← Chapters

အခန်း ၁၉၉၂

Vol. 133 Ch. 1992

အခန်း ၁၉၉၂

Vol. 133 Ch. 1992

အခန်း( ၁၉၉၂ )

နားထောင်ကောင်းသော စကားများ

လုချန်းသည် တစ်ယောက်တည်း အတွေးကမ္ဘာထဲ မျောပါကာ စဉ်းစားခန်း ဖွင့်နေမိသည်။

တစ်ချိန်က အရိုင်းနယ်မြေ၌ အထွတ်အထိပ် အင်အားစုတစ်ခု ဖြစ်ခဲ့ဖူးသော လကွယ်ဂိုဏ်းသည် အဘယ်ကြောင့် ယခုအခါတွင် အရိုင်းနယ်မြေတစ်ခုလုံးကို ကန့်လန့်ကာနောက်ကွယ်မှ ကြိုးဆွဲချုပ်ကိုင်ရန် ရွေးချယ်ခဲ့ကြောင်း အံ့ဩစရာ မရှိတော့ချေ။

လကွယ်ဂိုဏ်းသည် ထိုကဲ့သို့သော နတ်အလောင်းကြီးကို ရရှိထားခြင်းကြောင့် ဖြစ်သည်။

လောကပြင်ပမှ ဖန်ရှောင်းကဲ့သို့သော မဟာစွမ်းအားကြီး ပုဂ္ဂိုလ်ကြီးများ ကျဆုံးပျက်စီးသွားသောအခါ ၎င်းတို့၏ ရုပ်အ‌လောင်း များသည် ထျန်းရန် နတ်ဘုရား နယ်မြေအတွက် အာဟာရများအဖြစ် ပြောင်းလဲသွားပြီး နယ်ပယ်တစ်ခုလုံး၌ နတ်စွမ်းအားအငွေ့အသက်များ ပြန်လည်နိုးထလာစေသည်ကို သိထားရမည် ဖြစ်၏။

အစက နတ်စွမ်းအားအငွေ့အသက် ပါးလွှာသော ဒေသများပင်လျှင် ပိုသိပ်သည်း ကြွယ်ဝလာကြရသည်။

ထိုတစ်ချက်တည်းဖြင့်ပင် ပြင်ပလောက သတ္တဝါတစ်ဦး၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေမည့် စွမ်းအားကို ခန့်မှန်းကြည့်နိုင်သည်။ ယခုအခါ လကွယ်ဂိုဏ်းသည် ထိုသို့သော သတ္တဝါ၏ အလောင်းကို ထိန်းချုပ်ထားရုံသာမက သန့်စင်ပြီးပင် ဖြစ်နေ၏။

လကွယ်ဂိုဏ်းချုပ်၏ စွမ်းအားသည် ယခုအခါ နတ်ဧကရာဇ်တစ်ပါးနှင့်ပင် နှိုင်းယှဉ်နိုင်လောက်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်နိုင်သည်။

သို့သော် လုချန်းကို နားမလည် ဖြစ်စေသည့် အရာမှာ ပြင်ပမှ သတ္တဝါသည် သေဆုံးသွားခဲ့ပြီး နတ်ဝိညာဉ်လည်း မရှိတော့ပါပဲလျက် ၎င်း၏ခန္ဓာကိုယ်က အဘယ်ကြောင့် ပုပ်သိုးပျက်စီးခြင်းမရှိသလို ထျန်းရန် နတ်ဘုရား နယ်မြေအတွက် အာဟာရအဖြစ်လည်း ပြောင်းလဲမသွားရသနည်း ဟူသောအချက် ဖြစ်၏။

ဤနတ်အလောင်းတွင် တစ်စုံတစ်ရာသော ထူးခြားသည့် ဝိသေသများ ရှိနေ၍လား။

လုချန်း ထိုနတ်အလောင်းကို စိုက်ကြည့်ရင်း အတွေးထဲနစ်မြောနေစဉ် လကွယ်ဂိုဏ်းချုပ်၏ အသံက တစ်ဖန် ပြန်လည်ထွက်ပေါ်လာ၏။

လကွယ်ဂိုဏ်းချုပ်က အားလုံးကို

“ဒီနေရာက စကားပြောဖို့ နေရာမဟုတ်ဘူး။ ကျုပ် စားသောက်ပွဲ ပြင်ဆင်ထားပြီးပြီ။ ကျုပ်နောက်ကို လိုက်ခဲ့ကြပါ။”

ထိုစကားများ ဆုံးသည်နှင့်တစ်ပြိုင်နက် လကွယ်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်သည် ကောင်းကင်ထက် မြင့်မားသောနေရာရှိ ဝှက်ကွယ်ထားသော ဂိုဏ်းအခြေစိုက်စခန်းဆီသို့ ပျံသန်းသွားကာ နတ်အလောင်းကြီးကိုသာ ချန်ထားခဲ့တော့၏။

အင်အားစုအသီးသီးမှ ခေါင်းဆောင်များ၏ အကြည့်တို့သည် လုချန်းနှင့် မခြားပဲ ထိုနတ်အလောင်းပေါ်သို့သာ စူးစိုက်ကျရောက်နေကြ၏။ အကယ်၍သာ သူတို့အနေနှင့် ဤနတ်အလောင်းကို ထိန်းချုပ်နိုင်ပါက လကွယ်ဂိုဏ်းကို ကြောက်ရွံ့နေစရာ လိုအပ်တော့မည်မဟုတ်ကြောင်း အမြောက်အမြားက တွေးတောနေကြသည်။

သို့သော် အများစုမှာ ထိုအတွေးကို စိတ်ကူးယဉ် အိမ်မက်အဖြစ်သာ တွေးဝံ့ကြပြီး လက်တွေ့တွင်မူ မည်သူမှ လှုပ်ရှားရဲခြင်း မရှိကြပေ။

လကွယ်ဂိုဏ်းချုပ်က ဤနတ်အလောင်းကို ထုတ်ဖော်ပြသဝံ့ခြင်းမှာ ၎င်းအနေနှင့် အလောင်းကို သန့်စင်ပြီးဖြစ်ကြောင်း ပြသနေခြင်းပင် ဖြစ်၏။ ထို့ကြောင့် နတ်အလောင်းကို မတရားလိုချင် တပ်မက်သူ မည်သူမဆို အနားသို့ပင် မကပ်နိုင်မီ ချေမှုန်းခြင်း ခံရလိမ့်မည် ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ထို့နောက်တွင်တော့ အင်အားစုအသီးသီးမှ ခေါင်းဆောင်များသည် လကွယ်ဂိုဏ်းဆီသို့ ဦးတည်သွားကြပြီး လကွယ်ခန်းမ၌ ပြုလုပ်သော စားသောက်ပွဲသို့ တက်ရောက်ကြ၏။

စားသောက်ပွဲအတွင်း လကွယ်ဂိုဏ်းချုပ်သည် အရေးကြီးသော ကိစ္စရပ်ကြီးများကို ဆွေးနွေးပြောကြားခြင်း မပြုပဲ မြောက်ပိုင်းနယ်မှ ရောက်ရှိလာကြသော အင်အားစုအသီးသီးကိုသာ သတိပေး စကား ပြောကြားနေခဲ့၏။

သူသည် နဂါးပြာ ခန်းမနှင့် မြောက်ပိုင်းနယ် အင်အားစုများကိုသာ သတိထား စောင့်ကြည့်နေပြီး ချင်နတ်ဘုရားနိုင်ငံနှင့် လျှို့ဝှက်လဝန်း ကျောင်းတော်တို့ကိုတော့ အရေးတယူလုပ်ခြင်း မရှိတာ ထင်ရှားလှပေသည်။

လျှို့ဝှက်လဝန်း ကျောင်းတော်၌ နတ်သခင်တစ်ပါးသာ ရှိပြီး ချင်နတ်ဘုရားနိုင်ငံတွင်တော့ နတ်သခင်တစ်ပါးမှပင် မရှိသဖြင့် ၎င်းတို့နှစ်ခုလုံးသည် လကွယ်ဂိုဏ်းချုပ်အတွက် မည်သည့် ခြိမ်းခြောက်မှုမှ မဖြစ်စေနိုင်ပေ။

စားသောက်ပွဲတွင် အင်အားစုအသီးသီးက လကွယ်ဂိုဏ်း ပေါ်ထွက်လာခြင်းအတွက် ဂုဏ်ပြုသောအားဖြင့် ပြင်ဆင်လာသော ရတနာများကို ဆက်သကြ၏။ နဂါးပြာ ခန်းမနှင့် ချင်နတ်ဘုရားနိုင်ငံတို့က မြေအဆင့် နတ်လက်နက်များကို ဆက်သခဲ့ကြသည်။

…..

စားသောက်ပွဲ ပြီးဆုံးခါနီးအချိန်တွင် ခန်းမဆောင်၏ ထောင့်တစ်နေရာရှိ ဆံပင်ဖြူနှင့် လူတစ်ယောက်က လုချန်းကို ရုတ်တရက် ကြည့်ကာ မေးမြန်းလိုက်၏။

နှင်းခဲလ နတ်ဘုရင်က လုချန်းကို

“ချင်နတ်ဧကရာဇ်... ခင်ဗျားက လုချန်းလား။”

ထိုအရာကို ကြားလျှင် အားလုံး၏ အကြည့်တို့က လုချန်းထံသို့ ကျရောက်သွားကြ၏။ ဤအမည်သည် ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံး၌ အလွန်ပင် ကျော်ကြားလှသော နာမည်တစ်ခု ဖြစ်ပေသည်။

သို့သော် နတ်သက်ရင့်သူ အများစုပင် လုချန်းကို တစ်ခါမှ မမြင်ဖူးကြသဖြင့် သူ၏ ရုပ်ရည်ကို မသိကြပေ။ လက်ရှိ ရောက်ရှိနေသော အင်အားစုခေါင်းဆောင်များထဲတွင် ယွမ်ယုတိမှတစ်ပါး မည်သူမှ လုချန်းကို သိခြင်း မရှိကြပေ။

နှင်းခဲလ နတ်ဘုရင်က သူ၏ သရုပ်မှန်ကို သိနေခြင်းအား လုချန်း အံ့ဩခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် လကွယ်ဂိုဏ်းသည် ချင်နတ်ဘုရားနိုင်ငံနှင့် လျှို့ဝှက်လဝန်း ကျောင်းတော်တို့၏ နောက်ခံအကြောင်းအရာများကို စုံစမ်းစစ်ဆေးထားပြီး ဖြစ်ကြောင်း ထင်ရှားသောကြောင့် ဖြစ်၏။

သို့သော်လည်း လကွယ်ဂိုဏ်းချုပ်သည်ပင် ယခင်က သူ့ကိုရော ယွမ်ယုတိကိုပါ သတိမထားခဲ့ပေ။

ထိုသို့ဖြစ်ပါက လကွယ်ဂိုဏ်းမှ နတ်ဘုရင်တစ်ပါးက စားသောက်ပွဲ ပြီးဆုံးခါနီးအချိန်ကျမှ အဘယ်ကြောင့် သူ့အကြောင်းကို ရုတ်တရက် ထုတ်ဖော်ပြောဆိုလာရသနည်း။

အထူးသဖြင့် ၎င်းတို့အနေနှင့် ချင်နတ်ဘုရားနိုင်ငံကို အရေးမစိုက်သကဲ့သို့ ပြုမူနေခဲ့ပြီးမှ ဖြစ်၏။

လုချန်းက နှင်းခဲလ နတ်ဘုရင်ကို

“မှန်ပါတယ်။ ကျုပ်က လုချန်းပါ။ မိတ်ဆွေအနေနှင့် ဘာများ အလိုရှိလို့လဲ။”

လုချန်းက ဝန်ခံလိုက်လျှင် အရိုင်းနယ်မြေမှ ခေါင်းဆောင်အမြောက်အမြားလည်း လုချန်း အရိုင်းနယ်မြေသို့ ရောက်ရှိနေသည့်အပေါ် အလွန်ပင် အံ့ဩသွားကြ၏။

သို့သော် ဤကိုယ်ထည်က သူ၏ ကိုယ်ပွားတစ်ခုသာ ဖြစ်နိုင်ကြောင်း ခန့်မှန်းတွေးတောလိုက်ကြသည်။

နှင်းခဲလ နတ်ဘုရင်က လုချန်းကို

“လုချန်း... ခင်ဗျားက ကစဉ့်ကလျား ပင်လယ်ကနေ ပြန်လာတာဆိုတော့ အဲဒီမှာ ကံကောင်းခြင်း အခွင့်အရေးတွေ အများကြီး ရခဲ့မှာ သေချာတယ်။”

နှင်းခဲလ နတ်ဘုရင်၏ စကားများထဲမှ ဆိုလိုရင်းက မီးမောင်းထိုးပြသကဲ့သို့ ထင်ရှားလှပေသည်။ လုချန်းသည် ကစဉ့်ကလျား ပင်လယ်မှ ပြန်လာခဲ့ပါလျက်နှင့် မြေအဆင့် နတ်လက်နက်တစ်ခုကိုသာ ဂုဏ်ပြုလက်ဆောင်အဖြစ် ဆက်သခြင်းမှာ တောင်းရမ်းစားသောက်သူတစ်ဦးကို သနားဂရုဏာသက်၍ ပေးကမ်းသကဲ့သို့ ဖြစ်နေသည်ဟု ဆိုလိုခြင်း ဖြစ်၏။

နှင်းခဲလ နတ်ဘုရင်၏ သတိပေးစကားကြောင့် လကွယ်ဂိုဏ်းချုပ်၏ အာရုံသည် နောက်ဆုံးတွင် လုချန်းထံသို့ ကျရောက်လာခဲ့၏။ သူသည် နတ်အလောင်းကို သန့်စင်ရန် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေခဲ့သော်လည်း ပြင်ပလောကအကြောင်းကို ကောင်းစွာသိပြီး လုချန်းနှင့်ပတ်သက်သော ထောက်လှမ်းရေး အစီရင်ခံစာ အမြောက်အမြားကိုလည်း စုဆောင်းထားခဲ့သည်။

နတ်အလောင်းကြီးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည့် ဝမ်းမြောက်မှုကြောင့် လုချန်း ရှိနေသည်ကို သူ သတိမထားမိပဲ ဖြစ်နေခဲ့ခြင်း ဖြစ်၏။ သို့သော် နှင်းခဲလ နတ်ဘုရင်၏ သတိပေးမှုကြောင့် လုချန်းထံတွင် အမွေအနှစ် အခွင့်အလမ်းများစွာ ရှိနေနိုင်ကြောင်းကို သူ သတိပြန်ဝင်လာခဲ့သည်။

လုချန်းက နှင်းခဲလ နတ်ဘုရင်ကို

“ကစဉ့်ကလျား ပင်လယ်ဆိုတာ အဆုံးမဲ့မှောင်မိုက်တဲ့ နေရာတစ်ခုသက်သက်ပဲ။ အခွင့်အလမ်းဆိုတာတွေ မရှိပါဘူး။ ဒါတွေက ကောလာဟလတွေတင်မို့ ကျင့်ကြံဖော်ကြီးအနေနှင့် မယုံကြည်ပါနဲ့။”

နှင်းခဲလ နတ်ဘုရင်က စကားဆက်ပြောရန် ဟန်ပြင်လိုက်စဉ် လကွယ်ဂိုဏ်းချုပ်က ကြားဖြတ်ကာ လုချန်းကို

“ကျုပ်ကတော့ လုချန်းရဲ့ စကားကို ယုံကြည်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ဘယ်လိုမျိုး ရရှိခဲ့တာလဲဆိုတာကိုတော့ ကျုပ် တကယ်ကို သိချင်မိတယ်။”

လကွယ်ဂိုဏ်းချုပ်က ဆက်လက်၍

“ထျန်းရန် နတ်ဘုရား နယ်မြေထဲမှာ သူတော်စင် အဆင့် နည်းဗျူဟာ ပုံစံတွေက အလွန်ပဲ ရှားပါးလှတယ်။ အထူးသဖြင့် ချိပ်ပိတ်တဲ့ အမျိုးအစားတွေပေါ့။ ကျုပ်ဆိုရင် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံအကြောင်းကို တစ်ခါမှ မကြားဖူးဘူး။”

လုချန်းက

“အဲဒီနည်းဗျူဟာပုံစံကို နတ်ဆိုးဧကရာဇ်က ကျုပ်ကို သင်ကြားပေးခဲ့တာပါ။ ကျုပ် ကစဉ့်ကလျား ပင်လယ်ထဲမှာ ရှိနေတုန်းက နတ်ဆိုးဧကရာဇ်နဲ့အတူ အချိန်အတန်ကြာ ခရီးသွားခဲ့ဖူးပါတယ်။”

လုချန်း၏ ထိုတုံ့ပြန်မှုကြောင့် ရောက်ရှိနေသူ အားလုံး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ကြက်သေသေကာ မှင်တက်သွားကြရ၏။

နတ်ဆိုးဧကရာဇ် တဲ့လား။

လုချန်းနှင့် နတ်ဆိုးဧကရာဇ်တို့အကြား ပတ်သက်မှုများ ရှိနေတယ်လား။

ဤအရာက တကယ်ပဲလား။

လုချန်းက လိမ်ညာနေခြင်း ဖြစ်နိုင်သလား။

သို့သော် နတ်ဆိုးဧကရာဇ်၏ အရှိန်အဝါကို ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။ ယခုအခါ နတ်ဆိုးဧကရာဇ်သည် သူ၏ နတ်ဧကရာဇ် ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိထားပြီးဖြစ်ရာ နတ်ဆိုးဧကရာဇ်ကို ခုတုံးလုပ်၍ မည်သူက လိမ်ညာဝံ့မည်နည်း။

နတ်ဆိုးဧကရာဇ်၏ အမည်ကို ကြားလိုက်ရသဖြင့် လကွယ်ဂိုဏ်းချုပ်ကလည်း လုချန်း ပြောသည်မှာ အမှန်တရား ဖြစ်နိုင်ကြောင်း တွေးတောမိသွား၏။

နတ်ဆိုးဧကရာဇ်က လုချန်းကို ထိုနည်းဗျူဟာပုံစံအား တကယ်ပင် ပေးခဲ့ခြင်း ဖြစ်နိုင်လား။

နတ်ပလ္လင်ပေါ်တွင် ထိုင်နေသော လကွယ်ဂိုဏ်းချုပ် သတိပြန်ဝင်လာပြီးနောက် လုချန်းကို

“သူက ခင်ဗျားကို ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ဘာဖြစ်လို့ သင်ပေးခဲ့ရတာလဲ။”

ဟု ထပ်မံမေးမြန်းလိုက်၏။

လုချန်းက

“သူရဲ့ ကောင်းကင်လျှို့ဝှက်ချက် ပညာက အလွန်ကို ထူးခြားဆန်းကြယ်ပြီး အနာဂတ် ဖြစ်ရပ်တွေကို တွက်ချက်နိုင်စွမ်း ရှိပါတယ်။ သူက ကျုပ်ရဲ့ နတ်ဝိညာဉ် အလွန်အား ကောင်းတာကို သတိပြုမိပြီး ကျုပ်ဟာ သူတော်စင် အဆင့် နည်းဗျူဟာ ပုံစံတွေရဲ့ အင်းကွက်တွေကို ရေးဆွဲနိုင်မှန်း သိသွားလို့ နေမှာပါ။ နောက်ပြီး နေဝင်တောင်တန်းမှာရှိတဲ့ သတ္တဝါဆန်းတွေရဲ့ ချိပ်ပိတ်မှုတွေ လျော့ရဲလာနေတာကို သိလို့ ထျန်းရန် နတ်ဘုရား နယ်မြေက နတ်တွေနဲ့အတူ ချိပ်ပိတ်မှုတွေကို ပြန်လည်ခိုင်မာအောင် ကူညီဖို့ ကျုပ်ရဲ့ အကူအညီကို လိုအပ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။”

ဒါက...

လုချန်း၏ အကျိုးအကြောင်းဆီလျော်လှသော ရှင်းလင်းချက်ကို ကြားရလျှင် လူအများစုလည်း သူပြောသည်မှာ အမှန်တရား ဖြစ်ကြောင်း ယုံကြည်ရန် တိမ်းညွတ်သွားကြ၏။

သို့သော် နတ်ဆိုးဧကရာဇ်က တကယ်ပင် ထိုမျှ ရက်ရောတတ်သူ ဖြစ်ပါသလား။

လကွယ်ဂိုဏ်းချုပ်သည် ခဏခန့် အတွေးထဲနစ်မြော သွားသော်လည်း လုချန်းပြောသော စကား၏ အမှန်အမှားကို ခွဲခြားနိုင်ခြင်း မရှိပေ။ နတ်ဆိုးဧကရာဇ်နှင့် ပတ်သက်လာလျှင် သူကိုယ်တိုင် သွားရောက်၍ အတည်ပြု စစ်ဆေးနိုင်ခြင်း မရှိသည်ကတော့ အမှန်ပင် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ လုချန်းအနေနှင့် နတ်ဆိုးဧကရာဇ်၏ အမည်ကို ထုတ်ဖော်ပြောဝံ့ခြင်းမှာ တစ်စုံတစ်ရာသော ဆက်စပ်မှု ရှိနေကြောင်း ထင်ရှားပေသည်။

သာမန်လူများသာဆိုလျှင် သေတွင်းထဲသို့ သက်သက် ဆင်းလိုခြင်း မဟုတ်ပါက နတ်ဆိုးဧကရာဇ်အား ဤသို့ လွှဲချပြောဆိုဝံ့ကြမည် မဟုတ်ပေ။

လကွယ်ဂိုဏ်းချုပ် သတိပြန်ဝင်လာကာ

“ဒါ့‌ကြောင့်ကိုး။”

လကွယ်ဂိုဏ်းချုပ်က ဆက်လက်၍

“ဒါနဲ့... ခင်ဗျားရဲ့ နတ်ဝိညာဉ်က ဘာလို့ ဒီလောက်တောင် ကြံ့ခိုင်နေရတာလဲ။ ကျုပ်အထင်တော့ ခင်ဗျားရဲ့ ပင်မကိုယ်က အခုအချိန်မှာ နတ်သခင်အဆင့်ကို ရောက်နေပြီ ထင်တယ်။”

လုချန်း အရိုင်းနယ်မြေ၌ ရှိနေခြင်းမှာ သာမန်ကိစ္စမဟုတ်ကြောင်း လကွယ်ဂိုဏ်းချုပ် ယခု သဘောပေါက်သွား၏။ အကယ်၍ လုချန်းသည် နတ်ဆိုးဧကရာဇ်နှင့် တကယ် ပတ်သက်မှု ရှိနေပါက အရိုင်းနယ်မြေရှိ ချင်နတ်ဘုရားနိုင်ငံသည် အနှစ်သာရအားဖြင့် နတ်ဆိုးဧကရာဇ် ချမှတ်ထားသော နယ်ရုပ်တစ်ခု ဖြစ်နေပေလိမ့်မည်။

ဟုတ်ပါသည်။ နတ်ဆိုးဧကရာဇ်နှင့် ထိပ်တိုက်မတွေ့ပဲ လုချန်းကို အလွယ်တကူ အရေးယူ၍ မရနိုင်ကြောင်းကိုလည်း လကွယ်ဂိုဏ်းချုပ် ယူဆသွား၏။

အကယ်၍ လုချန်းသာ နတ်ဆိုးဧကရာဇ်နှင့် တကယ် ဆက်စပ်နေပါက လုချန်းကို ထိခိုက်အောင် ပြုလုပ်ခြင်းသည် ကျားမြီးဆွဲသကဲ့သို့ မလိုအပ်သော ပြဿနာများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားနိုင်သည်။

ထို့ပြင် နေဝင်တောင်တန်းအတွင်းရှိ ချိပ်ပိတ်မှုများမှာ ခန့်မှန်းရခက်ခဲလှပြီး သတ္တဝါဆန်းများလည်း အချိန်မရွေး လွတ်မြောက်လာနိုင်သည်။

လကွယ်ဂိုဏ်းချုပ်သည် နတ်အလောင်းကြီးကို သန့်စင်ထားနိုင်ခဲ့သော်လည်း သူ၏ နတ်ဝိညာဉ်ကတော့ နတ်သခင် အဆင့်တွင်သာ ရှိနေသေးသဖြင့် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ၏ အင်းကွက်များကို အပြည့်အဝ မရေးဆွဲနိုင်သေးပေ။ ထို့ကြောင့် လုချန်း ရှိနေရန် လိုအပ်သည်။

လုချန်းက လကွယ်ဂိုဏ်းချုပ်ကို

“ကျုပ်လည်း မသိပါဘူး။ ကျုပ်က မွေးကတည်းက နတ်ဝိညာဉ် အားကောင်းလာခဲ့တာပါ။”

လကွယ်ဂိုဏ်းချုပ်က

“ဖြစ်နိုင်တာကတော့ ခင်ဗျားဟာ နတ်ဧကရာဇ်တစ်ပါး လူပြန်ဝင်စားလာတာ ဖြစ်လိမ့်မယ်။”

ဟု မှတ်ချက်ပြုလိုက်၏။

လုချန်းက

“ဂိုဏ်းချုပ်ကြီးက နောက်ပြောင်နေပြန်ပါပြီ။ အကယ်၍ ကျုပ်သာ နတ်ဧကရာဇ်တစ်ပါးရဲ့ လူဝင်စားဖြစ်မယ်ဆိုရင် ထျန်းရန် နတ်ဘုရား နယ်မြေကနေ ဘယ်လိုလုပ် မောင်းထုတ်ခံရပါ့မလဲ။”

လကွယ်ဂိုဏ်းချုပ်က

“ခင်ဗျားရဲ့ အခြေအနေတွေကို ကျုပ် ကြားသိထားပါတယ်။ ခမ်းနားသော ကောင်းကင်ခန်းမက တကယ်ကို ရွံရှာစက်ဆုပ်ဖို့ ကောင်းတာ အမှန်ပဲ။ စိတ်အေးအေးထားပါ။ ကျုပ်တို့ လကွယ်ဂိုဏ်းက ခင်ဗျားရဲ့ နောက်မှာ ရှိနေပေးမှာမို့ ဘယ်အင်အားစုကမှ ခင်ဗျားကိုရော ခင်ဗျားရဲ့ နတ်ဘုရား နိုင်ငံကိုပါ ဒုက္ခပေးဝံ့မှာ မဟုတ်ဘူး။”

လုချန်းက လကွယ်ဂိုဏ်းချုပ်ကို

“ဂိုဏ်းချုပ်ကြီးကို ကျေးဇူးတင်ပါတယ်။ အကယ်၍ လကွယ်ဂိုဏ်းက တစ်စုံတစ်ခု လိုအပ်တာမျိုး ရှိရင် ချင်နတ်ဘုရားနိုင်ငံက ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်ကို နာခံသွားမှာပါ။”

ဤအရာများမှာ နားထောင်ကောင်းသော ဟန်ဆောင်စကားများသာ ဖြစ်၏။ လကွယ်ဂိုဏ်းသည် လုချန်းကို တကယ် ကျောထောက်နောက်ခံ ပြုပေးမည်မဟုတ်သကဲ့သို့ သူသည်လည်း ဂိုဏ်း၏ အမိန့်များကို လက်တွေ့တွင် လိုက်နာသွားမည် မဟုတ်ပေ။

သို့သော်လည်း ယခုလို အခြေအနေမျိုးတွင် လူမှုရေးအရ နား‌ထောင်ကောင်းသော စကားများကိုတော့ ပြောဆိုရမည်သာ ဖြစ်သည်။

--

…………

All Chapters