသူနှင့် ဆက်စပ်မှု ရှိနေရပေမည်။
ဖန်ရှောင်းကလည်း သူ၏ နတ်ဝိညာဉ်က အပြင်လောကမှ လာခြင်းဖြစ်ကြောင်း ပြောခဲ့ဖူးပြီး လောကပြင်ပသတ္တဝါဟု သံသယရှိရသော သွေးဘိုးဘေးကလည်း သူ့ကို ရှာဖွေနေခြင်း ဖြစ်၏။ သူ၏ မြေကမ္ဘာမှ မှတ်ဉာဏ်များနှင့် ကောင်းကင်နှလုံးသား ရရှိလာခြင်းတို့ ပေါင်းစပ်လိုက်လျှင် သူသည် ဇာတ်ကွက်အရ ထျန်းရန်နတ်ဘုရားနယ်မြေ၏ ဖန်တီးရှင် တကယ်ဖြစ်နိုင်နေသည်။
အကယ်၍ သူသာ တကယ် ဖန်တီးရှင်ဖြစ်ပြီး သူ၏ စွမ်းအားများကို ပြန်လည် မရရှိသေးချိန်တွင် ထိုလောကပြင်ပသတ္တဝါများက သူ့ကို မှတ်မိသွားပါက ၎င်းတို့၏ ကလဲ့စားချေမှုကို ဧကန်မုချ ရင်ဆိုင်ရပေလိမ့်မည်။
လက်ရှိတွင် လုချန်းစိတ်ထဲ၌ ကြီးမားသော သံသယတစ်ခု ရှိနေသည်။ အကယ်၍ သူသည် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ဖန်တီးရှင် အစစ်အမှန် ဖြစ်ပါက အဘယ်ကြောင့် ဘဝ ကူးပြောင်းခြင်းကို ရွေးချယ်ခဲ့သနည်း ဟူသည့်အချက် ဖြစ်၏။
ထိုလောကပြင်ပသတ္တဝါများပင် ယနေ့တိုင် ရှင်သန်နိုင်ခဲ့ကြရာ ထျန်းရန်နတ်ဘုရားနယ်မြေ၏ ဖန်တီးရှင်သည် များစွာပို၍ အစွမ်းထက်ပြီး သက်တမ်းလည်း ပို၍ ရှည်လျားရမည်ဖြစ်သဖြင့် ဘဝ ကူးပြောင်းရန် လိုအပ်မည် မဟုတ်ပေ။
ဘဝကူးပြောင်းခြင်းက မြူထဲတွင် လမ်းရှာရသကဲ့သို့ မရေရာမှုများ များလွန်းလှပြီး ရန်သူများ သိသွားပါက လိုက်လံ သတ်ဖြတ်ခြင်းကို ခံရနိုင်သည် မဟုတ်ပါလား။
လုချန်း၏ လေးနက်လှသော မျက်နှာအမူအရာအရ ထျန်းရန်နတ်ဘုရားနယ်မြေ၏ လျှို့ဝှက်ချက်များကို သိနေပုံရသည်ဟု ယွမ်ယုတိ ယူဆလိုက်ပြီး
“လောကပြင်ပ သတ္တဝါတွေ ဟုတ်လား... ရှင် ဘယ်လိုလုပ် သိတာလဲ”
လုချန်း အတွေးထဲမှ သတိပြန်ဝင်လာပြီး သူ၏ မျက်ခုံးအစုံကို ပွတ်သပ်ရင်း ယခုအချိန်တွင် စိုးရိမ်နေခြင်းက အပိုဖြစ်ကြောင်း သဘောပေါက်သွားကာ လောကပြင်ပသတ္တဝါများ သူ၏တည်ရှိမှုကို ရိပ်မိခြင်းမှ ရှောင်ရှားရန် နောက်နောင်တွင် ပုန်းလျှိုးကွယ်လျှိုး နေထိုင်ရမည်ဟု ဆုံးဖြတ်လိုက်၏။
အကယ်၍ သူသာ ထျန်းရန်နတ်ဘုရားနယ်မြေ၏ ဖန်တီးရှင် အစစ်အမှန် ဖြစ်နေပြီး ချိပ်ပိတ်ခံထားရသော လောကပြင်ပသတ္တဝါများ ထပ်မံ လွတ်မြောက်လာပါက သူ၏ အခြေအနေသည် ပို၍သာ အန္တရာယ်ကြီးမားလာပေလိမ့်မည်။
ထို့နောက် လုချန်းက ယွမ်ယုတိကို
“တောင်ပိုင်းနယ်က ကမ္ဘာငယ်လေးကို စူးစမ်းရှာဖွေတုန်းက လောကပြင်ပသတ္တဝါတွေအကြောင်း အချက်အလက်အချို့ကို ကျုပ် သိခဲ့ရတယ်။”
“စောစောက အငွေ့အသက်က အဲဒီကမ္ဘာငယ်လေးထဲမှာ ကျုပ်ကြုံခဲ့ရတဲ့ လောကပြင်ပသတ္တဝါတွေရဲ့ အငွေ့အသက်နဲ့ အလွန် ဆင်တူတယ်။”
ယွမ်ယုတိ တစ်ယောက် အတွေးပင်လယ်ထဲ နက်ရှိုင်းစွာ နစ်မြောသွားရ၏။
အကယ်၍ တကယ်ပင် လောကပြင်ပသတ္တဝါများ ဖြစ်ပါက ၎င်းတို့ကို မည်သို့ ရင်ဆိုင်ကြမည်နည်း။
သူတို့အနေနှင့် လကွယ်ဂိုဏ်း၏ အမိန့်ကို နာခံရမှာလား သို့မဟုတ် ခုခံရန် အခြားအင်အားစုများနှင့် ပူးပေါင်းရမည်လား။
ခဏခန့် စဉ်းစားပြီးနောက် ယွမ်ယုတိက လုချန်းကို ကြည့်ပြီး
“ရှင့်မှာ ဘာအစီအစဉ် ရှိလဲ”
သူမအနေနှင့် လောကပြင်ပသတ္တဝါများကို ရင်ဆိုင်ရန် မည်သည့်အသိပညာမှ မရှိပေ။ မှောင်ထဲတွင် စမ်းတဝါးဝါး ဖြစ်နေသကဲ့သို့ အကောင်းဆုံးနည်းလမ်း ဘာဖြစ်နိုင်မလဲ ဆိုတာကို မရေမရာ ဖြစ်နေ၏။
လျှို့ဝှက်လဝန်း နန်းတော်သည် လက်ရှိတွင် ချင်နိုင်ငံ၏ ကံစွမ်းအားနှင့် ဆက်နွှယ်နေသဖြင့် လုချန်း၏ ဆုံးဖြတ်ချက်များက နန်းတော်အပေါ် သက်ရောက်မှု ရှိပေလိမ့်မည်။ ထို့ပြင် လုချန်းက ထိုအကြောင်း ပို၍ သိနားလည်ထားပုံရသဖြင့် သူမ အနေနှင့် သူ၏ ဦးဆောင်မှုအတိုင်း လိုက်နာရန်သာ ဆုံးဖြတ်လိုက်၏။
လုချန်းက
“လောလောဆယ်တော့ လကွယ်ဂိုဏ်းနောက်ကိုပဲ လိုက်ကြရအောင်။ သူတို့ဆီမှာ နတ်ဧကရာဇ်အဆင့် တည်ရှိမှုတွေ ရှိနေတော့ ကျုပ်တို့တွေက ယှဉ်လို့မရဘူး။ သူတို့ ပေါ်ထွက်လာပြီးရင် ဘာလုပ်ဖို့ ရည်ရွယ်လဲဆိုတာ အရင်ကြည့်ရအောင်။”
လောကပြင်ပသတ္တဝါများ၏ အန္တရာယ်က တိမ်တိုက်ကြီးတစ်ခုကဲ့သို့ ကြီးစိုးနေသော်လည်း ၎င်းတို့မှာ သတ္တဝါဆန်းများ မဟုတ်သဖြင့် အလွန် ထိတ်လန့်စရာ မလိုပေ။
……
တစ်ချိန်တည်းမှာပင်။
လူသူမနီးသော အရိုင်းနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာ။
လကွယ်ဂိုဏ်း သိမ်းပိုက်ထားသော ကမ္ဘာငယ်လေးအတွင်း၌။
ပေပေါင်း ထောင်ချီ မြင့်မားသော လူဘီလူးကြီးတစ်ကောင် ကမ္ဘာ၏ ဗဟိုတွင် မတ်တပ်ရပ်နေပြီး ၎င်း၏ ပခုံးပေါ်တွင် ဝတ်ရုံနက် ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး မတ်ရပ်လျက် အတွင်းရှိ ကမ္ဘာငယ်အတွင်းရှိ အရာရာကို ငုံကြည့်နေသည်။ လကွယ်ဂိုဏ်းချုပ်၏ မျက်နှာထက်တွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေ၏။
သူသည် နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိသေးသော်လည်း ဤနတ်ဘုရားရုပ်အလောင်းကို သန့်စင်ခြင်းအားဖြင့် နတ်ဧကရာဇ် အဆင့်ရှိသော စွမ်းအားမျိုးကို ရရှိထားခဲ့ပြီ ဖြစ်၏။
လက်ရှိ ထျန်းရန်နတ်ဘုရားနယ်မြေတွင် မြောက်ပိုင်းနယ်၌ နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် အရှေ့ပိုင်းနယ်၌ နတ်ဧကရာဇ် ရှီယွဲ့ ရှိနေသည်။ တောင်ပိုင်းနယ်ကတော့ ကစဉ့်ကလျား ဖြစ်နေ၏။
လကွယ်ဂိုဏ်းအနေနှင့် ပေါ်ထွက်လာရန် အချိန်ကျရောက်ပြီဟု သူ ယုံကြည်နေ၏။
သူ၏ အစီအစဉ်က ရိုးရှင်းသည်။ ပထမဦးစွာ အရိုင်းနယ်မြေကို ထိန်းချုပ်ရန်၊ ထို့နောက် တောင်ပိုင်းနယ်ထဲသို့ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်ကာ ထိန်းချုပ်ပြီး လောကကြီးကို နတ်ဆိုးဧကရာဇ်၊ နတ်သခင် ရှီယွဲ့ တို့နှင့်အတူ ခွဲဝေယူရန် ဖြစ်၏။
အလယ်ပိုင်းနယ်ကိုတော့ သူ ဝင်စွက်ဖက်ရန် မရည်ရွယ်ထားပေ။ သူသည် နတ်ဧကရာဇ်အစစ် တစ်ပါး မဟုတ်သဖြင့် ထိုနယ်မြေကို နတ်ဆိုးဧကရာဇ်နှင့် နတ်သခင် ရှီယွဲ့ တို့ ပြိုင်ဆိုင်ရန် ချန်ထားမည်ဖြစ်သည်။
လကွယ်ဂိုဏ်းအနေနှင့် ၎င်းတို့နှစ်ဦး အပြန်အလှန် ဖျက်စီးခြင်းမှ အမြတ်ထုတ်နိုင်ရန် မျှော်လင့်ထားခြင်း ဖြစ်၏။
ထို့နောက် လကွယ်ဂိုဏ်းချုပ်က နတ်သခင်များအား
“လကွယ်ခန်းမမှာ အစည်းအဝေးလုပ်ဖို့ စုဝေးကြပါ”
သူသည် စောစောက နတ်ဘုရားရုပ်အလောင်းမှတစ်ဆင့် အရိုင်းနယ်မြေရှိ လူအားလုံးထံသို့ အသံလွှင့်ခဲ့သော်လည်း အင်အားစုအားလုံးက လကွယ်ဂိုဏ်းထံ အညံ့ခံရန် ရွေးချယ်မည်မဟုတ်ပေ။ အထူးသဖြင့် မြောက်ပိုင်းနယ်မှ ပြောင်းရွှေ့လာကြသော အင်အားစုများ ဖြစ်ကြ၏။ အကယ်၍ ထိုအင်အားစုများ ပူးပေါင်းမလာပါက လကွယ်ဂိုဏ်းအနေနှင့် အင်အားသုံး ဖြေရှင်းပေလိမ့်မည်။
…..
နဂါးပြာ ခန်းမ။
နဂါးပျံနတ်သခင်သည် နတ်ပလ္လင်ထက်တွင် ထိုင်လျက် အောက်ရှိ နတ်သခင်များကို မိုးအုံ့မှိုင်းနေသော ကောင်းကင်ယံကဲ့သို့ မည်းမှောင်သောမျက်နှာဖြင့် ကြည့်ရှုနေ၏။ မည်သူမှ စကားမဆိုကြသဖြင့် ခန်းမတစ်ခုလုံး၌ လေးလံထိုင်းမှိုင်းသော အငွေ့အသက်များ လွှမ်းမိုးနေသည်။
နဂါးပြာခန်းမ အရိုင်းနယ်မြေသို့ ပြောင်းရွှေ့လာစဉ်ကပင် လကွယ်ဂိုဏ်း တည်ရှိနေခြင်းကို သိထားခဲ့ကြ၏။ အရိုင်းနယ်မြေကို စည်းလုံးစေပြီး မဟာအင်အားကြီးအုပ်စု ဖြစ်လာစေရန်အတွက် ထိုပုန်းအောင်းနေသော ထိုဂိုဏ်းကို အနိုင်ယူရန် ကြိုးပမ်းလိုခြင်းကြောင့်ဖြစ်၏။
သို့သော် မမျှော်လင့်ပဲ လကွယ်ဂိုဏ်းက သူတို့ဘာသာ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ သို့သော် ဤအခြေအနေတွင် နဂါးပြာခန်းမအနေနှင့် ဝမ်းမြောက်နိုင်ခြင်း မရှိတော့ပေ။
ထိုဂိုဏ်း၌ နတ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု ရှိနေသည်။ ဤမျှကြီးမားလှသော စွမ်းအားကြောင့် နဂါးပြာခန်းမအနေနှင့် အရိုင်းနယ်မြေကို မစိုးမိုးနိုင်ရုံတင်မကပဲ လကွယ်ဂိုဏ်း၏ ဝါးမြိုခြင်းကိုပင် ခံရနိုင်ခြေ ရှိနေသည်။
ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် နဂါးပျံနတ်သခင်က နတ်သခင်များအား
“ခင်ဗျားတို့အားလုံးရဲ့ အမြင်တွေကို လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်။”
ထိုစကားကြောင့် နတ်သခင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း ဆိတ်ဆိတ်ပင် ရှိနေကြဆဲ ဖြစ်၏။ လက်ရှိအခြေအနေအရ အညံ့ခံခြင်းမှတစ်ပါး နဂါးပြာခန်းမအတွက် အခြားလမ်း မရှိတော့ပေ။
စောစောက ခံစားခဲ့ရသော ဖိအားများအရ လကွယ်ဂိုဏ်းတွင် နတ်ဧကရာဇ်အဆင့် အစွမ်းထက်သူ ဧကန်မုချ ရှိနေကြောင်း ဖော်ပြနေသည်။
နတ်ဧကရာဇ်တစ်ပါးကို ဆန့်ကျင်ရန် မဖြစ်နိုင်သဖြင့် စောစောစီးစီး အညံ့ခံလိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။ ယင်းမှာ နတ်သခင်များအကြား လွှမ်းမိုးနေသော အတွေးအမြင် ဖြစ်၏။
ထိုအခိုက်အတန့်တွင် နတ်သခင်တစ်ပါးက နဂါးပျံနတ်သခင်ကို
“ခန်းမသခင်... ဒါက ကျုပ်တို့တွေအတွက် အကျိုးရှိမယ့်အရာလည်း ဖြစ်နိုင်ပါတယ်။”
နဂါးပျံနတ်သခင်က ထိုနတ်သခင်ကို
“အကျိုးရှိမယ် ဟုတ်လား”
ထိုနတ်သခင်က
“ကျုပ်တို့တွေ လကွယ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့လိုက်ရင် ကျုပ်တို့ရဲ့ ကျောထောက်နောက်ခံကြောင့် နတ်ဆိုးဧကရာဇ်က နဂါးပြာခန်းမကို ပစ်မှတ်ထားဖို့ မရဲတော့ဘူး။”
ထိုစကားများက နတ်သခင်များကို ရုတ်တရက် သတိဝင်သွားစေ၏။
အမှန်တကယ်ပင် လကွယ်ဂိုဏ်း၌ နတ်ဧကရာဇ်အဆင့် စွမ်းအား ရှိနေသည်။
သူတို့နှင့် ပူးပေါင်းခြင်းအားဖြင့် နတ်ဆိုးဧကရာဇ်က ကလဲ့စားချေလိုလျှင်ပင် ထိုဂိုဏ်းကြီး၏ သဘောတူညီချက်ကို ထည့်သွင်းစဉ်းစားရပေလိမ့်မည်။ လက်ရှိတွင် နဂါးပြာခန်းမမှ နတ်များသည် နတ်ဆိုးဧကရာဇ် ရုတ်တရက် ကလဲ့စားချေလာမည့်အရေးကို အစဉ်အမြဲ ထိတ်လန့်စိုးရိမ်နေကြရ၏။ လကွယ်ဂိုဏ်းကို လက်ခံလိုက်ခြင်းက ဤစိုးရိမ်ပူပန်မှုများမှ သက်သာရာရစေပေလိမ့်မည်။
သို့သော်လည်း အရင်းရှိမှ အမြတ်ရစမြဲမို့ တန်ဖိုးတစ်ခု ပေးဆပ်ရစမြဲ ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းက ကိုယ်ပိုင်လွတ်လပ်ခွင့် ဆုံးရှုံးရမည်ဖြစ်ပြီး နောင်တွင် လကွယ်ဂိုဏ်း၏ အမိန့်ပေးစေခိုင်းမှုကို ခံရတော့မည်ဖြစ်သည်။
သို့သော် ရှင်သန်ခြင်းက နတ်ဆိုးဧကရာဇ်၏ ကလဲ့စားချေမှုထက် ပို၍ အရေးကြီးသဖြင့် ဤပေးဆပ်မှုက ကြီးမားလှသည်တော့ မဟုတ်ပေ။
နဂါးပျံနတ်သခင်လည်း တိတ်ဆိတ်စွာ စဉ်းစားနေမိ၏။ အုပ်စိုးသူအဆင့် အင်အားစုတစ်ခု၏ ခေါင်းဆောင်တစ်ဦးအနေနှင့် သူတစ်ပါး၏ လက်အောက်ခံ ဖြစ်လာရန် သူ စိတ်မပါလှပေ။
ယခင်က သူသည် အခြားသူများကို အမိန့်ပေးခဲ့ရသူ ဖြစ်သော်လည်း ယခုအခါ အခြားသူတစ်ဦးထံတွင် အမှုထမ်းရတော့မည်ဖြစ်ရာ လိုက်လျောညီထွေဖြစ်ရန် ခက်ခဲလှသည်။ သို့သော်လည်း ယခုအချိန်တွင် နဂါးပြာခန်းမကို ထိန်းသိမ်းစောင့်ရှောက်ရန်က အရေးကြီးဆုံး ဖြစ်သဖြင့် လကွယ်ဂိုဏ်းနှင့် ပူးပေါင်းခြင်းက ပညာရှိရာကျသည်။
စောစောက တင်ပြခဲ့သော နတ်သခင်လည်း ဘာမှဆက်မပြောပဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေချိန်တွင် နဂါးပျံနတ်သခင် သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။ အခြေအနေများက ပုဂ္ဂိုလ်ရေး ဆန္ဒများထက် ကျော်လွန်နေပြီဖြစ်ရာ စိတ်မပါခြင်းက အရာမထင်တော့ပေ။
နဂါးပြာခန်းမကို ကာကွယ်ခြင်းက အမြဲတမ်း ပထမဦးစားပေးဖြစ်သည်။
ဤဆုံးဖြတ်ချက်နှင့်အတူ နဂါးပျံနတ်သခင်က
“သတင်းစကား ဖြန့်ဝေလိုက်ပါ။ တို့တွေ လကွယ်ဂိုဏ်းမှာ သစ္စာခံပြီး သူတို့ရဲ့ လက်အောက်ခံအင်အားစု ဖြစ်လာစေရမယ်။”
--
………..