← Chapters

အခန်း ၁၉၉၅

Vol. 133 Ch. 1995

အခန်း ၁၉၉၅

Vol. 133 Ch. 1995

အခန်း( ၁၉၉၅ )

သဘောကျဖို့ မလို

နတ်သခင် ကောင်းကင်၏ စကားကို ကြားလျှင် နတ်သခင် ယွမ်မုန့်လည်း နတ်သခင် ကောင်းကင်က သူမ၏ ရည်ရွယ်ချက်ကို နားလည်မှု လွဲသွားကြောင်း သဘောပေါက်လိုက်သည်။

သူမက ချက်ချင်းပင်

“အခုအချိန်မှာ လျှို့ဝှက်လဝန်း ကျောင်းတော်က လုချန်းကို လိုအပ်နေတာမလို့ တို့တ‌တွေ သူ့ကို သတ်လို့မရဘူး။ ဒါ့အပြင် သူက တို့ ဘိုးဘေးရဲ့ ကိစ္စကိုလည်း သိနေပြီဆိုတော့ ရှုကျင့်ရှူးကို သုံးပြီးတော့တောင် သူ့ကို ခြိမ်းခြောက်လို့ မရတော့ဘူး။”

“သူ လျှို့ဝှက်လဝန်း ကျောင်းတော်ဘက်ကနေ ကူညီပေးလာအောင်နဲ့ ဘိုးဘေးရဲ့ ကိစ္စကို လျှို့ဝှက်ထားပေးနိုင်ဖို့ဆိုရင် တစ်ခုတည်းသော နည်းလမ်းက သူ့ကို စည်းရုံးပြီး တို့လူ ဖြစ်အောင် လုပ်ဖို့ပဲ။”

နတ်သခင် ကောင်းကင်လည်း နတ်သခင် ယွမ်မုန့်၏ စကားများကို ရှုပ်ထွေးသွားသည်။

လုချန်းကို လျှို့ဝှက်လဝန်း ကျောင်းတော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်အောင် လုပ်ရမယ်ဟုတ်လား။

လုချန်းက ဘယ်လိုလုပ် လိုလိုလားလားနဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာမှာလဲ။

လုချန်းသည် သူ၏ကိုယ်ပိုင် နတ်ဘုရား နိုင်ငံကို တည်ထောင်ထားသူ ဖြစ်၏။ သူ့တွင် ကိုယ်ပိုင် အင်အားစု ရှိနေသဖြင့် လျှို့ဝှက်လဝန်း ကျောင်းတော်ထံ လုံးဝအညံ့ခံ ဝင်ရောက်လာရန် မဖြစ်နိုင်ပေ။

နတ်သခင် ယွမ်မုန့်က ယခုကဲ့သို့ စကားပလ္လင်များ ခင်ကျင်းပြီး မည်သည့်အရာကို ပြောလိုနေသည်ကို နတ်သခင် ကောင်းကင် စပ်စုချင်စိတ် ဖြစ်ပေါ်လာမိသည်။ နတ်သခင် ယွမ်မုန့်သည် လက်ခံနိုင်ဖွယ်မရှိသော အရာတစ်ခုကို ပြောတော့မည်ဖြစ်ကြောင်း သူမ မရေမရာ ခံစားမိနေသည်။

မဟုတ်ပါက သူမသည် ယခုကဲ့သို့ ရှည်လျားသော စကားပလ္လင်များကို ခံနေမည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် နတ်သခင် ယွမ်မုန့်သည် နတ်သခင် ကောင်းကင်၏ မျက်လုံးများကို တည်ကြည်စွာ စိုက်ကြည့်လျက်

“ညီမလေး… လုချန်းကို ရှင့်ရဲ့ ကျင့်ဖော်ကျင့်ဖက် ဖြစ်ခွင့်ပေးလိုက်ရင် ဘယ်လိုလဲ။”

ထိုစကားကြောင့် ခန်းမကြီးတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားပြီး အပ်ကျသံပင် ကြားရလောက်အောင် ငြိမ်သက်သွားခဲ့သည်။

ချက်ချင်း ဆိုသလိုပင် နတ်သခင် ကောင်းကင်၏ မျက်နှာထက်တွင် မယုံကြည်နိုင်ဟန်များ ပေါ်လွင်လာ၏။ နတ်သခင် ကောင်းကင် ထိုအရာကို စဉ်းစားတွေးတောနိုင်ရန်အတွက် နတ်သခင် ယွမ်မုန့်လည်း ဘာမှမပြောပဲ တိတ်ဆိတ်စွာဖြင့် သူမ၏ ခရမ်းနုရောင် မျက်ဝန်းများကိုသာ စိုက်ကြည့်နေခဲ့သည်။

အတန်ငယ် ကြာပြီးနောက်တွင် နတ်သခင် ကောင်းကင် နောက်ဆုံး၌ သတိပြန်ဝင်လာပြီး

“ကျောင်းတော်သခင်က နောက်နေတာ မဟုတ်ဘူးမလား။”

ဟု မေးလိုက်သည်။

နတ်သခင် ယွမ်မုန့်က

“မဟုတ်ပါဘူး။”

ဟု တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်၏။

နတ်သခင် ယွမ်မုန့်၏ လေးနက်လှသော အမူအရာကို တွေ့မြင်လိုက်ရလျှင် နတ်သခင် ကောင်းကင် တစ်ခဏခန့် မှင်တက်သွားရ၏။

လျှို့ဝှက်လဝန်း ကျောင်းတော်၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် သူမသည် နန်းတော်အတွက် သဘာဝကျကျ အနစ်နာခံသင့်သော်လည်း ထိုတဏှာရူး လုချန်း၏ ကျင့်ဖော်ကျင့်ဖက် ဖြစ်လာရမည်ဆိုသည်ကိုတော့…

သူသည် သူမ၏ တပည့်များ၏ ယောက်ျားလည်း ဖြစ်နေသည်ဟူသောအချက်ကို ထည့်မစဉ်းစားလျှင်တောင် သူမ၏ နှလုံးသားက ထိုအရာကို လက်မခံနိုင်သေးပေ။

နတ်သခင် ယွမ်မုန့်အနေနှင့် အကြောင်းပြချက်မရှိပဲ လုချန်း၏ အဖော်ဖြစ်လာရန် သူမကို အကြံပြုမည်မဟုတ်ကြောင်း နတ်သခင် ကောင်းကင် သဘောပေါက်လိုက်သည်။ ဤအရာသည် လုချန်း တောင်းဆိုထားသည့် တောင်းဆိုချက်တစ်ခု ဖြစ်နေ‌တာ ထင်ရှားသည်။

ထိုလူရှုပ်သည် သူမအပေါ် စိတ်ဝင်စားနေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သေချာလှ၏။ ထို့ကြောင့် ဤအခွင့်အရေးကို အသုံးချကာ သူမအား သူ၏ အဖော် အဖြစ် သတ်မှတ်ပေးရန် နတ်သခင် ယွမ်မုန့်ထံ အကြံပြုခဲ့ခြင်း ဖြစ်သည်။

ထိုအရာကို တွေးမိလိုက်သည်နှင့် နတ်သခင် ကောင်းကင်သည် ကောင်းကင်တောင်ထိပ်သို့ ချက်ချင်းပြန်ကာ လုချန်း၏ ကိုယ်ပွားကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်စိတ် ပေါက်လာမိသည်။ ထိုလူယုတ်မာသည် သူမ၏ တပည့်အားလုံးကို ဖျက်ဆီးခဲ့ရုံတင်မကပဲ ယခုတော့ သူမကိုပါ ချန်လှပ်ထားခြင်း မရှိတော့ပေ။

သူမ သူ့လို တဏှာရူးမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

နတ်သခင် ကောင်းကင်က

“ဒါကို လုချန်းက ကမ်းလှမ်းခဲ့တာလား။”

နတ်သခင် ယွမ်မုန့်က

“ဒါက သူ့ရဲ့ ကမ်းလှမ်းချက်လည်း ဟုတ်သလို ကျွန်မရဲ့ ရည်ရွယ်ချက်လည်း ဖြစ်တယ်။”

“တို့တတွေအနေနဲ့ ရှုကျင့်ရှူးနဲ့ သူရဲ့ မမွေးသေးတဲ့ ကလေးကို အန္တရာယ်မပြုနိုင်ဘူးဆိုတာကို သူ သိနေတယ်။ ဒါကြောင့် ရှုကျင့်ရှူးကို သုံးပြီး သူ့ကို ခြိမ်းခြောက်လို့ မရဘူး။”

“တို့ သူ့ကို စည်းရုံးနိုင်မယ့် အခြားနည်းလမ်းတွေကိုပဲ ရှာရတော့မယ်။”

နတ်သခင် ကောင်းကင် တိတ်ဆိတ်သွားခဲ့ပြန်သည်။ သူမသည် ထိုတဏှာရူး လုချန်းကို အလွန်ရွံရှာသော်လည်း ယခုတော့ မလွဲမရှောင်သာစွာဖြင့် သူ၏ ကျင့်ဖော်ကျင့်ဖက် ဖြစ်လာရတော့မည်ဖြစ်ရာ စိတ်ထဲတွင် အလွန်မသက်မသာ ဖြစ်နေမိသည်။

လုချန်း၏ အရေးပါမှုကိုလည်း သူမ သဘာဝကျကျ နားလည်ထားသည်။ လုချန်းသည် နတ်ဧကရာဇ် ယူလန်၏ ကိစ္စကို သိထားသူ ဖြစ်၏။

လျှို့ဝှက်လဝန်း ကျောင်းတော်အနေနှင့် သူ့ကို မစည်းရုံးနိုင်ခဲ့ပါက တစ်နေ့တွင် သူက နတ်ဧကရာဇ် ယူလန်၏ ကိစ္စရပ်များကို ဖွင့်ဟလိုက်သည်နှင့် လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် အန္တရာယ်ကြီးသွားပေလိမ့်မည်။

သို့သော် သူမ၏ တပည့်များနှင့်အတူ လုချန်းကို အတူတကွ ပြုစုလုပ်ကျွေးရမည်ဆိုသည်က သူမအတွက် လုံးဝ တွေးဝံ့စရာပင် မရှိချေ။ သူမသည် အနည်းဆုံးတော့ နတ်သခင် အဆင့်တစ်ယောက် ဖြစ်သလို လျှို့ဝှက်လဝန်း ကျောင်းတော်၏ တောင်ထိပ်သခင်တစ်ဦးလည်း ဖြစ်သည်။

နတ်သခင် ကောင်းကင် တစ်ယောက် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသည်ကို တွေ့မြင်လျှင် နတ်သခင် ယွမ်မုန့်လည်း သက်ပြင်းတစ်ချက်ချကာ ဆက်လက်၍

“ကျွန်မလည်း ရှင့်ကို သူ့ရဲ့ ကျင့်ဖော်ကျင့်ဖက် မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ တို့ ဘိုးဘေးနဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် ရှင့်ရဲ့ အစ်မတစ်ယောက်အနေနဲ့ ကျွန်မမှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။”

“ရှင် စိတ်မပါဘူးဆိုရင်လည်း ထားလိုက်ပါတော့။”

“လုချန်းက လျှို့ဝှက်လဝန်း ကျောင်းတော်က တခြား နတ်သမီးတွေကို စိတ်ဝင်စားလားဆိုတာ ကျွန်မ စုံစမ်းကြည့်ပါ့မယ်။”

နတ်သခင် ယွမ်မုန့်က ‌ရှေ့နှစ်လှမ်းတိုးရန် နောက်တစ်လှမ်း ဆုတ်သည့် ဗျူဟာကို သုံးနေခြင်းဖြစ်ကြောင်း နတ်သခင် ကောင်းကင် သိသည်။ လျှို့ဝှက်လဝန်း ကျောင်းတော်၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် သူမတွင် ကျောင်းတော်သခင်၏ အမိန့်ကို ငြင်းပယ်ပိုင်ခွင့် မရှိသည့်အပြင် ဤအရာသည် လျှို့ဝှက်လဝန်း ကျောင်းတော်၏ လုံခြုံဘေးကင်းရေးနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။

ထိုသို့ဖြင့် နတ်သခင် ကောင်းကင်လည်း မတတ်သာတော့ပဲ

“ကျွန်မက သူ့ရဲ့ ပစ်မှတ်ထဲ ရောက်နေပြီဆိုမှတော့ သူက သူ့ရဲ့ တောင်းဆိုချက်ကို အလွယ်တကူ ပြောင်းလဲမှာ မဟုတ်ပါဘူး။”

နတ်သခင် ယွမ်မုန့်က

“ဒါဆို… ရှင် သဘောတူဖို့ ရည်ရွယ်ထားတယ်လို့ ဆိုလိုတာလား။”

ဟု အကဲခတ်ကာ မေးလိုက်၏။

နတ်သခင် ကောင်းကင် ခဏခန့် တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင်

“လျှို့ဝှက်လဝန်း ကျောင်းတော်အတွက်ဆိုရင် ဒါက ကျွန်မရဲ့ တာဝန်ပါပဲ။”

ဟု ပြောလိုက်သည်။

သူမအနေနှင့် လုချန်း၏ အဖော် ဖြစ်လာရန် စိတ်မပါသော်လည်း လုချန်းသည် လက်ရှိတွင် လျှို့ဝှက်လဝန်း ကျောင်းတော်၏ လျှို့ဝှက်ချက်များကို ဆုပ်ကိုင်ထားသူ ဖြစ် နေသည်။ ထို့ပြင် ဤအရာသည် ခန္ဓာကိုယ် ပေးအပ်ခြင်းနှင့် သိက္ခာအနည်းငယ် အနစ်နာခံရရုံမျှသာ ဖြစ်သည်။

ထိုသို့ပြုလုပ်ပြီး လျှို့ဝှက်လဝန်း ကျောင်းတော်ကို ကာကွယ်စောင့်ရှောက်နိုင်ပါက ယခုကဲ့သို့ ပေးဆပ်မှုက ကြီးမားသော အရာမဟုတ်ပေ။ သူမအနေနှင့် ၎င်းကို ခွေးကိုက်ခံရသည်ဟုသာ သဘောထားလိုက်ရုံပင်။

နတ်သခင် ကောင်းကင်က သဘောတူလိုက်သည်ကို တွေ့မြင်လျှင် နတ်သခင် ယွမ်မုန့်က ထပ်မံသက်ပြင်းချလျက်

“ညီမလေးကို ... အခုလို ဒုက္ခပေးမိတဲ့အတွက် အစ်မ တောင်းပန်ပါတယ်။”

“ဘိုးဘေး အောင်မြင်စွာ ထွက်ပေါ်လာတဲ့အခါ... ညီမရဲ့ ဒီနေ့ ပေးဆပ်မှုကို ဘိုးဘေးဆီ အစ်မ အသေအချာ ပြောပြမှာပါ။ နောင်ကျရင် ဘိုးဘေးက ညီမကို ပြန်လည်ပေးဆပ်ပါလိမ့်မယ်။”

နတ်သခင် ကောင်းကင်သည် စကားအများကြီး ဆက်မပြောတော့ပေ။ ရိုးရိုးသားသား ပြောရလျှင် နတ်သခင် နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သော လူတစ်ယောက်အတွက် လျှို့ဝှက်လဝန်း ကျောင်းတော်က လျော်ကြေးအဖြစ် ပေးနိုင်သည့်အရာဟူ၍ မရှိသလောက်ပင် ဖြစ်သည်။

သူမ နတ်သခင် ယွမ်မုန့်ကို သဘောတူခဲ့ခြင်းမှာ မည်သည့်လျော်ကြေး သို့မဟုတ် ပေးဆပ်မှုအတွက်မှ မဟုတ်ပဲ လျှို့ဝှက်လဝန်း ကျောင်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသောကြောင့်သာ ဖြစ်သည်။ ထိုနေရာတွင် ကြီးပြင်းလာခဲ့ရသဖြင့် သူမသည် နန်းတော်အပေါ် နက်ရှိုင်းသော သံယောဇဉ်ရှိနေပြီး နန်းတော် ပျက်စီးခြင်းသို့ ဦးတည်သွားမည့် အရေးကို ဒီအတိုင်း ကြည့်မနေနိုင်ခြင်း ဖြစ်သည်။

ထို့နောက် နတ်သခင် ကောင်းကင်က

“ကျောင်းတော်သခင်မှာ အခြားကိစ္စ ရှိသေးလား။”

“မရှိဘူးဆိုရင် ကျွန်မ ပြန်ပါတော့မယ်။”

နတ်သခင် ယွမ်မုန့်က

“ကောင်းပါပြီ... ပြန်နိုင်ပါပြီ။”

နတ်သခင် ကောင်းကင်က သဘောတူပြီးဖြစ်သည့်အတွက် နောက်ထပ် ဘာလုပ်ရမည်ကို သူမ သိလိမ့်မည်ဟု နတ်သခင် ယွမ်မုန့် ယုံကြည်ထားပြီး သူမအား လုချန်းထံ ချက်ချင်းသွားရန်လည်း အတင်းအကျပ် မတိုက်တွန်းခဲ့ပေ။

ထို့နောက် နတ်သခင် ကောင်းကင် ယွမ်မုန့်ခန်းမမှ ထွက်ခွာသွားခဲ့သည်။ သူမ၏ ကျောပြင်ကို ကြည့်ရင်း နတ်သခင် ယွမ်မုန့် စိတ်ထဲ တော်တော်လေး ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

အဆုံးတွင်တော့ နတ်သခင် ကောင်းကင်သည်လည်း လျှို့ဝှက်လဝန်း ကျောင်းတော်၏ တောင်ထိပ်သခင်တစ်ဦး ဖြစ်ပေသည်။ သို့သော် ယခုအခါတွင် လျှို့ဝှက်လဝန်း ကျောင်းတော်အတွက်နှင့် သူတို့သည် ဤကဲ့သို့ အောက်တန်းကျသည့် နည်းလမ်းများကို အသုံးပြုနေရပေပြီ။

မည်သို့ပင်ဖြစ်စေ ဤ “အလှမာယာ ထောင်ချောက်” က လုချန်းအပေါ် အလုပ်မဖြစ်ဟု မည်သူ ပြောနိုင်ပါမည်နည်း။

အကယ်၍ ၎င်းက သူ့အပေါ် အလုပ်ဖြစ်ခဲ့လျှင် နောင်အနာဂတ်၌ လုချန်း ပိုစွမ်းအားကြီးမားလာလျှင် လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် အခြေအနေကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

သူမ၏ အိပ်မက်ထဲတွင် မြင်မက်ခဲ့သော နမိတ်ပုံရိပ်ကို တွေးမိလျှင် ယနေ့ ရွေးချယ်မှုက လုံးဝ မှားယွင်းခြင်း မရှိကြောင်း နတ်သခင် ယွမ်မုန့် ခံစားလိုက်ရသည်။ လုချန်းသည် နောင်အနာဂတ်တွင် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကယ်တင်ရှင် အစစ်အမှန် ဖြစ်လာနိုင်သည်။

အကယ်၍ သူတို့သည် နတ်သခင် ကောင်းကင်မှတစ်ဆင့် လုချန်းနှင့် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ချည်နှောင်ထားနိုင်ခဲ့ပါက ကပ်ဘေးကြီး ဆိုက်ရောက်လာသည့်အခါ စိုးရိမ်ပူပန်စရာ လိုတော့မည်မဟုတ်ချေ။

လုချန်း၏ နတ်သခင် ကောင်းကင်အပေါ် စိတ်ဝင်စားမှုမှာ ရမ္မက်ဆန္ဒသက်သက်လား သို့မဟုတ် စစ်မှန်သော သံယောဇဉ်လား ဆိုသည်ကိုတော့ မသိနိုင်သေးပေ။

ကောင်းကင်တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက် နတ်သခင် ကောင်းကင်သည် သူမ၏ နတ်အာရုံကို လွှတ်ထုတ်ကာ လုချန်းရှိရာ တည်နေရာကို ရှာဖွေပြီးနောက် သူ၏ အခန်းထဲတွင် ချက်ချင်း ပေါ်လာခဲ့သည်။

လုချန်းသည် တရားထိုင်ရန် ပြင်ဆင်နေစဉ် ဖြူဖွေးသော ဆံနွယ်များနှင့် မြင့်မြတ်လှသော အရှိန်အဝါတို့ ရှိနေသည့် နတ်သခင် ကောင်းကင် သူ၏ အခန်းထဲသို့ ရုတ်တရက် ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။ နတ်သခင် ကောင်းကင်သည် ရိုးရှင်းလှသော အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ကျော့ရှင်းလှပနေသည်။

ရိုးရှင်းသော ဝတ်စုံအောက်တွင် သူမ၏ သွယ်လျကျော့ရှင်းသော ကိုယ်လုံးကိုယ်ထည်က ထင်ရှားပေါ်လွင်နေပြီး သူမ၏ ခြေထောက်များက အဖြူရောင် ပန်းထိုးဖိနပ်များကို စီးထားကာ၊ သူမ၏ တစ်ကိုယ်လုံးကလည်း အေးစက်ပြီး ဆန္ဒကင်းမဲ့သည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

နတ်သခင် ကောင်းကင်သည် သူမ၏ ဦးခေါင်းကို အနည်းငယ် မော့လိုက်ပြီး ခရမ်းရောင် မျက်ဝန်းများဖြင့် လုချန်းကို အထင်သေးစွာ စိုက်ကြည့်လိုက်၏။

လုချန်းက ပြုံးလျက်

“ဆရာ… ကျုပ်ကို ဘာလို့ အဲဒီလိုကြီး စိုက်ကြည့်နေတာလဲ။”

နတ်သခင် ကောင်းကင်က မည်သည့်အမူအရာမှမရှိပဲ

“ကျွန်မရဲ့ ခန္ဓာကိုယ်ကို ရဖို့အတွက် ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးရင် ကျွန်မ ရှင့်ကို သဘောကျလာမယ်လို့ ထင်နေတာလား။”

လုချန်းက

“ခင်ဗျား ကျုပ်ကို သဘောကျဖို့ ဘာလို့ လိုအပ်မှာလဲ။”

ဟု ပြန်လည်ချေပလိုက်သည်။ --

All Chapters