← Chapters

အခန်း ၇၅၅

Vol. 51 Ch. 755

အခန်း ၇၅၅

Vol. 51 Ch. 755

အပိုင်း ၇၅၅ : ပရိယာယ်ကို တန်ပြန်အသုံးချခြင်း

စားပွဲထိုးမလေးက ရှောင်ရွှယ်ကို ကြည့်ကာ ပြောလိုက်သည်။

"ရှောင်ရွှယ်... ဟိုဘက်က ဧည့်သည်တွေက မှာချင်လို့တဲ့။ မြန်မြန်သွားလိုက်ပါဦး"

ထိုစကားကို ကြားသောအခါ ရှောင်ရွှယ်က ခေါင်းညိတ်ပြလိုက်ပြီး ယဲ့ချန်းကို ပြောလိုက်၏။

"လူကြီးမင်း... ကျွန်မ ဟိုဘက်မှာ အရင်သွားလုပ်လိုက်ပါဦးမယ်။ ခဏနေမှ ပြန်လာခဲ့ပါ့မယ်"

ရှောင်ရွှယ်ကို ပထုတ်လိုက်သည့် စားပွဲထိုးမလေး၏ ရည်ရွယ်ချက်ကို ယဲ့ချန်း သေချာပေါက်သိသော်လည်း ဘာမှမပြောခဲ့ပေ။

ရှောင်ရွှယ်က ဤနေရာတွင် အချိန်အတန်ကြာအောင် ဆက်လုပ်ရဦးမည်ဖြစ်ရာ သူ့ကြောင့် သူ(မ) ရန်သူများသွားလျှင် သူသာ စိတ်မကောင်းဖြစ်ရပေလိမ့်မည်။

ရှောင်ရွှယ် ထွက်သွားသည်ကို မြင်သောအခါ စားပွဲထိုးမလေးက တက်ကြွစွာ ပြောလိုက်၏။

"လူကြီးမင်း... ဘာများ သုံးဆောင်ချင်ပါသလဲ။ ကျွန်မတို့ဆိုင်ရဲ့ အထူးဟင်းလျာတွေနဲ့ မိတ်ဆက်ပေးပါရစေ"

"မလိုဘူး။ ငါ့ဘာသာပဲ ကြည့်လိုက်မယ်"

ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

စားပွဲထိုးမလေးမှာ ကြောင်တောင်တောင်ဖြင့် စကားတစ်ခွန်းမျှမဟဘဲ ထိုနေရာတွင်သာ ရပ်နေမိသည်။

ယဲ့ချန်းက မီနူးစာအုပ်ကို အကြိမ်ကြိမ် လှန်လှောကြည့်နေပြီး မှာယူရန် အချိန်ဆွဲနေခဲ့သည်။

စားပွဲထိုးမလေးခမျာ ထွက်မသွားရဲသဖြင့် အချိန်ပြည့် ထိုနေရာတွင်သာ ရပ်နေရှာသည်။

သူ(မ)မှာ ယဲ့ချန်းဆီက အမြင်ကောင်းရချင်နေပေသည်။ ဤဧည့်သည်ကိုသာ သဘောကျအောင် လုပ်နိုင်လျှင် သူ(မ)လည်း ရှောင်ရွှယ်လို မယ်ရီယော့ဟိုတယ်သို့ သွားရနိုင်သည်။

သို့သော် သူ(မ)၏ အကြံအစည်က မှားယွင်းနေချေသည်။ ဧည့်သည်များအပေါ် ခွဲခြားဆက်ဆံတတ်သော စားပွဲထိုးမတစ်ယောက်ကို မယ်ရီယော့ဟိုတယ်တွင် အလုပ်လုပ်ရန် ယဲ့ချန်းက မည်သို့စီစဉ်ပေးမည်နည်း။ ဤသည်မှ သူ့နာမည်ကို ထိခိုက်အောင် လုပ်သလိုဖြစ်နေမည် မဟုတ်ပါလော။

ယဲ့ချန်းလည်း မီနူးထဲက တစ်ခုကို ရှာတွေ့လိုက်သဖြင့် စားပွဲထိုးမလေးကို ပြောလိုက်၏။

"ရှောင်ရွှယ်ဆိုတဲ့ စားပွဲထိုးမလေးကို ခေါ်ပေးပါဦး။ သူ့ကို မေးစရာလေးရှိလို့"

ထိုစကားကို ကြားသောအခါ ထိုစားပွဲထိုးမလေးမှာ စိတ်ပျက်သွားပြီး အမြန်ပြောလိုက်သည်။

"လူကြီးမင်း... တစ်ခုခုလိုအပ်ရင် ကျွန်မကို ပြောလို့ရပါတယ်"

ဤမျှကောင်းမွန်သော အခွင့်အရေးကို စားပွဲထိုးမလေး လက်လွှတ်မခံချင်ပေ။

ထို့ပြင် ယခင်ကလည်း အခွင့်အရေးတစ်ခုကို လက်လွှတ်ခဲ့ပြီးဖြစ်ရာ ဤတစ်ကြိမ်တွင်မူ သေချာပေါက် အရယူရပေမည်။

"မလိုပါဘူး။ ရှောင်ရွှယ့်ကိုပဲ ခေါ်ပေးပါ"

ယဲ့ချန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

ယဲ့ချန်း၏ စကားကို ကြားပြီးနောက် စားပွဲထိုးမလေးမှာ မည်မျှပင် မျက်နှာပြောင်တိုက်ချင်နေပါစေ ဤနေရာတွင် ဆက်နေရန် အလွန်ရှက်ရွံ့သွားသည်။

ထို့ပြင် ဤလူငယ်လေး၏ စွမ်းဆောင်ရည်များအရ သူ့ကိုသာ ဒေါသထွက်အောင်လုပ်မိပါက မယ်ရီယော့ဟိုတယ်သို့ သွားဖို့နေနေသာသာ ဤနေရာမှာပင် ဆက်အလုပ်လုပ်နိုင်မည် မဟုတ်တော့ချေ။

"ဟုတ်ကဲ့ပါ လူကြီးမင်း... ခဏလောက် စောင့်ပေးပါရှင့်"

စားပွဲထိုးမလေးက ပြုံးလျက် ပြောလိုက်သည်။

မကြာခင်မှာပင် ရှောင်ရွှယ် ရောက်လာပြီး ယဲ့ချန်းကို တရိုတသေကြည့်ကာ ပြောလိုက်သည်။

"လူကြီးမင်း... မှာတော့မလို့လားရှင့်"

"အင်း... မင်း ဘယ်ဟာကောင်းမယ်ထင်လဲ။ အဲဒါလေးပဲ ယူလာပေးပါ"

ယဲ့ချန်းက ယုံကြည်စိတ်ချစွာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ လူကြီးမင်း... ခဏလောက် စောင့်ပေးပါရှင့်"

ရှောင်ရွှယ်က ထိုသို့ပြောပြီး လှည့်ထွက်သွားသည်။

ယဲ့ချန်းမှာမူ ဘေးတွင်ထိုင်၍ ဖုန်းထဲက သတင်းများကို ဖတ်နေလိုက်သည်။

အချိန်တိုအတွင်းမှာပင် အစားအသောက်များ ရောက်လာလေသည်။ ဤတစ်ကြိမ်တွင်လည်း ယဲ့ချန်း အလွန်ကျေနပ်အားရနေဆဲပင်။

စားသောက်ပြီးနောက် ယဲ့ချန်း မတ်တတ်ထရပ်၍ ထွက်လာခဲ့သည်။

ဤရက်ပိုင်းတွင် ဟိုဟိုသည်သည် အလုပ်ရှုပ်နေသောကြောင့် ယဲ့ချန်း ပါဆယ်များများစားစား မပို့ဖြစ်ခဲ့ပေ။

ပါဆယ်ပို့ခြင်းအားဖြင့် သူ့အနေနှင့် စနစ်၏ဆု​လာဘ်များ ရရှိနိုင်သောကြောင့် များများပို့နိုင်လေလေ ဆု​လာဘ်ရရန် အခွင့်အလမ်း ပိုများလေလေပင်။

တစ်မနက်ခင်းတည်းမှာပင် ယဲ့ချန်း ပါဆယ်များအားလုံးကို ပို့ဆောင်ပြီးစီးခဲ့လေရာ ယခု နောက်ထပ်ပါဆယ်များ ထပ်ယူရန်အတွက် ပါဆယ်ပို့သည့်ဂိတ်သို့ ပြန်သွားပြီး ဆက်ပို့ရန် လိုအပ်ပေသည်။

ယဲ့ချန်း ပြန်ရောက်လာသည်ကို မြင်သောအခါ ရှောင်ကျန်းက တက်ကြွစွာ ပြောလိုက်၏။

"အစ်ကိုချန်း... ဘာလို့ပြန်ရောက်လာတာလဲ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။

"အင်း... မနက်ပိုင်းပို့ရမယ့်ဟာတွေ ပြီးသွားလို့ နောက်ထပ်ပါဆယ်တွေ ထပ်ယူပြီး ဆက်ပို့ဖို့ ပြန်လာတာ"

"အစ်ကိုချန်းက တကယ်မိုက်တာပဲဗျာ။ ကျွန်တော် ခင်ဗျားကို တကယ်လေးစားတယ်"

ရှောင်ကျန်းက ပြုံးလျက် ပြောလိုက်သော်လည်း သူ့မျက်လုံးထဲတွင် မနာလိုမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် ချက်ချင်းပျောက်ကွယ်သွားသဖြင့် သတိထားမိရန် ခက်ခဲလှသည်။

သာမန်လူများဆိုလျှင် သူပြောသည့်စကားကို တကယ်ယုံကြည်သွားကြမည်ဖြစ်သော်လည်း စိတ်ဖတ်စွမ်းရည်ကို ပိုင်ဆိုင်ထားသော ယဲ့ချန်းကတော့ သူ့နှလုံးသားထဲမှ မတူညီသော အဓိပ္ပာယ်တစ်ခုကို ဖတ်မိနေသည်။

"ခွေးကောင်ယဲ့ချန်း.... ဒီလောက်ချမ်းသာနေတာတောင် ငါတို့လို ဆင်းရဲသားတွေနဲ့ ထူးချွန်ဝန်ထမ်းနေရာကို လတိုင်း ဘာလို့လာလုနေရတာလဲ။ စောင့်ကြည့်နေ။ မင်းကို ကောင်းကောင်း ဒုက္ခရောက်အောင် လုပ်ပြမယ်"

"ပြီးတော့ ဟိုရှောင်ကျန်းကလည်း... မင်းဘာသာ ယဲ့ချန်းကို ဟိုးအရင်ကတည်းက မကြည်တာလေ။ ဘာလို့ ငါ့ကို လာခိုင်းနေရတာလဲ။ မန်နေဂျာနဲ့ ဆက်ဆံရေးကောင်းနေလို့သာ မဟုတ်ရင် မင်းစကားကို ငါ နားထောင်နေစရာ အကြောင်းမရှိဘူး"

ဤအချက်အလက်များကတစ်ဆင့် သူ့အပေါ် အမြဲတမ်း ဆက်ဆံရေးကောင်းမွန်သယောင် ဟန်ဆောင်နေကြသော ရှောင်ကျန်းနှင့် ရှောင်ဝမ်တို့မှာ သရုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ယဲ့ချန်း နားလည်လိုက်သည်။

"ရှောင်ကျန်းပေါ့လေ။ မင်းအပေါ် ငါ ကောင်းကောင်းဆက်ဆံခဲ့တာတောင်မှ ငါ့ကို ဒုက္ခပေးချင်နေသေးတယ်ပေါ့"

ယဲ့ချန်း စိတ်ထဲက အေးစက်ခက်ထန်စွာ ရယ်မောလိုက်သည်။

ထို့ပြင် ရှောင်ကျန်း၏အမေ နေမကောင်းဖြစ်ပြီး ပိုက်ဆံမရှိဘဲ ဆေးရုံတက်ရစဉ်ကလည်း ဆေးရုံစရိတ်များကို ယဲ့ချန်းကသာ ပေးချေခဲ့သည်။

ထိုအကြောင်းကို တွေးမိသောအခါ ယဲ့ချန်း ဒေါသထွက်သွားသည်။ ဤသည်မှာလယ်သမားနှင့်မြွေ ပုံပြင်လိုပင်။

တကယ်တော့ သူက သူတို့နှင့် ထူးချွန်ဝန်ထမ်းဆုကို ယှဉ်လုရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ပေ။ စနစ်၏ တာဝန်ဖြစ်သော ပါဆယ်များကို ပို့ပြီး ဆုကြေးများရယူရန်သာ လုပ်ဆောင်ခဲ့ခြင်းပင်။

ထို့ကြောင့် စနစ်တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ရန်ကလွဲ၍ သူ့တွင် ရွေးချယ်စရာ မရှိပေ။

ထူးချွန်ဝန်ထမ်းဆုကို သူလည်း ရရှိခဲ့သော်ငြား ယဲ့ချန်း၏ စွမ်းဆောင်ရည်က အမြင့်ဆုံးပင်။ ဤသည်မှာ အပိုဆုကြေးအများဆုံး ရခဲ့သည်ဟု အဓိပ္ပာယ်ရသဖြင့် ရှောင်ကျန်းနှင့် ရှောင်ဝမ်တို့လို ဆုရရှိသူ လုပ်ဖော်ကိုင်ဖက်များမှာ မနာလိုဖြစ်ကုန်ကြသည်။

ယဲ့ချန်း စိတ်ထဲက တွေးလိုက်သည်။

"ဒီနှစ်ယောက် ဘာလုပ်ချင်နေကြတာလဲ မသိဘူး။ ရှောင်ကျန်းဆီက တစ်ခုခုများ သိရမလားဆိုတာ ကြည့်ရအောင်"

"ရှောင်ကျန်း... ဒီနေ့ မင်းကိုကြည့်ရတာ မလန်းသလိုပဲ။ မကောင်းတာ တစ်ခုခု လုပ်ထားလို့လား"

ယဲ့ချန်းက ရယ်မောရင်း မေးလိုက်သည်။

ယဲ့ချန်း၏ အမေးကို ကြားသောအခါ ရှောင်ကျန်း လန့်သွားသည်။

"ရေသန့်စက်ထဲ ဝမ်းနုတ်ဆေးထည့်ထားတာကို ယဲ့ချန်း သိသွားပြီလား"

ထိုသို့တွေးလိုက်သည်နှင့် ယဲ့ချန်း အချက်အလက်များ ပိုရလိုက်သည်။

ထိုအချိန်တွင် ယဲ့ချန်း အနည်းငယ် အံ့ဩသွားသည်။ သူတို့နှင့် ဘာရန်ငြိုးမှမရှိပါဘဲ ဤနှစ်ယောက်က အလွန်ယုတ်မာကြသည်။

ယဲ့ချန်းက လစာနှင့် အပိုဆုလာဘ်များကို သိပ်ဂရုမစိုက်သော်လည်း ဝမ်းနုတ်ဆေးကိုသာ သောက်မိပါက သူလည်း ဝမ်းလျှောပြီး အလုပ်မလုပ်နိုင်ဖြစ်သွားပေမည်။

သူတို့၏ လုပ်ရပ်က တကယ်ယုတ်မာလွန်းလှသည်။

ပုံမှန်ဆိုလျှင် လူကောင်းများလို ဟန်ဆောင်နေတတ်ကြသော်လည်း သူတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများအတွက် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုပင် ပစ်မှတ်ထားကုန်ကြသည်။

သူတို့၏ အစီအစဉ်ကို သိထားသော်လည်း ယဲ့ချန်းကတော့ ဘာမှမသိသလို ဟန်ဆောင်ကာ ရှောင်ကျန်း၏ ပခုံးကိုပုတ်၍ ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

"ငါပြောသလို မကောင်းတာ တကယ်လုပ်ထားတာတော့ မဟုတ်ဘူးမလား။ ငါက စနေတာပါကွာ။ အတည်မယူပါနဲ့"

ယဲ့ချန်း၏ စကားကို ကြားသောအခါ ရှောင်ကျန်း သက်ပြင်းချလိုက်လေသည်။

ကိုယ်ပိုင်အတွေးကိုယ်စီဖြင့် သူတို့နှစ်ယောက်သား အနားယူရာနေရာဆီသို့ လျှောက်သွားကြသည်။

အထဲသို့ ဝင်သွားသောအခါ ရှောင်ဝမ် တစ်ယောက်တည်း ရေသောက်ရင်း ဂိမ်းဆော့နေကြောင်း တွေ့လိုက်ရသည်။

ယဲ့ချန်း ဝင်လာသည်ကို မြင်သောအခါ ရှောင်ဝမ်က ဖုန်းကို အမြန်ချထားလိုက်ပြီး နေရာဖယ်ပေးကာ ပြောလိုက်၏။

"အစ်ကိုယဲ့... လာထိုင်ပါဦး"

ရှောင်ဝမ်၏ အပြုအမူကြောင့် ယဲ့ချန်း၏ စိတ်ထဲတွင် ရွံရှာသွားသည်။

"ဒီကောင် ငါ့ရှေ့မှာဟန်ဆောင်နေတုန်းပဲ။ မင်း ဘယ်လိုလှည့်ကွက်မျိုး သုံးမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ဤနှစ်ယောက်က သူ့ကို ရေသောက်အောင် ဘယ်လိုလှည့်စားမလဲဆိုသည်ကို သူ အလွန်သိချင်မိသည်။

အခြားသူနှစ်ယောက်၏ ဖန်ခွက်များထဲတွင်လည်း ရေများရှိနေကြောင်း မြင်သောအခါ ယဲ့ချန်းက သူ သံသယမဝင်စေရန်အတွက် ဤသို့လုပ်ထားခြင်းဖြစ်ကြောင်း သိလိုက်သည်။

ဤနှစ်ယောက်က အပေါ်ယံကြည့်လျှင် ရိုးအပုံပေါက်သော်လည်း တကယ်တမ်းတော့ ဉာဏ်များလှသည်။

ယဲ့ချန်းကမူ ရှောင်ဝမ်ကို ဂရုမစိုက်ဘဲ ဘေးနားရှိ ထိုင်ခုံတစ်ခုပေါ်တွင်သာ ဝင်ထိုင်လိုက်သည်။

ရှောင်ဝမ်ခမျာ မျက်နှာပူသွားသဖြင့် အတင်းပြုံးပြကာ နောက်ဆုတ်သွားပြီးနောက် စကားမပြောတော့ပေ။

ထိုအချိန်တွင် နားနေခန်းမှာ ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေသည်။

"သူတို့ဆီက ဘာလှုပ်ရှားမှုမှ မရှိဘူး။ ငါ့ဘာသာငါ သောက်စေချင်ကြတာလား"

ယဲ့ချန်းမှာ သူ့ကို တစ်ချက်တစ်ချက် ခိုးကြည့်နေကြသော ဟန်ဆောင်သူနှစ်ဦးကို ကြည့်ကာ စိတ်ထဲက တွေးတောလိုက်သည်။

သူ တွေးထားသည့်အတိုင်းပင်။

ယဲ့ချန်းတွင် ပိုင်ဆိုင်မှုအများကြီးရှိနေသည်ဆိုလျှင် သူသည် ငတုံးတစ်ယောက် မဖြစ်နိုင်ကြောင်း သူတို့ သိထားသည်။ သူတို့နှစ်ယောက်သာ အလွန်အမင်း တက်ကြွနေပါက ယဲ့ချန်း သေချာပေါက် သံသယဝင်သွားပေမည်။

••••••••••••••••••••••••••

All Chapters