← Chapters

အခန်း ၁၄၃၉

Vol. 96 Ch. 1439

အခန်း ၁၄၃၉

Vol. 96 Ch. 1439

အခန်း (၁၄၃၉) အကြောင်းနှင့် အကျိုး အားလုံးက အခု အဆုံးသတ်သင့်ပြီ

အထူးသဖြင့် ယခင်က ဝေ့ဟောက်ချန်ကို အထင်အမြင်သေးခဲ့ကြသူများမှာ လုံးဝ ဆွံ့အ မှင်တက်သွားခဲ့ကြသည်။

‘ဘာတွေ ဖြစ်နေတာလဲ၊ သခင်လေး ဝေ့က အသုံးမကျတဲ့သူ တစ်ယောက် မဟုတ်ဘဲ သူ့ရဲ့ အစစ်အမှန် စွမ်းအားကို ဖုံးကွယ်ထားတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးများ ဖြစ်နေမလား၊

ဒါဆို ဘာလို့ အခု သူက ယင်စွမ်းအင် အရိပ်အယောင်လေး တစ်ခုတောင် မထုတ်လွှတ်နေရတာလဲ…’

တစ်ချိန်တည်းမှာပင် ဝေ့ယွီဟွာ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်အရ သူ့ အမြင်အာရုံမှာ အခြားသူများထက် သဘာဝကျကျပင် များစွာ သာလွန်နေသဖြင့် ခုနက ခုတ်ချက် အတွင်းရှိ လျှို့ဝှက်ချက်ကို သူ သီသီလေး မြင်တွေ့လိုက်ရသည်။

မှန်ပါသည်။ ဤအခိုက်အတန့်တွင် ဝေ့ဟောက်ချန်သည် သာမန်လူ တစ်ယောက် သက်သက်သာ ဖြစ်နေသေးပြီး သူ၏ ကိုယ်ပေါ်တွင် မည်သည့် ကျင့်ကြံခြင်း စွမ်းအားမျှ မရှိချေ။

ဝေ့ယင်းယင်း ကို သူက ခုတ်ချက် တစ်ချက်တည်းဖြင့် ခေါင်းဖြတ်နိုင်ခဲ့သည့် အကြောင်းရင်းမှာ ဓားကို သူ၏ ပြီးပြည့်စုံသော ထိန်းချုပ်မှုကြောင့် ဖြစ်သည်။

ထူးခြားမှု မရှိဟု ထင်ရသော ထိုခုတ်ချက်မှာ ထောင့်ချိုး၊ အချိန်ကိုက်မှု၊ သို့မဟုတ် အမြန်နှုန်း အားလုံးတွင် အပြစ်အနာအဆာ ကင်းမဲ့သော အဆင့်သို့ ရောက်ရှိနေခဲ့သည်။ ဤဓားနည်းစနစ် တစ်ခုတည်းနှင့်ပင် ကမ္ဘာကို တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။ သို့သော် ဝေ့ယွီဟွာ၏ မျက်နှာမှာ ပို၍ မည်းမှောင်လာလေလေ ဖြစ်သည်။

ယလင်က ဝေ့ဟောက်ချန်ကို သူ ဘယ်သောအခါမျှ အလေးအနက် မထားခဲ့ချေ။ အကယ်၍ ဝေ့ချင်းရှောင်းသာ မရှိခဲ့လျှင် ဤငတုံးကို တစ်ချက်ကြည့်ရန်ပင် သူ အချိန်ဖြုန်းမည် မဟုတ်ချေ။

သို့သော် ယခုအခါ ဝေ့ဟောက်ချန်ထံမှ သိမ်မွေ့သော ခြိမ်းခြောက်မှု ခံစားချက် တစ်ခုကို သူ ခံစားလိုက်ရသည်။ ဤခံစားချက်မှာ မှိန်ပျပျ ဖြစ်သော်လည်း မယုံနိုင်လောက်အောင် အစစ်အမှန် ဖြစ်နေခဲ့သည်။

ထို့ကြောင့် ဝေ့ယွီဟွာ၏ နှလုံးသားထဲတွင် ကျောချမ်းဖွယ် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ဖြစ်တည်လာခဲ့သည်။ သူက ဤခံစားချက်ကို မနှစ်မြို့သဖြင့် သူ တတ်နိုင်ချိန်တွင် ခြိမ်းခြောက်မှု အားလုံးကို ဖယ်ရှားပစ်ချင်နေခဲ့သည်။ သို့သော် သူ လှုပ်ရှားရန် ဟန်ပြင်လိုက်ချိန်မှာပင် ကောင်းကင်ယံကို ဖြတ်၍ မိုးကြိုးတစ်ချက် ပစ်ခတ်သွားပြီးနောက် မိုးကြိုးသံများကဲ့သို့ အင်အားဖြင့် ဝေ့ယွီဟွာထံသို့ အနက်ရောင် အလင်းတန်း တစ်ခု ပျံသန်းလာသည်။

၎င်းကို ဖမ်းယူပြီးနောက် သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။

"အားလုံးပဲ ငါ့အမိန့်ကို နားထောင်၊ လျှို့ဝှက်နယ်မြေဆီကို ငါ့နောက် အမြန်လိုက်ခဲ့"

ထိုသို့ပြောပြီးနောက် သူက ဝေ့ချင်းရှောင်း မောင်နှမကို ဖြေရှင်းရန်ပင် ဂရုမစိုက်တော့ဘဲ အလျင်စလို ထွက်ခွာရန် လှည့်သွားတော့သည်။ သူ၏ အမိန့်ကို လိုက်နာကာ ဝေ့မိသားစု စံအိမ် အတွင်းရှိ အစွမ်းထက် ပုဂ္ဂိုလ် အများအပြားမှာ အလွန်အမင်း ဝမ်းမြောက်သွားကြပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ ဝေ့ယွီဟွာ၏ ယာဉ်တန်းကြီးနောက်သို့ လိုက်ပါသွားကြပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် အရိပ်အယောင်မျှ မကျန်ဘဲ ပျောက်ကွယ်သွားကြတော့သည်။

အစမှ အဆုံးတိုင်အောင် မည်သူကမျှ

ဝေ့ချင်းရှောင်း မောင်နှမကို အာရုံမစိုက်ခဲ့ကြချေ။ ဤလူများအတွက် လျှို့ဝှက် ရတနာထက် ပိုအရေးကြီးသည့်အရာ မရှိချေ။ သူတို့ကြားက ရန်ငြိုးရန်စတွေ ဆိုသည်ကတော့ ထိုအရာဖြင့် ရင်ဆိုင်ရချိန်မှာ လုံးဝ အဓိပ္ပါယ် မရှိတော့ပေ။

ထို့ကြောင့် အချိန်တို အတွင်းမှာပင် စောင့်ကြပ်ရန် ကျန်ရစ်ခဲ့သော အစေခံ အချို့မှလွဲ၍ ဝေ့မိသားစု စံအိမ်တွင် ဝေ့မောင်နှမနှင့် ရွှယ်အန်း အပါအဝင် လူအနည်းငယ်သာ ကျန်ရစ်တော့သည်။ ဝေ့ဟောက်ချန်က မြေကြီးပေါ်သို့ ပြန်ဆင်းလာခဲ့သည်။ ဝေ့ချင်းရှောင်းက ချက်ချင်း အပြေးအလွှား သွားကာ သူမ၏ မောင်ဖြစ်သူ၏ လက်ကို စိုးရိမ်တကြီး ဆုပ်ကိုင်လာသည်။

"ချန်အာ... နင် အဆင်ပြေရဲ့လား"

ရွှယ်အန်းက ဝေ့ဟောက်ချန်၏ လက်ထဲမှ မီးဖိုချောင်သုံး ဓားမကို ပေါ့ပေါ့ပါးပါး ယူပြီး ခပ်ဖွဖွ ပြုံးမိသည်။

"သူက ဒုက္ခရောက်နေတဲ့ ပုံပေါက်နေလို့လား"

အမှန်ပင်။ ဓားက သူ၏ လက်ထဲမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဝေ့ဟောက်ချန်၏ မျက်နှာအမူအရာမှာ သူ၏ ယခင် ရိုးအသော အပြုံးဆီသို့ ချက်ချင်း ပြန်ရောက်သွားပြီး ဝေ့ချင်းရှောင်းကို ကြည့်လိုက်သည်။ သို့သော် အကြောင်းရင်း တစ်ခုခုကြောင့် ထိုရင်းနှီးနေသော အပြုံးကို မြင်တွေ့လိုက်ရခြင်းက ဝေ့ချင်းရှောင်းကို ငြိမ်းချမ်းမှု တစ်ခု ယူဆောင်လာပေးခဲ့သည်။

"ကောင်းပါတယ်... အဆင်ပြေရင် ပြီးတာပါပဲ"

ဝေ့ချင်းရှောင်းက တိုးညင်းစွာ ရေရွတ်သည်။ ဤအခိုက်အတန့်တွင် ရွှယ်အန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ဝေ့ချင်းရှောင်း၏ တစ္ဆေရထားလုံးမှာ ဖြည်းညင်းစွာ မြင့်တက်လာပြီး လူတိုင်း၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

"သွားကြစို့"

ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောသည်။

"ဘယ်သွားမလို့လဲ"

ထိတ်လန့်တုန်လှုပ်မှုမှ မသက်သာသေးသော ဝေ့ချင်းရှောင်းက အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။

"လျှို့ဝှက်နယ်မြေဆီကို သွားမှာပေါ့"

ရွှယ်အန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးသည်။

"ဒီလောက် ကြီးမားတဲ့ လျှို့ဝှက် ရတနာကြီး ပေါ်လာတာကို မင်းက သွားပြီး စိတ်လှုပ်ရှားစရာတွေကို မကြည့်ချင်ဘူးလား"

"ဒါပေမယ့်..."

ဝေ့ချင်းရှောင်းက ရုတ်တရက် တွန့်ဆုတ်သွားခဲ့သည်။ ရိုးရိုးသားသား ပြောရလျှင် သူမ ကြောက်နေခဲ့သည်။ သူမ သေရမှာကို ကြောက်တာ မဟုတ်ပေ။ သူမ၏ မောင်ဖြစ်သူကို တစ်ခုခု ထပ်ဖြစ်သွားမှာကို ကြောက်သည်။

ထို့ကြောင့် သူမက မောင်ဖြစ်သူကို ဤနေရာမှ တတ်နိုင်သမျှ အဝေးဆုံးသို့ ခေါ်သွားချင်ရုံသာ ရှိပြီး ဤမှူးမတ်များ၏ ရန်ငြိုးရန်စများကို လျစ်လျူရှုထားချင်ခဲ့သည်။ ရွှယ်အန်းက သူမ၏ အတွေးများကို သဘာဝကျကျပင် ထိုးဖောက်မြင်သိနေပြီး တိုးညင်းစွာ သက်ပြင်းချမိသည်။

"အကယ်၍ ဒီလျှို့ဝှက် ရတနာသာ ဝေ့ယွီဟွာရဲ့ လက်ထဲ ရောက်သွားပြီး သူ့ရဲ့ ကျင့်ကြံခြင်းတွေ ရင့်ကျက်လာတဲ့အခါ မင်းတို့ ထွက်သွားလို့ ရနိုင်မယ်လို့ မင်း ထင်နေလား"

ဝေ့ချင်းရှောင်းမှာ အံ့အားသင့်သွားခဲ့သည်။ ရွှယ်အန်းက ညင်သာစွာ ပြောသည်။

"ပြီးတော့ မင်းမောင်ကလည်း သဘောတူလောက်မှာ မဟုတ်ဘူး၊ သွားကြစို့... အကြောင်းနဲ့ အကျိုး တိုင်းမှာ... သူတို့ရဲ့ အဆုံးသတ် ရှိရမယ်"

ရွှယ်အန်းက ဝေ့မောင်နှမကို ခေါ်ဆောင်ကာ တစ္ဆေရထားလုံးကို အေးအေးလူလူ မောင်းနှင်နေစဉ် လျှို့ဝှက်နယ်မြေတွင် အသက်ရှူမှားလောက်သော လျှို့ဝှက် ရတနာတစ်ခု ရှာတွေ့သည်ဆိုသည့် သတင်းက အလယ်ပိုင်း တစ္ဆေလောကနယ်ပယ် တစ်ခွင်သို့ ဟာရီကိန်း မုန်တိုင်းတစ်ခုအလား ပျံ့နှံ့သွားခဲ့သည်။ သတင်းမှာ ပေါက်ကွဲအား ပြင်းထန်လှပေသည်။

လျှို့ဝှက် ရတနာတစ်ခု၏ အရေးပါမှုကို လူတိုင်း သိကြသည်။ လျှို့ဝှက် ရတနာ တစ်ခုတည်းကပင် မှူးမတ် မိသားစု တစ်ခုကို ဖန်တီးပေးနိုင်သည်။

ထို့အပြင် ဤတစ်ကြိမ်တွင် လျှို့ဝှက် ရတနာမှာ ယခင် တိုက်ပွဲကြီး ဖြစ်ပွားခဲ့သော လျှို့ဝှက်နယ်မြေတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဤအရာ အားလုံးက ဤလျှို့ဝှက် ရတနာအပေါ် လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးတစ်ခုကို လွှမ်းခြုံပေးလိုက်သည်။ ထို့ကြောင့် အထက်တန်းလွှာမိသားစု အားလုံးနီးပါးက သတင်းကြားသည်နှင့် လှုပ်ရှားကြပြီး သူတို့၏ အစွမ်းအထက်ဆုံး အင်အားစုများကို အပြေးအလွှား စေလွှတ်ကာ ဤပြိုင်ဆိုင်မှုတွင် အစုရှယ်ယာ တစ်ခု ရယူနိုင်ရန် အားလုံးက အပြိုင်အဆိုင် ကြိုးစားကြတော့သည်။

၎င်းနှင့် ဆန့်ကျင်ဘက်အားဖြင့် ဝေ့မိသားစုတွင် ယခုလေးတင် ဖြစ်ပွားခဲ့သော အချိန်တို တိုက်ပွဲလေးမှာ မည်သူ့ အာရုံစိုက်မှုကိုမျှ မရရှိခဲ့ချေ။ မည်သူကမျှ အနောက်မှ ဖြည်းညင်းစွာ လိုက်ပါလာသော တစ္ဆေရထားလုံးကို အာရုံမစိုက်ကြဘဲ အရှေ့ဘက် လျှို့ဝှက်နယ်မြေဆီသို့ တတ်နိုင်သမျှ အမြန်ဆုံး အပြေးအလွှား သွားနေကြသည်။ အဆုံးတွင် ဝေ့ချင်းရှောင်းပင်လျှင် မနေနိုင်တော့ဘဲ မေးမထသည်။

"သခင်လေးရွှယ်... ကျွန်မတို့ လျှို့ဝှက်နယ်မြေကို သွားမယ်ဆိုရင် ဘာလို့ ဒီလောက် နှေးနှေး သွားနေပြီး အလောတကြီး မဖြစ်ရတာလဲ"

"ဘာလို့ လောရမှာလဲ၊ ပြဇာတ်ကောင်း တစ်ပုဒ်က စောစောစဖို့ မလိုပါဘူး၊ ပြီးတော့ စောစောသွားရင် ပိုပြီး အကျိုးအမြတ် ရမယ်လို့ မင်း ထင်နေလား"

"ဒါပေမယ့်..."

ရွှယ်အန်းက ပြတင်းပေါက် အပြင်ဘက်မှ လျှပ်တစ်ပြက် ဖြတ်ပျံသွားကြသော ရထားလုံးများကို ကြည့်ကာ လက်ကို ဝှေ့ယမ်းရင်း ပေါ့ပေါ့ပါးပါး ပြောသည်။

"စိတ်ချပါ... အခု အပြေးအလွှား သွားနေကြတာက ငါးအသေးအဖွဲလေးတွေပါ၊ တကယ့် ငါးကြီးတွေက အခုထိ မလှုပ်ရှားကြသေးဘူး"

"တကယ့် ငါးကြီးတွေ ဟုတ်လား"

ဝေ့ချင်းရှောင်းက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး သူမ၏ မျက်နှာ ပြောင်းလဲသွားသည်။

"ရှင် ဆိုလိုတာက..."

ရွှယ်အန်းက တည်ငြိမ်စွာ ပြောသည်။

"ဒီလို ခမ်းနားတဲ့ ပွဲကြီးမျိုးမှာ... အပြစ်ဒဏ်ပေး လောကနယ်ပယ် ကို စောင့်ကြပ်နေတဲ့ ခန်းမဆောင်သခင် တွေက ဘယ်လိုလုပ် မပါဘဲ နေမှာလဲ"

ရွှယ်အန်း ခန့်မှန်းထားသည့်အတိုင်းပင် သတင်းက အပြစ်ဒဏ်ပေး လောကနယ်ပယ် ရှိ ခန်းမဆောင်သခင် ဆယ်ဦး၏ နားထဲသို့ ရောက်ရှိသွားသောအခါ ချက်ချင်းပင် ကြီးမားလှသော ကမောက်ကမ ဖြစ်မှုများကို နှိုးဆွပေးလိုက်သည်။

"ကျဆုံးသွားတဲ့ မရဏအရှင်သခင်ရဲ့ လျှို့ဝှက် ရတနာ ဟုတ်လား၊ အဲဒီအထဲမှာ မရဏအရှင်သခင် အဆင့်ကို တက်လှမ်းဖို့ လျှို့ဝှက်ချက်တွေ ရှိနိုင်တယ်၊ ငါ့ရဲ့ အနာဂတ်က ဒီအပေါ်မှာ မူတည်နေတယ်၊ ဒါကြောင့် ဒီလျှို့ဝှက် ရတနာကို ငါ သေချာပေါက် သိမ်းပိုက်ရမယ်"

ကျယ်လောင်ပြီး မောက်မာသော ရယ်မောသံနှင့်အတူ အလွန်အမင်း အေးခဲနေသော ငရဲမှနေ၍ ပုံရိပ်တစ်ခု ပျံတက်လာပြီး လျှပ်တစ်ပြက် အနည်းငယ် အကြာတွင် ကောင်းကင်ယံသို့ ပျောက်ကွယ်သွားတော့သည် ၎င်းမှာ အခြားသူ မဟုတ်ဘဲ အေးခဲ ငရဲ ဧကရာဇ်ချွေ့ဟန်ပင် ဖြစ်သည်။

"ဟက်... အဲဒီ ချွေ့ဟန် က ငါနဲ့ ပြိုင်ချင်သေးတာလား၊ ကောင်းပြီလေ... သွေးငရဲ ဧကရာဇ် ရဲ့ စွမ်းအားကို ကြည့်ကြတာပေါ့"

အဆုံးအစမရှိသော သွေးနယ်မြေတွင် သွေးငရဲ ဧကရာဇ် ကလည်း ပျံတက်လာပြီး လျှို့ဝှက်နယ်မြေဆီသို့ အနီးကပ် လိုက်ပါသွားတော့သည်။

ချက်ချင်းပင် အပြစ်ဒဏ်ပေးရာ လောကနယ်ပယ်၏ အထက် ကောင်းကင်ယံမှာ တောက်ပမှုများဖြင့် လင်းလက်သွားပြီး အာကာသက အဆက်မပြတ် တုန်လှုပ်နေကာ လျှို့ဝှက်နယ်မြေဆီသို့ ဦးတည်သွားသော ခန်းမဆောင်သခင်များ၏ လမ်းကြောင်းတွင် ကျန်ရစ်နေခဲ့သည်။

ချော်ရည် မြေပြင်တွင် ရုံယန်က ဤသတင်းကို ကြည့်ကာ တဖြည်းဖြည်း မျက်မှောင်ကြုတ်သွားသည်။

"မရဏအရှင်သခင်ရဲ့ လျှို့ဝှက် ရတနာ... ဟက်၊ မရဏအရှင်သခင် ကျဆုံးသွားတာ ဒီလောက် ကြာနေပြီကို ဘာလို့ အခုချိန်မှ ပေါ်လာရတာလဲ"

"သခင်ကြီး... ခန်းမဆောင်သခင်မုန့် က ဒီကိစ္စမှာ သူမ ပါဝင်မှာ မဟုတ်ဘူး၊ သခင်ကြီး သဘောအတိုင်း ဆုံးဖြတ်ပါလို့ အကြောင်းပြန်လိုက်ပါတယ်"

တစ္ဆေ မျိုးနွယ်စု သတင်းပို့သူက တင်ပြလာသည်။ ရုံယန်၏ မျက်နှာမှာ မည်းမှောင်သွားပြီး အဆုံးတွင် ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။

"ထားလိုက်ပါတော့... သူမ သွားမှာ မဟုတ်ဘူးဆိုတာ ငါ သိပြီးသားပဲ၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ ဘယ်လို ထူးဆန်းမှုတွေပဲ ရှိနေပါစေ၊ ငါ သွားကြည့်တာ ပိုကောင်းလိမ့်မယ်"

ထိုသို့ပြောပြီးနောက် သူကလည်း မီးတောက်တစ်ခုအဖြစ် ပြောင်းလဲကာ ပလ္လင်ပေါ်မှ ပျောက်ကွယ်သွားတော့သည်။

--

All Chapters