← Chapters

အခန်း ၁၄၂၆

Vol. 96 Ch. 1426

အခန်း ၁၄၂၆

Vol. 96 Ch. 1426

အခန်း (၁၄၂၆) ကစားစရာ အရုပ်အသစ်

ဤသို့ပြောပြီးနောက် ဘိုးဘေးအကြီးအကဲက ရှေ့သို့ ပြေးဝင်လာကာ ရိန်ထျန်းချီနှင့် အကွာအဝေးကို နီးသွားစေခဲ့၏။ ထိုအခိုက်အတန့်မှာပင် ရိန်ထျန်းချီက သူ၏ဓားကို ရုတ်တရက် ဆွဲထုတ်ကာ ခုတ်ပိုင်းချလိုက်သည်။

ဘုန်း

မျက်စိကျိန်းမတတ် တောက်ပသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို ပိုင်းဖြတ်သွားမတတ် ဖြစ်သွား၏။

လူတိုင်းက သူတို့၏ အမြင်အာရုံများ ဖြူလွှသွားသည်ကိုသာ ခံစားလိုက်ရပြီး၊ ထို့နောက်တွင် ရေခဲတမျှ အေးစက်သော ဓားဆန္ဒက သူတို့၏ ဆံပင်မွေးညင်းတိုင်းကို ဖြတ်တောက်သွားသည့်အလား ကျောချမ်းဖွယ် ခံစားချက်တစ်ခုက လွှမ်းမိုးသွားခဲ့သည်။

ဤမျှ ထိုးဖောက်မြင်နိုင်သော ဓားဆန္ဒက လူတိုင်းကို သဘာဝကျကျပင် အသည်းခိုက်သွားစေခဲ့သဖြင့် တောက်ပသော အလင်းရောင်များ မှေးမှိန်သွားသောအခါ လူအုပ်ကြီးက ပြန်လည်မော့ကြည့်လိုက်ရာ သက်ကြီးအကြီးအကဲသည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေပြီး သူ၏နဖူးမှနေ၍ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားသော သွေးမျဉ်းပါးပါးလေးတစ်ခု စီးကျနေသည်ကို တွေ့လိုက်ရသည်။

ဒိုင်းခနံမြည်သံနှင့်အတူ သက်ကြီးအကြီးအကဲ၏ ခန္ဓာကိုယ်သည် လုံးဝ ကွဲအက်သွားပြီး နှစ်ပိုင်း ပြတ်သွားတော့သည်။ သွေးများ နေရာအနှံ့ ပန်းထွက်သွားပြီး သူက ထိုအတိုင်းပင် သေဆုံးသွားခဲ့သည်။

လူအုပ်ကြီးက ဆွံ့အ မှင်တက်စွာ စိုက်ကြည့်နေကြပြီး သူတို့ရှေ့ရှိ ကြောက်မက်ဖွယ် မြင်ကွင်းကို လက်ခံရန် ရုန်းကန်နေရ၏။ ရိန်ထျန်းချီ၏ မျက်နှာကမူ စိတ်အားထက်သန်မှုများဖြင့် လင်းလက်နေခဲ့သည်။ သူက ဓားကို ရိုသေလေးစားစွာ ပြန်လည်သိမ်းဆည်းကာ ကျောတွင် လွယ်လိုက်ပြီးနောက် အခန်းကို ဝေ့ကြည့်ကာ အေးစက်စွာ ကြေညာသည်။

"အခု ငါ့ကို ပြောစမ်း... ငါ့ကို မင်းတို့ရဲ့ အရှင်သခင်အဖြစ် အစေခံဖို့ ဆန္ဒရှိကြလား"

ရိန်မိသားစုဝင်များက အချင်းချင်း အနေခက်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်၏ မျက်လုံးထဲတွင် အခြားတစ်ယောက်က ထင်ရှားသော အကြောက်တရားများကို မြင်တွေ့နေရသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ယောက်က ရှေ့သို့ တွန့်ဆုတ်တွန့်ဆုတ် လှမ်းထွက်လာပြီး နက်ရှိုင်းစွာ ဦးညွှတ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။

"ကျွန်တော် ဆန္ဒရှိပါတယ်"

တစ်ယောက်က ဦးဆောင်လိုက်သည်နှင့် အခြားသူများကလည်း အလျင်အမြန် လိုက်ပါလုပ်ဆောင်ကြပြီး သစ္စာခံရန် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ အပြေးအလွှား ထွက်လာကြတော့သည်။ အဆုံးတွင် ရိန်မိသားစုဝင်တိုင်း ဒူးထောက်ကြသည်။ ရိန်ထျန်းချီက သူတို့ကို ကြည့်ပြီးနောက် ခေါင်းညိတ်သည်။

"အရမ်းကောင်းတယ်၊ အခုကစပြီး ရိန်မိသားစုကို ငါ ဦးဆောင်မယ်"

မကြာမီမှာပင် ရိန်ထျန်းချီက ရိန်မိသားစုသို့ တစ်ယောက်တည်း ပြန်လာပြီး ဘိုးဘေးအကြီးအကဲကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ကာ ခေါင်းဆောင်နေရာကို အောင်မြင်စွာ ပြန်လည်ရယူသွားကြောင်း သတင်းက တောမီးအလား ပျံ့နှံ့သွားခဲ့သည်။

"ဝိုး... ရိန်ထျန်းချီက ဘယ်လိုလုပ် ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ဓားပညာကို ပိုင်ဆိုင်ထားရတာလဲ"

"မေးနေစရာကို မလိုဘူး၊ သူ့နောက်ကွယ်က အစွမ်းထက်တဲ့ တစ်ယောက်ယောက်က သူ့ကို ပေးထားတာ သေချာတယ်"

"အဲဒီလူက ဘယ်သူလဲ၊ ပြီးတော့ သူက ဘာလိုချင်တာလဲ"

"ဘယ်သူမှ မသိနိုင်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီမြင်ကွင်းကို တွေ့ခဲ့တဲ့သူ အားလုံးက သေကုန်ပြီလေ"

ဤအံ့အားသင့်ဖွယ် တိုးတိုးတိတ်တိတ် စကားသံများကြားတွင် လော့ကျန့်၏ ဘက်တွင်လည်း အလားတူပင် အလျှော့မပေးခဲ့ချေ။ သူသည်လည်း ဓားတစ်လက်တည်းဖြင့် ဖန်းမိသားစု၊ မိုမိသားစုနှင့် အခြားသော မှူးမတ် မိသားစုများစွာကို တစ်ရက်တည်းဖြင့် ဖြိုခွင်းနိုင်ခဲ့သည်။

သူတို့၏ ပြိုင်ဘက်များက မည်မျှပင် ကာကွယ်မှုများ ပြုလုပ်ထားစေကာမူ သို့မဟုတ် မည်မျှပင် တံခါးပိတ် ကျင့်ကြံနေသော အထက်တန်းလွှာ သခင်ကြီးများကို ခေါ်ထုတ်လာစေကာမူ မည်သူကမျှ လော့ကျန့်၏ ဓားနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ချေ။ အစွမ်းထက်သူများ သုတ်သင်ခံလိုက်ရသည်နှင့် ကျန်ရှိနေသော အင်အားချည့်နဲ့သူများကို ဖြေရှင်းရန် များစွာ လွယ်ကူသွားခဲ့သည်။

ထို့ကြောင့် လော့ကျန့်၏ အင်အားစုများမှာ အရှိန်ရလာသော နှင်းလုံးကြီး တစ်လုံးအလား ပို၍ ပို၍ ကြီးမားလာခဲ့သည်။ ဤအရာကို ရင်ဆိုင်ရချိန်တွင် ရိန်ထျန်းချီကလည်း အရှုံးမပေးခဲ့ချေ။ ရိန်မိသားစုအတွင်းမှ ယုတ်မာသော လူဆိုးများကို ရက်စက်စွာ ရှင်းလင်းပြီးနောက် သူက ပတ်ဝန်းကျင် ဒေသများကို သိမ်းပိုက်ရန် ချက်ချင်း စတင် လှုပ်ရှားတော့သည်။

ယခုတစ်ကြိမ်တွင် သူက အတိတ်က အမှားများမှ သင်ခန်းစာယူကာ စကားပြောဆို၍ အချိန်မဖြုန်းတော့ချေ။ အကယ်၍ တစ်စုံတစ်ယောက်က နာခံရန် ငြင်းဆန်ပါက သူက သူ၏ ဓားတစ်ချက်တည်းဖြင့်သာ တုံ့ပြန်ခဲ့သည်။

ထို့ကြောင့် သူက အလျင်အမြန် အရှိန်အဟုန် ရရှိလာပြီး လော့ကျန့်ထက်ပင် သာလွန်သွားခဲ့သည်။

တစ္ဆေလောကနယ်ပယ်၏ အမြစ်တွယ်နေသော မှူးမတ် မိသားစုများမှာ ဤလူနှစ်ယောက် ဖန်တီးလိုက်သော သွေးထွက်သံယို မုန်တိုင်းထဲတွင် ပိတ်မိပြီး ကမောက်ကမ ဖြစ်မှုများထဲသို့ ကျဆင်းသွားကြတော့သည်။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် တစ်ချိန်က မောက်မာစွာ လှောင်ပြောင်ခဲ့ပြီး အညံ့မခံနိုင်ကြောင်း ဒေါသတကြီး ကြေညာခဲ့သော အင်အားစုများပင်လျှင် သူတို့၏ ရွေးချယ်မှုများကို ပြန်လည် စဉ်းစားလာကြသည်။

မကြာမီမှာပင် အချို့သော အင်အားစုများက အသက်ရှင်သန်ရန် မျှော်လင့်ချက်ဖြင့် သူတို့၏ အညံ့ခံမှုကို တက်ကြွစွာ ကမ်းလှမ်းလာကြသည်။ တစ္ဆေလောကနယ်ပယ်၏ အနက်ရှိုင်းဆုံးနေရာကို အကြောက်တရားက လွှမ်းမိုးထားချိန်တွင် လော့မိသားစု စံအိမ် အတွင်း၌ ရှန်းရှန်းနှင့် နျန်နျန်တို့ ဝေ့ဟောက်ချန်နှင့်အတူ ပျော်ရွှင်စွာ ကစားနေသည်ကို ရွှယ်အန်းက ပြုံးလျက် စောင့်ကြည့်နေခဲ့သည်။

ရိုးရိုးသားသား ပြောရလျှင် ၎င်းမှာ တစ္ဆေလောကနယ်ပယ်သို့ ဝင်ရောက်လာကတည်းက ကောင်မလေး နှစ်ယောက် မှော်ရတနာ စံအိမ်ထဲမှ ပထမဆုံးအကြိမ် ထွက်လာခဲ့ခြင်းဖြစ်သည်။။ ရလဒ်အနေဖြင့် အပြင်မထွက်ရ၍ ရူးလုမတတ် ဖြစ်နေသော ကောင်မလေး နှစ်ယောက်မှာ လေထဲ ပျံတက်တော့မည့်အလား အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြသည်။

သို့သော် သူတို့၏ စိတ်လှုပ်ရှားမှုမှာ အပြင်ထွက်ခွင့် ရသောကြောင့် သက်သက် မဟုတ်ချေ။ သူတို့ကို ပို၍ စိတ်လှုပ်ရှားစေသည်မှာ သူတို့ အသစ်တွေ့ရှိထားသော ကစားစရာ အရုပ်ကြောင့်ဖြစ်သည်။ ထို အရုပ မှာ မည်သည့် မေးခွန်းမျှ မမေးဘဲ သူတို့၏ ညွှန်ကြားချက် အားလုံးကို လိုက်နာနေသော ငတုံးကြီး ဝေ့ဟောက်ချန်ပင် ဖြစ်နေခဲ့သည်။

ဝေ့ဟောက်ချန်၏ ဉာဏ်ရည်မမီသော သဘာဝကို ရှန်းရှန်းနှင့် နျန်နျန်တို့က အနည်းငယ်မျှ စိတ်မအနှောင့်အယှက် မဖြစ်ဘဲ သူနှင့် ရင်းနှီးသော သူငယ်ချင်းများအဖြစ် အလျင်အမြန် ပေါင်းသင်းသွားကြသည်။ သူတို့၏ သူငယ်ချင်းဖြစ်မှုဆိုသည်မှာ အများအားဖြင့် ကောင်မလေး နှစ်ယောက်က တတွတ်တွတ် ပြောနေပြီး ဝေ့ဟောက်ချန်က ပြုံးဖြီးဖြီးဖြင့် နားထောင်နေခြင်းသာ ဖြစ်သည်။

မှတ်သားလောက်စရာ ကောင်းသည်မှာ ဝေ့ဟောက်ချန်က ကောင်မလေး နှစ်ယောက်၏ အမိန့်များကို တကယ် နားလည်နိုင်ပြီး တွန့်ဆုတ်မှု မရှိဘဲ လိုက်နာကာ ၎င်းကိုပင် သဘောကျနေပုံ ရခြင်းဖြစ်သည်။ ဥပမာအားဖြင့် ယခုအချိနဆိုလျှင်...

"ဟေး... လူကြီး၊ သမီးတို့ကို လိုက်ဖမ်းရမယ့် အလှည့်ရောက်ပြီ၊ ဒါပေမယ့် ချောင်းမကြည့်ရဘူးနော်... ကြားလား"

ရှန်းရှန်းက လေးနက်စွာ ပြောသည်။

"ဟီးဟီး... မ... မချောင်းကြည့်ပါဘူး"

ဝေ့ဟောက်ချန်က ရယ်မောပြီး သူ၏ မျက်လုံးများကို လက်ဖြင့် လိမ္မာစွာ အုပ်သည်။

"နျန်နျန်... သူ့အတွက် ရေပေးလိုက်၊ မဟုတ်ရင် သူ ဘယ်လို ရေရမလဲ သိမှာ မဟုတ်ဘူး"

"ဟုတ်ပြီ၊ တစ်... နှစ်... သုံး..."

နျန်နျန်က အသံထွက် ရေတွက်လိုက်ပြီး သူမ အစ်မနှင့်အတူ ဝေ့ဟောက်ချန်၏ နောက်သို့ တိတ်တဆိတ် တွားသွားသွားကြသည်။

"နှစ်ဆယ်"

သူမ နံပါတ်ကို ခေါ်လိုက်သည့် အခိုက်အတန့်တွင် ဝေ့ဟောက်ချန်က သူ၏ လက်များကို ချလိုက်ပြီး ခြံဝင်းကို ဝေ့ကြည့်ကာ ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သော်လည်း ကောင်မလေးများကို မတွေ့ရချေ။ သူက ခေါင်းကို ကုတ်ကာ ငတုံးတစ်ယောက်အလား ရယ်မောပြီး အနောက်ကို ကြည့်ရန် လှည့်လိုက်သည်။

သို့သော် သူ လှည့်လိုက်ချိန်တွင် ကြောင်ပေါက်လေးများအလား သွက်လက်လှသော ကောင်မလေး နှစ်ယောက်က သူ၏ အနောက်တွင် ဆက်လက် ပုန်းကွယ်နေရန် တိတ်တဆိတ် လှုပ်ရှားကြသည်။

ဝေ့ဟောက်ချန်က ဘယ်လောက်ပဲ လှည့်လှည့် ကောင်မလေး နှစ်ယောက်ကို ရှာမတွေ့ခဲ့ဘဲ ပို၍ ဇဝေဇဝါ ဖြစ်လာကာ အဆုံးတွင် လက်လျှော့လိုက်ပြီး အရှုံးပေးသည့်အနေဖြင့် ခေါင်းငုံ့နေတော့သည်။

"ရှုံးပြီ... ရှုံးပြီ"

သူ အရှုံးပေးလိုက်သည့် အခိုက်အတန့်တွင် ရှန်းရှန်းနှင့် နျန်နျန်တို့က သူ၏ အနောက်မှ ခုန်ထွက်လာကြသည်။

"ဟားဟား... လူကြီး ထပ်ရှုံးပြန်ပြီ"

ရှန်းရှန်းက ခါးထောက်ကာ အောင်ပွဲခံသည့်ဟန်ဖြင့် ပြောသည်။

"ဟုတ်တယ်၊ လူကြီးက အရမ်း တုံးတာပဲ၊ သမီးတို့က အနောက်မှာ တစ်ချိန်လုံး ရှိနေတာလေ"

နျန်နျန်က ဖြည့်ပြောသည်။ သူ ရှုံးသွားသော်လည်း ကောင်မလေးများကို မြင်လိုက်ရသဖြင့် ဝေ့ဟောက်ချန်က သဘောကျသွားကာ ရွှင်လန်းစွာ ရယ်မောလိုက်ပြီး ပင်ကိုယ်အသိအရ ဆောင့်ကြောင့်ထိုင်ကာ လေးဖက်ထောက် တွားသွားသည်။

ရှန်းရှန်းနှင့် နျန်နျန်တို့က တွန့်ဆုတ်မှု မရှိဘဲ ဝေ့ဟောက်ချန်၏ ကျောပေါ်သို့ ချက်ချင်း တက်လိုက်ကြပြီး သူက မြင်းတစ်ကောင်အလား ခြံဝင်းကို လှည့်ပတ်သွားတော့သည်။ ကောင်မလေးများ၏ ရယ်မောသံများက လွင်ပြင်တွင် ပဲ့တင်ထပ်နေခဲ့သည်။

ဝေ့ဟောက်ချန်ကလည်း သူ၏ သီးသန့်ဖြစ်သော ငတုံးအပြုံးများဖြင့် ရယ်မောသံထဲတွင် ၀င်ပါလေသည်။

ရွှယ်အန်းက ဤမြင်ကွင်းကို ကြည့်နေပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေခဲ့သည်။ အချိန်အတန်ကြာပြီးနောက် သူက ကုလားထိုင်ကို နောက်သို့ မှီလိုက်ပြီး သက်ပြင်းတစ်ချက် ရှူထုတ်လာသည်။

"ယောကျ်ား... အဲ့ကောင်လေးက ဘယ်သူလဲ"

အန်းယန်က ဟွီယင်း နှင့်အတူ မှော်ရတနာ စံအိမ်ထဲမှ ထွက်လာခဲ့သည်။

ရှောင်ယွီ အတွက်ကတော့ သူမက မကြာသေးမီက ဖဲကစားရာတွင် အလွန်အမင်း ရှုံးနိမ့်ထားသဖြင့် သခင်လေး ရှောင်ရှား၏ နဂါးဥကို စောင့်ရှောက်နေသည်ဟု အကြောင်းပြကာ သူမ၏ အခန်းထဲတွင် ကိုယ့်ကိုယ်ကိုယ် သော့ခတ်ထားခဲ့သည်။ ရွှယ်အန်းက ခပ်ဖွဖွ ပြုံးလာသည်။

"ဒီကောင်လေးလား... မကြာခင် မင်း နားလည်လာမှာပါ"

အန်းယန်က အနည်းငယ် ရှုပ်ထွေးသွားသော်လည်း ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ချေ။ သို့သော် အစပိုင်းတွင် ငတုံး ဝေ့ဟောက်ချန်ကို သိပ်ပြီး အာရုံမစိုက်ခဲ့သော ဟွီယင်းမှာ သေချာ ကြည့်လိုက်သောအခါ ရုတ်တရက် အေးခဲသွားခဲ့သည်။ သူမ၏ မျက်နှာအမူအရာက ထူးဆန်းသွားပြီး သူမ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှု အရိပ်အယောင်တစ်ခု ပေါ်လာကာ တိုးတိုးလေး ရေရွတ်မိသည်။

"ဒါ... ဒါ မဖြစ်နိုင်ဘူး…”

--

All Chapters