← Chapters

အခန်း ၁၉၉၃

Vol. 133 Ch. 1993

အခန်း ၁၉၉၃

Vol. 133 Ch. 1993

အခန်း (၁၉၉၃)

မလှုပ်ရှားခင် သေချာစဉ်းစား

လုချန်းသည် နတ်သခင် ကောင်းကင်နောက်သို့ လိုက်၍ လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ပြန်လာခဲ့ပြီးနောက် နတ်သခင် ယွမ်မုန့်နှင့် ချက်ချင်းပင် တွေ့ဆုံခဲ့သည်။

ယွမ်မုန့် နန်းတော်အတွင်း၌ ခုနစ်ရောင်ခြယ် နတ်အရှိန်အဝါများ ဝန်းရံလျက်ရှိပြီး မွှေးပျံ့သောအနံ့တစ်ခုကလည်း လေထဲတွင် ပျံ့လွင့်နေသည်။

ခုနစ်ရောင်ခြယ် တိမ်လွှာဝတ်ရုံကို ဆင်မြန်းထားသော နတ်သခင် ယွမ်မုန့်သည် ခန်းမအလယ်တွင် ငြိမ်သက်စွာ ရပ်နေ၏။

နတ်သခင် ကောင်းကင်က လုချန်းကို နတ်သခင် ယွမ်မုန့်ရှေ့သို့ ခေါ်ဆောင်လာပြီးနောက် နတ်သခင် ယွမ်မုန့်က နတ်သခင် ကောင်းကင်ကို

“ကောင်းကင်တောင်ထိပ်သခင်... ကျွန်မ လုချန်းနဲ့ ဆွေးနွေးစရာ ကိစ္စတွေရှိလို့ ရှင်အရင်ထွက်သွားလို့ရပြီ။”

နတ်သခင် ကောင်းကင်သည် ထပ်မစဉ်းစားတော့ပဲ လှည့်ထွက်သွားခဲ့သည်။

နတ်သခင် ကောင်းကင် ထွက်သွားပြီးနောက် နတ်သခင် ယွမ်မုန့်သည် လုချန်း၏ အနားသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး

“နတ်သခင် ကောင်းကင်က ရှင့်ကို အကုန်ပြောပြပြီးလောက်ပြီ မဟုတ်လား။”

လုချန်းက ပြုံးလျက်

“သူ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဖိတ်ခေါ်တာထက်စာရင် ကျုပ်ကို လျှို့ဝှက်လဝန်း ကျောင်းတော်ကို လာဖို့ ရှုကျင့်ရှူးကို သုံးပြီး ခြိမ်းခြောက်ခဲ့တာပါ။”

ထိုအရာကို ကြားလျှင် နတ်သခင် ယွမ်မုန့် အနည်းငယ် အံ့အားသင့်သွား၏။

သူမ၏ မူလရည်ရွယ်ချက် မည်သည့်အခြေအနေမျိုးပဲဖြစ်ဖြစ် လုချန်းသည် ဤနေရာသို့ ကိုယ်ပွားတစ်ခု စေလွှတ်ရမည်ဖြစ်ပြီး ၎င်းမှာ လုချန်းအတွက် ဖိတ်ခေါ်ချက်တစ်ခု ဖြစ်သည်။

မမျှော်လင့်ပဲ နတ်သခင် ကောင်းကင်သည် လုချန်းကို တကယ်ပင် ခြိမ်းခြောက်ခဲ့ပြီး ဖိအားပေးမှုဖြင့် သူမ၏ ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ဆောင်ခဲ့ပုံရ၏။ ၎င်းက ရှုကျင့်ရှူးသည် လုချန်းအတွက် တော်တော်လေး အရေးပါကြောင်းလည်း ပြသနေသည်။

အကယ်၍ သူတို့က ရှုကျင့်ရှူးကို သုံးပြီး လုချန်းကို ဆက်လက် ခြိမ်းခြောက်မယ်ဆိုရင်...

နတ်သခင် ယွမ်မုန့်၏ စိတ်ထဲသို့ ထိုအတွေး ဝင်လာစဉ်မှာပင် လုချန်း၏ စကားများက သူမ၏ အတွေးပွားနေမှုကို ဖြတ်တောက်လိုက်သည်။

“နတ်သခင် ကောင်းကင်က ကျုပ်ကို ခြိမ်းခြောက်ခဲ့ပေမဲ့ ကျုပ် လျှို့ဝှက်လဝန်း ကျောင်းတော်ကို လာရတဲ့ တကယ့်အကြောင်းရင်းက ရှုကျင့်ရှူးကြောင့် မဟုတ်ပါဘူး။”

“လက်ရှိမှာ လျှို့ဝှက်လဝန်း ကျောင်းတော်က ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ နတ်ဆိုးဧကရာဇ် ဖြစ်စေ၊ နတ်ဧကရာဇ်ရှီယွဲ့ ဖြစ်စေ နှစ်ဦးစလုံးက အလယ်ပိုင်းနယ်မြေထဲကို ဝင်ရောက်လာနိုင်ပါတယ်။”

လုချန်း၏ စကားများကို ကြားရလျှင် နတ်သခင် ယွမ်မုန့် သူမ၏ မျက်ခုံးကို အနည်းငယ် တွန့်လိုက်မိသည်။

ရှုကျင့်ရှူးကြောင့် မဟုတ်ဘူးလား။

လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် ဖြစ်နိုင်မလား။

လုချန်း ဒီလောက် စိတ်နှလုံး ကောင်းရှိလိမ့်မယ်လို့ သူမ မထင်မိပေ။

ထိုအခိုက်အတန့်တွင် လုချန်းက ပြုံးလျက်

“လျှို့ဝှက်လဝန်း ကျောင်းတော်နဲ့ ပတ်သက်ပြီး ကျုပ်က အခုအချိန်မှာ တော်တော်လေး အရေးပါနေတယ်လို့ မသတ်မှတ်နိုင်ဘူးလား။”

သူ၏ မေးခွန်းကို ကြားသောအခါ နတ်သခင် ယွမ်မုန့်လည်း လုချန်း နောက်ထပ် ဘာပြောလာမလဲဆိုတာကို ဖြည်းဖြည်းချင်း သဘောပေါက်သွားသည်။ သူက ဈေးဆစ်ချင်နေခြင်း ဖြစ်သည်။

နတ်သခင် ယွမ်မုန့် မပြန်ပြောနိုင်ခင်မှာပင် လုချန်းက ဆက်ပြောလိုက်သည်။

“အခုအချိန်မှာ ကျုပ် ဘယ်လို အခြေအနေမျိုးပဲ တောင်းဆိုတောင်းဆို ခင်ဗျားတို့ရဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်က သဘောတူလိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။”

နတ်သခင် ယွမ်မုန့်က

“ရှင် ရှုကျင့်ရှူးကို ခေါ်သွားချင်တာလား။”

လုချန်းက ခေါင်းယမ်းလိုက်သည်။

“ကျုပ် ပြောပြီးပြီပဲ... ကျုပ် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ရောက်နေရတဲ့ တကယ့်အကြောင်းရင်းက သူကြောင့် မဟုတ်ပါဘူးလို့။”

“ဒါပေမဲ့ သူ့ကို ခေါ်သွားတာကတော့ ကျုပ်ရဲ့ တောင်းဆိုချက်တွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။”

နတ်သခင် ယွမ်မုန့်၏ မျက်နှာ ချက်ချင်းပင် အေးစက်သွား၏။

သူတို့၏ ဘိုးဘေးက ခန္ဓာကိုယ်သိမ်းပိုက်ဝင်စားခြင်းကို မသုံးပဲ နောက်ထပ် ဘဝတစ်ခု ထပ်မံရှင်သန်နိုင်သည်ဟု ပြောခဲ့သော်လည်း ၎င်းက ရှုကျင့်ရှူးနှင့် သူမ၏ ဝမ်းဗိုက်ထဲမှ ကလေးသည် အသုံးမဝင်တော့ဟု မဆိုလိုပေ။

သူတို့၏ ဘိုးဘေး တံခါးပိတ် ကျင့်စဉ်စခန်း မဝင်မီက သူတော်စင်မ အရည်အချင်းရှိသူ မည်သူ့ကိုမဆို ပြန်ခေါ်လာရမည်ဟု ပြောခဲ့ဖူးသည်။

ထင်ရှားသည်မှာ ထိုသူများသည် သူတို့၏ ဘိုးဘေးအတွက် အသုံးဝင်၍ ဖြစ်ရမည်။ မဟုတ်ပါက သူတို့၏ ဘိုးဘေးသည် ဤကဲ့သို့သော အမိန့်ကို ထုတ်ပြန်ခဲ့မည်မဟုတ်ချေ။

အကယ်၍ လုချန်းက ရှုကျင့်ရှူးကို ခေါ်သွားပြီးမှ သူတို့၏ ဘိုးဘေး နိုးထလာကာ ရှုကျင့်ရှူးနှင့် သူမ၏ ဝမ်းဗိုက်ထဲက ကလေးကို လိုအပ်နေလျှင် ဘယ်လိုလုပ်မည်နည်း။

အရေးကြီးဆုံးကတော့ ထိုအရာက သူ၏ တောင်းဆိုချက်များထဲမှ တစ်ခုသာဖြစ်သည်ဟု လုချန်းက ပြောခဲ့ခြင်းဖြစ်ပြီး သူ့၌ အခြားသော တောင်းဆိုချက်များလည်း ရှိနေသေးသည်ဟု အဓိပ္ပာယ်ရသည်။

ဒီလူကတော့ ခြင်္သေ့ပါးစပ် ဖွင့်ဖို့ ပြင်နေတာပဲ။

နတ်သခင် ယွမ်မုန့်၏ အမူအရာက ပိုအေးစက်သွားပြီး ပြတ်ပြတ်သားသား လေသံဖြင့် မေးလိုက်သည်။

“ရှင့်မှာ တခြား ဘာတောင်းဆိုချက်တွေ ရှိသေးလဲ။ အကုန်ထုတ်ပြောလိုက်ပါ။”

လုချန်းက ချက်ချင်းပင်

“ကျုပ် နတ်သခင် ကောင်းကင်ကို ကျုပ်ရဲ့ အဖော်အဖြစ် လိုချင်ပါတယ်။”

နတ်သခင် ယွမ်မုန့်သည် ခဏခန့် စကားမဲ့သွား၏။

လုချန်းသည် နတ်သခင် ကောင်းကင်ကို တကယ်ပင် လိုက်လံနှောင့်ယှက်ရန် စိတ်အားထက်သန်နေပုံရသည်။ နတ်သခင် ကောင်းကင်၏ တပည့်များသည် လုချန်းကြောင့် အကြီးအကျယ် စိတ်ဒုက္ခရောက်ခဲ့ရပြီးပြီဖြစ်ကာ ယခုအခါတွင် လုချန်းက နတ်သခင် ကောင်းကင်ကိုပါ ပစ်မှတ်ထားလာခဲ့ပြီဖြစ်သည်။

အမှန်တော့ လုချန်းသည် နတ်သခင် ကောင်းကင်ကိုသာ မျက်စိကျနေသည်မဟုတ်ပဲ သူမကိုလည်း မျက်စိကျနေခြင်း ဖြစ်သည်။

သို့သော် ထိုမျှများပြားသော တောင်းဆိုချက်များကို လုချန်း တစ်ပြိုင်နက်တည်း မထုတ်ပြခဲ့ပေ။ အကြောင်းမှာ နတ်သခင် ယွမ်မုန့်သည် မည်သို့ပင်ဆိုစေကာမူ လျှို့ဝှက်လဝန်း ကျောင်းတော်၏ ကျောင်းတော်သခင် ဖြစ်နေသောကြောင့်ပင်။

တကယ့် သေရေးရှင်ရေး အခိုက်အတန့်သို့ မရောက်မချင်း သူမသည် သူမ၏ ဂုဏ်သိက္ခာကို ထိုကဲ့သို့ လဲလှယ်လိမ့်မည် မဟုတ်ပေ။

နတ်သခင် ယွမ်မုန့် သတိပြန်ဝင်လာပြီး လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ

“ရှင် ဘာပြောနေလဲဆိုတာ ရှင်သိရဲ့လား။”

လုချန်းက တုံ့ပြန်သည်။

“ဒါပေါ့... ကျုပ် သိတာပေါ့။”

လုချန်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် နတ်သခင် ယွမ်မုန့်သည် သူမ၏ ခန္ဓာကိုယ်မှ နတ်သခင်အဆင့် ဖိအားတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်ပြီး အေးစက်စွာ တုံ့ပြန်လိုက်သည်။

“နတ်သခင် ကောင်းကင်က လျှို့ဝှက်လဝန်း ကျောင်းတော်၏ တောင်ထိပ်သခင်ပဲ။ ရှင် ပစ်မှားလို့ရတဲ့သူ မဟုတ်ဘူး။”

လုချန်းက

“အကယ်၍ လျှို့ဝှက်လဝန်း ကျောင်းတော်က သဘောမတူဘူးဆိုရင်လည်း ထားလိုက်ပါတော့။ ကျုပ် လျှို့ဝှက်လဝန်း ကျောင်းတော်ကနေ ချက်ချင်း ထွက်သွားပါ့မယ်။”

လုချန်း ဤမျှ ပြတ်သားလိမ့်မည်ဟု နတ်သခင် ယွမ်မုန့် မမျှော်လင့်ထားပေ။ ထို့နောက် သူမက ချက်ချင်းပင် ခြိမ်းခြောက်လိုက်သည်။

“ရှုကျင့်ရှူးက လျှို့ဝှက်လဝန်း ကျောင်းတော်ထဲမှာ ရှိနေသေးတယ်ဆိုတာကို မမေ့နဲ့ဦး။”

လုချန်းက ပေါ့ပေါ့ပါးပါးပင်

“ကျုပ် အစကတည်းက ပြောပြီးသားပဲ။ ကျုပ် လျှို့ဝှက်လဝန်း ကျောင်းတော်ကို လာတာ ရှုကျင့်ရှူးကြောင့် မဟုတ်ပါဘူးလို့။ သူ့ကို သုံးပြီး ကျုပ်ကို လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် အလုပ်အကျွေးပြုဖို့ ခြိမ်းခြောက်နိုင်မယ်လို့ ခင်ဗျား ထင်နေတာလား။”

နတ်သခင် ယွမ်မုန့်က အေးစက်စွာ တုံ့ပြန်လိုက်သည်။

“ရှင် သူ့အပေါ် ဘာခံစားချက်မှ မရှိဘူးနဲ့တူတယ်။ အဲဒီလိုဆိုရင်တော့ ရှင်ပြောတဲ့စကားတွေကို သူ့ကို ပြောပြပြီး သူ့ရဲ့ ကိုယ်ဝန်ကို ဖျက်ချပေးလိုက်မယ်။ ရှင်နဲ့ ပတ်သက်သမျှ အကုန်လုံးကို အပြီးတိုင် ဖြတ်တောက်လိုက်မယ်။”

လုချန်းသည် သူ၏ မိန်းမနှင့် ကလေးအပေါ် လုံးဝ ဂရုမစိုက်ပဲ ဥပေက္ခာပြုနိုင်လိမ့်မည်ဟု နတ်သခင် ယွမ်မုန့် မယုံကြည်ပေ။

သူမသည် လုချန်းအကြောင်း စုံစမ်းသိထားပြီးဖြစ်သည်။ သူသည် တကယ်ပင် ကာမဂုဏ်မက်မောပြီး မဟာအင်အားစု အမြောက်အမြားမှ နတ်မိမယ်များနှင့် အတူတူ ထွက်ပြေးခဲ့ဖူးသော်လည်း လုချန်းသည် သူ၏ မိန်းမများကို အလွန် ကောင်းမွန်စွာ ဆက်ဆံတတ်သည်။

ထိုမိန်းမများသည် သူ့နောက်သို့ စိတ်ရောကိုယ်ပါ လိုက်ပါခဲ့ကြပြီး သူ့အတွက် ကစဉ့်ကလျား ပင်လယ်ထဲသို့ပင် လိုလိုလားလား ဝင်ရောက်ခဲ့ကြသည်။ အကြောင်းမှာ သူသည် အလွန် သံယောဇဉ်ကြီးပြီး သူတို့အပေါ် ထားရှိသော အချစ်ကို ခံစားရစေသောကြောင့်ပင်။

ယခု ရှုကျင့်ရှူး၏ ဝမ်းဗိုက်ထဲတွင် လုချန်း၏ ကလေးကိုပင် လွယ်ထားရ၏။

လုချန်းသည် ဆုတ်ယောင် ပြပြီး ရှေ့တိုးရန် ကြံနေပြီး သူမကို စေ့စပ်ညှိနှိုင်းလာစေရန် ဖိအားပေးနေခြင်း ဖြစ်သည်ဟု သူမ ခံစားရသည်။

ပြတ်ပြတ်သားသား ပြုမူခြင်းဖြင့် လုချန်းကို ထိန်းချုပ်နိုင်လိမ့်မည်ဟု နတ်သခင် ယွမ်မုန့်က ထင်နေစဉ်မှာပင် လုချန်းက ကွေ့ဝိုက်မနေပဲ

“ကျောင်းတော်သခင်... ရှုကျင့်ရှူးက ခင်ဗျားတို့ရဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် အရေးကြီးတယ်ဆိုတာကို ကျုပ် မသိဘူးလို့ တကယ်ပဲ ထင်နေတာလား။”

လုချန်း၏ စကားများကို ကြားရလျှင် နတ်သခင် ယွမ်မုန့် တုံ့ဆိုင်းသွားပြီး ချက်ချင်းပင် သတိကြီးစွာဖြင့် မေးလိုက်သည်။

“ရှင် ဘာကို ဆိုလိုတာလဲ။”

လုချန်းက

“လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ ဘိုးဘေးက ရှုကျင့်ရှူးနဲ့ သူ့ရဲ့ ဝမ်းဗိုက်ထဲက ကလေးအပေါ် တော်တော်လေး အလေးထားတယ်။”

လုချန်းက ဘိုးဘေးအကြောင်း ပြောလိုက်သည့်အခါ နတ်သခင် ယွမ်မုန့်၏ စိတ်ထဲ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

လုချန်းက သူတို့ ဘိုးဘေး ပူးကပ်သိမ်းပိုက်ရန် ခန္ဓာကိုယ် လိုအပ်နေတဲ့ကိစ္စကို သိနေတာများလား။

သူတို့ ဘိုးဘေးက ပူးကပ်သိမ်းပိုက်ရန် ခန္ဓာကိုယ်ကို မလိုအပ်တော့ဟု ဆိုသော်လည်း အကယ်၍ လုချန်းက သူတို့ ဘိုးဘေးအကြောင်းကို သိနေလျှင် လုချန်းသည် သူတို့ ဘိုးဘေး၏ အခြေအနေကိုပါ သိနေနိုင်သည်ဟု အဓိပ္ပာယ်ရသည်။

နတ်ဧကရာဇ် ယူလန် အကြောင်းသည် လျှို့ဝှက်လဝန်း ကျောင်းတော်၏ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်ပြီး အပြင်သို့ လုံးဝ ပေါက်ကြားခွင့် မရှိသော အရာ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် နတ်သခင် ယွမ်မုန့်၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်ပေါက်လာပြီး လုချန်းကို စိုက်ကြည့်ကာ

“ရှင် နောက်ထပ် ဘာတွေ သိနေသေးလဲ။”

နတ်သခင် ယွမ်မုန့်၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုသော ဆန္ဒကို ခံစားမိသော်လည်း လုချန်းက တည်ငြိမ်စွာဖြင့် ပြုံးလျက်

“နတ်ဧကရာဇ် ယူလန်။”

ထိုစကားလုံးများကို ကြားလျှင် နတ်သခင် ယွမ်မုန့်၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရပြန်သည်။ ပုံမှန်အားဖြင့် လျှို့ဝှက်လဝန်း ကျောင်းတော်မှ လူများသည် နတ်ဧကရာဇ် ယူလန်ကို ဘိုးဘေးဟုသာ ခေါ်ဆိုကြပြီး သူမ၏ ဘွဲ့အမည်ကို သိသူ အနည်းငယ်သာ ရှိသည်။

သို့သော် လုချန်းက နတ်ဧကရာဇ် ယူလန်၏ ဘွဲ့အမည်ကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုနိုင်ခြင်းက သူသည် နတ်ဧကရာဇ် ယူလန်၏ လက်ရှိအခြေအနေကို သိထားဖွယ်ရှိကြောင်း သက်သေပြနေသည်။

စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် နတ်သခင် ယွမ်မုန့်၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အရှိန်အဝါများ ပိုမို ထွက်ပေါ်လာပြီး မသိမသာပင် ယွမ်မုန့် ခန်းမအတွင်းရှိ အာကာသလည်း ချိပ်ပိတ်ခြင်း ခံလိုက်ရသည်။

နတ်သခင် ယွမ်မုန့်က အာကာသကို ပိတ်ဆို့လိုက်သည်ကို သတိပြုမိသော်လည်း လုချန်းက ညင်သာစွာ ပြောလိုက်သည်။

“ဒါက ကိုယ်ပွားတစ်ခုသက်သက်ပဲ... ကျောင်းတော်သခင် မလှုပ်ရှားခင် သေချာစဉ်းစားတာ ပိုကောင်းလိမ့်မယ်။”

လုချန်း၏ စကားလုံးများက နတ်သခင် ယွမ်မုန့်ကို လက်တွေ့ အခြေအနေဆီသို့ ချက်ချင်း ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

--

……….

All Chapters