အခန်း ၇၅၇
Vol. 51 Ch. 757
အပိုင်း ၇၅၇ : ကျွန်တော် အကုန်တာဝန်ယူပါတယ်
ယဲ့ချန်း၏စကားကို ကြားသောအခါ အမျိုးသမီးဖန်းသာမက ဖန်းယင်းပင် အနည်းငယ် အံ့အားသင့်သွားသည်။
အမျိုးသမီးဖန်းက နှလုံးခွဲစိတ်မှုခံယူရန် လိုအပ်သည်ဖြစ်ရာ ခွဲစိတ်ခတစ်ခုတည်းကပင် ယွမ်သိန်းနှင့်ချီ၍ ကုန်ကျမည်ဖြစ်၏။
ထို့ပြင် ယဲ့ချန်း၏ ဝတ်စားဆင်ယင်ပုံက လူချမ်းသာတစ်ယောက်နှင့် မတူသော်လည်း သူ့လေသံကမူ အလွန်ယုံကြည်မှုရှိနေချေသည်။
ယဲ့ချန်းက စေတနာထား၍ ကူညီပေးနေသဖြင့် အမျိုးသမီးဖန်းလည်း ဘာပြောရမှန်းပင် မသိတော့ပေ။
သို့သော် ဖန်းယင်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"အစ်ကိုယဲ့ချန်း... အစ်ကို့ဆီမှာ အဲ့ဒီလောက် ပိုက်ဆံအများကြီး ဘယ်ကရမှာလဲ"
ရှောင်ယင်း ယဲ့ချန်းနှင့် ပထမဆုံးတွေ့ကတည်းက သူသည် ပါဆယ်ပို့သမားတစ်ယောက်ဖြစ်ကြောင်း သိထားသည်။ ပါဆယ်ပို့သမားတစ်ယောက်က တစ်လလျှင် ယွမ်ထောင်ဂဏန်းလောက်သာ ဝင်ငွေရှိသည်။
ယွမ်သိန်းဂဏန်းဆိုသည်မှာ ယဲ့ချန်းအတွက် နည်းပါးသောပမာဏ မဖြစ်နိုင်သော်လည်း သူ့ဘက်က အလွန်ပေါ့ပေါ့ပါးပါး ပြောနေသဖြင့် ရှောင်ယင်း အံ့ဩသွားသည်။
"အဲ့ဒီအတွက် မင်း စိတ်ပူစရာမလိုပါဘူး"
ယဲ့ချန်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ဆရာဝန်က ပြုံးလျက် ဝင်လာသည်။
"အမျိုးသမီးဖန်း... ဆုံးဖြတ်ချက်ချပြီးပြီလား။ ခွဲစိတ်မှုကို အမြန်လုပ်ရမယ်"
"ဒေါက်တာကျောက်... ကျွန်မတော့ မလုပ်တော့တာပဲ ကောင်းမယ်ထင်တယ်"
အမျိုးသမီးဖန်းက အကျပ်ရိုက်နေဟန် မျက်နှာထားဖြင့် ပြောလိုက်သည်။
ဒေါက်တာကျောက် ဘာမှမပြောရသေးခင်မှာပင် ယဲ့ချန်းက မေးလိုက်၏။
"ဒေါက်တာ... ဒီခွဲစိတ်မှုကို ရန်အိုက်ဆေးရုံမှာ လုပ်တာက ဒီဆေးရုံမှာ လုပ်တာထက် ပိုကောင်းမလား"
ထိုလူငယ်လေး၏စကားကို ကြားသောအခါ ဒေါက်တာကျောက်က ယဲ့ချန်းကို အထင်သေးလေဟန် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒါပေါ့။ ဒါပေမဲ့ ချမ်းသာတဲ့လူတွေပဲ အဲ့ဒီမှာ တတ်နိုင်တာ။ ပြီးတော့ အဲ့ဒီက ခွဲစိတ်ခတွေက ခေါင်ခိုက်နေတာပဲ"
ဒေါက်တာကျောက်က ယဲ့ချန်းကို အထက်အောက် အကဲခတ်ကြည့်လိုက်ပြီး စိတ်ထဲက လှောင်ပြောင်သရော်လေသည်။
"ဒီကောင်လေး ဆင်းရဲနေတာများ။ မတတ်နိုင်ရင်လည်း မတတ်နိုင်ဘူးပြောပေါ့။ ဘာလို့များ လိမ်စဉ်တွေ လုပ်နေရတာလဲ"
"ကောင်းပြီလေ။ ဒါဆို အခုချက်ချင်း ဆေးရုံပြောင်းကြတာပေါ့"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"လူငယ်လေး... အမျိုးသမီးဖန်းရဲ့ အခြေအနေက တော်တော်ဆိုးနေပြီ။ မိသားစုဝင်တစ်ယောက်အနေနဲ့ လူနာရဲ့ ကျန်းမာရေးကို နောက်ပြောင်လို့ မရဘူး။ ပိုက်ဆံမရှိရင်လည်း ရအောင်ရှာရမှာပေါ့။ မှတ်ထား။ ပိုက်ဆံထက် အသက်က ပိုအရေးကြီးတယ်"
ဒေါက်တာကျောက်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
သူ့အနေနှင့် ယဲ့ချန်း၏ အပြုအမူကို တကယ်သဘောမကျပေ။ ခွဲစိတ်ခမတတ်နိုင်သဖြင့် လိမ်စဉ်လုပ်နေခြင်းမှာ ပရမ်းပတာနိုင်လွန်းလှသည်။
ဆရာဝန်တစ်ယောက်အနေနှင့် ထိုသို့သောအရာများ ဖြစ်ပျက်လာမည်ကို လက်မခံနိုင်သဖြင့် သဘောကောင်းကောင်းဖြင့် အကြံပေးရန် ကြိုးစားခဲ့ခြင်းပင်။
"ဒေါက်တာကျောက်... ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မတို့ အဲ့ဒီလောက် ပိုက်ဆံအများကြီး မရှာနိုင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ဆေးရုံဆင်းခွင့်ပြုပါ"
အမျိုးသမီးဖန်းက တောင်းဆိုလိုက်သည်။
"အမျိုးသမီးဖန်း... ဆရာဝန်တစ်ယောက်အနေနဲ့ အသက်ကယ်ဖို့က ကျွန်တော့်ရဲ့ တာဝန်ပါ။ ခင်ဗျား နားလည်ဖို့လိုတယ်။ ခင်ဗျားရဲ့ အခြေအနေက တကယ်ဆိုးဝါးနေတာ။ အမြန်ဆုံး ခွဲစိတ်မှုမလုပ်ဘူးဆိုရင် ခင်ဗျား နောက်ထပ် နှစ်နှစ်ထက်ပိုပြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
ဒေါက်တာကျောက်လည်း မတတ်သာသည့်အဆုံး အမှန်အတိုင်း ပြောလိုက်ရသည်။
ထိုစကားကို ကြားသောအခါ ရှောင်ယင်းမှာ တိတ်ခါစ မျက်ရည်များ ပြန်ကျလာပြန်သည်။
"ရှောင်ယင်း... စိတ်မပူပါနဲ့။ အစ်ကို အခုချက်ချင်း ရန်အိုက်ဆေးရုံကို ဆက်သွယ်လိုက်မယ်"
ယဲ့ချန်းက ကမန်းကတန်း ပြောလိုက်သည်။
သူသည် မိန်းကလေးများ၏ မျက်ရည်ကို အကြောက်ဆုံးပင်။ ထိုသို့ဖြစ်လာတိုင်း ကူကယ်ရာမဲ့သွားတတ်သည်။
ဒေါက်တာကျောက်က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ယဲ့ချန်းက ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်၏။
"ဆေးရုံအုပ်ချန်းလား။ ကျွန်တော် ယဲ့ချန်းပါ။ သူငယ်ချင်းတစ်ယောက်ရဲ့အမေ အရေးတကြီး နှလုံးခွဲစိတ်ဖို့ လိုအပ်နေလို့ပါ။ ကျေးဇူးပြုပြီး စီစဉ်ပေးလို့ရမလား ။ ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ သတင်းကို စောင့်နေပါ့မယ်"
ဒေါက်တာကျောက်က ယဲ့ချန်း၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ကာ သူ ရန်အိုက်ဆေးရုံအုပ်ကို သိနေကြောင်း မယုံကြည်နိုင်ပေ။ ယဲ့ချန်းက သူ့ဟန်ဆောင်ဇာတ်လမ်းကို ဘယ်လိုဆက်ကမလဲဆိုသည်ကို သိချင်နေမိသည်။
အတန်ကြာပြီးနောက် ယဲ့ချန်း၏ ဖုန်းမြည်လာလေသည်။ သူက တမင်သက်သက် စပီကာဖွင့်ထားလိုက်သည်။
ဖုန်းတစ်ဖက်ခြမ်းက ပြောလာလေသည်။
"မစ္စတာယဲ့... အားလုံး စီစဉ်ပြီးပါပြီ။ အချိန်မရွေး လာခဲ့လို့ရပါပြီ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆေးရုံအုပ်ချန်း။ အခုလို ကူညီပေးတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းက တရိုတသေ ပြန်ပြောလိုက်သည်။
"မစ္စတာယဲ့... ကျွန်တော့်ကို အားနာစရာ မလိုပါဘူး။ မစ္စတာယဲ့ကို ကူညီပေးခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ"
ယဲ့ချန်းနှင့် ဆေးရုံအုပ်ချန်းတို့၏ စကားများကို ကြားလိုက်ရသောအခါ ဒေါက်တာကျောက်မှာ တကယ်မှင်တက်သွားသည်။
သာမန်လူငယ်လေးတစ်ယောက်က ရန်အိုက်ဆေးရုံ၏ ဆေးရုံအုပ်ကို သိနေလိမ့်မည်ဟု သူ လုံးဝမထင်ထားပေ။
ထို့ပြင် ဆေးရုံအုပ်က ယဲ့ချန်းကို ဤမျှ ယဉ်ကျေးပျူငှာစွာ စကားပြောဆိုနေခြင်းမှာ ဤလူငယ်လေးက သာမန်လူမဟုတ်ကြောင်း ပြသနေသည်။
"အမျိုသမီးဖန်း... ခင်ဗျား ရန်အိုက်ဆေးရုံမှာ နှလုံးခွဲစိတ်မှု ခံယူနိုင်တာ တကယ်ကံကောင်းတာပဲ။ ခင်ဗျား အမြန်ဆုံး ပြန်ကောင်းလာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
ဒေါက်တာကျောက်က ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် သူက ယဲ့ချန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ကောင်လေး... စောစောက ငါပြောခဲ့တာတွေကို စိတ်ထဲမထားပါနဲ့။ ငါပြောလိုက်တာတွေက မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင် ငါ့ကို ခွင့်လွှတ်ပေးပါ"
"ဒေါက်တာကျောက်... အဲဒီလိုပြောစရာ မလိုပါဘူး။ စောစောက ဒေါက်တာပြောခဲ့တဲ့ စကားတွေအရ ဒေါက်တာက တာဝန်သိတဲ့ ဆရာဝန်တစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်"
ယဲ့ချန်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။
ယဲ့ချန်း၏ စကားကို ကြားသောအခါ ဒေါက်တာကျောက်လည်း ဝမ်းသာသွားပြီး ပြောလိုက်၏။
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ"
ထို့နောက် သူက တစ်ဖက်လှည့်၍ လူနာခန်းထဲက ထွက်သွားလေတော့သည်။
ယဲ့ချန်းက ဖန်းယင်းကို ကြည့်ကာ ပြောလိုက်လေသည်။
"ရှောင်ယင်း... ဒေါ်လေးရဲ့ ပစ္စည်းတွေကို မြန်မြန်သိမ်းလိုက်တော့။ ဆေးရုံပြောင်းကြရအောင်"
ဖန်းယင်းခမျာ ယခုလေးတင် ဖြစ်ပျက်သွားသည့် အရာများကြောင့် အံ့အားသင့်နေဆဲပင်။ ဒေါက်တာကျောက်နှင့် ယဲ့ချန်းတို့ ပြောသွားသည့် စကားအားလုံးကို သူ(မ) ကြားလိုက်ရသည်။
သူတို့ အိပ်မက်တောင် မမက်ရဲသည့် ဆေးရုံကြီးသို့ သူ(မ)၏အမေကို ပြောင်းရွှေ့ပေးနိုင်လောက်အောင် ယဲ့ချန်းက စွမ်းဆောင်နိုင်လိမ့်မည်ဟု သူ(မ) လုံးဝမထင်ထားပေ။
"ရှောင်ယင်း... ဘာလို့ငေးနေတာလဲ"
ယဲ့ချန်းက မေးလိုက်သည်။
ယဲ့ချန်း၏စကားကို ကြားမှသာ ဖန်းယင်းလည်း သတိပြန်ဝင်လာပြီး သူ့အမေ၏ ပစ္စည်းများကို သိမ်းဆည်းရာတွင် ကပျာကယာ ကူညီပေးလိုက်သည်။
သို့သော် အမျိုးသမီးဖန်းက စိတ်မသက်မသာဖြစ်နေဟန်ဖြင့် ပြောလိုက်၏။
"ယဲ့ချန်း... ဆေးရုံပြောင်းဖို့ စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဆေးရုံက ကုန်ကျစရိတ်တွေ ပိုများတယ်လို့ ဒေါက်တာကျောက် ပြောတာ ဒေါ်လေး ကြားလိုက်တယ်။ ဒေါ်လေးတို့ တကယ်မတတ်နိုင်လို့ပါ"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"ဒေါ်လေး... စိတ်မပူပါနဲ့။ ဆေးရုံပြောင်းဖို့ ကျွန်တော် ကူညီပေးမှတော့ ခွဲစိတ်ခကိုလည်း ကျွန်တော် တာဝန်ယူပေးမှာပါ"
"ဒီလိုကြီးကို ဒေါ်လေးက ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ"
အမျိုးသမီးဖန်းက နားလည်သဘောပေါက်ဟန်ဖြင့် ပြောလိုက်သည်။
အဝတ်အစားများ သိမ်းနေသော ဖန်းယင်းကလည်း ပြောလာလေသည်။
"အစ်ကိုယဲ့ချန်း... အစ်ကို ဆေးရုံကို လာကြည့်ပေးပြီး အမေ့ကို ဆေးရုံပြောင်းပေးတာကတင် အရမ်းကျေးဇူးတင်စရာကောင်းနေပါပြီ။ ခွဲစိတ်ခကိုတော့ ကျွန်မဘာသာ နည်းလမ်းရှာလိုက်ပါ့မယ်"
ယဲ့ချန်းက တဟားဟားရယ်မေလိုက်၏။
"မိန်းကလေးတစ်ယောက်တည်းက ဘယ်လိုလုပ် နည်းလမ်းရှာနိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ် ဒီငွေပမာဏက တော်တော်များတယ်လေ"
တကယ်လည်း ဟုတ်ပေသည်။ ထိုပမာဏက ဖန်းယင်းအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်သော်လည်း သူ(မ)၏အမေကို ကယ်တင်ရန် နည်းလမ်းရှာမည်ဟု ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသည်။ မိသားစုနေအိမ်နှင့် အအေးဆိုင်ကို ရောင်းချရန် ဆုံးဖြတ်ထားပြီး ထိုသို့ရောင်းချပါက ကုန်ကျစရိတ်အများစုကို ကာမိလောက်မည်ဖြစ်၏။
စိတ်ဖတ်စွမ်းရည်ရှိသော ယဲ့ချန်းက သူ(မ)၏အတွေးများကို အလိုအလျောက် သိမြင်နိုင်ပေသည်။
"ကဲပါ... အစ်ကို့ကို အားနာနေစရာ မလိုပါဘူး။ ဒီပိုက်ဆံကို အစ်ကို့ဆီက ချေးငွေအနေနဲ့ပဲ သဘောထားလိုက်ပါ။ မင်းဆီမှာ ပိုက်ဆံရှိလာတဲ့အချိန်မှ အစ်ကို့ကို ဖြည်းဖြည်းချင်း ပြန်ဆပ်လို့ရပါတယ်"
ယဲ့ချန်းက သူ(မ)ကို နှစ်သိမ့်လိုက်သည်။
"ဒါပေမဲ့... ဒါပေမဲ့..."
"ဒါပေမဲ့တွေ လုပ်မနေနဲ့တော့။ အခုအချိန်မှာ အရေးကြီးဆုံးက ဒေါ်လေးရဲ့ရောဂါကို ကုသဖို့ပဲ"
ယဲ့ချန်းက ဖန်းယင်း၏စကားကို ဖြတ်ပြောလိုက်သည်။
ယဲ့ချန်းက ထိုသို့ပြောလိုက်ပြီဖြစ်ရာ သူ(မ)လည်း ဘာမှ ဆက်မပြောနိုင်တော့ပေ။
ပစ္စည်းများသိမ်းဆည်းပြီး ဆေးရုံဆင်းရန် လုပ်ထုံးလုပ်နည်းများ ပြီးစီးသွားပြီးနောက် ယဲ့ချန်းလည်း အမျိုးသမီးဖန်းနှင့် ဖန်းယင်းတို့ကို ရန်အိုက်ဆေးရုံသို့ ကားဖြင့် ပို့ဆောင်ပေးခဲ့သည်။
ထိုအချိန်တွင် ဆေးရုံအုပ်ချန်းမှာ ဝင်ပေါက်တွင် စောင့်နေပြီဖြစ်၏။ ယဲ့ချန်းတို့တစ်သိုက် ရောက်လာသည်ကို မြင်သောအခါ သူက အမြန်ပြေးလာချေသည်။
"မစ္စတာယဲ့... ကျွန်တော်တို့ရဲ့ ဆေးအဖွဲ့က ဒီမှာစောင့်နေတာ တော်တော်ကြာပါပြီ"
"ကျေးဇူးတင်ပါတယ် ဆေးရုံအုပ်ချန်း... ပင်ပန်းသွားပြီ"
ယဲ့ချန်းက ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
ဆေးရုံထဲသို့ လျှောက်ဝင်သွားစဉ် လူတိုင်းက ယဲ့ချန်းနှင့် ဖန်းသားအမိတို့၏ ဘေးတွင် ဝန်းရံထားသည်။ ဆေးရုံတက်ရန် စာရွက်စာတမ်းကိစ္စများလည်း ပြီးစီးနေပြီဖြစ်၏။
ထိုစဉ် ဆေးရုံအုပ်ချန်းက ယဲ့ချန်းကို ဘေးဘက်သို့ခေါ်သွားပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"မစ္စတာယဲ့... ကျွန်တော် ကြိုပြောပြထားရမယ့် ကိစ္စတစ်ခု ရှိပါတယ်"
••••••••••••••••••••••••••••