အခန်း ၁၉၉၁
Vol. 133 Ch. 1991
အခန်း( ၁၉၉၁ )
လကွယ်ဂိုဏ်းချုပ် ကိုယ်တိုင်ပေါ် ထွက်လာခြင်း
လကွယ်ဂိုဏ်း ပေါ်ထွက်လာပြီးနောက် တစ်လမပြည့်မီ အချိန်အတွင်း အရိုင်းနယ်မြေရှိ အင်အားစုအသီးသီးက လကွယ်ဂိုဏ်းထံ ဦးညွတ်ခိုလှုံကာ သစ္စာခံလိုကြောင်း၊ ၎င်း၏ လက်အောက်ခံ အင်အားစုများအဖြစ် ခံယူကာ အမိန့်နာခံသွားမည်ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လာကြ၏။
လက်ရှိတွင် အရိုင်းနယ်မြေရှိ အင်အားစုအသီးသီး၏ အကြီးမားဆုံး စိုးရိမ်ထိတ်လန့်မှုမှာ လကွယ်ဂိုဏ်းက ၎င်းတို့ကို ဖျက်သိမ်းခိုင်းပြီး နောက်ဆုံး၌ လကွယ်ဂိုဏ်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်းစည်းပစ်မည်ကိုပင် ဖြစ်၏။
အရှေ့ပိုင်းနယ်ရှိ ချင်းယွမ်ကျောင်းတော်ပင်လျှင် နတ်ဧကရာဇ် ရှီယွဲ့၏ ဖျက်သိမ်းခြင်းကို ခံခဲ့ရသည်မဟုတ်ပါလား။
ချင်းယွမ်ကျောင်းတော်ကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲလာခဲ့သော အစဉ်အလာကြီးမားလှသည့် အဖွဲ့အစည်း တစ်ခုပင် ဖျက်သိမ်းခံခဲ့ရလျှင် ၎င်းတို့ကဲ့သို့ အင်အားစုများဆိုလျှင်တော့ ကျားရှေ့မှောက်က သိုးငယ်များကဲ့သို့ ပြောနေစရာပင် မလိုတော့ပေ။
လကွယ်ဂိုဏ်း၌သာ ထိုရည်ရွယ်ချက်ရှိခဲ့ပါက ၎င်းတို့၏ ကံကြမ္မာသည်လည်း ချင်းယွမ်ကျောင်းတော်နှင့် ထပ်တူ ဖြစ်သွားလိမ့်မည်။
သို့သော် အင်အားစုအသီးသီးကို အံ့အားသင့်စေသည်မှာ လကွယ်ဂိုဏ်းက ၎င်းတို့ကို ဖျက်သိမ်းခြင်း မပြုခဲ့သည့်အပြင် နဂါးပြာခန်းမပင်လျှင် ဆက်လက်တည်ရှိနေခြင်း ဖြစ်၏။
နဂါးပြာခန်းမသည် အစက မြောက်ပိုင်းနယ်၏ အုပ်စိုးသူအဆင့် အင်အားစုကြီးတစ်ခုဖြစ်ပြီး အရှိန်အဝါ နေလိုလလို ထွန်းတောက်ခဲ့ဖူးကာ ထျန်းရန်နတ်ဘုးနယ်မြေအပေါ် ကြီးမားသော ဩဇာသက်ရောက်မှုလည်း ရှိခဲ့ဖူး၏။ အထူးသဖြင့် အရိုင်းနယ်မြေရှိ အင်အားစုအများစုမှာ မြောက်ပိုင်းနယ်မှ ရွှေ့ပြောင်းလာကြသူများ ဖြစ်သဖြင့် နဂါးပြာခန်းမသည် မြောက်ပိုင်းနယ် အင်အားစုများကြားတွင် အရေးပါသော တည်ရှိမှုတစ်ခု ဖြစ်နေခဲ့သည်။
ယုတ္တိဗေဒအရ ဆိုရလျှင် နတ်ဧကရာဇ် ရှီယွဲ့က ချင်းယွမ်ကျောင်းတော်ကို ဖျက်သိမ်းခဲ့သည့် အကြောင်းပြချက်လိုပင် နဂါးပြာခန်းမ ဆက်လက်တည်ရှိနေခြင်းသည် အရိုင်းနယ်မြေအပေါ် လကွယ်ဂိုဏ်း၏ ထိန်းချုပ်မှုကို အားနည်းစေမည် ဖြစ်၏။
သို့သော် လကွယ်ဂိုဏ်းက နောက်ဆုံး၌ ထိုသို့ မလုပ်ဆောင်ခဲ့သဖြင့် အရိုင်းနယ်မြေရှိ အင်အားစုများကို အံ့အားသင့်သွားစေခဲ့သည်။
…..
လကွယ်ဂိုဏ်း။
ကမ္ဘာငယ်၏ အပြင်ဘက်။
လူသူလေးပါး ဆိတ်သုန်းသော နေရာတစ်ခု၌။
နတ်လှေအချို့ ကောင်းကင်တွင် ရပ်တန့်နေ၏။
လွန်ခဲ့သော ရက်အနည်းငယ်က လကွယ်ဂိုဏ်းချုပ်သည် အင်အားစုအသီးသီးမှ ခေါင်းဆောင်များကို အစည်းအဝေးတစ်ခုအတွက် ဆင့်ခေါ်ခဲ့၏။ အမိန့်ကို လက်ခံရရှိပြီးနောက် ခေါင်းဆောင်အသီးသီးက လကွယ်ဂိုဏ်း၏ ကမ္ဘာငယ် တည်ရှိရာနေရာသို့ ၎င်းတို့၏ ကိုယ်ပွားတစ်ခုစီကို စေလွှတ်ခဲ့ကြသည်။
ထိုအထဲတွင် လုချန်းနှင့် ယွမ်ယုတိတို့လည်း ပါဝင်၏။
လုချန်းသည် နတ်လှေ၏ ကုန်းပတ်ပေါ်၌ မတ်တတ်ရပ်လျက် အောက်ဘက်ရှိ မျက်စိတစ်ဆုံး ကျယ်ပြောလှသော သဲကန္တာရကြီးကို စိုက်ကြည့်၍ အကဲခတ်နေ၏။
ထိုအခိုက်အတန့်တွင် သဲကန္တာရထဲ၌ ဝါကျင့်ကျင့် သဲလေပွေများ တိုက်ခတ်နေသည်။ဤနေရာ၌ ကမ္ဘာငယ်တစ်ခု ပုန်းကွယ်နေလိမ့်မည်ဟု စိတ်ကူးရန်ပင် ခက်ခဲလှ၏။
လကွယ်ဂိုဏ်းကို ရှာဖွေရန် လူများကို အချိန်အတော်ကြာကတည်းက စေလွှတ်ခဲ့သော်လည်း ရှာမတွေ့ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။
ယခုအကြိမ်တွင် လကွယ်ဂိုဏ်းတပည့်များ၏ လမ်းညွှန်မှုသာမရှိပါက နတ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု ရှိနေသည့် မဟာအင်အားကြီးအုပ်စုတစ်စုသည် ဤမျှ ခြောက်သွေ့ဆိတ်သုန်းသော အရပ်၌ ပုန်းကွယ်နေသည်ကို သူတို့ မည်သည့်အခါမှ သိနိုင်မည် မဟုတ်ပေ။
လကွယ်ဂိုဏ်း ဤမျှအသံတိတ်နေခြင်းမှာ တစ်စုံတစ်ခုသော လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသောကြောင့် ဖြစ်လေမလား။
၎င်းက လောကပြင်ပမှ သတ္တဝါများနှင့် ဆက်စပ်နေနိုင်သလား။
…..
လုချန်း အတွေးထဲနစ်မြောနေစဉ် ဘေးနားရှိ ယွမ်ယုတိ၏ ကိုယ်ပွားက လုချန်းကို
“လကွယ်ဂိုဏ်းက ကျွန်မတို့ကို သူတို့ရဲ့ ကမ္ဘာငယ်ထဲ ပေးဝင်ပါ့မလား။”
လုချန်း သတိပြန်ဝင်လာကာ
“အဲဒါတော့ ပြောရခက်တယ်”
လုချန်းက ဆက်လက်၍
“အခု သူတို့မှာ နတ်ဧကရာဇ်အဆင့် တည်ရှိမှု ရှိနေပြီဆိုတော့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လကွယ်ဂိုဏ်းထဲ ဝင်သွားရင်တောင် ကျုပ်တို့ ပြဿနာရှာနိုင်မှာ မဟုတ်ဘူး။”
လကွယ်ဂိုဏ်း၏ ကမ္ဘာငယ်ထဲ ဝင်ရမည့် အရေးကို မြင်လျှင် ဖန်ရှောင်း၏ ကမ္ဘာငယ်ကို ပြန်လည်သတိရမိကာ လုချန်း အနည်းငယ် စိုးရိမ်သွားမိ၏။
ထိုစဉ်က ဖန်ရှောင်း သေခါနီးအချိန်တွင် ကမ္ဘာငယ်၏ ဝင်ပေါက်ကို ဖွင့်လှစ်ကာ ထျန်းရန်နတ်ဘုရားနယ်မြေမှ နတ်များကို ဆွဲဆောင်သွေးဆောင်ခဲ့သော်လည်း ထိုနေရာ၌ မည်သည့် ရတနာမှ မရှိခဲ့ပဲ ၎င်း၏ ကျန်ရှိနေသော ဝိညာဉ်က ထိုနတ်များ၏ နတ်ဝိညာဉ်စွမ်းအားကို စုပ်ယူခဲ့ခြင်း ဖြစ်သည်။
လကွယ်ဂိုဏ်းကလည်း ထိုနည်းတူ ဖြစ်နေနိုင်သလား။
……
ကောင်းကင်ယံ၌ အင်အားစုအသီးသီးမှ ခေါင်းဆောင်များ ဆွေးနွေးတိုင်ပင်နေကြစဉ် သဲကန္တာရအထက်၌ လေဆင်နှာမောင်းကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။
လေဆင်နှာမောင်းသည် တဖြည်းဖြည်း ပိုကြီးမားလာပြီး အလယ်ဗဟို၌ ပို၍ မှောင်မိုက်လာကာ မကြာမီပင် အမည်းရောင် ဝဲကရက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုဝဲကရက်ကို တွေ့မြင်လျှင် အင်အားစုအသီးသီးမှ ခေါင်းဆောင်များ ချက်ချင်းပင် တိတ်ဆိတ်သွားကြ၏။
ထိုအခိုက်အတန့်တွင် ဝဲကရက်ထဲမှ လူရိပ်များ ထွက်ပေါ်လာ၏။ ၎င်းတို့၏ အငွေ့အသက်ကို ကြည့်ရုံဖြင့် နတ်သခင်များ ဖြစ်ကြောင်း သိသာကာ လကွယ်ဂိုဏ်း၏ အကြီးအကဲများ ဖြစ်ကြကြောင်း ထင်ရှားလှသည်။
လကွယ်ဂိုဏ်း၏ အကြီးအကဲများအားလုံး ကောင်းကင်ယံသို့ ပျံသန်းလာကြပြီး ထိုအထဲမှ အကြီးအကဲတစ်ယောက်က ရောက်ရှိနေသော အင်အားစုအသီးသီး၏ ခေါင်းဆောင်များကို
“ဆုတ်ခွာကြ”
ထိုအမိန့်ကို ကြားလျှင် အင်အားစုအသီးသီးမှ ခေါင်းဆောင်များလည်း တုံ့ဆိုင်းမနေပဲ ကီလိုမီတာ ရာဂဏန်းခန့် အကွာအဝေးသို့ နောက်ဆုတ်သွားကြ၏။
…..
အင်အားစုအသီးသီးမှ ခေါင်းဆောင်များ ထွက်ခွာသွားသည်နှင့် လကွယ်ဂိုဏ်း၏ အကြီးအကဲများသည် ကောင်းကင်အမြင့်သို့ တက်လှမ်းကာ စက်ဝိုင်းပုံစံ ဝိုင်းဖွဲ့လိုက်ပြီး လကွယ်ဂိုဏ်း၏ ကမ္ဘာငယ်ကို ဖုံးကွယ်ထားသော နည်းဗျူဟာပုံစံကို စတင်လှုပ်ရှားစေလိုက်၏။
နောက်တစ်ခဏ၌ ကောင်းကင်ယံတွင် အမည်းရောင် လတစ်စင်း ပေါ်ထွက်လာ၏။ ထိုအမည်းရောင်လ ပေါ်လာသည်နှင့်အမျှ အင်အားစုအသီးသီးမှ ခေါင်းဆောင်များ၏ ရင်ထဲ၌ ကျောက်တုံးကြီးတစ်တုံး ဖိထားသကဲ့သို့ ခံစားလိုက်ရကာ အသက်ရှူရ ခက်ခဲလာပြီး မသက်မသာ ဖြစ်လာကြသည်။
အမည်းရောင်လ ကြီးမားလာသည်နှင့်အမျှ သဲကန္တာရထဲရှိ အမည်းရောင် ဝဲကရက်သည်လည်း ပို၍ကျယ်ပြန့်လာ၏။ မကြာမီပင် အမည်းရောင်အငွေ့အသက်များ ထွက်ပေါ်နေပြီး နတ်ရွှေဖြင့် ထုဆစ်ထားသော ခေါင်မိုးတစ်ခု ဝဲကရက်ထဲမှ ထွက်ပေါ်လာလေသည်။
ဝဲကရက် ပိုကျယ်ပြန့်လာသည်နှင့်အမျှ ခေါင်မိုးများ ပိုများပြားစွာ ထွက်ပေါ်လာ၏။
ဤမြင်ကွင်းကို တွေ့မြင်လျှင် လကွယ်ဂိုဏ်း ဘာလုပ်နေသည်ကို လူတိုင်း ချက်ချင်း နားလည်သွားကြ၏။ ၎င်းတို့သည် နတ်ဂိုဏ်းတည်နေရာကို ကမ္ဘာငယ်ထဲမှ ထုတ်လွှတ်နေခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ သဲကန္တာရထဲမှ ဝဲကရက်သည် ပို၍ ပို၍ ကြီးမားလာပြီး လကွယ်ဂိုဏ်း၏ ပုံရိပ်ကို လူတို့၏ ရှေ့မှောက်၌ တဖြည်းဖြည်း ပေါ်လာ၏။
ဤအချိန်တွင် စောင့်ကြည့်နေသော ခေါင်းဆောင်များသည် အကြိမ်ကြိမ် နောက်ဆုတ်ခဲ့ကြရ၏။ အစက ကီလိုမီတာ ရာဂဏန်းခန့် ဆုတ်ခွာခဲ့သော်လည်း နောက်ပိုင်းတွင် နောက်ထပ် ကီလိုမီတာ ရာဂဏန်း ထပ်မံဆုတ်ခွာခဲ့ရသည်။
နတ်ဂိုဏ်းသည် အလွန်တရာ ကြီးမားလှသဖြင့် နောက်ဆုံး၌ ၎င်းတို့ ကီလိုမီတာ ထောင်ပေါင်းများစွာအထိ ဆုတ်ခွာသွားခဲ့သည်။
…..
မကြာမီပင် အချင်း ကီလိုမီတာ ထောင်ပေါင်းများစွာရှိသော ကျွန်းမျောကြီးတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာကာ ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်ယံသို့ ပျံသန်းသွားပြီး ထိုနယ်မြေဝန်းကျင်ရှိ အရံဂြိုဟ်တစ်ခုကဲ့သို့ ဖြစ်လာ၏။
ရုပ်ပိုင်းဆိုင်ရာအရ ဆိုလျှင် နတ်အငွေ့အသက်သည် စိတ်ဝိညာဉ်စွမ်းအင်ထက် သိသိသာသာ ပိုပေါ့ပါးသဖြင့် နောက်ဆုံး၌ ထျန်းရန်နတ်ဘုရားနယ်မြေ၏ အမြင့်ဆုံးကောင်းကင်ယံသို့ ပျံတက်သွားလေ့ရှိ၏။ ထို့ကြောင့် မဟာနတ်ဂိုဏ်းကြီးများသည် ၎င်းတို့၏ ဂိုဏ်းတည်နေရာအဖြစ် လွင့်မျောကျွန်းများကို အသုံးပြုကြခြင်း ဖြစ်သည်။
လက်ရှိတွင် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်ယံ၌ ထောင်ပေါင်းများစွာသော လွင့်မျောကျွန်းများ တည်ရှိနေပြီး ပိုမြင့်မားသော ရှုထောင့်မှ ကြည့်မည်ဆိုပါက ဤလွင့်မျောကျွန်းများသည် နတ်ဘုရားနယ်မြေကို လှည့်ပတ်နေကြသော အရံဂြိုဟ်များနှင့် တူလှ၏။
ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်ယံ၌ လွင့်မျောကျွန်းများကို ဖုံးကွယ်ထားသော နည်းဗျူဟာပုံစံများသာမရှိပါက အောက်ခြေမြေပြင်သည် နေရောင်ခြည် မရရှိ သလောက် ဖြစ်သွားလိမ့်မည်။
……
လကွယ်ဂိုဏ်း၏ နတ်ဂိုဏ်းတည်နေရာ ပေါ်ထွက်လာခြင်းသည် ၎င်းတို့ တကယ် ပြောင်းရွှေ့လာခြင်းကို ညွှန်ပြနေ၏။ အင်အားစုအသီးသီးမှ ခေါင်းဆောင်များသည် လကွယ်ဂိုဏ်း၏ နတ်ဂိုဏ်းဆီသို့ ဦးတည်သွားရန် ပြင်ဆင်လိုက်ကြစဉ် မြေပြင်ပေါ်ရှိ ဝဲကရက် ချက်ချင်း ပျောက်ကွယ်မသွားသေးသည်ကို သတိပြုမိလိုက်ကြသည်။
ဝဲကရက်ထဲမှ အခြားအရာတစ်ခု ထပ်မံထွက်ပေါ်လာဦးမည့်ပုံ ပေါ်နေ၏။
ထိုစဉ် ဘီလူးကြီးတစ်ကောင်၏ ဦးခေါင်းသည် ဝဲကရက်ထဲမှ တဖြည်းဖြည်း ချပြထွက်ပေါ်လာသဖြင့် အင်အားစုအသီးသီးမှ ခေါင်းဆောင်များ ခဏခန့် ဇဝေဇဝါဖြစ်သွားကြရ၏။
ထိုဦးခေါင်းသည် နတ်တစ်ပါး၏ နိယာမပုံရိပ် မဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာ ဦးခေါင်းတစ်ခု ဖြစ်သည်မှာ ထင်ရှားလှ၏။ မည်သည့် မျိုးနွယ်စုတွင် ဤမျှ ကြီးမားလှသော ဦးခေါင်းမျိုး ရှိနိုင်သနည်း။
ဘီလူးကြီး ဝဲကရက်ထဲမှ ထွက်ပေါ်လာသည်နှင့်အမျှ ပြင်းထန်လှသော ဖိအားတစ်ခုသည် အင်အားစုအသီးသီးမှ ခေါင်းဆောင်များအပေါ် ရောက်ရှိလာသဖြင့် ၎င်းတို့ကို အသက်ရှူကျပ်သွားစေ၏။
ဘီလူးကြီးထံမှ ထွက်ပေါ်နေသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ၎င်းသည် လောကပြင်ပမှ သတ္တဝါတစ်ကောင် ဧကန်မုချ ဖြစ်ကြောင်း လုချန်း ခံစားလိုက်ရ၏။
သို့သော်လည်း...
လုချန်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်၏။ ဤ လောကပြင်ပမှ သတ္တဝါ၌ မည်သည့် နတ်ဝိညာဉ်အငွေ့အသက်မှ မရှိပဲ သက်မဲ့ရုပ်အလောင်းတစ်ခုကဲ့သို့ ဖြစ်နေသည်မဟုတ်ပါလား။
ဤအရာက ဘာကို ဆိုလိုသနည်း။
…..
လုချန်း ဇဝေဇဝါဖြစ်နေစဉ် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦး နတ်အလောင်း၏ ပုခုံးပေါ်၌ ရပ်လျက်ပေါ်လာ၏။ ထိုအဖိုးအိုက ရောက်ရှိနေသော ခေါင်းဆောင်များကို
“ကျုပ်က လကွယ်ဂိုဏ်းချုပ်ပါ”
ထိုအရာကို ကြားလျှင် အင်အားစုအသီးသီးမှ ခေါင်းဆောင်များ ညီညီညာညာ ဂါရဝပြုလိုက်ကြ၏။
အားလုံးက
“လကွယ်ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။”
လက်ရှိတွင် လကွယ်ဂိုဏ်းသည် ထိပ်သီးအဆင့် နတ်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေပြီ ဖြစ်၏။
လကွယ်ဂိုဏ်းချုပ်သည် နတ်ဧကရာဇ်တစ်ပါး မဟုတ်ကြောင်း ရောက်ရှိလာသူများ သိကြသော်လည်း ၎င်း၏ခြေဖဝါးအောက်ရှိ နတ်အလောင်းကြီးက ၎င်းတို့ကို နက်ရှိုင်းစွာ ထိတ်လန့်ကြောက်ရွံ့စေခဲ့သည်။
အင်အားစုအသီးသီးမှ ခေါင်းဆောင်အများစုလည်း အခြေအနေကို ခန့်မှန်းမိကြလေပြီ။
လကွယ်ဂိုဏ်းတွင် နတ်ဧကရာဇ်တစ်ပါး မရှိသော်လည်း နတ်ဧကရာဇ်တစ်ပါး၏ စွမ်းဆောင်ရည်မျိုးရှိသော မဟာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ အလောင်းကို ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်၏။
ဤအချက်တစ်ခုတည်းနှင့်တင် အရိုင်းနယ်မြေတစ်ခွင်လုံးရှိ အင်အားစုများသည် လကွယ်ဂိုဏ်း၏ အမိန့်ကို နာခံရပေလိမ့်မည်။
လုချန်းလည်း အခြေအနေကို ယခုမှ နားလည်သွားတော့၏။ ထင်ရှားသည်မှာ လကွယ်ဂိုဏ်းချုပ်သည် ဤ “နတ်အလောင်း” ကို ပြုပြင်မွမ်းမံ သန့်စင်ထားခြင်း ဖြစ်ပေသည်။
--
……….