← Chapters

အခန်း ၇၅၁

Vol. 51 Ch. 751

အခန်း ၇၅၁

Vol. 51 Ch. 751

အပိုင်း ၇၅၁ : ကိုယ့်ရင်ထဲမှာ မင်းတစ်ယောက်တည်းရှိတယ်

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါတို့သုန်းလေးရဲ့ ရုပ်ရည်၊ ကိုယ်လုံးကိုယ်ပေါက်နဲ့ အမူအကျင့်တွေက ဘယ်သူနဲ့ယှဉ်ယှဉ် မနိမ့်ကျပါဘူး"

အစ်မကျန်းက ရှောင်သုန်းကို သူ(မ)၏ သမီးအရင်းလေးလို သဘောထားပြီး ချီးကျူးလိုက်သည်။

ရှောင်သုန်းခမျာ ရှက်သွေးဖြာသွားသည်။

"အစ်မကျန်းနော်... ကျွန်မ အစ်မနဲ့စကားမပြောတော့ဘူး။ အလုပ်သွားလုပ်တော့မယ်"

ကောင်မလေး မျက်နှာရဲသွားသည်ကို မြင်သော် အစ်မကျန်းက ရယ်မောရင်း ပြောလိုက်၏။

"ဝိုး... စောစောက လူကြီးမင်းအကြောင်း ပြောလိုက်ရုံနဲ့ ငါတို့ရှောင်သုန်း မျက်နှာတွေတောင် ရဲသွားပါလား"

အစ်မကျန်း၏စကားကို ကြားသောအခါ ရှောင်သုန်းလည်း ရှက်ရှက်နှင့် ခပ်သုတ်သုတ် ပြေးထွက်သွားတော့သည်။

ယဲ့ချန်း ကုန်တိုက်ထဲက ထွက်လာချိန်တွင် သူ့ဝတ်စုံနှင့်ပတ်သက်ပြီး အလွန်ကျေနပ်နေမိသည်။

"လူမှာအဝတ်၊ တောင်းမှာအကွပ်" ဆိုသည့်စကားမှာ လုံးဝမမှားပေ။ သူက ရုပ်ဖြောင့်သူတစ်ယောက်ဖြစ်သော်လည်း ပါဆယ်ပို့သည့် ယူနီဖောင်းကို ဝတ်ထားချိန်တွင် သာမန်ရုပ်ချောသည့်ပုံစံသာ ပေါက်သော်လည်း ယခုမူ ဩဇာတိက္ကမကြီးမားသည့် စီအီးအိုတစ်ယောက်လို ခံစားရသည်။

ကားမှအပ အရာအားလုံးက နေရာကျနေပြီဖြစ်၏။ ယဲ့ချန်း အိမ်သို့ကားမောင်းပြန်ကာ လိုင်ကန်ကားကို ပြောင်းစီးလိုက်သည်။

ထို့နောက် စုဝမ်ယိ၏ ကုမ္ပဏီသို့ ကားမောင်းသွားပြီး အဝင်ဝတွင် ရပ်လိုက်သည်။

ရုံးဆင်းချိန်ဖြစ်သောကြောင့် အသားကပ်ခြေအိတ်ရှည် ဝတ်ဆင်ထားသည့် မိန်းမချောလေးများစွာ အဆောက်အဦးထဲမှ ထွက်လာကြသည်။

ယဲ့ချန်းမှာမူ ကားကိုမှီ၍ ခြေတံရှည်ရှည်နှင့် မိန်းမချောလေးများကို ငေးကြည့်နေမိသည်။ စုဝမ်ယိ၏ကုမ္ပဏီမှ အမျိုးသမီးများသည် တစ်ယောက်ချင်းစီအလိုက် ကိုယ်ပိုင်အလှတရားများ ရှိကြပြီး အလှမယ်များ စုဝေးနေသလိုပင်။

အပြင်ထွက်လာကြသည့် မိန်းမချောလေးများက ဝတ်စုံပြည့်နှင့် ယဲ့ချန်းကို မြင်သောအခါ မျက်ဝန်းအစုံ အရောင်လက်သွားကြသည်။

သူတို့က အုပ်စုငယ်လေးများစုဖွဲ့ကာ အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

"ဟိုဘက်ကို ကြည့်လိုက်။ တီဗီထဲကနေ ထွက်လာတဲ့ မင်းသားလိုပဲ အရမ်းချောတာပဲဟယ်"

"ဝိုး! ဒီလောက်ချောတဲ့ ချစ်သူကောင်လေးကိုရထားတာ ဘယ်သူများလဲမသိဘူး။ တကယ်ကံကောင်းလိုက်တာ"

"ကောင်မလေးတို့... သူစီးလာတဲ့ကားကိုရော မြင်လား"

မိန်းကလေးတစ်ယောက်က ပြောလိုက်ချိန်တွင် အခြားမိန်းကလေးတစ်ယောက်က ဖုန်းထဲတွင် ရှာကြည့်ပြီး ရုတ်တရက် တအံ့တဩ ရေရွတ်လိုက်သည်။

"ဘုရားရေ... အဲ့ဒီကားက ယွမ်သန်းတစ်ရာကျော်တောင် တန်တာဟ"

"ဇိမ်ခံကားကြီးပါလား"

အချို့မိန်းမချောလေးများက ယဲ့ချန်းကို မျက်စပစ်ပြကြသော်လည်း သူကတော့ ယဉ်ယဉ်ကျေးကျေးသာ ခေါင်းညိတ်ပြလိုက်သည်။

သိထားသင့်သည်မှာ ယဲ့ချန်း၏အနားတွင် မိန်းမချောလေးများ မရှားပါချေ။ ဤနေရာရှိ အမျိုးသမီးများက လှပကြသော်လည်း သူ့အနားရှိ မိန်းကလေးများနှင့်တော့ ယှဉ်၍မရနိုင်ပေ။

စုဝမ်ယိ အဝင်ဝက ထွက်လာသည်။ သူ(မ)ကို မြင်သောအခါ ထိုမိန်းမချောလေးများက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။

"မင်္ဂလာပါ ဥက္ကဋ္ဌစု"

ထိုစဉ် စပ်စုတတ်သော မိန်းကလေးတစ်ယောက်က ပြောလိုက်၏။

"ဥက္ကဋ္ဌစု... ဟိုးနားက လူချောလေးကို မြင်လား။ အဲ့ဒီလိုချစ်သူမျိုးရထားတဲ့ ကံကောင်းတဲ့လူက ဘယ်သူများလဲမသိဘူးနော်"

စုဝမ်ယိက ပြုံးလျက် ပြောလိုက်သည်။

"အဲဒါ ငါ့ယောကျ်ားလေ။ မိတ်ဆက်ပေးရမလား"

ထိုစကားကို ကြားသည်နှင့် ကောင်မလေးက အလျင်စလိုဖြင့် ပြောလိုက်၏။

"မလိုတော့ပါဘူး ဥက္ကဋ္ဌစု။ ကျွန်မ ကိစ္စလေးနည်းနည်းရှိလို့ အရင်သွားနှင့်မယ်နော်"

စုဝမ်ယိ၏စကားကြောင့် အခြားမိန်းမချောလေးများလည်း ဆက်မဆွေးနွေးရဲကြတော့ပေ။

အမှန်တကယ်တော့ မိန်းကလေးတခ​ျို့က ယဲ့ချန်းနားသို့သွားကာ အီစီကလီလုပ်ရန် စိတ်ကူးနေခဲ့ကြခြင်းပင်။

သူတို့ သွားမရှုပ်မိကြသည်ကိုပင် ကံကောင်းသည်ဟု မှတ်ယူလိုက်ကြသည်။ သို့မဟုတ်ပါက သူတို့၏ ရာထူးများ အန္တရာယ်ရှိသွားနိုင်လေသည်။

လူအုပ်ကြီး၏ မနာလိုအားကျနေသော အကြည့်များအောက်တွင် စုဝမ်ယိလည်း ယဲ့ချန်းဆီသို့ ကျက်သရေရှိရှိ လျှောက်သွားလိုက်သည်။

ယဲ့ချန်းရှေ့ရှိ စုဝမ်ယိမှာ မျက်နှာထက်တွင် မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ထားပြီး လည်တိုင်ထက်တွင် တောက်ပနေသော စိန်ဆွဲကြိုးကို ဆင်မြန်းထားသည်။ သွယ်လျသော ခြေတံများအထိ ဖုံးလွှမ်းနေသည့် ခရမ်းရောင်ဖဲသားပွဲတက်ဝတ်စုံနှင့် ခြေဖဝါးထက်ရှိ ဖန်သားဖိနပ်လေးတို့က သူ(မ)၏ ကျက်သရေနှင့် ခမ်းနားမှုတို့ကို ပိုမိုပေါ်လွင်စေသည်။

ယဲ့ချန်းမှာ သူ့ရှေ့ရှိ အလှပဂေးလေးကို ကြည့်ကာ အနည်းငယ် ကြောင်အမ်းသွားပြီး နေရာမှာတင် အကြောင်သား ရပ်နေမိသည်။

"ရက်နည်းနည်းလောက် မတွေ့ရတာနဲ့ပဲ ကျွန်မကို မမှတ်မိတော့ဘူးလား"

စုဝမ်ယိက စနောက်လိုက်သည်။

"မဟုတ်ရပါဘူး အချစ်ရယ်။ ဒီနေ့ မင်းက အရမ်းဆွဲဆောင်မှုရှိလွန်းလို့ ကိုယ် မင်းအလှမှာ မိန်းမောသွားတာပါ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

"တော်စမ်းပါ။ ရှင့်ကြည့်ရတာ ကျွန်မကုမ္ပဏီက မိန်းမချောလေးတွေရဲ့အလှမှာ မိန်းမောနေတာလို့ ထင်တယ်"

စောစောက ယဲ့ချန်း၏ မျက်လုံးများက မိန်းမချောလေးများနောက် လိုက်ပါလှုပ်ရှားနေကြောင်း စုဝမ်ယိ သတိထားမိလိုက်သောကြောင့် အနည်းငယ် ဒေါသထွက်သွားသည်။

ဒီလူက သိပ်ဖောက်ပြန်ချင်တာပဲ။ အိမ်ကပန်းက တောပန်းလောက် မမွှေးဘူးဆိုတာ တကယ်များလား။

ထို့ကြောင့်သာ သူ(မ)က မိန်းမချောလေးများရှေ့တွင် သတိပေးသည့်အနေနှင့် ထိုစကားကို ပြောခဲ့ခြင်းဖြစ်၏။

"အချစ်ရယ်.. ကိုယ့်ကို အထင်လွဲနေပြီ။ ဘုရားစူး... ကိုယ့်ရင်ထဲမှာ မင်းတစ်ယောက်တည်း ရှိတာပါ"

ယဲ့ချန်းက မတရားခံရသလို ခံစားချက်ဖြင့် ပြောလိုက်သည်။

စုဝမ်ယိကမူ သူ့ကို မျက်စောင်းထိုးလိုက်ပြီး ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်ရင်း ပြောလိုက်၏။

"အပိုတွေ ပြောမနေနဲ့။ မြန်မြန်မောင်း"

"အမိန့်အတိုင်းပါ ဇနီးလေးခင်ဗျ"

ယဲ့ချန်းက ကားကို ချက်ချင်းစက်နှိုးလိုက်သည်။

အင်ဂျင်သံဟိန်းထွက်လာချိန်ဝယ် လိုင်ကန်ကားကြီးသည် မိန်းမချောလေးများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်။

စုဝမ်ယိက ကားကို သေသေချာချာ မောင်းနှင်နေသည့် ယဲ့ချန်းကို ကြည့်ကာ ပြောလိုက်၏။

"ယောက်ျား... ဒီနေ့ ဘာလို့ ဝတ်စုံပြည့် ဝတ်လာတာလဲ"

ယဲ့ချန်းနှင့် အတူတွဲလာသည်မှာ ကြာပြီဖြစ်သော်လည်း သူ ဤမျှသပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည်ကို မြင်ရခဲသည်။ သူက အမြဲတမ်း ပေါ့ပေါ့ပါးပါးသာ ဝတ်လေ့ရှိသည်။

"ယင်ကောင်ရိုက်ဖို့လေ။ သပ်သပ်ရပ်ရပ် ဝတ်ထားမှဖြစ်မှာပေါ့"

ယဲ့ချန်းက ပြုံးလျက် ဖြေလိုက်သည်။

သူတို့နှစ်ယောက် စကားစမြည်ပြောရင်းစုဝမ်ယိပြောသော ရွိုင်ရယ်ဟိုတယ်သို့ ရောက်လာခဲ့ကြသည်။

ယဲ့ချန်းလည်း ကားကို အဝင်ဝတွင် ရပ်လိုက်ပြီး လူကြီးလူကောင်းဆန်ဆန် တစ်ဖက်သို့ လျှောက်သွားကာ စုဝမ်ယိအတွက် ကားတံခါး ဖွင့်ပေးလိုက်သည်။

ထို့နောက် တံခါးစောင့်အား ကားသော့လှမ်းပေးလိုက်ပြီး စုဝမ်ယိနှင့်အတူ ဟိုတယ်အတွင်းသို့ ဝင်သွားသည်။

ဤဟိုတယ်သည် ပြင်ပပုံစံရော အတွင်းပိုင်းအလှဆင်မှုပါ နာမည်နှင့်လိုက်ဖက်လွန်းလှသည်။ နန်းတော်တစ်ခုအလားပင်။

စုဝမ်ယိက ယဲ့ချန်း၏လက်မောင်းကို ချိတ်ကာ ဧည့်ခံပွဲခန်းမဆီသို့ လျှောက်လာခဲ့သည်။

"ဝမ်ယိ မင်းရောက်လာပြီပဲ"

အဖြူရောင်ဝတ်စုံဝတ်ထားပြီး ဆံပင်တိုတိုနှင့် လူငယ်တစ်ယောက်က အားတက်သရော လက်ကမ်းပေးရင်း ပြောလိုက်သည်။

"မင်္ဂလာပါ လျူဖေး"

စုဝမ်ယိကမူ သူ့လက်ကို ပြန်မဆွဲဘဲ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

အနည်းငယ် အနေရခက်သွားသော်လည်း လျူဖေးကတော့ ထုတ်မပြချေ။ သူသည် သူ(မ)ဘေးရှိ အမျိုးသားကိုကြည့်ကာ မေးလိုက်၏။

"ဝမ်ယိ... ဒီလူကြီးမင်းက ဘယ်သူများလဲ"

စုဝမ်ယိတစ်ယောက် ယဲ့ချန်း၏လက်မောင်းကို ချိတ်ထားကြောင်း သူမြင်လိုက်ရ၍ သူတို့ အလွန်ရင်းနှီးကြခြင်းဖြစ်မည်ဟု တွေးလိုက်မိသည်။

"ဒါက ငါ့ချစ်သူ ယဲ့ချန်းလေ။ ယဲ့ချန်း... ဒါက ကျွန်မရဲ့ တက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်း လျူဖေးတဲ့"

စုဝမ်ယိက သူတို့နှစ်ယောက်ကို အပြန်အလှန် မိတ်ဆက်ပေးလိုက်သည်။

"မင်္ဂလာပါ။ ကျွန်တော်က ဖေးယွီလုပ်ငန်းစုရဲ့ သားအကြီးဆုံး လျူဖေးပါ။ နိုင်ငံခြားမှာ ကျောင်းတက်ရာက အခုလေးတင် ပြန်ရောက်တာပါ"

လျူဖေးက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

ထို့နောက် သူက ယဲ့ချန်းကို ကြည့်ကာ ယဉ်ကျေးစွာ ​မေးလိုက်လေသည်။

"မစ္စတာယဲ့က ဘယ်မှာ အလုပ်လုပ်တာလဲ"

"ကျွန်တော်က ပါဆယ်ပို့တာပါ"

ယဲ့ချန်းကလည်း ပြုံးလျက် ဖြေလိုက်သည်။

ယဲ့ချန်း၏စကားကို ကြားသောအခါ လျူဖေး၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသော်လည်း ချက်ချင်းပျောက်ကွယ်သွားသဖြင့် သတိထားမိရန်ပင် ခက်ခဲလှသည်။

အစကတော့ ယဲ့ချန်း၏ ဝတ်စားဆင်ယင်ပုံနှင့် စုဝမ်ယိက သူ့လက်မောင်းကို ရင်းနှီးစွာ ချိတ်ထားသည်ကို မြင်ရ၍ သူ လက်လျှော့တော့မတတ်ပင်။

ဤတစ်ကြိမ်တွင် စုဝမ်ယိ အိမ်ထောင်မကျသေးကြောင်း ကြားသိရ၍ သူ(မ)ကို နောက်တစ်ကြိမ် ပြန်ပိုးပန်းရန် သူတွေးထားသည်။

သူ့နှလုံးသားထဲတွင်မူ စုဝမ်ယိသည် ရေခဲဘုရင်မတစ်ပါးပင်။ သူ မည်မျှပင် ပိုးပန်းခဲ့ပါစေ သူ(မ)က အမြဲတမ်း ဂရုမစိုက်သလိုသာ နေလေ့ရှိသည်။

သို့သော် ပါဆယ်ပို့သမားဖြစ်သည့် ယဲ့ချန်းက သူ့နှလုံးသားထဲမှ နတ်သမီးလေးကို သိမ်းပိုက်နိုင်ခဲ့သည့်အတွက် သူ အလွန်စိတ်ပျက်ရသည်။

ခဏအကြာ လူအများရှေ့ရောက်လျှင် ဤလူ့ကို လှောင်ပြောင်ရန် သူ ကြိုတင်အစီအစဉ်ချပြီးသားပင်။

လျူဖေးက ယဲ့ချန်းကို ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။

"မစ္စတာယဲ့... ခင်ဗျားကို ကျွန်တော် တကယ်လေးစားသွားပြီ။ ပါဆယ်ပို့တယ်ဆိုတာ လူတိုင်းလုပ်နိုင်တဲ့အလုပ် မဟုတ်ဘူး။ သည်းခံနိုင်စွမ်းရှိမှ ရတာ"

ထို့နောက် သူက ဆက်ပြောပြန်သည်။

"မစ္စတာယဲ့က ဝင်ငွေအများကြီး မရပေမဲ့ ကိုယ့်အလုပ်အပေါ် ဒီလောက်စိတ်အားထက်သန်မှုရှိနေတာက တကယ်ချီးကျူးစရာပဲ။ ကျွန်တော်တို့ကုမ္ပဏီမှာ မစ္စတာယဲ့လို ဝန်ထမ်းမျိုးတွေ လိုအပ်နေတာ။ ကျွန်တော်တို့ဆီ လာလုပ်ဖို့ စိတ်ဝင်စားလား"

လျူဖေး၏ စကားများက အပေါ်ယံကြည့်လျှင် ချီးကျူးနေပုံပေါ်သော်လည်း တကယ်တမ်းတွင် သူ့ကို နှိမ်နေခြင်းဖြစ်ကြောင်း ယဲ့ချန်း အတပ်သိသည်။

သို့သော် ယဲ့ချန်း ဒေါသမထွက်ပါချေ။ ယခင်က ကြုံခဲ့ဖူးသော ငတုံးများထက်စာလျှင် လျူဖေးက အနည်းငယ်ပိုဉာဏ်ပြေးသော်လည်း ဤကဲ့သို့သော လူစားမျိုးကို သူ အများကြီး ကြုံဖူးပြီးပြီဖြစ်၏။

သို့ရာတွင် ဤစကားကို ကြားသောအခါ စုဝမ်ယိ၏ မျက်နှာထားကမူ မကျေမနပ်ဖြစ်သွားဟန်ပင်။

"လျူဖေး... နင့်စကားကို ဆင်ခြင်ပြောပါ"

လျူဖေး ဘာမှပြန်မပြောနိုင်ခင်မှာပင် ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

"သခင်လေးလျူရဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ပါဆယ်ပို့တဲ့အလုပ်ကပဲ ကျွန်တော်နဲ့ ပိုကိုက်ညီတယ်လို့ ခံစားရလို့ပါ"

•••••••••••••••••••••••••

All Chapters