အခန်း ၁၄၂၇
Vol. 96 Ch. 1427
အခန်း (၁၄၂၇) မိသားစုထံမှ သတင်းစကား
အန်းယန်က ဘေးမှနေ၍ စပ်စုချင်စိတ်ဖြင့် မေးသည်။
"ယင်းအာ... ဘာဖြစ်လို့လဲ"
"အာ... ဘာမှမဟုတ်ပါဘူး၊ ဖြစ်နိုင်တာက... ကျွန်မ အမြင်မှားသွားတာ နေမှာပါ"
ထိုသို့ပြောလိုက်သော်လည်း ဟွီယင်း၏ မျက်နှာမှာ အလွန်အမင်း ထူးဆန်းနေသည့် အမူအရာများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ ထိုအချိန်မှာပင် ဝေ့ချင်းရှောင်းက ခြံဝင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ သူမက ဝေ့ဟောက်ချန် အစေခံတစ်ယောက်အလား မြေပြင်ပေါ်တွင် ဝပ်လျက် ကောင်မလေး နှစ်ယောက်နှင့် တူတူပုန်းတမ်း ပျော်ရွှင်စွာ ကစားနေသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်ခွံများက အနည်းငယ် တဆတ်ဆတ် မခုန်ဘဲ မနေနိုင်ခဲ့ချေ။
ဝေ့ဟောက်ချန်က ဝေ့မိသားစုရဲ့ သားအကြီးဆုံးလေ၊ တစ္ဆေလောကနယ်ပယ်မှာတောင် ဂုဏ်သတင်း ကြီးမားတဲ့ မှူးမတ် တစ်ယောက်ပဲ
သို့သော် ယခုအခါ သူက မြေကြီးပေါ်တွင် လူးလှိမ့်နေပြီး တစ်ကိုယ်လုံး ဖုန်များ ပေကျံကာ လုံးလုံးလျားလျား နစ်မွန်းနေခဲ့သည်။ အကယ်၍ ပြင်ပလူတွေသာ ဒီမြင်ကွင်းကို မြင်သွားခဲ့လျှင် သူတို့ မေးရိုးတွေ မြေကြီးပေါ် ပြုတ်ကျသွားလောက်သည်။
အတိတ်တုန်းက အခြား တစ်ယောက်ယောက်ကသာ သူမ၏ မောင်ဖြစ်သူကို ဤကဲ့သို့ ဆက်ဆံရန် ရဲတင်းခဲ့မည်ဆိုလျှင် ဝေ့ချင်းရှောင်းမှာ ဒေါသထွက်လွန်းသဖြင့် တုံ့ဆိုင်းမှု မရှိဘဲ သူတို့ကို သတ်ပစ်ခဲ့မည် ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သူမက မမြင်ဟန်သာ ဆောင်နေရုံသာ တတ်နိုင်တော့သည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းက ရှင်းလင်းစွာ ပြောထားခဲ့သောကြောင့်ပင်။ အကယ်၍ သူမ၏ မောင်ဖြစ်သူ၏ ရောဂါကို ကုသချင်ပါက သူမသည် သူ့ကို ခြွင်းချက်မရှိ ယုံကြည်ပြီး ပူးပေါင်းရမည် ဖြစ်ကာ အနည်းငယ်မျှ ဆန့်ကျင်ဖီဆန်ခြင်းမျိုး မရှိရပေ။
ထို့ကြောင့် သူမ၏ အနေခက်မှုများ ရှိနေသော်ငြား ဝေ့ချင်းရှောင်းက သူမ၏ မာနကို မျိုချကာ လက်ခံရန်သာ တတ်နိုင်ခဲ့သည်။ သို့သော် ခြံဝင်းထဲတွင် ရုတ်တရက် ပေါ်လာသော အန်းယန်ကို သူမ သတိပြုမိလိုက်သောအခါ အံ့အားသင့် မသွားဘဲ မနေနိုင်ခဲ့ချေ။ သူမ၏ မျက်လုံးများထဲတွင် အားကျလေးစားမှု အရိပ်အယောင်တစ်ခုပင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သည်။
ဝေ့ချင်းရှောင်းက သူမ၏ အလှတရားအပေါ် အမြဲတမ်း ယုံကြည်မှု ရှိခဲ့သည်။ အရွယ်ရောက်လာကတည်းက သူမကို တစ္ဆေလောကနယ်ပယ်၏ အလှဆုံး အမျိုးသမီးအဖြစ် အကြိမ်ကြိမ် ချီးကျူးခံခဲ့ရသည်။ သို့သော် ယနေ့တွင် ရွှယ်အန်းနှင့် ပျော်ရွှင်စွာ စကားပြောရင်း ဘေးတွင် ကျက်သရေရှိစွာ ရပ်နေသော အန်းယန်ကို မြင်လိုက်ရချိန်တွင် သူမ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများက လုံးလုံးလျားလျား ပြိုလဲသွားခဲ့သည်။
ရုပ်သွင်ရော၊ စိတ်နေစိတ်ထားပိုင်းမှာပါ အန်းယန်က သူမကို လွှမ်းမိုးနိုင်လောက်အောင် သာလွန်နေခဲ့သည်။
အထူးသဖြင့် ရွှယ်အန်း၏ ဘေးတွင် သူမ ရပ်နေချိန်၌ ထိုသူနှစ်ယောက်မှာ ကောင်းကင်ယံတွင် တွဲလွဲဆွဲထားသော ကောင်းကင်တမန်များအလား အခြားအရာအားလုံးကို မှေးမှိန်သွားစေလောက်သည့် တောက်ပမှုများကို ဖြာထွက်နေခဲ့သည်။
သူတို့က ထိုနေရာတွင် ရိုးရှင်းစွာ ရပ်နေခဲ့သော်လည်း ဤခြံဝင်းငယ်လေးအပေါ် အုပ်စိုးသူများ၏ အရှိန်အဝါကို ထုတ်လွှတ်နေပြီး အခြားသူများ အားလုံးကို နောက်ခံကားချပ်များအဖြစ် လျှော့ချပစ်လိုက်သည်။
ဤကဲ့သို့ ထူးကဲသော တည်ရှိမှုက သဘာဝကျကျပင် ဝေ့ချင်းရှောင်းကို အားကျလေးစားသွားစေပြီး ယှဉ်ပြိုင်လိုစိတ် အရိပ်အယောင်လေး တစ်ခုမျှပင် မဖြစ်ပေါ်လာစေနိုင်ခဲ့ချေ။
တစ်ခါတစ်ရံတွင် အလှတရားသည် အလွန်အမင်း အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ မနာလိုမှု သို့မဟုတ် ပြိုင်ဆိုင်လိုမှုများကို မနှိုးဆွတော့ဘဲ အားကျလေးစားမှုကိုသာ ဖြစ်ပေါ်စေတတ်ပေသည်။ ဝေ့ချင်းရှောင်း ငေးမောနေဆဲမှာပင် ရွှယ်အန်းက သူမကို ခပ်ဖွဖွ ပြုံးပြလာသည်။
"မင်း ရောက်လာပြီလား"
"အာ... ဟုတ်ကဲ့"
"ဘယ်လိုလဲ၊ မင်းမောင်က အရင်ကထက် အများကြီး ပိုကောင်းနေပြီ မဟုတ်လား"
ရွှယ်အန်းက ခေါင်းအစ ခြေအဆုံး ဖုန်တွေ ပေကျံနေသော်လည်း အလွန်အမင်း ပျော်ရွှင်နေသော ဝေ့ဟောက်ချန်ကို လက်ညိုးထိုးပြကာ ပေါ့ပေါ့ပါးပါး ပြေားသည်။ ဝေ့ချင်းရှောင်းက သူ့ကို အချိန်အတန်ကြာ သေချာစွာ စူးစမ်းကြည့်လိုက်သော်လည်း ရိုးရိုးသားသား ပြောရလျှင် မည်သည့် တိုးတက်မှုကိုမျှ မမြင်တွေ့ရချေ။ ထိုအစား သူက အရင်ကထက် ပိုညစ်ပတ်နေသည်ဟုပင် သူမ ထင်မိသည်။
"ချန်အာ..."
ဝေ့ချင်းရှောင်းက မခေါ်ဘဲ မနေနိုင်တော့ချေ။ ဝေ့ဟောက်ချန်က သူမကို လှည့်ကြည့်လာသည်။ အကယ်၍ အတိတ်ကသာဆိုလျှင် သူက သူမဆီသို့ ချက်ချင်း ပြေးလာမည် ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူက သူမကို တစ်ချက်သာ ကြည့်ပြီးနောက် ကောင်မလေး နှစ်ယောက်နှင့်အတူ တူတူပုန်းတမ်း ကစားသည့်ထဲသို့ ပြန်လည် ခေါင်းနှစ်ဝင်သွားတော့သည်။
ဤအရာကို မြင်လိုက်ရသောအခါ ဝေ့ချင်းရှောင်းက ရုတ်တရက် အတွင်းစိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားရသည်။ သူမ တစ်သက်လုံး ပြုစုပျိုးထောင်လာခဲ့သော ပန်းလေး တစ်ပွင့်မှာ ပန်းအိုးနှင့်တကွ ယူဆောင်သွားခံလိုက်ရသကဲ့သို့ဖြစ်သည်။
"မင်း သိလား... ငါလာတဲ့ နေရာမှာ စကားပုံ တစ်ခု ရှိတယ်၊ ရူးသွားကတည်းက ဘဝက အများကြီး ပိုပြီး တက်ကြွလာတယ်တဲ့၊ အခု မင်းမောင်က အဲဒီ အခြေအနေကို အတိအကျ ရောက်နေတာပဲ၊ အနည်းဆုံးတော့ အရင်တုန်းက မှိုင်းညို့ပြီး မတုန်မလှုပ် နေတတ်တဲ့ ပုံစံထက်စာရင် ပိုကောင်းတယ် မဟုတ်လား"
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောလာသည်။ ဤစကားကို ကြားသောအခါ ဝေ့ချင်းရှောင်းက နားလည်သလိုလို မလည်သလိုလိုဖြင့် ခပ်ဖွဖွ ခေါင်းညိတ်ပြသည်။ ထိုအချိန်မှာပင် ဘေးတွင် ရပ်နေသော ဟွီယင် မှာ ဆက်လက် မထိန်းထားနိုင်တော့ချေ။ ရွှယ်အန်းက ခပ်တည်တည်ဖြင့် အဓိပ္ပါယ် မရှိသည်များကို ပြောနေသည်ကို ကြည့်ပြီး သူမက အသံထွက် ရယ်မောမိသည်။
ဝေ့ချင်းရှောင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အသံလာရာသို့ လှည့်ကြည့်လိုက်ရာ နောက်ဆုံးတွင် ဟွီယင်းကို သတိပြုမိသွားသည်။ အစပိုင်းတွင် သူမက သိပ်ပြီး အရေးမထားခဲ့ချေ။ သို့သော် သူမ သေချာ ကြည့်လိုက်သောအခါ အေးခဲသွားပြီး သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ထွက်ပေါ်လာခဲ့သည်။
"ဟွီ... မြေခွေး မိစ္ဆာလား... မြေခွေးမ လား"
ရယ်မောနေခဲ့သော ဟွီယင်းမှာ ထိုစကားများကြောင့် ချက်ချင်း မျက်နှာ မည်းမှောင်သွားခဲ့သည်။
"မြေခွေးမ ဟုတ်လား၊ နင့် တစ်ဆွေလုံး တစ်မျိုးလုံးကမှ မြေခွေးမ တွေ၊ ငါက ကောင်းကင် မြေခွေးပါဟဲ့... နားလည်လား... ကောင်းကင် မြေခွေး"
ဝေ့ချင်းရှောင်းမှာ ဆွံ့အသွားခဲ့သည်။
တစ္ဆေလောကနယ်ပယ်၏ အထက်တန်းလွှာများကြားတွင် မွေးဖွားလာသူ တစ်ဦးအနေဖြင့် စကြဝဠာပေါင်းစုံ၌ မျိုးစိတ်များနှင့် အစွမ်းထက်သော သတ္တဝါများ ပြည့်နှက်နေကြောင်းကို သူမ သဘာဝကျကျပင် သိထားသည်။
မိစ္ဆာ မျိုးနွယ်စုမှာ အဓိက အင်အားစုများထဲမှ တစ်ခုဖြစ်ကြောင်း ငြင်းဆိုဖွယ် မရှိပေ။ မိစ္ဆာ မျိုးနွယ်စု အတွင်းတွင် မြေခွေး မျိုးနွယ်စုက အထင်ရှားဆုံး မျိုးနွယ်စုများထဲမှ တစ်ခုအဖြစ် အသိအမှတ်ပြုခံထားရသည်။
ဤအချက်က မြေခွေးနတ်များကို နာမည်ကျော်ကြားသော တည်ရှိမှုတစ်ခု ဖြစ်လာစေခဲ့သည်။
ဤကောင်မလေး၏ မြင့်မြတ်သော ကိုယ်ဟန်အမူအရာနှင့် လွှမ်းမိုးနိုင်သော အရှိန်အဝါတို့အရ သူမသည် မြေခွေး မျိုးနွယ်စု အတွင်းရှိ ရှေးဟောင်း သွေးကြောမှ အထက်တန်းလွှာ တစ်ဦး ဖြစ်ကြောင်း ရှင်းလင်းနေခဲ့သည်။
ဟွီယင်း၏ စကားများက ဤအတွေးကို ပိုမို အတည်ပြုပေးလိုက်သည်။
ကောင်းကင် မြေခွေးမျိုးနွယ်စု၊ ချင်းချိုး မြေခွေး လောကနယ်ပယ်၏ အုပ်စိုးသူများသာဖြစ်နိုက်သဘ်။
ဤကဲ့သို့သော အဆင့်အတန်းမျိုး အတွက်ဆိုလျှင် သူမကို ထားလိုက်ဦး... တစ္ဆေလောကနယ်ပယ်ရှိ မာနကြီးသော မှူးမတ်များ အားလုံး၏ ပေါင်းစပ် အင်အားသည်ပင်လျှင် ၎င်းနှင့် နှိုင်းယှဉ်ရန် အနီးအနားသို့ ရောက်လာမည် မဟုတ်ချေ။
သို့သော် ပြဿနာမှာ ဤကဲ့သို့သော တည်ရှိမှုမျိုးက ဘာကြောင့်များ တစ္ဆေလောကနယ်ပယ်တွင် ရုတ်တရက် ပေါ်လာရသနည်း ဆိုခြင်းပင်။ထို့အပြင် သူမက ရွှယ်အန်း၏ ဘေးတွင် အစေခံမလေး တစ်ယောက်အလား ချစ်စဖွယ် နူးညံ့စွာ ပြုမူနေပုံရသည်။ ၎င်းမှာ ရိုးရိုးလေးပင် နားလည်နိုင်စွမ်း မရှိလောက်အောင် ဖြစ်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ဟွီယင်းက ၎င်းကို လွှတ်မထားချင်သေးဘဲ ဒေါသတကြီး အမွေးထောင်နေသော ကြောင်ပေါက်လေး တစ်ကောင်နှင့် တူနေခဲ့သည်။ အံ့များကို ကြိတ်ကာ ပြောသည်။
"ဟေ့... ရှင်းပြစမ်း၊ ဒီမှာ ဘယ်သူကများ မြေခွေးမလဲ"
ဝေ့ချင်းရှောင်းမှာ စကားပြောမထွက်နိုင်အောင် ဖြစ်သွားခဲ့သည်။ သူမက အမှားတစ်ခု လုပ်မိသွားကြောင်း သဘောပေါက်လိုက်သော်လည်း အစောပိုင်းက မြေခွေးမဟူသော ဝေါဟာရကို ဗြုန်းစားကြီး ပြောချချိန်တွင် သိပ်ပြီး မတွေးမိခဲ့ချေ။ ၎င်းမှာ နက်နက်ရှိုင်းရှိုင်း မစဉ်းစားမိဘဲ နှုတ်ဆိတ်သွားခြင်းမျိုးသာ ဖြစ်သည်။
အသက် ဆယ့်ငါး၊ ဆယ့်ခြောက်နှစ် အရွယ်ခန့်သာ ရှိပုံရသော ကောင်မလေးက ဤမျှလောက် ဒေါသကြီးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
ဝေ့ချင်းရှောင်းက အခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲ မသိဖြစ်နေစဉ်မှာပင် ရွှယ်အန်းက တိုးညင်းစွာ ရယ်မောလာသည်။
"ကဲပါ... သူမက ဒီအတိုင်း ပါးစပ်က လွတ်သွားရုံ သက်သက်ပါ=တကယ်လို့ မင်းက မြေခွေးမဆိုရင်... သူမက တစ္ဆေမ ဖြစ်မသွားဘူးလား၊ အဲဒါဆို သရေကျသွားပြီ မဟုတ်လား"
ဟွီယင်းက ဒေါသတကြီး ပါးစပ်ကို ဖောင်းလိုက်ပြီး စကားပြောခြင်းကို ရပ်တန့်လိုက်သည်။ ဝေ့ချင်းရှောင်းက ဤမြင်ကွင်းကို ကြက်သေသေဖြင့် စိုက်ကြည့်နေခဲ့သည်။
နတ်ဘုရားမ တစ်ပါးနှင့် တူသော ဤအန်းယန်က ဘယ်သူလဲ ဆိုတာနှင့် ဤဟွီယင်းက ဘယ်လို ရောက်လာသလဲ ဆိုတာကို သူမ လုံးဝ မသိခဲ့ချေ။ အမှန်တော့ ရွှယ်အန်း၏ အဆုံးအစမရှိသော ခန့်မှန်းရခက်မှုများအပေါ် သူမ ထုံထိုင်းသွားခဲ့ပြီ ဖြစ်သည်။
"သခင်မလေးဝေ့... ဒီနေ့ တော်တော်လေး အလျင်စလို ဖြစ်နေပုံရတယ်၊ အရေးတကြီး ကိစ္စများ ရှိလို့လား"
ရွှယ်အန်းက မေးသည်။ ဝေ့ချင်းရှောင်းက သူမ၏ အံ့အားသင့်နေမှုမှ ရုန်းထွက်လိုက်ပြီး သူမ လာရောက်ရသည့် အကြောင်းရင်းကို ပြန်အမှတ်ရကာ လေးနက်စွာ ခေါင်းညိတ်လိုက်ရာ သူမ၏ မျက်နှာအမူအရာက တည်ကြည်သွားခဲ့သည်။
"ကျွန်မ မိသားစုဆီကနေ စာတစ်စောင် လက်ခံရရှိလိုက်လို့ပါ"
"အိုး... ဘာများ ရေးထားလို့လဲ"
ဝေ့ချင်းရှောင်း၏ လေသံက တွန့်ဆုတ်သွားခဲ့သည်။
"သူတို့က ကျွန်မကို အမြန်ဆုံး ပြန်လာစေချင်နေကြတယ်"
"အမြန်ဆုံး ပြန်လာစေချင်တယ် ဟုတ်လား"
"ဟုတ်ပါတယ်"
ရွှယ်အန်းက ခပ်ဖွဖွ ပြုံးသည်။
"ဒါနဲ့ မင်းကရော ဘယ်လိုထင်လဲ"
ဝေ့ချင်းရှောင်းက အသက်ရှည်ရှည် တစ်ချက် ရှူထုတ်လိုက်ပြီး ခေါင်းခါရမ်းသည်။
"ကျွန်မ မသေချာဘူး၊ ဒီစာက ထူးဆန်းနေသလို ခံစားရတယ်၊ ချန်အာကို ခေါ်ပြီး အမြန် ပြန်လာဖို့ ပြောထားတာကလွဲရင် တခြား ဘာမှ မရေးထားဘူး၊ ဒါပေမယ့် ပိုပြီး အဲဒီလို ဖြစ်နေလေလေ... ပိုပြီး သံသယဝင်စရာ ကောင်းလေလေပဲလို့ ခံစားရတယ်"
သူမ စကားပြောနေစဉ် လေသံက လေးနက်သွားပြီး သူမ၏ မျက်နှာအမူအရာက မှိုင်းညို့သွားခဲ့သည်။ အန္တရာယ်များနှင့် လျှို့ဝှက်ကြံစည်မှုများ ဝန်းရံနေသည့်ကြားတွင် ကြီးပြင်းလာခဲ့ရသဖြင့် ဝေ့ချင်းရှောင်းက ထက်မြက်သော ပင်ကိုယ်အသိစိတ်ကို ပျိုးထောင်နိုင်ခဲ့သည်။
အကယ်၍ ၎င်းသာ မရှိခဲ့လျှင် သူမနှင့် သူမ၏ မောင်ဖြစ်သူတို့က ယခုအချိန်အထိ အသက်ရှင်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် မိသားစုထံမှ စာကို ပထမဆုံး လက်ခံရရှိချိန်တွင် ဝေ့ချင်းရှောင်းက တစ်ခုခု မှားယွင်းနေကြောင်းကို ချက်ချင်း အာရုံခံမိလိုက်သည်။ သို့မဟုတ်ပါက သတင်းစကားမှာ ဤမျှလောက် ဖုံးကွယ်ပြီး ရုတ်တရက် ဆန်နေမည် မဟုတ်ချေ။
သို့သော် ပြဿနာမှာ ဝေ့ချင်းရှောင်းက ၎င်းသည် သတင်းကောင်းလား၊ သတင်းဆိုးလား ဆိုတာကို မခွဲခြားနိုင်ခြင်းဖြစ်သည်။ သူမ မောင်ဖြစ်သူ၏ အခြေအနေက တိုးတက်လာပုံရသည့် အချက်နှင့် ပေါင်းစပ်လိုက်သောအခါ ပုံမှန်အားဖြင့် ပြတ်သားလေ့ရှိသော ဝေ့ချင်းရှောင်း၏ အတွေးများကို ရှုပ်ထွေးသွားစေခဲ့သည်။ ဤအကြောင်းပြချက်ကြောင့်ပင် သူမက ရွှယ်အန်းနှင့် လာရောက် ဆွေးနွေးရခြင်း ဖြစ်သည်။
--