← Chapters

အခန်း ၁၄၃၈

Vol. 96 Ch. 1438

အခန်း ၁၄၃၈

Vol. 96 Ch. 1438

အခန်း (၁၄၃၈) ခေါင်းနဲ့ အမြီးကို ဖြတ်ထုတ်၊ ပြီးရင် အလယ်ကနေ ခွဲပစ်လိုက်

လူတိုင်း မျက်လုံးများက ရွှယ်အန်းဆီ ရောက်သွားပြီး ဝေ့ချင်းရှောင်းလည်း အနည်းငယ် မှင်တက်သွားသည်။

"ရှင်..."

ရွှယ်အန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။

"ကောင်းပြီ၊ ငါ အကုန်မြင်ပါတယ်၊ နန်းတော်သခင် အဆင့်လောက်လေးများ... ဘာမှ အရေးမကြီးပါဘူး"

ထိုအရာကိုကြားချိန် လူအများအပြားက တိတ်တဆိတ် အသက်ပြင်းပြင်း ရှူလိုက်မိကြသည်။ နန်းတော်သခင် အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ဆိုတာ နေရာတိုင်းမှာ ဩဇာကြီးမားတဲ့ သူတွေချည်းပင်။ ဒီလူငယ်လေးရဲ့ ပါးစပ်ထဲမှာတော့ ပြောပလောက်စရာတောင် မရှိဘူးတဲ့လား၊ သူက ဘယ်လောက်တောင် လေလုံးထွားနေတာလဲ။

ဝေ့ယွီဟွာ၏ မျက်နှာက တဖြည်းဖြည်း မည်းမှောင်သွားပြီး ရွှယ်အန်းကို စူးရဲစွာ စိုက်ကြည့်ကာ လှောင်ပြုံးပြုံးလာသည်။

"ကောင်လေး... မင်း အဲဒီစကားကို ပြောလိုက်လို့ ဖြစ်လာမယ့် အကျိုးဆက်တွေကို ထည့်စဉ်းစားခဲ့ရဲ့လား"

"အကျိုးဆက်တွေ ဟုတ်လား"

ရွှယ်အန်းက ခေါင်းခါသည်။

"ငါနဲ့ အကျိုးဆက်တွေအကြောင်း လာပြောဖို့ မင်း အရည်အချင်း မမီသေးဘူး

ဘုန်း

ယခင်က လူများက တိတ်တဆိတ် ကြောက်နေခဲ့ကြသည်ဆိုလျှင်တောင် ထိုစကားက ဆူပွက်နေသော ဆီအိုးထဲ ရေအေးတစ်ခွက် ပက်ထည့်လိုက်သလို ဆူညံပွက်လောရိုက်သွားသည်။

ဝေ့ယွီဟွာက ဒေါသတကြီး ရယ်မောမိသည်။

"အရမ်းကောင်းတယ်၊ ဒီမောင်နှမအတွက် အသေခံရဲတဲ့ လူရဲတင်း တစ်ယောက် တကယ်ရှိနေတာပဲ၊ ငါ..."

ရွှယ်အန်းက လက်ကို ဝှေ့ယမ်းပြီး သူ့စကားကို ဖြတ်ပြောသည်။

"မင်း မှားနေပြီ"

"ဟင်"

ဝေ့ယွီဟွာ အံ့အားသင့်သွားသည်။ ရွှယ်အန်းက သူ၏ သွားလေးများ ပေါ်အောင် ပျော်ရွှင်စွာ ပြုံးသည်။

"ဒီမောင်နှမအတွက် ငါ ဝင်ပါပေးနေတယ်လို့ ဘယ်သူက ပြောလဲ"

ဝေ့ချင်းရှောင်း ကိုယ်တိုင်တောင် ယခုချိန်မှာ ဇဝေဇဝါဖြင့် လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။ ရွှယ်အန်းက အမြဲတမ်း ပြုံးဖြီးဖြီး လုပ်နေသော ဝေ့ဟောက်ချန်ဘက်ကို လှည့်ပြီး ဂရုမစိုက်သလို ပြောသည်။

"ဟောက်ချန်... လူတစ်ယောက်က မင်းအစ်မကို အနိုင်ကျင့်နေတယ်၊ အဲဒါကို မင်း ဘယ်လို လုပ်မလဲ"

ထိုစကားတွေ ထွက်လာသည်နှင့် တစ်ပြိုင်နက် ပရိသတ်ကြီး တစ်ခုလုံး ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။

"ဘုရားရေ... ဒီအဖြူရောင်ဝတ် ကောင်လေးက တစ်ခုခုများ လုပ်ပြတော့မလားလို့ ထင်နေတာ၊ ဒါပေမယ့် သူက ငတုံးတစ်ယောက်ကို သွားမေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"

"ဟုတ်ပါ့၊ သူသာ သခင်လေး သုံးကို ထိပ်တိုက် ရင်ဆိုင်ရဲမယ်ဆိုရင် ငါ သူ့ကို အနည်းငယ်တော့ အထင်ကြီးမိမှာ၊ ဒါပေမယ့် ဒါက ဝေ့ဟောက်ချန်ကို သေတွင်းထဲ ပို့နေတာ ရှင်းနေတာပဲ"

ဝေ့ယွီဟွာ၏ မျက်နှာအမူအရာက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလာပြီး လက်ပိုက်ကာ သဘောကျစွာ ကြည့်နေခဲ့သည်။

ထိုအချိန်မှာ ဝေ့ဟောက်ချန်၏ မျက်နှာပေါ်က ငတုံးအပြုံးက ဆက်ရှိနေပြီး ရွှယ်အန်း စကားကို နားမလည် ပုံပေါ်နေသည်။

လူအများအပြားက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ ဝေ့ယင်းယင်းက ကမ္ဘာကြီး ကမောက်ကမ မဖြစ်မှာကိုသာ ကြောက်သော လူစားမျိုးဖြစ်သဖြင့် ရယ်မောရင်း ပြောလာသည်။

"သူက ဘာလုပ်မှာတဲ့လဲ... ဂေါ်ဖီသုပ် သုပ်မှာပေါ့"

ထိုသို့ပြောပြီးနောက် သူမက အားရပါးရ ရယ်ချသည်။ ဝေ့ချင်းရှောင်းက အစပိုင်းမှာ မျှော်လင့်ချက် သဲ့သဲ့လေး ခံစားခဲ့ရသော်လည်း ယခုအခြေအနေကို မြင်ချိန် သူမနှလုံးသားထဲက မျှော်လင့်ချက် ရောင်ခြည်လေးက သက်ပြင်းချသံ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမကိုယ်သူမတောင် လှောင်ပြောင် ရယ်မောမိသည်။

ငါ တော်တော် တုံးတာပဲ... ငါ့ရဲ့ ငတုံး မောင်လေးအပေါ် မျှော်လင့်ချက် သွားထားမိတယ်လို့

ဤသို့ အခြေအနေမှာတောင် ရွှယ်အန်းက မတုန်မလှုပ်ဘဲ ဝေ့ဟောက်ချန်ကို တိတ်တဆိတ် ကြည့်နေသည်။ သူ့လက်ကောက်ဝတ်ကို တစ်ချက်လှန်လိုက်ရာ မီးဖိုချောင်သုံး ဓားမတစ်လက်က သူ့လက်ထဲမှာ ပေါ်လာခဲ့သည်။

"ဝိုး... ဒါက ဘာအတွက်လဲ၊ လူပုံလယ်မှာ ဟင်းချက်စွမ်းရည် လာပြနေတာလား... ဟားဟားဟားဟား"

ဝေ့ယင်းယင်းက ပိုလို့တောင် ကျယ်လောင်စွာ ရယ်မောလိုက်သေးသည်။ လူတိုင်း၏ ဟားတိုက် ရယ်မောသံတွေလည်း အတူတူ ထွက်ပေါ်လာခဲ့သည်။ သို့သော် မည်သူကမှ သတိမထားမိသည်မှာ ဓားမကို မြင်လိုက်ရချိန် ယခင်က ဝေဝါးနေသော ဝေ့ဟောက်ချန်ရဲ့ မျက်လုံးတွေထဲမှာ ရှင်းလင်းပြတ်သားမှု အရိပ်အယောင်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားသည်ကိုဖြစ်သည်။

ရွှယ်အန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး ဓားမကို ကမ်းပေးကာ ဂရုမစိုက်သလို ပြောသည်။

"ယူလိုက်"

ဝေ့ဟောက်ချန်က လိမ္မာစွာဖြင့် လက်ကို မြှောက်ပြီး ဓားကို ယူသည်။ ဓားက သူ့လက်ထဲ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဝေ့ဟောက်ချန် မျက်နှာပေါ်က ဇဝေဇဝါ ဖြစ်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး အဆုံးစွန်သော တည်ငြိမ်မှုများ အစားထိုး ဝင်ရောက်လာခဲ့သည်။

ထို့နောက် ရွှယ်အန်းက ကောင်းကင်ယံမှာ လွင့်မျောနေတဲ့ ဝေ့ယွီဟွာကို လက်ညိုးထိုးပြပြီး အေးအေးလူလူ ပြောသည်။

"သူ့ကို မြင်လား၊ အဲဒါ မင်းအစ်မကို အနိုင်ကျင့်နေတဲ့ ကောင်ပဲ၊ မင်း ဘာလုပ်မလဲ"

"ရှင်းလင်းမယ်"

ဝေ့ဟောက်ချန်၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုတစ်ခု ပေါ်လာသည်။ သို့သော် ထိုနေရာမှာ ရှိနေသူ ဘယ်သူကမှ ထိုစကားကို အလေးအနက် မထားဘဲ ပိုလို့တောင် ကျယ်လောင်စွာ ရယ်မောမိသည်။

ယခု ဝေ့ဟောက်ချန်ဆီမှာ သာမန်လူတစ်ယောက်လိုမျိုး အရှိန်အဝါ အတက်အကျ အနည်းငယ်လေးတောင် မရှိချေ။ ‘နန်းတော်သခင် အဆင့်ရှိတဲ့ အစွမ်းထက် ဝေ့ယွီဟွာကို သူက ဘယ်လိုလုပ် လှုပ်ခတ်နိုင်မှာလဲ…’

ရွှယ်အန်းက ခေါင်းညိတ်သည်။

"ကောင်းပြီ၊ မှတ်ထား... ဂေါ်ဖီထုပ်ကြီးကို လှီးဖြတ်တုန်းက လုပ်သလိုမျိုးပဲ သူ့ကို ဆက်ဆံလိုက်၊ ခေါင်းနဲ့ အမြီးကို ဖြတ်ထုတ်၊ ပြီးရင် အလယ်ကနေ ခွဲပစ်လိုက်... နားလည်လား"

ဝေ့ဟောက်ချန်က ခေါင်းညိတ်သည်။

"သွားတော့"

ရွှယ်အန်းက ဝေ့ဟောက်ချန်ရဲ့ ပခုံးကို ပုတ်ပြီး သူ့ခန္ဓာကိုယ်ထဲကို အားနည်းတဲ့ ဓားဆန္ဒတစ်ခု စီးဆင်းသွားစေသည်။ ဝေ့ဟောက်ချန်က ထိုဓားဆန္ဒကို အသုံးချပြီး ကောင်းကင်ယံကို ပျံတက်သွားကာ ဝေ့ယွီဟွာဆီကို ဓားမတစ်လက် ဝှေ့ယမ်းရင်း တိုက်ရိုက် ဦးတည်သွားတော့သည်။

ထိုမြင်ကွင်းက ရယ်စရာကောင်းလောက်အောင်ကို ယုတ္တိမတန်လွန်းလှသည်။ တစ်ဖက်မှာက ကောင်းကင်ယံ အများစုကို နေရာယူထားသော ဝေ့ယွီဟွာ ယာဉ်တန်းကြီး၏ ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ အရှိန်အဝါဖြစ်ကာ နောက်တစ်ဖက်မှာက မီးဖိုချောင်သုံး ဓားမ ကိုင်ထားသော ဉာဏ်ရည်မမီတဲ့ ငတုံးတစ်ယောက်ဖြစ်သည်။

ထိုသို့ ဆန့်ကျင်ဘက်ဖြစ်နေသော အခြေအနေမှာ လူအများအပြားက သေချာတောင် မကြည့်တော့ဘဲ သူတို့ရဲ့ နှလုံးသားထဲမှာ ဝေ့ဟောက်ချန်မှ။ သေဒဏ်ကို အမိန့်ချမှတ်ပြီးသား ဖြစ်နေသည်။

"ချန်အာ..."

သူမက ရွှယ်အန်းဘက်ကို ဒေါသတကြီး လှည့်ကြည့်လိုက်သည်။

"ရှင် ဘာတွေ ကြံစည်နေတာလဲ"

ရွှယ်အန်းက ပခုံးတွန့်ပြသည်။

"ငါ ဘာမှ မကြံစည်ပါဘူး၊ မင်းကို ကူညီနေတာလေ"

"ဒါက ချန်အာ့ကို သေတွင်းထဲ ပို့နေတာကြီးမလား"

သူမ စကားပြောနေစဉ် ဝေ့ချင်းရှောင်း မျက်လုံးများမှ မျက်ရည်များ ထွက်လာသည်။ သူမ မောင်ဖြစ်သူကို ကယ်တင်ရန် သူမ၏ ကျင့်ကြံခြင်းစွမ်းအားတွေကို စုစည်းလိုက်သည်။ သို့သော် မျှော်လင့်ချက်က ဝေဝါးနေပြီဆိုတာကိုလည်း သူမ သိသည်။

ဝေ့ဟောက်ချန်က ကောင်းကင်ယံကို ရောက်နေသည်။ ဝေ့ယွီဟွာ လှုပ်ရှားမှု မလုပ်နိုင်ခင်မှာပဲ ဟန်ရေးပြချင်နေသော ဝေ့ယင်းယင်းက အော်ဟစ်လာသည်။

"ဝေ့ဟောက်ချန်... မင်က ဒီလောက်တောင် သေချင်နေမှတော့ ဒီနေ့ မင့်ကို ငါ လမ်းခရီး ပို့ပေးလိုက်မယ်"

ထိုသို့ပြောရင်း သူ့က လက်စွပ်ကို ခါလိုက်ရာ သူ့ တစ်ကိုယ်လုံးက ကျောချမ်းဖွယ် လေပြင်းတစ်ရပ်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ဝေ့ဟောက်ချန်ကို ဝိုင်းရံသွားတော့သည်။ တစ္ဆေတစ်ကောင်ရဲ့ အမြန်နှုန်းနဲ့အတူ ဝေ့ယင်းယင်း၏ ဝမ်းမြောက်နေသော စူးရှရှ ရယ်မောသံ ထွက်ပေါ်လာခဲ့သည်။

သို့သော် ထိုသို့ဆိုးရွားသော အခြေအနေမှာတောင် ဝေ့ဟောက်ချန်က မျက်တောင်တစ်ချက် မခတ်ဘဲ ဓားနဲ့ ခုတ်ချဖို့ သူ့လက်ကို မြှောက်လိုက်သည်။

ရွှမ်း

ဒီခုတ်ချက်က မူလက ဗလာနယ်ကို ရည်ရွယ်ထားတာ ဖြစ်သော်ငြား အကြောင်းရင်း တစ်ခုခုကြောင့် ဝေ့ယင်းယင်း၏ ပုံရိပ်က ထိုနေရာတွငိ ပေါ်လာခဲ့သည်။

ဓား၏ တည်ရှိမှုကို သူမ အာရုံခံမိချိန်မှာ ဝေ့ယင်းယင်းက အော်ဟစ်လိုက်ပြီး ရှောင်တိမ်းရန် ကြိုးစားခဲ့သည်။ သို့သော် ထိုခုတ်ချက်၏ အချိန်ကိုက်မှုက အဆုံးစွန်ထိ ပြီးပြည့်စုံလွန်းနေလို့ ရှောင်တိမ်းဖို့ အရမ်းနောက်ကျသွားပြီဆိုတာကို ဝေ့ယင်းယင်း ထိတ်လန့်တကြား တွေ့ရှိလိုက်သည်။

သို့သော် မျက်တောင်တစ်ခတ် အတွင်းမှာပဲ သူမက တည်ငြိမ်သွားပြီး သူမ၏ အစောပိုင်းက သတ္တိကြောင်မှုကို သူမကိုယ်တိုင် ပြန်လည် လှောင်ပြောင်မိသည်။

ဒါက သာမန် သံဓားမ တစ်လက် သက်သက်ပဲလေ၊ ငါ ငြိမ်ငြိမ်လေး ရပ်နေရင်တောင် အဲဒါက ငါ့ကို နည်းနည်းလေးတောင် နာကျင်စေမှာ မဟုတ်ဘူး၊ ငါ့အပေါ် ကျလာတော့ရော ဘာဖြစ်လဲ...

ထိုအတွေး ပေါ်လာချိန်မှာပဲ သူမ အေးခဲသွားခဲ့သည်။ မီးဖိုချောင်သုံး ဓားမက ပြိုင်ဘက်ကင်း အမြန်နှုန်းဖြင့် ဖြတ်သန်းခုတ်ပိုင်းသွားပြီး သွေးများလည်း နေရာအနှံ့ ပန်းထွက်သွားကာ ဝေ့ယင်းယင်း ရဲ့ ခန္ဓာကိုယ်က တိုက်ရိုက် ခေါင်းဖြတ်ခံလိုက်ရသည်။

ကျောချမ်းဖွယ် လေပြင်းတွေက ပျောက်ကွယ်သွားချိန် ခေါင်းမရှိတောသော ဝေ့ယင်းယင်း အလောင်းကြီးသာ ကောင်းကင်ယံမှာ ခေါင်းမာစွာ မတ်တတ်ရပ်နေသည်။

ဝေ့ယင်းယင်း၏ ပြတ်ကျသွားသော ခေါင်းသညိတော့ မြေကြီးပေါ်ကို ထိုးကျသွားပြီဖြစ်ပြီး ခဏလောက် တဆတ်ဆတ် တုန်နေပြီးနောက် နောက်ဆုံးမှာ သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သညထ။ နေရာတစ်ခုလုံး အသက်ရှူသံများကိုပါ ကြားလိုက်ရလောက်အောင် တိတ်ဆိတ်သွားသည်။

ထို့နောက် ဝေ့ယင်းယင်း အလောင်းကြီးက ပြုတ်ကျသွားပြီး လေထဲမှာ အနက်ရောင် အလင်းတန်းလေး တစ်ခုက ပြတ်တောက်သွားတဲ့ လည်ပင်းပေါက်ကနေ ရုန်းကန်ထွက်လာကာ စူးရှစွာ အော်ဟစ်ရင်း ဝေ့ယွီဟွာ၏ အနောက်ကို ပျံသန်းသွားပြီး ပါးလွှာကာ ဖောက်ထွင်းမြင်ရတဲ့ ပုံရိပ်တစ်ခုအဖြစ် ပေါ်လာခဲ့သည်။

ထိူသည်မှာ ဝေ့ယင်းယင်းပင် ဖြစ်ပြီး ယခုအခါ သူမ လူသားမျိုးနွယ်ပုံစံ မရှိတော့ဘဲ တစ္ဆေ မျိုးနွယ်စု ဝိညာဉ် ပုံစံသာ ကျန်ရစ်တော့သည်။

ထိုတစ်ကြိမ်မှာတော့ နေရာတစ်ခုလုံး အံ့အားသင့် မှင်တက်သွားခဲ့ရသည်။ ဟာသ တစ်ခုကို ကြည့်ဖို့ စောင့်နေခဲ့ကြသူ အများအပြားမှာ ယခုအခါ သူတို့ ပါးစပ်များကို ပိတ်မရအောင် ဖြစ်သွားကြသည်။

--

All Chapters