အခန်း ၇၅၂
Vol. 51 Ch. 752
အပိုင်း ၇၅၂ : မင်းနဲ့မဆိုင်ပါဘူး
လျူဖေးက ဒေါသမထွက်ဘဲ ပြုံးလျက် ပြောလိုက်သည်။
"ဝမ်ယိ ယဲ့ချန်း... မြန်မြန် အထဲဝင်ရအောင်။ အားလုံးက အကြာကြီးစောင့်နေရတော့ စိတ်မရှည်ဖြစ်နေကြပြီ"
စုဝမ်ယိက ယဲ့ချန်း၏ လက်မောင်းကို ချိတ်ကာ ဧည့်ခံပွဲခန်းမထဲသို့ ဝင်သွားလေရာ လူတိုင်း၏ အာရုံစိုက်မှုကို ရလိုက်သည်။
သူတို့နှစ်ယောက်က အလွန်လိုက်ဖက်ညီကြောင်း ဝန်ခံရပေမည်။ အမျိုးသမီးဖြစ်သူက နူးညံ့သိမ်မွေ့ကာ ကျက်သရေရှိပြီး အမျိုးသားဖြစ်သူကလည်း ရုပ်ရည်ချောမောကာ ခန့်ညားထည်ဝါနေသည်။
"ဝမ်ယိ... ငါတို့ညီအစ်မတွေ မတွေ့ရတာ နှစ်တွေတောင် တော်တော်ကြာပြီ။ နင့်ကို ငါ တကယ်လွမ်းနေတာ"
ဆံပင်ချထားပြီး ပန်းရောင်ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။
အရှေ့ရှိ မိန်းကလေးက ချိုသာပြီး ဆွဲဆောင်မှုရှိပုံပေါ်သော်လည်း စုဝမ်ယိနှင့် ယှဉ်လိုက်လျှင်မူ အများကြီး ကွာခြားနေဆဲပင်။
"ရှောင်ကျင်း... နင်က နိုင်ငံခြားမှာပဲ နေနေတာဆိုတော့ နင့်ကိုတွေ့ဖို့ဆိုတာ မလွယ်ဘူးလေ"
စုဝမ်ယိက ပြုံးလျက် ပြောလိုက်သည်။
"ကိုယ့်နိုင်ငံမှာပဲ ပိုကောင်းပါတယ်ဟာ။ ဒီတစ်ခေါက် ငါ့ယောကျ်ားက ဒီမှာ ရာထူးတစ်ခုရထားတာဆိုတော့ ငါတို့လည်း နိုင်ငံထဲမှာပဲ အခြေချမယ်။ ထွက်မသွားတော့ဘူး"
စုကျင်းက ပြုံးလျက် ပြောလိုက်သည်။
သူ(မ)က ပြုံးနေသော်လည်း စိတ်ထဲတွင်မူ အလွန်မနာလိုဖြစ်နေချေသည်။ စောစောကတင် လူတိုင်းက သူ(မ)ကို လှပပြီး အလှအပထိန်းသိမ်းမှုကောင်းကြောင်း ချီးကျူးနေခဲ့ကြသော်လည်း စုဝမ်ယိကို မြင်လိုက်ရချိန်တွင် သူ(မ)က ဗဟိုချက်မဖြစ်တော့ဘဲ လူတိုင်း၏ အကြည့်များက စုဝမ်ယိဆီကိုသာ ရောက်သွားကြသည်။
"ရှောင်ကျင်း... နင့်ယောက်ျားက မိုတုမြို့က ထိပ်တန်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပြီး တစ်နှစ်ဝင်ငွေ ယွမ်သန်းချီရတယ်လို့ ကြားတယ်။ ဒီလိုယောက်ျားကောင်းမျိုးနဲ့ လက်ထပ်ရတာ နင်တကယ်ကံကောင်းတာပဲ"
ထိုအချိန်တွင် အမျိုးသမီးတစ်ယောက်က ရုတ်တရက် ဝင်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လူတိုင်းက အပြန်အလှန် စတင်ဆွေးနွေးကြလေသည်။
"ရှောင်ကျင်းက တကယ်ကံကောင်းတာနော်။ သူ့ယောက်ျားက တော်တော်အရည်အချင်းရှိတာ"
"ဟုတ်ပါ့။ မိန်းမတစ်ယောက်က ဘယ်လောက်ပဲစွမ်းစွမ်း ယောက်ျားကောင်းတစ်ယောက်ကို လက်ထပ်ရတာက ပိုကောင်းတာပါပဲ"
"ရှောင်ကျင်း.. နင့်ကို တကယ်အားကျတာပဲ။ နင့်ယောက်ျားလို ချမ်းသာတဲ့သူမျိုး တွေ့ရင် ငါ့ကို မိတ်ဆက်ပေးဦးနော်။ ငါ့ရဲ့ပျော်ရွှင်မှုက နင့်လက်ထဲမှာပဲ ရှိတော့တယ်"
သူငယ်ချင်းများထံမှ ချီးကျူးစကားများကို ကြားရသောအခါ စုကျင်းလည်း ဂုဏ်ယူဝင့်ကြွားနေသည့် အရိပ်အယောင်များကို မဖုံးဖိနိုင်တော့ပေ။
အမှန်တော့ သူ(မ)မှာ သူ(မ)၏ခင်ပွန်းကို အမြဲဂုဏ်ယူနေခဲ့သည်။ သူက ရုပ်မချောသော်လည်း အလွန်ချမ်းသာပေသည်။
"ကဲပါ ကဲပါ... ငါ့အကြောင်း ပြောတာ ရပ်ကြတော့။ ဝမ်ယိဘေးက လူကို ကြည့်လိုက်ကြဦး။ သူက ပိုပြီးတော့တောင် ထင်ပေါ်နေသေးတယ်"
စုကျင်းက ပြုံးလျက် ပြောလိုက်၏။
သူ(မ)က လျူဖေးနှင့် ယဲ့ချန်းတို့၏ စကားများကို ကြားခဲ့သဖြင့် ယဲ့ချန်း၏ အလုပ်မှာ လူလုံးထွက်ပြ၍မရဘဲ လှောင်ပြောင်ခံရမည့်အလုပ်ဖြစ်ကြောင်း သိထားသည်။
"ဝမ်ယိ... နင် တကယ်အကျင့်မကောင်းဘူး။ ဒီလူချောလေးကို ငါတို့နဲ့တောင် မိတ်မဆက်ပေးဘူး"
စုကျင်းက ဆက်ပြောလိုက်သည်။
ယဲ့ချန်း စကားမပြောနိုင်ခင်မှာပင် အနားတွင်ရပ်နေသော လျူဖေးက ရယ်မောကာ ဝင်ပြောလိုက်သည်။
"ရှောင်ကျင်း... မင်းမျက်လုံးက တကယ်စူးရှသားပဲ။ ဒီမစ္စတာယဲ့က တကယ်ထူးချွန်တဲ့လူနော်။ သူက..."
လူတိုင်း စိတ်ဝင်စားသွားစေရန် လျူဖေးက စကားကို တမင်တကာ တစ်ဝက်တစ်ပျက်သာ ပြောလိုက်သည်။
ဤနည်းဖြင့် အမှန်တရားကို ဖွင့်ချလိုက်ချိန်တွင် ယဲ့ချန်းအတွက် ပိုအရှက်ကွဲစရာဖြစ်လာမည်သာ။
"လျူဖေး... လျှို့ဝှက်ဆန်းကြယ်တွေ လာလုပ်မနေနဲ့"
စုကျင်းက သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
လျူဖေး၏ ကျေနပ်နေသော အပြုံးကို မြင်သောအခါ စုဝမ်ယိ၏ စိတ်ထဲတွင် လေးလံသွားသည်။ ဤလူ့တွင် ဘာအကြံအစည်ကောင်းမှ ရှိမည်မဟုတ်ကြောင်း သူ(မ) သိသည်။
စုဝမ်ယိ စကားပြောရန် ပြင်လိုက်ချိန်တွင် ယဲ့ချန်းက သူ(မ)၏လက်ကို အသာဆွဲကာ စကားမပြောရန် အချက်ပြလိုက်သည်။
"ဒီမစ္စတာယဲ့က ဒီမှာရှိတဲ့ ငါတို့အားလုံးထက် ပိုကြီးကျယ်ခမ်းနားတဲ့လူပဲ။ ငါတို့ရဲ့ဘဝတွေက သူမရှိလို့မဖြစ်ဘူး"
လျူဖေးက နောက်ထပ် စိတ်ဝင်စားစရာစကားတစ်ခွန်း ထပ်ပြောလိုက်သည်။
"အာ... ငါတို့ဘဝတွေနဲ့ အဲဒီလောက်တောင် ဆက်စပ်နေတယ်ဆိုတော့ တကယ်အထင်ကြီးစရာပဲ"
စုကျင်းက အံ့ဩသွားလေဟန်ဖြင့် ပြောလိုက်သည်။
ယဲ့ချန်းသည် လျူဖေးနှင့် စုကျင်းတို့၏ သရုပ်ဆောင်ချက်များကို ခံစားချက်ကင်းမဲ့စွာ ကြည့်ရင်း သူတို့ သရုပ်ဆောင်မလုပ်ခဲ့ကြသည်မှာ နှမြောစရာပင်ဟု တွေးနေမိသည်။
"ကဲပါ ကဲပါ... အားလုံးကို ငါပဲ ပြောပြလိုက်ပါတော့မယ်။ တကယ်တော့ မစ္စတာယဲ့ချန်းက ပါဆယ်ပို့သမားလေ။ အထင်ကြီးစရာမကောင်းဘူးလား"
လျူဖေးက ရယ်မောရင်း ပြောလိုက်သည်။
လျူဖေး၏စကားကို ကြားသောအခါ လူတိုင်းက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
ယဲ့ချန်း၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ပြီး မည်သူကမှ သူ့ကို ပါဆယ်ပို့သမားတစ်ယောက်နှင့် တွဲမြင်မည်မဟုတ်ပေ။
ထို့ပြင် စုဝမ်ယိက အဆင့်အတန်းမြင့်မြင့် နေတတ်သူအဖြစ် နာမည်ကြီးလေရာ သူ(မ)က ပါဆယ်ပို့သမားတစ်ယောက်ကို မည်သို့စိတ်ဝင်စားနိုင်မည်နည်း။
"ဝမ်ယိ... နင့်အကြိုက်က တကယ်နိမ့်ကျသွားတာပဲ"
စုကျင်းက သရော်လိုက်သည်။
သူ(မ)က စုဝမ်ယိကို နှိမ့်ရန် အခွင့်အရေးရလိုက်ပြီဖြစ်၍ လက်လွတ်မခံရန် ဆုံးဖြတ်ထားသည်။
"ယဲ့ချန်းက ဟန်ဆောင်ကောင်းတဲ့ ကြောင်သူတော်တွေနဲ့ မတူဘဲ စိတ်ရင်းကောင်းတဲ့သူပါ"
စုဝမ်ယိက လျူဖေးကို ကြည့်ကာ ပြောလိုက်သည်။
လျူဖေးက စိုးရိမ်ဟန်ပြလိုက်သည်။
"ဝမ်ယိ... မင်းအတွက် ငါ တကယ်စိတ်မကောင်းဘူး။ ဒီလိုလူမျိုးနဲ့ မင်း ဘယ်လိုလုပ် ပျော်ရွှင်နိုင်မှာလဲ"
"ငါကတော့ အရမ်းပျော်တယ်။ နင် စိတ်ပူပေးနေစရာ မလိုပါဘူး"
စုဝမ်ယိက ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
သူ(မ)က လူအများရှေ့ ရောက်နေခြင်းဖြစ်၏။ နှစ်ပေါင်းများစွာ ပညာကောင်းကောင်း သင်ကြားခဲ့ရသူဖြစ်၍ သူ(မ) တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်။
"မစ္စတာယဲ့ချန်း... ခင်ဗျားသာ ဝမ်ယိကို တကယ်ချစ်ရင် သူ့ကို လက်လွှတ်ပေးပြီး သူ့ကို ပျော်ရွှင်အောင်ထားနိုင်တဲ့သူနဲ့ပဲ သဘောတူပေးသင့်တယ်"
လျူဖေးက စုဝမ်ယိကို ဖျောင်းဖျ၍မရမှန်းသိသဖြင့် ယဲ့ချန်းဘက်သို့ လှည့်လာသည်။
"ဝမ်ယိက ကျွန်တော်နဲ့ဆိုရင် အရမ်းပျော်နေတာပါ"
ယဲ့ချန်းကမူ ခပ်ပြုံးပြုံးဖြင့် ဖြေလိုက်သည်။
ယဲ့ချန်း၏စကားကို ကြားပြီးနောက် လူအုပ်ကြီးက အချင်းချင်း တီးတိုးပြောကြလေတော့သည်။
"ဒီလူက ကိုယ့်ကိုယ်ကိုယ် မသိတာလား။ ဝင်ငွေနည်းနည်းလေးရတာနဲ့ ဘာလုပ်လို့ရမှာလဲ"
"ငါကတော့ သူ့ကို ပိုင်းလုံးလို့မြင်တယ်။ သူ့ရုပ်က ဘယ်လောက်ချောလဲ ကြည့်စမ်းပါဦး"
"နင်ပြောတာ မှန်တယ်။ သူက ဝမ်ယိကို တွယ်ကပ်နေတာ သေချာတယ်။ ငါတို့ရဲ့ နတ်သမီးလေး စုဝမ်ယိတော့ တကယ်သနားစရာပဲ"
စုဝမ်ယိအတွက် ဤစကားများက နားခါးလွန်းလှသဖြင့် မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသော်လည်း ဘာမှပြန်မပြောခဲ့ပေ။
ယဲ့ချန်း နှုတ်ဆိတ်နေသည်ကို မြင်သောအခါ လူတိုင်းက သူ ဖော်ကောင်လုပ်ခံရသဖြင့် ရှက်နေသည်ဟု ထင်လိုက်ကြသည်။
လူတွေ ဘာကြောင့် စုရုံးနေကြသလဲဆိုသည်ကို သိချင်စိတ်ဖြင့် ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် လျှောက်လာခဲ့သည်။
သူက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ မစားကြသေးတာလဲ"
ထိုလူ၏အသံကို ကြားသောအခါ လျူဖေးက လူအုပ်ထဲက အမြန်ထွက်လာပြီး ရိုသေလေးစားစွာ ပြောလိုက်၏။
"အစ်ကိုချွမ်း... ခင်ဗျား ရောက်လာပြီပဲ။ အားလုံးကို တော်တော်စောင့်ခိုင်းလိုက်တာပဲနော်"
ယန်ချွမ်းက ခေါင်းတကုတ်ကုတ်လုပ်ရင်း ပြောလိုက်၏။
"ကုမ္ပဏီမှာ ပြဿနာနည်းနည်းရှိလို့ ငါ နောက်ကျသွားတာ"
ထို့နောက် လျူဖေးကိုကြည့်ကာ မေးလိုက်လေသည်။
"မင်းတို့တွေအားလုံး ဒီမှာ ဘာလုပ်ဖို့ စုနေကြတာလဲ"
"ဟား... ဒီလိုပါဗျာ။ ဒီမှာ အမှတ်တံဆိပ်အတုတွေ ဝတ်ပြီး မိန်းမတစ်ယောက်ဆီမှာ ချူစားနေတဲ့ ကောင်တစ်ယောက်ရှိနေလို့။ ရယ်စရာမကောင်းဘူးလား"
ယန်ချွမ်းကို မြင်သောအခါ လူအုပ်ကြီးက အလျင်အမြန် ဘေးဖယ်ပေးလိုက်ကြသည်။
"အစ်ကိုချန်း... အစ်ကိုလည်း ဒီကိုရောက်နေတာလား။ အစ်ကိုလာမယ်မှန်း သိရင် အရေးအကြီးဆုံးကိစ္စတွေကိုတောင် ဖယ်ထားခဲ့မှာပေါ့"
ယန်ချွမ်းက စောစောက ဝိုင်းရံခံထားရသည့် ယဲ့ချန်းကို ကြည့်ကာ ပြောလိုက်သည်။
"အစ်ကိုချန်း ဟုတ်လား"
ယန်ချွမ်းက ယဲ့ချန်းကို ရိုသေလေးစားစွာ ခေါ်လိုက်သည်ကို ကြားသောအခါ လူတိုင်း အံ့ဩမှင်တက်သွားကြသည်။
ယန်မိသားစုသည် မိုတုမြို့၏ ထိပ်တန်းမိသားစုများထဲမှ တစ်ခုဖြစ်ကြောင်း အားလုံး သိထားကြသည်။ ယန်ချွမ်းသည် အခြားသူများကို အလွယ်တကူ အလေးထားဆက်ဆံလေ့ရှိသူမျိုး မဟုတ်ပေ။
ယန်ချွမ်းထံမှ ဤမျှလေးစားမှုကို ရရှိနိုင်သည့် မည်သူမဆို ပွဲတက်ရောက်သူများထဲက မည်သူမှ စော်ကား၍မရသော ဩဇာကြီးမားသူတစ်ဦး ဖြစ်ရပေမည်။
ယဲ့ချန်းက သူ့ကို လျစ်လျူရှုထားသည်ကို မြင်သောအခါ အားလုံး လျူဖေး၏ အမှားများသာဖြစ်ကြောင်း ယန်ချွမ်း သိလိုက်သည်။
"လျူဖေး.. မင်းကတော့ တကယ်မလွယ်တဲ့ကောင်ပဲ။ ပေါက်ကရတွေ လျှောက်ပြောနေတာ။ ငါ့အစ်ကိုကို အခုချက်ချင်း တောင်းပန်လိုက်စမ်း"
ယန်ချွမ်းက ဒေါသတကြီး ပြောလိုက်သည်။
လျူဖေးခမျာ ကြောက်လန့်တကြားဖြစ်ကာ ခြေထောက်များပင် တုန်ယင်လာသည်။ ဤမျှဩဇာကြီးမားသည့် ပုဂ္ဂိုလ်တစ်ယောက်ကို ရန်စမိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"အစ်ကိုချန်း... ကျွန်တော် တောင်းပန်ပါတယ်။ အကုန်လုံး ကျွန်တော့်အမှားပါ"
ကြောက်ရွံ့မှုကြောင့် မျက်နှာဖြူရော်နေသည့် လျူဖေးက ပြောလိုက်သည်။
ယန်ချွမ်းကမူ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
"မင်းက သူ့ကို အစ်ကိုချန်းလို့ ခေါ်ဖို့တောင် ထိုက်တန်လို့လား။ မင်းကိုယ်မင်း ဘယ်သူလဲဆိုတာ သိရဲ့လား"
"ခင်ဗျားပြောတာ မှန်ပါတယ် အစ်ကိုချွမ်း"
အံ့အားသင့်နေသော လျူဖေးခမျာ နီရဲသွားသော ပါးပြင်ကို အုပ်ကိုင်ကာ ဘေးသို့ကပ်ရပ်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။
•••••••••••••••••••••••••••