အခန်း ၇၅၃
Vol. 51 Ch. 753
အပိုင်း ၇၅၃ : ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့
လူအုပ်ကြီးမှာ သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် ပို၍ပင် အံ့ဩမှင်တက်သွားကြသည်။
ယန်ချွမ်းနှင့် လျူဖေးတို့ကြား ဆက်ဆံရေးကောင်းမွန်ကြောင်း လူတိုင်း သိထားကြသော်လည်း ယဲ့ချန်းအတွက်နှင့် ယန်ချွမ်းကိုယ်တိုင် လျူဖေးကို ပါးရိုက်ခဲ့လေသည်။
ယဲ့ချန်းက ဘေးမှနေ၍ စကားတစ်ခွန်းမျှမဆိုဘဲ ကြည့်နေခဲ့သည်။
ယဲ့ချန်း ကျေနပ်မှသာ သူ့ဘဝ ပိုအဆင်ပြေမည်ဖြစ်ကြောင်း သိထားသော ယန်ချွမ်းက ယဲ့ချန်း မကျေနပ်သေးဘူးဟု ယူဆလိုက်သည်။
"ဖြန်း"
ကျယ်လောင်လှသည့် နောက်ထပ်ပါးရိုက်သံတစ်ချက် ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ပိုပြင်းထန်သဖြင့် လျူဖေးခမျာ လဲကျသွားလေတော့သည်။
သို့တိုင် လျူဖေးမှာ စကားတစ်ခွန်းမျှ မဟရဲချေ။
ယဲ့ချန်း နှုတ်ဆိတ်နေသေးသည်ကို မြင်သောအခါ ယန်ချွမ်းက ထပ်ရိုက်ရန် ပြင်လိုက်လေရာ သူ ဘယ်နှချက်လောက် ထပ်ရိုက်ခံရဦးမလဲဟု လျူဖေး တွေးပူသွားသည်။
သည်အတိုင်းသာ ဆက်သွားလျှင် သူ့မျက်နှာတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်တော့မည်။ သို့သော် ရွေးချယ်စရာမရှိတော့ချေ။ မိမိပါးစပ်ကြောင့် ဒုက္ခရောက်ရသည်သာ။
ယန်ချွမ်း၏လက်က လျူဖေး၏ မျက်နှာပေါ်သို့ ကျရောက်တော့မည့်ဆဲဆဲတွင် ယဲ့ချန်းက ရုတ်တရက် ပြောလိုက်၏။
"ကဲပါ ရှောင်ချွမ်း..တော်လောက်ပါပြီ"
ထို့နောက် သူက ဝက်တစ်ကောင်လို ဖောင်းအစ်နေသော လျူဖေး၏ မျက်နှာကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ ယန်ချွမ်း၏ မျက်နှာထက်ရှိ ဒေါသများမှာ အတော်ပြေလျော့သွားသည်။
"အစ်ကိုချန်း... စိတ်မဆိုးတော့ဘူးလား"
"ငါက အစကတည်းက စိတ်မဆိုးပါဘူး"
ယဲ့ချန်းက အမှုမဲ့အမှတ်မဲ့ ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ လျူဖေး၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။
စိတ်မဆိုးရင်လည်း ဘာလို့ မပြောရတာလဲ။ အခုတော့ ငါ့မျက်နှာ ဝက်လိုဖြစ်သွားပြီ။
"ဒါဆိုလည်း ကောင်းတာပေါ့။ ကောင်းတာပေါ့"
ယန်ချွမ်းက ထိုသို့ပြောရင်း ယဲ့ချန်းကို အမြန်တောင်းပန်ရန် လျူဖေးအား အချက်ပြလိုက်သည်။
သူက ဆက်ပြော၏။
"လျူဖေး... အစ်ကိုချန်းကို မြန်မြန်တောင်းပန်လိုက်တာ ကောင်းမယ်။ မင်းသာ ခွင့်လွှတ်မခံရရင် ငါ မင်းကို ထပ်ရိုက်မယ်။ ပြီးတော့ နောက်ဆို မင်းတို့ မိသားစုရဲ့ စီးပွားရေးတွေကိုလည်း ငါ စီစဉ်ပေးမှာ မဟုတ်တော့ဘူး"
ထိုစကားကြောင့် လျူဖေးမှာ ကျောပြင်တစ်လျှောက် ချွေးအေးထွက်ရလောက်အောင်အထိ ကြောက်လန့်သွားသည်။ ယန်ချွမ်း၏ အကူအညီမပါပါက သူတို့၏ မိသားစုစီးပွားရေးက ဤမျှချောမွေ့နေမည်မဟုတ်ပေ။
သူ အပြင်မှာ ပြဿနာရှာသဖြင့် စီးပွားရေးကိုပါ ထိခိုက်သွားမှန်း သူ့အဖေသာသိလျှင် သူ့ကို အိမ်ပေါ်က သေချာပေါက် နှင်ချမည်သာ။
လျူဖေးက ယဲ့ချန်းဆီသို့ အမြန်သွားကာ ရိုသေလေးစားစွာ ပြောလိုက်၏။
"မစ္စတာယဲ့.... ကျေးဇူးပြုပြီး သဘောထားကြီးကြီးနဲ့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ နောက်ဆို မလုပ်ရဲတော့ပါဘူး"
ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
" ကောင်းကင်ရဲ့အထက်မှာ ကောင်းကင်ရှိသေးတယ်။ လူ ဘယ်လောက်စွမ်းစွမ်း ပိုသာတဲ့လူရှိစမြဲ ဆိုတဲ့စကားကို အမြဲ မှတ်ထား"
ဤစကားမှာ လျူဖေးအတွက်သာမက စောစောက ယဲ့ချန်းကို လှောင်ပြောင်ခဲ့ကြသူများအတွက်ပါ ရည်ရွယ်ခြင်းပင်။
ထိုစကားကို ကြားသောအခါ လျူဖေးက တရိုတသေ ခေါင်းညိတ်လိုက်၏။
"မစ္စတာယဲ့ရဲ့ ဆုံးမစကားကို နှလုံးသွင်းထားပါ့မယ်။ ကျွန်တော် မှတ်ထားပါ့မယ်"
ထိုအဖြစ်အပျက်အပြီးတွင် ယဲ့ချန်းအပေါ်ထားရှိသည့် လူတိုင်း၏ အကြည့်များမှာ အထင်အမြင်သေးမှု၊ လှောင်ပြောင်မှုများကတစ်ဆင့် အံ့ဩမှုနှင့် လေးစားမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုလူများက ယဲ့ချန်းနှင့်ယှဉ်လျှင် ဘာမှမဟုတ်သဖြင့် သူကလည်း သူတို့ကို အရေးမစိုက်အားပေ။
ဧည့်ခံပွဲစတင်ပြီဖြစ်သော်လည်း မည်သူမှ ဝင်မထိုင်ရဲကြဘဲ ဘေးတွင်သာ သတိထားကာ ရပ်နေကြသည်။
"ဘာလို့ ရပ်နေကြတာလဲ။ မြန်မြန် ဝင်ထိုင်ကြလေ"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လူတိုင်း၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားကြသည်။ စိတ်ထဲတွင်လည်း ခင်ဗျားမှ မထိုင်သေးတာ ဘယ်သူက ဝင်ထိုင်ရဲမှာလဲဟု တွေးလိုက်ကြသည်။
ယဲ့ချန်းနှင့် စုဝမ်ယိတို့ ဝင်ထိုင်လိုက်သောအခါ ယန်ချွမ်းက ယဲ့ချန်းဘေးတွင် ဝင်ထိုင်လေသည်။
သူတို့သုံးယောက် နေရာယူပြီးသည်ကို မြင်မှသာ ကျန်လူများလည်း သူတို့၏ နေရာများကိုရှာ၍ ဝင်ထိုင်ကြတော့သည်။
"အစ်ကိုချန်း... မတွေ့ရတာ ကြာပြီနော်။ ကျွန်တော် ခင်ဗျားကို လွမ်းနေတာ"
ယန်ချွမ်းက ယဲ့ချန်းကို ဖက်ရင်း ပြောလိုက်သည်။
ဘေးတွင်ထိုင်နေသော စုဝမ်ယိမှာ အနည်းငယ် အနေရခက်သွားသည်။
ယောက်ျားနှစ်ယောက် ဖက်နေကြသည်ကို မြင်ရသည်မှာ အနည်းငယ်တော့ ကသိကအောက်နိုင်သည်။
လူတိုင်း ထိုအဖြစ်ကို မြင်ကြသော်လည်း မည်သူကမှ ဘာမှမပြောရဲကြပေ။
ယဲ့ချန်းက ယန်ချွမ်းကို အမြန်တွန်းဖယ်ပြီး ကသိကအောက်ဖြင့် ပြောလိုက်၏။
"ရှောင်ချွမ်း.... မင်း ဒီလိုဆက်လုပ်နေရင် လူတွေ အထင်လွဲကုန်လိမ့်မယ်"
ပတ်ဝန်းကျင်ရှိ ပုံမှန်မဟုတ်သော အကြည့်များကို သတိပြုမိသွားသော ယန်ချွမ်းက အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။
"ဘာတွေ ကြည့်နေကြတာလဲ။ ဆက်ကြည့်နေရင် မင်းတို့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်"
ထို့နောက် သူက ယဲ့ချန်းကို ပြုံးပြကာ ပြောလိုက်သည်။
"အစ်ကိုချန်း စိတ်မဆိုးရင် ရပါပြီ"
ယဲ့ချန်းက သူ့ဘေးရှိ စုဝမ်ယိကို လှည့်ကြည့်ပြီး ခေါင်းတကုတ်ကုတ်ဖြင့် ပြောလိုက်သည်။
"ငါ စိတ်ဆိုးတာပေါ့။ ငါ့ကောင်မလေးက ဒီမှာရှိတယ်လေ။ ဒါကြီးက မကောင်းပါဘူး"
ယဲ့ချန်း၏ စကားကို ကြားသောအခါ ယန်ချွမ်းလည်း စကားမဆက်တော့သဖြင့် စကားလမ်းကြောင်း ပြတ်တောက်သွားတော့သည်။
ယန်ချွမ်း၏ စကားပြောသံများ မရှိတော့သဖြင့် ဧည့်ခံပွဲမှာ အလွန်တိတ်ဆိတ်သွားသည်။
အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်လွန်းလှပြီး ဧည့်သည်များပင် အသက်ပြင်းပြင်း မရှူရဲကြချေ။
"ကဲပါ အားလုံးပဲ... စကားပြောကြလေ။ အရမ်းတိတ်ဆိတ်လွန်းနေပြီ"
ယဲ့ချန်းက ရုတ်တရက်ပြောလိုက်သည်။
ဧည့်ခံပွဲရှိ ဧည့်သည်တစ်ယောက်မှ စကားမပြောကြပေ။ ပုံမှန်အားဖြင့် သူတို့ စုမိကြလျှင် အချင်းချင်း ကြွားလုံးထုတ်ရုံသာ လုပ်ကြသည်။
သို့သော် ယဲ့ချန်းလိုလူတစ်ယောက် ရှိနေချိန်တွင် သူတို့အနေနှင့် ဘယ်မှာ ကြွားလုံးထုတ်ခွင့်ရနိုင်တော့မည်နည်း။
ယန်ချွမ်းလည်း မျက်မှောင်ကြုတ်ပြီး ကြမ်းတမ်းစွာ ဆိုလိုက်၏။
"အစ်ကိုချန်းက မင်းတို့ကို စကားပြောခိုင်းနေတယ်လေ။ မင်းတို့တွေ ဆွံ့အကုန်ကြတာလား"
"ရှောင်ချွမ်း... အဲ့ဒီလိုမလုပ်စမ်းပါနဲ့။ လန့်သွားကြလိမ့်မယ်"
ယဲ့ချန်းက အမြန်ဝင်ပြောလိုက်သည်။
ထိုအချိန်မှသာ ဧည့်ခံပွဲရှိ ဧည့်သည်များက စကားပြောလာကြသည်။ သို့သော် ယဲ့ချန်းကတော့ သူအကြောင်းပြောနေခြင်းမဟုတ်ကြောင်း သိထားသဖြင့် သူတို့ ဘာဆွေးနွေးနေကြသလဲဆိုသည်ကို ဂရုမစိုက်ပေ။
"ဒီလိုလေးက ပိုစည်ကားမနေဘူးလား"
ယဲ့ချန်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် ယဲ့ချန်းက နံရိုးတစ်ပိုင်းကို ယူကာ စုဝမ်ယိ၏ ပန်းကန်ထဲသို့ ထည့်ပေးရင်း ညင်သာစွာ ပြောလိုက်သည်။
"ဝမ်ယိ... မင်း အရမ်းပိန်လွန်းတယ်။ များများစားရမယ်နော်"
စုဝမ်ယိကမူ ရှက်သွေးဖြာလျက် ခေါင်းညိတ်ပြပြီး မိန်းကလေးဆန်ဆန် ကျက်သရေရှိရှိ စားလိုက်သည်။
"အစ်ကိုချန်း... ကျွန်တော်လည်း လိုချင်တယ်"
ယန်ချွမ်းက ကလေးတစ်ယောက်လို ဟန်ဆောင်ဂျီကျလိုက်သည်။
"သွားစမ်းပါ။ စားချင်ရင် ကိုယ့်ဟာကိုယ် ယူစား"
ယဲ့ချန်းက သနားညှာတာမှုကင်းမဲ့စွာ ပြောလိုက်လေတော့သည်။
သူတို့၏ အပြန်အလှန် စနောက်သံများကို ကြားသောအခါ စုဝမ်ယိမှာ အော်ရယ်လိုက်မိသည်။
"မင်း ဒီလိုဆက်လုပ်နေရင် နှင်ထုတ်ခံရမယ်နော်။ ငါ့ကောင်မလေးရဲ့ အာရုံစိုက်မှုကို လာလုရဲတယ်ပေါ့"
ယဲ့ချန်းက ဒေါသထွက်ချင်ဟန်ဆောင်လိုက်သည်။
ထိုစကားကို ကြားသောအခါ ယန်ချွမ်းက အမြန်ရှင်းပြလိုက်သည်။
"မရီး... အထင်မလွဲပါနဲ့နော်။ ကျွန်တော်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ အစ်ကိုချန်းကို စနောက်နေရုံပါ"
"ငါ ဘာမှမပြောပါဘူး။ မင်းတို့ ပြောနေတာလေးက စိတ်ဝင်စားစရာကောင်းလို့ပါ"
စုဝမ်ယိက ရယ်မောလိုက်သည်။
ဧည့်ခံပွဲတွင် ယဲ့ချန်းတစ်ယောက်တည်းသာ စိတ်ကြိုက် စားသောက်နေပြီး အခြားသူများမှာမူ စားချင်စိတ်မရှိကြချေ။
ဧည့်ခံပွဲအပြီးတွင် စုဝမ်ယိက ယဲ့ချန်း၏ လက်မောင်းကို ချိတ်ကာ ထွက်ခွာသွားသည်။
သူတို့၏ နောက်တွင်မူ တီဗီဇာတ်လမ်းတွဲများထဲမှ ဧကရာဇ်အရှင်များအလား ယန်ချွမ်းက ဦးဆောင်၍ လူပေါင်းများစွာက နောက်က လိုက်ပါလာကြသည်။
"အားလုံး ပြန်လို့ရပါပြီ။ အခုလို ယဉ်ယဉ်ကျေးကျေးတွေ လုပ်နေစရာ မလိုပါဘူး"
ယဲ့ချန်းက လက်ကာပြရင်း ပြောလိုက်သည်။
ထိုအချိန်တွင် အင်ဂျင်သံ ဟိန်းထွက်လာပြီး ကားပါကင်ထိုးပေးသူက သူ့လိုင်ကန်ကားကို အဝင်ဝတွင် ရပ်ပေးလိုက်သည်။
ဇိမ်ခံကားကြီးကို မြင်သောအခါ လူတိုင်းအံ့ဩမှုကြောင့် ကြက်ဥတစ်လုံး ဝင်ဆံ့နိုင်လောက်သည်အထိ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"အဲဒါ Fast and Furiousရုပ်ရှင်ထဲက ကားမဟုတ်ဘူးလား"
"ဟွားနိုင်ငံမှာ ဒီလိုကားမျိုး တစ်စီးပဲ ရှိတယ်လို့ ကြားဖူးတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးတစ်ယောက်က ဝယ်သွားတာတဲ့"
"တန်ဖိုးက ယွမ်သန်းတစ်ရာကျော်တောင် ရှိတယ်တဲ့"
အချို့က အွန်လိုင်းတွင် ရှာကြည့်ကြပြီး ပြသထားသော စျေးနှုန်းကြောင့် ထပ်မံအံ့အားသင့်သွားကြသည်။
ကားတစ်စီးအတွက် ယွမ်သန်းတစ်ရာ သုံးနိုင်သည့် မည်သူမဆို ကြောက်မခန်းလိလိ ကြီးမားလှသော စည်းစိမ်ချမ်းသာကို ပိုင်ဆိုင်ထားခြင်း ဖြစ်ရပေမည်။
လူတိုင်း၏ အကြည့်များအောက်တွင် ယဲ့ချန်းက စုဝမ်ယိကို ကားပေါ်သို့ ခေါ်ဆောင်သွားသည်။ လိုင်ကန်ကားကြီး၏ အင်ဂျင်သံ ထွက်ပေါ်လာပြီးနောက် ညအမှောင်ထဲသို့ ပျောက်ကွယ်သွားလေတော့သည်။
ယန်ချွမ်းက လျူဖေးဘက်သို့ လှည့်ကြည့်၍ ပြောလိုက်၏။
"ရှောင်ဖေး... မင်း ဒီနေ့ ပြဿနာကြီးတစ်ခု ဖန်တီးမိတော့မလို့။ ငါသာ ကူညီပြီး ကာကွယ်မပေးခဲ့ရင် မင်း ဘယ်လိုသေသွားလဲတောင် သိလိုက်ရမှာမဟုတ်ဘူး"
"ကျေးဇူးတင်ပါတယ် အစ်ကိုချွမ်း... သူက ပါဆယ်ပို့သမားတစ်ယောက်လို့ ကြားထားလို့ပါ။ သူက ဒီလောက်အထိ အောင်မြင်တဲ့လူ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"
လျူဖေး၏ မျက်နှာထက်တွင် မယုံနိုင်သေးဟန် အရိပ်အယောင်များ ပေါ်လွင်နေဆဲပင်။
"နောက်ဆို မင်း ပိုသတိထားဖို့ လိုမယ်။ ပြီးတော့ လူတွေကို နှိမ့်ချဆက်ဆံတာတွေ ရပ်လိုက်တော့"
ယန်ချွမ်းက ဆုံးမလိုက်သည်။
ထို့နောက် သူက လျူဖေး၏ ဖောင်းအစ်နေသော မျက်နှာကို ကြည့်ကာ ပြောလိုက်၏။
"အိမ်ရောက်ရင် ဆေးသောက်လိုက်ဦး။ ဒီတစ်ခေါက် လက်ဆအရမ်းပြင်းသွားတယ်"
"အစ်ကိုချွမ်း... တကယ်ကျေးဇူးတင်ပါတယ်။ ဒီသင်ခန်းစာက တန်ပါတယ်ဗျာ။ ကျွန်တော် သင်ခန်းစာရပါပြီ"
လျူဖေးက မကျေနပ်သည့်အရိပ်အယောင် လုံးဝမပြဘဲ ပြောလိုက်သည်။
••••••••••••••••••••••••••••