အခန်း ၁၄၃၄
Vol. 96 Ch. 1434
အခန်း (၁၄၃၄) နေရာတိုင်းရှိ အန္တရာယ်များ
ရွှယ်အန်းက ဝေ့ဟောက်ချန်ကို ခေါ်ဆောင်ကာ တစ္ဆေရထားလုံးပေါ်မှ ဆင်းလာသောအခါ သူတို့က လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားသွားသည်။ အထူးသဖြင့် ဝေ့ယင်းယင်း မှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဝေ့ဟောက်ချန်ကတော့ သီးသန့် မိတ်ဆက်ပေးနေစရာ မလိုအောင်ပင် ဝေ့မိသားစု၏ နှစ်ထောင်ပေါင်းများစွာ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော အရှက်ရစရာအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။
သို့သော် သူ၏ဘေးတွင် ရပ်နေသော ဤအဖြူရောင်ဝတ် လူငယ်လေးက မည်သူနည်း။ သူ၏ အစ်မဖြစ်သူမှလွဲ၍ ဝေ့ဟောက်ချန်က မည်သူ့ကိုမျှ အနားသို့ အကပ်မခံဘူးဟု ပြောကြသည် မဟုတ်ပါလား။ သို့တိုင်အောင် လက်ရှိ အခြေအနေကို ကြည့်ရမည်ဆိုလျှင် ဤအဖြူရောင်ဝတ် လူငယ်လေးက ဝေ့ဟောက်ချန်၏ လက်ကို မည်သည့် ပြဿနာမျှ မရှိဘဲ ဆုပ်ကိုင်ထားခဲ့သည်။
ဝေ့ဟောက်ချန်၏ မျက်နှာပေါ်တွင် အပြစ်ကင်းစင်ပြီး ပျော်ရွှင်နေသော အပြုံးတစ်ခုပင် ရှိနေသေးသည်။
ဘာတွေများ ဖြစ်ပျက်နေတာလဲ။
ဝေ့ယင်းယင်း မှာ ဇဝေဇဝါ ဖြစ်သွားပြီး ဝေ့ချင်းရှောင်းထံသို့ လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။
"အစ်မ... ဒါက ဘယ်သူလဲ"
"အာ... သူကလေ..."
ဝေ့ချင်းရှောင်းက ဘယ်လို ရှင်းပြရမလဲဟု စဉ်းစားနေခဲ့သည်။ ရွှယ်အန်းက တည်ငြိမ်စွာ ပြောသည်။
"ကျွန်တော့် နာမည်က ရွှယ်အန်းပါ... ပြီးတော့ သခင်လေးဝေ့ရဲ့ ဆရာလည်း ဖြစ်ပါတယ်"
"ဆရာ ဟုတ်လား"
ဤဂုဏ်ပုဒ်ကြောင့် ဝေ့ယင်းယင်း မှာ အံ့အားသင့်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူအများအပြားလည်း အချင်းချင်း တီးတိုး မပြောဆိုဘဲ မနေနိုင်ခဲ့ကြချေ။
"သခင်မလေး အကြီးဆုံးက အပြင်ထွက်သွားပြီး ဆရာ တစ်ယောက်ကို ဘယ်လိုများ ပြန်ခေါ်လာရတာလဲ"
"တကယ်ပဲ၊ ငါတို့ရဲ့ သခင်လေး ဝေ့ က ဉာဏ်ရည်မှ မမီတာ၊ ကျင့်ကြံခြင်း အဆင့်အကြောင်းလည်း ဘာမှ သိတာ မဟုတ်ဘူး၊ ဘာဆရာမျိုး လိုအပ်လို့လဲ"
"ဟားဟား... ငါတော့ သဘောပေါက်ပြီ၊ဒီမှာ သေချာပေါက် မသင်္ကာစရာ တစ်ခုခု ရှိနေတယ်"
"ကျွတ်ကျွတ်... သူတို့က သခင်လေးအတွက် ဆရာတစ်ယောက် တကယ် ရှာဖို့ လိုအပ်တယ် ဆိုရင်တောင် ဒီလိုလူမျိုးကိုတော့ မရွေးချယ်သင့်ဘူးလေ၊ အရွယ်တောင် မရောက်သေးတဲ့ လူငယ်လေး တစ်ယောက်... ရုပ်ရည်လေး သန့်တာကလွဲရင် သူ့ဆီမှာ ဘာအရည်အချင်းတွေများ ရှိနေနိုင်မှာလဲ"
ထိုလူများ အတင်းအဖျင်း ပြောကြသောအခါ သူတို့၏ အသံများကို တတ်နိုင်သမျှ တိုးထားခဲ့ကြသည်။ သို့သော် ထိုသို့ပင် ဖြစ်လင့်ကစား စကားလုံး အများအပြားမှာ ဝေ့ချင်းရှောင်း၏ နားထဲသို့ လွင့်ပျံလာခဲ့ပြီး သူမ၏ မျက်နှာကို ပို၍ ပို၍ မှုန်ကုပ်သွားစေခဲ့သည်။ ယခင်တုန်းက ဝေ့မိသားစုထဲရှိ မည်သူကမျှ သူမ၏ မောင်ဖြစ်သူကို အလေးအနက် မထားကြောင်း ဝေ့ချင်းရှောင်း သိထားခဲ့သော်လည်း အနည်းဆုံးတော့ အပြင်ပန်း အသွင်အပြင် အရတော့ သူတို့က သင့်တင့်လျောက်ပတ်စွာ ဟန်ဆောင်တတ်ကြသည်။
သူတို့က သူမ၏ ရှေ့တည့်တည့်တွင် ဝေ့ဟောက်ချန် အကြောင်းကို ယခုကဲ့သို့ ဆွေးနွေးပြောဆိုရန် ဘယ်သောအခါမျှ မရဲတင်းခဲ့ကြချေ။
ဤအရာက အချက်တစ်ချက်ကိုသာ သက်သေပြနေသည်။ သူမ၏ ခြိမ်းခြောက်နိုင်စွမ်းမှာ ကြီးမားစွာ လျော့ကျသွားခဲ့ပြီဖြစ်ပြီး အကြောက်တရား လွှမ်းမိုးနိုင်စွမ်း မရှိတော့သည်အထိပင် ဖြစ်နေခဲ့သည်။
ဤအရာက သိပ်အရေးမကြီးလှချေ။ ပို၍ အရေးကြီးသည်မှာ ဤဖြစ်ရပ်မှ ထုတ်ဖော်ပြသလိုက်သော ကြောက်မက်ဖွယ်ကောင်းသည့် အမှန်တရားပင် ဖြစ်သည်။ သူမကိုယ်တိုင်ပင်လျှင် လေးစားမှုကို မရယူနိုင်တော့ဘူးဆိုလျှင် ဝေ့ဟောက်ချန်ကရော ဘာဖြစ်သွားမည်နည်း။
ဤအတွေးများက ဝေ့ချင်းရှောင်း၏ စိတ်ထဲတွင် လျင်မြန်စွာ လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့ပြီး သူမ၏ မျက်နှာအမူအရာကို ပို၍ ပို၍ ဖြူရော်သွားစေခဲ့သည်။ သို့သော် ရွှယ်အန်းကမူ လူအုပ်ကြီး၏ လှောင်ပြောင်မှုများကို မကြားသည့်အလား ဝေ့ယင်းယင်း ကို ပြုံး၍သာ ကြည့်နေခဲ့သည်။
"အံ့သြသွားလား"
အကြောင်းရင်း တစ်ခုခုကြောင့် ရွှယ်အန်းက သူမကို ပြုံးပြနေသည်ကို မြင်လိုက်ရသောအခါ ဝေ့ယင်းယင်းမှာ ပင်ကိုယ်အသိအရ ဦးရေပြား ကျောချမ်းသွားသလို ခံစားလိုက်ရပြီး အန္တရာယ်ရှိသော နိမိတ်ဆိုးတစ်ခု ထွက်ပေါ်လာကာ သူမ ပြောရန် ဟန်ပြင်နေသော စကားလုံးများကို ပြန်လည် မျိုချရသည်။
"အံ့သြတာကတော့ လွန်သွားတာပေါ့... ဒါပေမယ့် အစ်မရယ်... သခင်လေး ဟောက်ချန် အတွက် ဆရာတစ်ယောက် ရွေးချယ်တဲ့ အစ်မရဲ့ စံနှုန်းက တကယ်ကို ထူးခြားတာပဲ၊ အစ်မအတွက် ယောကျ်ား တစ်ယောက် ရွေးနေတာများလား၊ ဟားဟားဟား... တောင်းပန်ပါတယ်၊ ညီမက ဒီလိုပဲ ပွင့်လင်းလွန်းလို့ပါ၊ စိတ်မဆိုးပါနဲ့နော်"
ဝေ့ယင်းယင်း ၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ရှိနေခဲ့သည်။ ဝေ့ချင်းရှောင်း၏ မျက်နှာမှာ မှိုင်းညို့နေပြီး ဝေ့ယင်းယင်း ရန်စမှုကို မကြားခဲ့သည့်အလား သူမ၏ မျက်လုံးများမှာ ရေခဲတမျှ အေးစက်နေခဲ့သည်။ ဤအရာကို မြင်သောအခါ ဝေ့ယင်းယင်း က နက်ရှိုင်းသော ကျေနပ်မှုကို ခံစားလိုက်ရသည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် သူမ၏ စကားများအတွက် သူမ ပေးဆပ်လိုက်ရသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝေ့ချင်းရှောင်းက ဝေ့ယင်းယင်း ၏ ရှေ့သို့ ပြေးသွားကာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်စွာဖြင့် သူမကို ပါးရိုက်ချတော့သည်။
ဖြန်း
စူးရှသော ပါးရိုက်သံက ဂိတ်တံခါးရှေ့ရှိ ကွင်းပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ဝေ့ယင်းယင်း မှာ အဝေးသို့ လွင့်စင်သွားခဲ့ပြီး သူမ၏ ခြေထောက်ပေါ်တွင် ပြန်လည် ရပ်တည်နိုင်ရန် အပြင်းအထန် ကြိုးစားခဲ့ရသော်လည်း သူမ၏ ယခင် တည်ငြိမ်မှုများမှာ မည်သည့်နေရာတွင်မှ ရှာမတွေ့နိုင်တော့ချေ။
သူမ၏ ပါးပြင်မှာ ဖောင်းအစ်လာပြီး သူမ၏ နှုတ်ခမ်းထောင့်မှနေ၍ သွေးများ စီးကျလာကာ မူလက ဆွဲဆောင်မှုရှိသော သူမ၏ မျက်နှာမှာ ဒေါသများဖြင့် ရှုံ့မဲ့သွားတော့သည်။
"နင်..."
"ဘာ နင်လဲ၊ ငါက ဝေ့မိသားစုရဲ့ သမီးအကြီးဆုံးပဲ... နင် နောက်ထပ် အဓိပ္ပါယ် မရှိတာတွေ ထပ်ပြောရဲရင် နင့်ကို အခုချက်ချင်း သတ်ပစ်မယ်"
ဝေ့ချင်းရှောင်းက သူမ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်နေလျက် အေးစက်စွာ ပြောသည်။ ဝေ့ယင်းယင်း မှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး အကြောက်တရားဖြင့် သူမ၏ ခေါင်းကို ငုံ့ထားသည်။
အဘယ်ကြောင့်ဆိုသော် ဝေ့ချင်းရှောင်းက ပြောရဲလျှင် လုပ်လည်း လုပ်ရဲမည်ဆိုတာကို သူမ သိထားသောကြောင့်ဖြစ်သည်။ ထို့အပြင် ဝေ့မိသားစု၏ သမီးအကြီးဆုံး တစ်ယောက်အနေဖြင့် မည်သည့် ပြစ်ဒဏ်မျှ မခံရဘဲ သူမကို သတ်ပစ်နိုင်သည့် အခွင့်ထူးများ အမှန်တကယ်ပင် သူမ၌ ရှိနေခဲ့သည်။ အဲဒါက အဲဒီလို လုပ်နိုင်တဲ့ စွမ်းအား ရှိနေမှုအပေါ်မှာ မူတည်တာပေါ့...
တစ္ဆေ မျိုးနွယ်စု၏ မှူးမတ်များ အကြားရှိ စည်းမျဉ်းများမှာ ဤမျှလောက်ပင် ရက်စက်လှပေသည်။ အကယ်၍ မင်းက လုံလောက်အောင် အစွမ်းထက်တယ် ဆိုရင် နည်းပါးတဲ့ အင်အားနဲ့ ကြီးမားတဲ့ အရာတွေကိုတောင် အနိုင်ယူနိုင်စွမ်း ရှိပါတယ်၊
ဒါပေမယ့် မင်းက လုံလောက်အောင် မစွမ်းထက်ဘူးဆိုရင်တော့ အစွမ်းထက်သူတွေရဲ့ ဆန္ဒကို အညံ့ခံရုံသာ ရှိတော့တယ်...
ဝေ့ယင်းယင်းက သူမ၏ ကိုယ်ပိုင် အနေအထားကို အလွန် ကောင်းစွာ သိရှိထားပြီး ဝေ့ချင်းရှောင်းထက် များစွာ နိမ့်ကျနေသဖြင့် သူမက ဤပါးရိုက်ချက်ကို တိတ်တဆိတ် သည်းခံရန်သာ တတ်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အစောပိုင်းက တီးတိုး ပြောဆိုနေခဲ့ကြသော လူအုပ်ကြီးမှာ တိတ်ဆိတ်သွားခဲ့ကြသည်။
လက်ရှိ အကျပ်အတည်းများ ရှိနေသော်ငြား ဝေ့ချင်းရှောင်းသည် ဝေ့မိသားစု၏ သမီးအကြီးဆုံး ဖြစ်နေဆဲဖြစ်ပြီး သူတို့ အတင်းအဖျင်း ပြောဆိုနိုင်လောက်သည့် လူမျိုး မဟုတ်ကြောင်း ရုတ်တရက် သတိရသွားကြသဖြင့် လူအများအပြား၏ မျက်နှာများမှာ သေလူတစ်ယောက်အလား ဖြူဖျော့သွားခဲ့ကြသည်။
"သွားကြစို့"
ဝေ့ချင်းရှောင်းက လူအုပ်ကြီးကို ဝေ့ကြည့်ရာ သူမ၏ အကြည့်များ ကျရောက်သွားသည့် နေရာတိုင်းရှိ လူအုပ်ကြီးမှာ သူတို့၏ ခေါင်းများကို ငုံ့သွားကြသည်ကို သတိပြုမိလိုက်ပြီး အေးစက်စွာ ပြောသည်။
"ကောင်းပြီလေ"
ရွှယ်အန်းက ခပ်ဖွဖွ ပြုံးပြီးနောက် ဝေ့ဟောက်ချန်ကို ခေါ်ဆောင်ကာ ဝေ့မိသားစု စံအိမ်ထဲသို့ ဝင်ရောက်သွားတော့သည်။ ဝေ့ယင်းယင်း မှာ ထိုနေရာတွင် ရပ်နေလျက် ဝေ့ချင်းရှောင်း၏ တဖြည်းဖြည်း ဝေးကွာသွားသော ပုံရိပ်ကို စောင့်ကြည့်နေခဲ့ရာ သူမ၏ မျက်လုံးများမှာ နာကြည်းမှုနှင့် အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်။
မောက်မာမနေပါနဲ့... အစ်ကို ယွီဟွာ ပြန်ရောက်လာတဲ့အခါ အဲဒါက နင်နဲ့ အဲဒီ ငတုံးရဲ့ ပျက်စီးမယ့် အချိန်ပဲ...
ဝေ့ချင်းရှောင်း၏ အဆင့်အတန်း အရ သူမ၏ နေအိမ်မှာ သဘာဝကျကျပင် အလွန်အမင်း ခမ်းနားထည်ဝါပြီး ခြံဝင်းမှာလည်း ကျယ်ပြောလှသည်။ သို့သော် ခြံဝင်းထဲသို့ ဝင်ရောက်လိုက်ချိန်တွင် ဝေ့ချင်းရှောင်း၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တစ်ချိန်က သက်ဝင်လှုပ်ရှားပြီး စည်ကားနေခဲ့သော ခြံဝင်းမှာ ခြောက်ကပ်ပြီး အေးစက်နေခဲ့သောကြောင့်ဖြစ်သည်။
ခြံဝင်းထဲရှိ ထူးဆန်းသော ပန်းများနှင့် ရှားပါးသော ဆေးဖက်ဝင် အပင်များမှာ တစ်ဝက်ခန့် ညှိုးနွမ်းနေပြီဖြစ်ပြီး မြေကြီးပေါ်တွင် ဖုန်အလွှာပါးပါးလေး ဖုံးလွှမ်းနေကာ ၎င်းကို အချိန်အတော်ကြာ သန့်ရှင်းရေး မလုပ်ရသေးကြောင်း ရှင်းလင်းစွာ ဖော်ပြနေခဲ့သည်။ ဝေ့ချင်းရှောင်းက မျက်နှာ ဖြူရော်နေလျက် ခြံဝင်းထဲတွင် ရပ်နေပြီး သူမ၏ ခြေထောက်ကို အားကုန် ဆောင့်ချသည်။
ခြံဝင်းမှာ တုန်လှုပ်သွားပြီး ထိုပန်းများနှင့် သစ်ပင်များမှာ ချက်ချင်း ကြေမွသွားတော့သည်။ ထိုဆူညံမှုက အိမ်ထဲတွင် ရှိနေသူများကို လန့်သွားစေခဲ့သည်။
"ဘယ်သူက ဒီမှာ လာပြီး ပြဿနာရှာရဲတာ ဘယ်သူလဲ"
ထိုအသံနှင့်အတူ ကမောက်ကမ ခြေသံများကို ကြားလိုက်ရပြီး အိမ်ထဲမှ အစေခံ တစ်စု ထွက်လာခဲ့သည်။ ဤအစေခံများ အားလုံးမှာ တောက်ပစွာ ဝတ်ဆင်ထားကြပြီး အိမ်ထဲတွင် အရက်သောက်နေခဲ့ကြသဖြင့် သူတို့၏ မျက်လုံးများမှာ အရက်မူးမှုကြောင့် ဝေဝါးနေခဲ့ကြသည်။ သို့သော် ဝေ့ချင်းရှောင်းကို မြင်လိုက်ရသောအခါ ဤအစေခံများ၏ အရက်မူးနေမှု တစ်ဝက်ခန့်မှာ အကြောက်တရားကြောင့် ချက်ချင်း အမူးပြေသွားကြတော့သည်။
"သ... သခင်မလေး"
ဦးဆောင်လာသော အစေခံက ထစ်အငေါ့ငေါ့ဖြင့် ခေါ်သည်။
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ"
ဝေ့ချင်းရှောင်းက ပျက်စီးယိုယွင်းနေသော အခန်းများနှင့် ခြံဝင်းကို လက်ညိုးထိုးကာ အေးစက်စွာ မေးသည်။
"ဒါ... ဒါကလေ..."
အစေခံမှာ ချွေးများ ပြိုက်ပြိုက်ကျနေပြီး ရှင်းပြရန် စကားလုံး ရှာမတွေ့ဖြစ်နေကြောင်း ရှင်းလင်းနေခဲ့သည်။
အတွင်းစိတ်ထဲတွင် သူက သူ၏ ကံကြမ္မာကို ကျိန်ဆဲမိသည်။ သခင်မလေး ဝေ့ အကြီးဆုံး ပြန်မလာလောက်ဘူးလို့ ပြောထားကြတာ မဟုတ်ဘူးလား၊ သူက ဘယ်လို ရှင်းပြရမလဲ..
သူ ခေါင်းစားနေချိန်မှာပင် ဝေ့ချင်းရှောင်းက ခေါင်းညိတ်လာသည်။
"တော်ပြီ... ရှင်းပြနေစရာ မလိုတော့ဘူး၊ နင်တို့ ထွက်သွားလို့ ရပြီ"
အစေခံများမှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့်အလား အကြိမ်ကြိမ် ဦးညွှတ်ကြသည်။
"ကျေးဇူးတင်ပါတယ် သခင်မလေး"
"ကျေးဇူးတင်ပါတယ် သခင်မလေး"
သူတို့၏ ကျေးဇူးတင်စကားများကြားတွင် ဤလူများက အလျင်အမြန် ထွက်ခွာသွားကြတော့သည်။ သူတို့က တံခါးခုံကို ဖြတ်ကျော်ကာ ခြံဝင်းထဲမှ ထွက်ခွာသွားချိန်တွင် အစေခံများ အားလုံး၏ မျက်နှာပေါ်၌ ဝမ်းမြောက်မှုများကို ပြသနေခဲ့သည်။ အကြီးဆုံးသခင်မလေးဝေ့က သိပ်ပြီးတော့ ကြောက်စရာ မကောင်းပါဘူးပဲ၊ ဒီကိစ္စအတွက် သူမက ငါတို့ကို တကယ် ခွင့်လွှတ်ပေးလိုက်တာပဲ...
သို့သော် နောက်တစ်စက္ကန့်မှာပင် သူတို့၏ အပြုံးများ အေးခဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နွယ်ပင်များအလား အနက်ရောင် ဓာတ်ငွေ့ တိုင်များက သူတို့၏ အနောက်တွင် ရုတ်တရက် ပေါ်လာပြီး သူတို့ အားလုံးကို လေထဲသို့ ပင့်မြှောက်လာသည်။
"အား... သနားပါ သခင်မလေး"
အစေခံများက ရူးသွပ်စွာ အော်ဟစ်လိုက်ကြသော်လည်း ဝေ့ချင်းရှောင်းက ခေါင်းပင် လှည့်မကြည့်ဘဲ သူမ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင် တစ်ချက်သာ လင်းလက်သွားခဲ့သည်။ အနက်ရောင် ဓာတ်ငွေ့ တိုင်များက နတ်ဆိုးဘုရား တစ်ပါး၏ ဧရာမ ခြေသည်းကြီးများအလား ရုတ်တရက် ဆုပ်ကိုင် ညှစ်ချတော့သည်။
ဂျွတ်
အူများဆွဲထုတ်ခံရမတတ် အက်ကွဲသံကြီး တစ်ခုနှင့်အတူ အနံ့ဆိုးထွက်နေသော သွေးများက အောက်သို့ ပန်းထွက်လာပြီး အစေခံများမှာ ဧရာမ ခြေသည်းကြီးများအောက်တွင် အသားစဉ်းအဖြစ်သို့ ကြေမွသွားတော့သည်။
--