← Chapters

အခန်း ၇၅၈

Vol. 51 Ch. 758

အခန်း ၇၅၈

Vol. 51 Ch. 758

အပိုင်း ၇၅၈ : လှိုက်လှဲစွာ ကျေးဇူးတင်ခြင်း

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။

"ဆေးရုံအုပ်ချန်း... ပြောပါ"

"ဒီလိုပါ။ ဆေးရုံမှာ လူနာခန်းမလောက်တော့လို့ ခင်ဗျားသူငယ်ချင်းရဲ့အမေက တခြားတစ်ယောက်နဲ့ တစ်ခန်းတည်း အတူတူနေရလိမ့်မယ်ထင်တယ်။ တကယ်တောင်းပန်ပါတယ်ဗျာ"

ဆေးရုံအုပ်ချန်းက အားတုံ့အားနာဖြင့် ပြောလေသည်။

"ဆေးရုံအုပ်ချန်း... ပြဿနာမရှိပါဘူးဗျာ။ ကျွန်တော်ကသာ အများကြီးဒုက္ခပေးနေရတာ။ ကျွန်တော့်ကို အားနာနေစရာ မလိုပါဘူး"

ယဲ့ချန်းက ယဉ်ကျေးစွာ ပြန်​ပြောလိုက်သည်။

ယဲ့ချန်း၏စကားကို ကြားသောအခါ ဆေးရုံအုပ်ချန်းမှာ သက်ပြင်းချနိုင်သွားသည်။ သူ့ဘက်က ချော့မော့ပြောဆိုရန် စကားအများကြီး ပြင်ဆင်ထားသော်လည်း ဤမျှလွယ်ကူသွားလိမ့်မည်ဟု မထင်ထားပေ။

ဆေးရုံအုပ်ချန်းက ယဲ့ချန်းနှင့် ဖန်းသားအမိတို့ကို လူနာခန်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးမည်ဟု ဆိုသော်လည်း ယဲ့ချန်းက ငြင်းပယ်လိုက်သည်။

လူနာခန်းထဲတွင် အမျိုးသမီးဖန်းက ခုတင်ပေါ်တွင် လဲလျောင်းနေပြီး ယဲ့ချန်းနှင့် ဖန်းယင်းတို့ကမူ ပစ္စည်းများနေရာချရန် အလုပ်ရှုပ်နေကြသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး အမျိုးသမီးဖန်းလည်း ကြည်နူးသွားသည်။

"ရှောင်ယင်း... ယဲ့ချန်းကို မြန်မြန်ပြန်လွှတ်လိုက်တော့လေ။ အမေတို့ကြောင့် သူ့အချိန်တွေအများကြီး နှောင့်နှေးသွားပြီ"

အမျိုးသမီးဖန်းက ကမန်းကတန်း ပြောလိုက်သည်။

ဖန်းယင်းခမျာ မျက်နှာလေး ရဲတက်သွားသည်။

"အစ်ကိုယဲ့ချန်း... ကျွန်မရှိတယ်ဆိုတော့ အစ်ကို အလုပ်မြန်မြန်သွားလုပ်ပါတော့"

ထိုမိန်းကလေး၏ စကားကို ကြားသောအခါ ယဲ့ချန်းလည်း ပြောလိုက်၏။

"ကောင်းပြီလေ။ ဆေးရုံနဲ့လည်း စကားပြောပြီးသွားပြီဆိုတော့ ဒေါ်လေး မနက်ဖြန် ခွဲစိတ်ရလိမ့်မယ်။ အဲ့ဒီအခါကျမှ ထပ်လာခဲ့မယ်။ တစ်ခုခုဖြစ်ရင် ကိုယ့်ဆီ ဖုန်းဆက်လိုက်နော်"

"ဟုတ်ကဲ့ပါ အစ်ကိုယဲ့ချန်း"

​ဖန်းယင်း၏ မျက်နှာလေးမှာ ရဲတွတ်နေဆဲပင်။

ယဲ့ချန်း အခန်းထဲက ထွက်သွားပြီးနောက် အမျိုးသမီးဖန်းက သူ(မ)၏သမီးကို ကြည့်ကာ ပြောလိုက်လေသည်။

"ရှောင်ယင်း... ယဲ့ချန်းကို လိုက်ပို့ပေးလိုက်ဦး"

အမေဖြစ်သူ၏စကားကြောင့် ဖန်းယင်းလည်း အမြန်ပြေးထွက်သွားပြီး ယဲ့ချန်းကို အမီလိုက်ကာ ပြောလိုက်သည်။

"အစ်ကိုယဲ့ချန်း... ကျေးဇူးတင်ပါတယ်။ ကားကို ဂရုစိုက်မောင်းနော်"

စကားပြောရင်း ထိုမိန်းကလေးမှာ ယဲ့ချန်း၏ မျက်လုံးများကို မဆုံရဲဘဲ ခေါင်းငုံ့ထားလေသည်။

ယဲ့ချန်းက သူ(မ)ကို အလွန်ဖြူစင်သည့် မိန်းကလေးတစ်ယောက်ဟု တွေးမိသဖြင့် အနည်းငယ် ရယ်ချင်သွားသည်။

"ငါ့ကို အမြဲတမ်း ကျေးဇူးတင်နေစရာ မလိုပါဘူးကွာ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

ထိုမိန်းကလေးက ခေါင်းကို အသာညိတ်ပြပြီးနောက် အမြန်လှည့်ပြေးသွားသည်။

ဖန်းယင်း အခန်းထဲသို့ ပြန်ရောက်သောအခါ အခန်းထဲက စကားသံခပ်မာမာတချို့ကို ကြားလိုက်ရသည်။

"ဒီဆေးရုံကိုတက်တဲ့ လူနာတွေဆိုတာ ချမ်းသာတဲ့လူတွေ ကြီးကျယ်မြင့်မြတ်တဲ့လူတွေ ဖြစ်ရမှာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး တောသားတွေက ဒီကို ရောက်နေရတာလဲ"

ဖန်းယင်းလည်း ထိုစကားကို ကြားသဖြင့် အထဲဝင်သွားလိုက်လေရာ ဘေးခုတင်ရှိ အမျိုးသမီးတစ်ယောက်က သူ(မ)၏ မိခင်ကို အထင်သေးလေဟန်အကြည့်ဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရသည်။

သမီးဖြစ်သူ၏ မျက်နှာထက်ရှိ မကျေမနပ်ဖြစ်နေဟန် အမူအရာကို မြင်သောအခါ အမျိုးသမီးဖန်းက ဖန်းယင်းကို အမြန်ဆွဲဖယ်ပြီး အသာတိုးတိုးပြောလိုက်သည်။

"ရှောင်ယင်း... အမေတို့တွေက ဆေးကုဖို့ လာတာ။ ရန်ဖြစ်ဖို့ မဟုတ်ဘူး။ အဲ့ဒီလို လူစားမျိုးတွေကို ဂရုစိုက်နေစရာ မလိုပါဘူး"

အမေဖြစ်သူ၏ အကြံပေးစကားကြောင့် ဖန်းယင်းခမျာ ဘေးတွင် နာခံကျိုးနွံစွာ ထိုင်နေလိုက်သည်။

ထိုလူချမ်းသာအမျိုးသမီးမှာ သူ(မ)ကို မည်သူမှ ပြန်မပြောသည်ကို မြင်သောအခါ စကားဆက်မပြောတော့သော်လည်း အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်သွားသည်။

အကယ်၍ သူ(မ)က တောသူတစ်ယောက်နှင့် အခန်းတွဲနေနေရကြောင်း ဆွေမျိုးများနှင့် သူငယ်ချင်းများသာ သိသွားပါက သူ(မ)ကို လှောင်ပြောင်ကြပေလိမ့်မည်။

ထိုကောလာဟလသာ ထွက်သွားလျှင် အထက်တန်းလွှာအသိုင်းအဝိုင်းထဲတွင် သူ(မ) ဘယ်လိုလုပ် မျက်နှာပြရဲတော့မည်နည်း။

ဆေးရုံက ထွက်လာပြီးနောက် ယဲ့ချန်းမှာ ပါဆယ်ထုပ်များကို ဆက်ပို့နေခဲ့သည်။

အဘွားကျန်းကို သူ ရုတ်တရက် သတိရလိုက်သည်။ အဘွားကျန်းဆီသို့ မသွားဖြစ်သည်မှာ အတော်ကြာနေပြီဖြစ်ရာယခုတလော အဘွား ဘယ်လိုနေလဲဆိုသည်ကို သူ သိချင်သွားသည်။

ယဲ့ချန်းလည်း အဘွားကျန်း၏ ရပ်ကွက်ဆီသို့ ကားမောင်းသွားပြီး အပေါ်ထပ်သို့တက်ကာ အိမ်ရှေ့တံခါးကို ခေါက်လိုက်သည်။

အတန်ကြာပြီးနောက် တံခါးပွင့်လာလေသည်။ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က အပေါက်ဝတွင် ရပ်နေချေသည်။

အရှေ့ရှိ အမျိုးသမီးကို မြင်လိုက်ရသောအခါ ယဲ့ချန်းမှာ အစတော့ အံ့အားသင့်သွားပြီးနောက် ပြုံးလျက် ပြောလိုက်သည်။

"ခင်ဗျားကို ဒီမှာတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"

"ဟုတ်ကဲ့ပါ မစ္စတာယဲ့။ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ"

ထိုအမျိုးသမီးက ယဉ်ကျေးစွာ ပြောလေသည်။

"ရှောင်လင်း... ဘယ်သူလဲ"

အဘွားအိုက မေးလိုက်သည်။

"အမေ... မစ္စတာယဲ့က အမေ့ကို လာတွေ့တာပါ"

ယဲ့ချန်း အထဲသို့ဝင်လာခဲ့လေရာ ကြင်နာပြီး ဖော်ရွေသော အဘွားအိုကို တွေ့လိုက်ရသည်။

အဘွားအို၏ မျက်နှာအရောင်မှာ ကျန်းမာပုံပေါက်ပြီး အလွန်နေကောင်းပုံရသည်။

အဘွားအိုလည်း ယဲ့ချန်းကို မြင်လိုက်ရသောအခါ စကားပင်မပြောနိုင်လောက်အောင် စိတ်လှုပ်ရှားသွားသည်။

"ရှောင်ချန်းရယ် အဘွား မင်းကို တကယ်လွမ်းနေတာ။ ဒါပေမဲ့ မင်းကို အနှောင့်အယှက်မပေးသင့်ဘူးလို့ ထင်လို့"

"အဘွားကျန်း... ကျွန်တော့်ကိုလွမ်းရင် ဖုန်းလေး တစ်ချက်ဆက်လိုက်ရုံပဲကို"

ယဲ့ချန်းကလည်း အမြန်ပြောလိုက်လေသည်။

ထို့နောက် သူက အဘွားအိုကို ကြည့်ကာ မေးလိုက်လေသည်။

"အဘွားကျန်း... အခုတလော ဘယ်လိုနေသေးလဲ"

"အဘွား တော်တော်လေး နေကောင်းပါတယ်။ ဒီအိုမင်းနေတဲ့ ခန္ဓာကိုယ်ကြီးက မင်းကျေးဇူးတွေချည်းပါပဲကွယ်"

အဘွားကျန်းက မျက်ရည်ဝဲလျက် ပြောရှာသည်။

"အမေ... ဘာလို့ စိတ်လှုပ်ရှားနေရပြန်တာလဲ။ ဆရာဝန်က စိတ်အေးအေးထားပါလို့ ပြောထားတယ် မဟုတ်လား"

အမျိုးသမီးဖြစ်သူက အပြစ်တင်သည့် မျက်နှာထားဖြင့် ဆူပူလိုက်သည်။

"အေးပါ။ အေးပါ"

ထို့နောက် အမျိုးသမီးက ယဲ့ချန်းကို ကျေးဇူးတင်လေဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"မစ္စတာယဲ့... ကျွန်မက ကျေးဇူးတင်ရမှာပါ။ အရင်တုန်းက ကျွန်မ အလုပ်ကိုပဲ အာရုံစိုက်ပြီး အမေ့ရဲ့ ခံစားချက်တွေကို လျစ်လျူရှုခဲ့မိတယ်။ ရှင်ပြောခဲ့တာတွေကို ကြားပြီးတဲ့နောက်မှာတော့ အခုအချိန် အမေ့နားမှာ နေပေးတာထက် ဘယ်အရာကမှ ပိုအရေးမကြီးဘူးလို့ ခံစားလာရတယ်"

အမျိုးသမီးက သူ့ကြောင့် အလုပ်ပြုတ်သွားခဲ့ရသူဖြစ်သဖြင့် သူ(မ)၏စကားများက ရိုးသားစစ်မှန်ကြောင်း ယဲ့ချန်း သိသည်။

တကယ်တော့ ယဲ့ချန်းက တမင်သက်သက် လုပ်ခဲ့ခြင်းမဟုတ်ပေ။ သူသည် ထိုအမျိုးသမီးကို အဘွားအိုအနား နေပေးရန် အချိန်ပိုရစေချင်ခဲ့ခြင်းပင်။

ထို့ပြင် ယဲ့ချန်း၏ တောင်းဆိုမှုအရ ထိုအမျိုးသမီးမှာ အလုပ်ထုတ်ခံခဲ့ရသော်လည်း သူ(မ)၏ လစာကို လတိုင်း သူ(မ)၏ဘဏ်အကောင့်ထဲသို့ ထည့်ပေးနေဆဲပင်။

အဘွားအိုမှာ ရုတ်တရက် ဝမ်းနည်းသွားဟန်ဖြင့် ပြောလေသည်။

"မစ္စတာယဲ့... ရှောင်လင်းက ဒီအဘွားအိုကို အဖော်လုပ်ပေးဖို့ နေ့တိုင်း အိမ်မှာနေနေရတာကို မြင်တော့ အဘွား စိတ်မသက်မသာဖြစ်ရတယ်"

အချိန်အတော်ကြာလာသည်နှင့်အမျှ သမီးဖြစ်သူ အိမ်တွင် နေ့တိုင်းရှိနေသည်ကို မြင်သောအခါ အဘွားအိုလည်း စိတ်မသက်မသာ ဖြစ်လာခဲ့သည်။

ယနေ့ ယဲ့ချန်းကို မြင်သောအခါ သူ(မ)အနေနှင့် သမီးဖြစ်သူအတွက် အကူအညီတောင်းချင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူ(မ)၏သမီးမှာ သူ(မ)ကြောင့် အလုပ်ပြုတ်ခဲ့ရသည် မဟုတ်ပါလော။

"အဘွားကျန်း... စိတ်ချလက်ချသာ နေပါ။ ဒီနေ့ ကျွန်တော်လာတာ ကိစ္စနှစ်ခုရှိပါတယ်။ တစ်ခုက အဘွား ဘယ်လိုနေလဲဆိုတာ လာကြည့်တာပါ။ နောက်တစ်ခုကတော့ အဘွားသမီးရဲ့ အလုပ်ကိစ္စအတွက်ပါ"

ယဲ့ချန်းက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။

"မစ္စတာယဲ့... ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်မ အမေ့အနားမှာပဲ နေပေးချင်ပါသေးတယ်။ အမေကလည်း အသက်ကြီးလာပြီဆိုတော့ အနားမှာ လူတစ်ယောက် လိုအပ်နေလို့ပါ"

ထိုအမျိုးသမီးက ငြင်းလိုက်လေသည်။

"ငြင်းဖို့ သိပ်မလောပါနဲ့ဦး။ ကျွန်တော် ပြောတာကို အရင်နားထောင်ကြည့်ပြီးမှ ခင်ဗျားရဲ့ သဘောထားကို ပြောပါ"

ယဲ့ချန်းကမူ ပြုံးလျက် ပြောလိုက်သည်။

"ဒါဆိုလည်း ကောင်းပါပြီ"

ယဲ့ချန်းက ထိုသို့ပြောလာသဖြင့် နားမထောင်လျှင် ရိုင်းရာကျပေလိမ့်မည်။

ယဲ့ချန်းက ဆက်ပြောလိုက်သည်။

"ကျွန်တော် မြို့ဟောင်းမှာ စီမံကိန်းအသစ်တစ်ခု တည်ဆောက်ဖို့ မြေကွက်တစ်ကွက် ဝယ်ထားတယ်။ ခင်ဗျားက ဒီဇိုင်းဆွဲတဲ့နေရာမာ ပါရမီရှိတယ်လို့ ကြားထားလို့ ခင်ဗျားကို ကျွန်တော့်ရဲ့ ဒီဇိုင်နာအဖြစ် အလုပ်ခန့်ချင်ပါတယ်"

"ဒါပေမဲ့ မစ္စတာယဲ့... ကျွန်မက အဆောက်အအုံဒီဇိုင်း တစ်ခါမှ မဆွဲဖူးပါဘူး။ ကြော်ငြာဒီဇိုင်း တချို့လောက်ပဲ လုပ်ဖူးတာပါ"

ထိုအမျိုးသမီးက စိတ်ရှုပ်ထွေးနေဟန် မျက်နှာထားဖြင့် ပြောလေသည်။

"ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အမြဲ ယုံကြည်မှုရှိခဲ့တာ မဟုတ်ဘူးလား။ အိမ်မှာနေတာလေးနဲ့တင် ဘယ်လိုလုပ်ပြီး ယုံကြည်မှုတွေ ပျောက်ဆုံးသွားရတာလဲ"

ယဲ့ချန်းက ထိုအမျိုးသမီးကို ကြည့်ကာ မေးလိုက်သည်။

"မဟုတ်ပါဘူး။ အဓိကကတော့ ရှင့်ကိစ္စတွေ နှောင့်နှေးသွားမှာ စိုးရိမ်လို့ပါ"

ထိုအမျိုးသမီးကလည်း ရှင်းပြလေသည်။

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

"အဲ့ဒီအတွက် ခင်ဗျား စိတ်ပူစရာမလိုပါဘူး။ ဒီပရောဂျက်က အရေးမကြီးပါဘူး။ အချိန်ယူပြီး ဒီဇိုင်းဆွဲလို့ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ အချိန်မရွေး ဆက်သွယ်လို့ရပါတယ်"

"ပြီးတော့ ခင်ဗျား ရုံးတက်စရာမလိုဘူး။ အိမ်ကနေပဲ အလုပ်လုပ်လို့ ရတယ်"

ယဲ့ချန်း၏စကားများက အမျိုးသမီး၏ စိုးရိမ်ပူပန်မှုများကို ပြေပျောက်သွားစေသည်။

အကယ်၍ ယဲ့ချန်းပြောသလိုသာဆိုလျှင် သူ(မ)အနေနှင့် အလုပ်လည်းလုပ်ရင်း အမေဖြစ်သူကိုလည်း ဂရုစိုက်နိုင်မည်ဖြစ်ရာ ကောင်းကင်ဘုံက ကျလာသော ဆုလာဘ်တစ်ခုလိုပင် ဖြစ်နေတော့သည်။

"ကောင်းပါပြီ မစ္စတာယဲ့။ ကျွန်မ ကြိုးစားကြည့်ပါ့မယ်"

ထိုအမျိုးသမီးက ကျေးဇူးတင်စကား ပြောလိုက်သည်။

ယဲ့ချန်းက သူ(မ)အတွက် ဤသို့သော အလုပ်မျိုး စီစဉ်ပေးခြင်းမှာ အဘွားအိုအပေါ် လေးစားသောကြောင့်ဖြစ်ကြောင်း သူ(မ) သိသည်။

အဘွားအိုကလည်း ကျေးဇူးတင်စကားဆိုလာသည်။

"ရှောင်ချန်းရယ် တကယ်ကျေးဇူးတင်ပါတယ်ကွယ်။ အခုတော့ ရှောင်လင်းလည်း အလုပ်ရသွားပြီဆိုတော့ အရင်ကလို ယုံကြည်မှုတွေ ပြန်ရလာပြီပေါ့"

"အဘွားကျန်း... ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ အဘွားရဲ့သမီးက တော်တော်အရည်အချင်းရှိတယ်လို့ ကြားထားလို့ သူ့ကို အလုပ်ခန့်လိုက်တာပါ"

ယဲ့ချန်းက ​ဆိုလေသည်။

•••••••••••••••••••••••••

All Chapters