← Chapters

အခန်း ၁၄၃၅

Vol. 96 Ch. 1435

အခန်း ၁၄၃၅

Vol. 96 Ch. 1435

အခန်း (၁၄၃၅) မက်မောဖွယ်

အော်ဟစ်သံများက ခြံဝင်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး မရေမတွက်နိုင်သော အကြည့်များကို သူတို့ဆီသို့ ဆွဲဆောင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုအနက်ရောင် ဓာတ်ငွေ့တိုင်များက အနက်ရောင် အလံတိုင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော် အလံတိုင်များတွင် ချိတ်ဆွဲထားသည်မှာ အလံများ မဟုတ်ဘဲ ထိုအစေခံများ၏ အလောင်းများ ဖြစ်နေခဲ့သည်။

ထိုသို့သော ကျောချမ်းဖွယ်ကောင်းပြီး ကြောက်မက်ဖွယ် မြင်ကွင်းက ချောင်းကြည့်နေသော မျက်လုံး အများအပြားကို ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။ ထိုအချိန်တွင် ဝေ့ချင်းရှောင်းက တည်ငြိမ်စွာ ပြောသည်။

"ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် ငါ ဒီမှာ ရှိနေသရွေ့ ငါက ဝေ့မိသားစုရဲ့ သမီးအကြီးဆုံးပဲ၊ နင်တို့ အားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်လား"

သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ချောင်းကြည့်နေသော မျက်လုံးများက တိတ်ဆိတ်စွာ နောက်ဆုတ်သွားကြပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် အရာအားလုံးက ငြိမ်သက်ခြင်းသို့ ပြန်လည် ရောက်ရှိသွားတော့သည်။ ရွှယ်အန်းက လေထဲတွင် ယိမ်းထိုးနေသော အရိုးစု အကြွင်းအကျန်များကို တစ်ချက်ကြည့်လိုက်ပြီး တိုးညင်းစွာ သက်ပြင်းချသည်။

"မင်းရဲ့ အခြေအနေက တကယ်ကို မကောင်းဘူး ထင်တယ်"

ဝေ့ချင်းရှောင်းက ခါးသီးသော အပြုံးတစ်ခုကို ပြုံးလာသည်။

"တစ္ဆေ မျိုးနွယ်စုဆိုတာ ဒီလိုပါပဲ၊ အကယ်၍ အားနည်းတဲ့ အရိပ်အယောင်လေး တစ်ခု ပြလိုက်တာနဲ့ မရေမတွက်နိုင်တဲ့ လူယုတ်မာတွေက အခွင့်အရေး ယူဖို့ ကြိုးစားကြတော့တာပဲ၊ ခုနက ဝေ့ယင်းယင်းရော... ဒီအစေခံတွေရော အတူတူပဲ"

"ဒါကြောင့်မို့လို့ လူတိုင်းကို ဟန့်တားဖို့ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ နည်းလမ်းတွေကို မင်းက သုံးချင်တာလား"

ဝေ့ချင်းရှောင်းက တိတ်ဆိတ်စွာ ခဏတာ ရပ်တန့်သွားပြီးနောက် ပြောလသည်။

"ဒါက တစ်ခုတည်းသော နည်းလမ်းပဲလေ"

ရွှယ်အန်းက ရယ်မောလိုက်သည်။

"ဒါဆို... မင်းရဲ့ လက်ရှိ အကျပ်ရိုက်နေရတဲ့ အခြေအနေရဲ့ အကြောင်းရင်းက ဘာလို့ ထင်လဲ"

ဝေ့ချင်းရှောင်းက ဝမ်းနည်းဖွယ် အပြုံးတစ်ခု ပြုံးသည်။

"တကယ်တော့ စဉ်းစားနေစရာတောင် မလိုပါဘူး၊ ငါ့ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို ထိုးကျသွားအောင် လုပ်နိုင်တဲ့ တစ်ဦးတည်းသော သူက ဝေ့ယွီဟွာ ရဲ့ လက်ချက်ပဲ၊ ပြီးတော့..."

ဝေ့ချင်းရှောင်းက အဝေးရှိ မိုးမျှော်နေသော အဆောက်အအုံများနှင့် ခန်းမဆောင်ကြီးများကို မျက်လုံးများ မော့ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

"သူက အခု ဒီစံအိမ်ထဲမှာ မရှိဘူး၊ သူတင် မဟုတ်ဘူး... အကြီးအကဲတွေတောင် မရှိကြဘူး၊ ဘယ်လိုပဲ ကြည့်ကြည့် ဒါက သံသယဖြစ်စရာ ကောင်းမနေဘူးလား"

ဝေ့ချင်းရှောင်း၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ သူမက ထိပ်တိုက် ရင်ဆိုင်ရမည်ကို မကြောက်သော်လည်း ဤမသိရသော အခြေအနေများက သူမကို ဆူးများအပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားရစေသည်။ ရွှယ်အန်းက ဤအရာကို မြင်သောအခါ ခပ်ဖွဖွ ရယ်မောလိုက်ပြီး ပျင်းရိပျင်းတွဲ အကြောဆန့်လိုက်သည်။

"ကောင်းပြီလေ၊ မင်းက ဘာတွေ အများကြီး တွေးနေတာလဲ၊ သူတို့ ဒီမှာ မရှိကြဘူး ဆိုမှတော့ အရင်ဆုံး ငါတို့ အနားယူကြတာပေါ့"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက ဝေ့ဟောက်ချန်ကို လှေကားပေါ်သို့ ဆွဲခေါ်သွားတော့သည်။ ဝေ့ချင်းရှောင်းမှာ ခဏတာ တွန့်ဆုတ်သွားပြီးနောက် အထဲသို့ လိုက်ဝင်သွားတော့သည်။ ဝေ့ချင်းရှောင်း ပြန်ရောက်လာခြင်းက ရေကန်ထဲသို့ ကျောက်ခဲ တစ်လုံး ပစ်ချလိုက်သကဲ့သို့ ဝေ့မိသားစု တစ်ခုလုံးတွင် လှိုင်းဂယက်များ ရိုက်ခတ်သွားစေသည်။

အထူးသဖြင့် ဝေ့ချင်းရှောင်းက စကားတစ်ခွန်းမျှ မပြောဘဲ ဝေ့ယင်းယင်း ကို ပါးရိုက်ခဲ့ပြီး မောက်မာကာ ပျင်းရိသော အစေခံ ဆယ်ယောက်ကျော်ကို ရက်စက်သော နည်းလမ်းများဖြင့် သတ်ဖြတ်ပစ်ခဲ့ခြင်းတို့ကြောင့်ဖြစ်သည်။ ဤလုပ်ရပ် နှစ်ခုက လှုပ်ရှားရန် အသင့်ဖြစ်နေသူ အများအပြားကို အနည်းငယ် နောက်တွန့်သွားစေခဲ့သည်။

ဝံပုလွေများအလား မရေမတွက်နိုင်သော မျက်လုံးများက ခြံဝင်းကို လျှို့ဝှက်စွာ စောင့်ကြည့်နေကြပြီး သူတို့၏ ရက်စက်သော အစွယ်များကို ဖော်ပြရန် အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့ကြသည်။ ဤသည်မှာ ဝံပုလွေများ ဝိုင်းရံခံထားရခြင်း၏ အစစ်အမှန် အခြေအနေပင် ဖြစ်သည်။

သို့တိုင်အောင် ဤမျှလောက် ဆိုးရွားသော အခြေအနေများကြားတွင် ခြံဝင်းငယ်လေး အတွင်းရှိ လေထုမှာ မမျှော်လင့်ဘဲ အေးချမ်းနေခဲ့သည်။

ဝေ့ချင်းရှောင်းက မီးဖိုချောင်ထဲတွင် သူမ၏ မောင်ဖြစ်သူအား ဟင်းချက်နည်းများ သင်ပေးနေသော ရွှယ်အန်းကို ကြက်သေသေဖြင့် စိုက်ကြည့်နေခဲ့ပြီး ခဏတာမျှ ဘာတွေးရမှန်း မသိအောင် ဖြစ်နေခဲ့သည်။

"ကြည့်... ဒါကို ဒီလိုမျိုး လှီးရမယ်... နားလည်လား"

ရွှယ်အန်းက တစ်ကြိမ် သရုပ်ပြလိုက်ပြီး ဓားမကို ဝေ့ဟောက်ချန်ထံသို့ ကမ်းပေးသည်။ ဝေ့ဟောက်ချန်က ဇဝေဇဝါဖြင့် ဓားမကို ယူလိုက်ပြီး ရွှယ်အန်း ညွှန်ကြားသည့်အတိုင်း ဟင်းသီးဟင်းရွက်များကို စတင် လှီးဖြတ်တော့သည်။

ဝေ့ချင်းရှောင်း၏ မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ လက်ထဲတွင် ဓားကို ကိုင်ထားသည့် အခိုက်အတန့်တွင် သူမ မောင်ဖြစ်သူက အခြား လူတစ်ယောက်အလား ဖြစ်နေကြောင်းကို သူမ သတိပြုမိသွားသောကြောင့်ဖြစ်သည်။ ငတုံးအပြုံးများက ချက်ချင်း ပျောက်ကွယ်သွားပြီး လုံးလုံးလျားလျား တည်ငြိမ်မှုများဖြင့် အစားထိုး ဝင်ရောက်လာခဲ့သည်။

သူ၏ မျက်လုံးများထဲတွင်ပင် ပုံမှန် ဇဝေဇဝါ ဖြစ်မှုနှင့် မသိနားမလည်မှုများ မရှိတော့ဘဲ အလွန်တရာ ငြိမ်သက်အေးချမ်းလာခဲ့သည်။ ဝေ့ချင်းရှောင်းက ဤရုတ်တရက် အပြောင်းအလဲကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤအခိုက်အတန့်တွင် ဝေ့ဟောက်ချန်၏ ဓားလှီးဖြတ်မှုက ပိုမို မြန်ဆန်လာပြီး ပို၍ ကျွမ်းကျင်လာသောကြောင့်ဖြစ်သည်။

သူ၏ ယုံကြည်မှုက အလွန် သေချာနေပုံရသဖြင့် ဝေ့ချင်းရှောင်းကိုပင် အနည်းငယ် မှင်တက်သွားစေခဲ့ပြီး သူမ၏ မောင်ဖြစ်သူ ရောဂါပျောက်သွားပြီဟု ခဏတာမျှ သူမ တွေးလိုက်မိသည်။ အချိန်တိုအတွင်းမှာပင် စဉ်းတီတုံးပေါ်ရှိ ဟင်းသီးဟင်းရွက်များ အားလုံး သေသပ်စွာ လှီးဖြတ်ပြီးသား ဖြစ်သွားခဲ့သည်။

ရွှယ်အန်းက တစ်ဖတ်ကို ကောက်ယူလိုက်ရာ ၎င်း၏ အထူအပါးမှာ ညီညာနေကြောင်း တွေ့ရှိလိုက်ရသဖြင့် သဘောကျစွာ ခေါင်းညိတ်လာသည်။

"မဆိုးဘူး"

ထိုအခါမှသာ ဝေ့ဟောက်ချန်က ဓားကို အောက်ချပြီး သူ၏ ယခင် အမူအရာဖြစ်သော ရိုးအသည့် အပြုံးနှင့် ဇဝေဇဝါ ဖြစ်နေသည့် မျက်လုံးများဆီသို့ ချက်ချင်း ပြန်ရောက်သွားတော့သည်။ အပြောင်းအလဲ၏ အရှိန်အဟုန်မှာ ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက စိတ်ကူးယဉ် အာရုံတစ်ခု သက်သက်မျှသာ ဖြစ်ခဲ့သည့်အလားထင်ရသည်။

"ဒါ... ဒါက ဘာတွေ ဖြစ်နေတာလဲ"

ဝေ့ချင်းရှောင်းက အဆုံးတွင် မအောင့်ထားနိုင်တော့ဘဲ ရှေ့သို့ တိုးကာ မေး

သည်။

"ဘာတွေ ဖြစ်နေတာလဲဆိုတာက ဘာကို မေးချင်တာလဲ"

ဝေ့ချင်းရှောင်းက သူမ၏ မောင်ဖြစ်သူကို လက်ညိုးထိုးပြသည်။

"ဘာလို့ ချန်အာက ခုနက ရုတ်တရက်ကြီး ဒီလောက်တောင်... ဒီလောက်တောင် တည်ငြိမ်သွားရတာလဲ"

ရွှယ်အန်း၏ နှုတ်ခမ်းထောင့်များက အပြုံးသဲ့သဲ့လေး တစ်ခုအဖြစ် ကွေးတက်သွားသည်။

"ငါက ဘယ်လိုလုပ် သိမှာလဲ၊ မင်းရဲ့ မောင်က မွေးရာပါ ဟင်းချက်ရတာကို ဝါသနာပါလို့လည်း ဖြစ်နိုင်တာပဲလေ"

"ရှင်..."

ဝေ့ချင်းရှောင်းက သူမ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို သပ်လိုက်ရာ သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာသည်ကို ခံစားလိုက်ရသည်။ ရွှယ်အန်းက သူမ၏ စကားများကို တုံ့ဆိုင်းမှု မရှိဘဲ ဖြတ်ပြောလိုက်ပြီး ခပ်တည်တည်ဖြင့် ပြောသည်။

"မင်း မောင်ရဲ့ ရောဂါကို ငါ သေချာပေါက် ကုပေးနိုင်တယ်လို့ ငါ ပြောထားပြီးပြီ၊ ဒါပေမယ့် မင်း လုပ်ဖို့ လိုအပ်တာက ခြွင်းချက်မရှိ ယုံကြည်ပြီး ပူးပေါင်းဖို့ပဲ... နားလည်လား"

ဝေ့ချင်းရှောင်းက ရွှယ်အန်းကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီး အဆုံးတွင် ခေါင်းညိတ်လာသည်။

"နားလည်ပါပြီ၊ ဒါပေမယ့် ကျွန်မ မောင်ကို အမြန်ဆုံး ပုံမှန် အခြေအနေ ပြန်ရောက်အောင် ရှင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဘာလို့လဲဆိုတော့... ကျွန်မမှာ အချိန်သိပ်မကျန်တော့လို့ပဲ"

ထိုသို့ပြောပြီးနောက် ဝေ့ချင်းရှောင်းက လှည့်ကာ မှိုင်းညို့သော စိတ်အခြေအနေဖြင့် ထွက်ခွာသွားတော့သည်။ ဝေ့ဟောက်ချန်က ဘာတွေ ဖြစ်ပျက်သွားခဲ့မှန်း နားမလည်နိုင်သဖြင့် ရိုးအသော အပြုံးကို ဆက်လက် ပြုံးထားဆဲဖြစ်သည်။

ရွှယ်အန်းကမူ ဝေ့ချင်းရှောင်း၏ ကျောပြင်ထံမှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် ဝေ့ဟောက်ချန်၏ ပခုံးကို ပုတ်လေသည်။

"မင်း သိလား... မင်းမှာ အစ်မကောင်း တစ်ယောက် ရှိတယ်"

ဝေ့ဟောက်ချန်က ငတုံးတစ်ယောက်အလား ဆက်လက် ပြုံးနေခဲ့သည်။ ရွှယ်အန်းက ခပ်ဖွဖွ သက်ပြင်းချမိသည်။

"ဒါကြောင့် မင်းရဲ့ အစ်မအတွက် မင်းက ဘယ်လို တန်ဖိုးမျိုးကို ပေးဆပ်ဖို့ ဆန္ဒရှိမလဲ ဆိုတာကို ငါ တကယ်ပဲ သိချင်မိတယ်"

"အဲဒီလို တွေးကြည့်တော့ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ"

နောက်ရက်များတွင် ရွှယ်အန်းက ဝေ့ဟောက်ချန်ကို မီးဖိုချောင်ထဲတွင် ဟင်းချက်နည်းများ ဆက်တိုက် သင်ပေးနေခဲ့သည်။ ထိုသတင်း ပျံ့နှံ့သွားသောအခါ ဝေ့မိသားစု အတွင်း၌ ဆူညံပွက်လောရိုက်သွားစေခဲ့သည်။

"ဘာ... အဲဒီ ငတုံး ဝေ့ဟောက်ချန် က ကောင်လေး တစ်ယောက်ဆီကနေ ဟင်းချက်နည်း သင်နေတယ် ဟုတ်လား၊ ဝေ့ချင်းရှောင်း က ဘာတွေများ ကြံစည်နေတာလဲ"

ဝေ့ယင်းယင်း က မည်းမှောင်နေသော မျက်နှာဖြင့် မေးသည်။

"ဘယ်သူ သိမှာလဲ၊ ဖြစ်နိုင်တာက သူမ မောင်ရဲ့ ရောဂါ ပျောက်ဖို့က မျှော်လင့်ချက် မရှိတော့ဘူးလို့ သူမ ထင်ပြီး သူ အသက်မွေးဝမ်းကျောင်း ပညာတစ်ခု တတ်ထားအောင် လုပ်နေတာများလား"

သတင်းပေးသူက လှောင်ပြောင်သည့် လေသံဖြင့် ပြောသည်။ ဤစကားကို ကြားသောအခါ ဝေ့ယင်းယင်း ကလည်း လှောင်ပြောင်သော အပြုံးတစ်ခုပြုံးလာသည်။

"ဟက်... အဲဒီ အဖြူရောင်ဝတ် ကောင်လေးက ဝေ့ဟောက်ချန်ရဲ့ ဆရာလို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်နေတာ မဆန်းပါဘူး၊ တကယ်တမ်းကျတော့ သူက စားဖိုမှူး တစ်ယောက် သက်သက်ပဲကိုး"

သူမ တစ်ယောက်တည်း သာမက ဝေ့မိသားစု တစ်ခုလုံးကပါ ဤကိစ္စကို အထက်အောက် ဆွေးနွေးပြောဆိုကာ ဆူညံနေခဲ့ကြသည်။ ထိုထင်မြင်ချက်များက ပွက်ပွက်ဆူနေခဲ့သော်လည်း လူတိုင်း သတိပြုမိနေသည့် အချက်တစ်ချက်တော့ ရှိသည်။

ထိုအရာသည် သိသာထင်ရှားစွာပင် ဝေ့ချင်းရှောင်း၌ အကြံအစည် အားလုံး ကုန်ခမ်းသွားပြီဖြစ်ပြီး ယခုအခါ စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ ဤအချိန်တွင် ဝေးကွာလှသော တစ္ဆေလောကနယ်ပယ် လျှို့ဝှက်နယ်မြေမှ ခမ်းနားကြီးကျယ်သော ယာဉ်တန်းကြီး တစ်ခု ပြန်လည် ရောက်ရှိလာခဲ့သည်။

ယာဉ်တန်းကြီး အတွင်း၌ ဧရာမ တစ္ဆေ ရထားလုံးကြီး တစ်စီးက ဖြည်းညင်းစွာ ရွေ့လျားနေခဲ့သည်။ တစ္ဆေ ရထားလုံးကို မျက်နှာပေါ်တွင် အပြစ်ဒဏ် အမှတ်အသားများ ရေးထိုးခံထားရသော တစ္ဆေ မျိုးနွယ်စုဝင် အများအပြားက မောင်းနှင်နေကြပြီး အကယ်၍ သူတို့က အနည်းငယ်လေးပင် ပေါ့လျော့သွားပါက ရထားမောင်းသူက တစ္ဆေ ကြာပွတ်ကို ဝှေ့ယမ်းကာ ပြင်းထန်စွာ ရိုက်နှက်မည် ဖြစ်သည်။

ဤသည်မှာ တစ္ဆေလောကနယ်ပယ်ရှိ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ခရီးသွားလာရာတွင် အသုံးပြုသော အမြင့်မားဆုံးသော ဂုဏ်ပြု အစီအစဉ်ဖြစ်ပြီး နန်းတော် သခင် အဆင့်အောက် မည်သူမျှ အသုံးပြုခွင့် မရှိချေ။

ထိုအခိုက်အတန့်တွင် တစ္ဆေ ရထားလုံး အတွင်း၌ တိတ်ဆိတ်စွာ ထိုင်နေသော အမျိုးသား တစ်ဦးက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

နက်ရှိုင်းပြီး ထိုးဖောက်မြင်နိုင်သော အလင်းတန်း နှစ်ခုက ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားပြီး အဝေးသို့ လှမ်းကြည့်လိုက်ကာ နက်နဲပြီး အေးစက်သော အပြုံးတစ်ခုကို ပြသလာသည်။

"ဝေ့ချင်းရှောင်း... နင်က တကယ်ပဲ ပြန်လာရဲတယ်ပေါ့”

--

All Chapters