အခန်း ၇၅၉
Vol. 51 Ch. 759
အပိုင်း ၇၅၉ : ခိုင်မာပြတ်သားသော မိခင်
အဘွားကျန်း၏သမီး ကူညီပေးမည်ဆိုပါက မြို့ဟောင်းပြုပြင်ပြောင်းလဲရေးစီမံကိန်းအတွက် သူ အများကြီး အားစိုက်ထုတ်ရန် မလိုတော့ဘူးဟု ယဲ့ချန်း တွေးလိုက်သည်။
ဤအမျိုးသမီး၏ အခြေအနေကို ကုမ္ပဏီကတစ်ဆင့် သူ ယခင်ကတည်းက သိထားပြီးဖြစ်၏။ သူ(မ)သည် တကယ် အရည်အချင်းရှိသူဖြစ်၏။
ဤနည်းဖြင့် သူ အပူအပင်ကင်းသွားကာ ပါဆယ်ပို့သည့်အလုပ်ကို ဆက်လက်အာရုံစိုက်ထားနိုင်သည်။
ထိုအမျိုးသမီးက ယဲ့ချန်းကို ကျေးဇူးတင်လေဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မစ္စတာယဲ့... ဘယ်လိုကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူး။ ရှင်က ကျွန်မအမေကို ကူညီပေးခဲ့ရုံတင်မကဘူး။ ကျွန်မကိုလည်း ကူညီပေးခဲ့တယ်"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"အဘွားကျန်းကို သေချာဂရုစိုက်ပြီး အလုပ်ကို ကြိုးကြိုးစားစားလုပ်ပါ"
"အဘွားကျန်း... ကျွန်တော် သွားတော့မယ်။ စကားပြောချင်ရင် ကျွန်တော့်ဆီ ဖုန်းဆက်ဖို့ မမေ့နဲ့နော်"
ယဲ့ချန်းက ထိုသို့သတိပေး၍ လှည့်ထွက်လာခဲ့သည်။
ထိုမြို့ဟောင်းနေရာကို လူနေအိမ်ရာအသစ်ပုံစံအဖြစ် ပြောင်းလဲရန် သူ စီစဉ်ထားသဖြင့် အသုံးပြုမည့် ပစ္စည်းများကလည်း အထူးအရည်အသွေးရှိသော ပစ္စည်းများ ဖြစ်ရမည်။
ယခုဆိုလျှင် ဒီဇိုင်းနှင့် စီမံခန့်ခွဲရေး ဝန်ထမ်းများ အဆင်သင့်ဖြစ်နေပြီဖြစ်ရာ ဆောက်လုပ်ရေးပစ္စည်းအသစ်များ ထောက်ပံ့ပေးနိုင်မည့် ကုမ္ပဏီတစ်ခုကို ဆက်သွယ်ရန်သာ လိုတော့သည်။
ယဲ့ချန်းလည်း ချန်းဝမ်ထံသို့ ဖုန်းဆက်ကာ မေးလိုက်လေသည်။
"မန်နေဂျာချန်း... ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်းလုပ်တဲ့ လူတွေထဲမှာ ခင်ဗျားအသိရှိလား။ ကုန်ကြမ်းပစ္စည်းအသစ်တွေ လုပ်တဲ့လူဆို ပိုကောင်းတယ်"
"ဥက္ကဋ္ဌယဲ့... အိမ်ရာအသစ်တစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေတာလား"
ချန်းဝမ်က မေးလိုက်သည်။
"ဟုတ်တယ်။ သူတို့နဲ့ အဆက်အသွယ်ရအောင် ကူညီပေးပါဦး"
"ကောင်းပါပြီ ဥက္ကဋ္ဌယဲ့... ပြီးမှ ကျွန်တော် ပြန်ဆက်သွယ်လိုက်ပါ့မယ်"
ဤသို့ပြောပြီးနောက် ချန်းဝမ်က ဖုန်းချသွားသည်။
အတန်ကြာပြီးနောက် ချန်းဝမ်က ဖုန်းပြန်ဆက်လာသည်။
"ဥက္ကဋ္ဌယဲ့... ဆောက်လုပ်ရေးပစ္စည်းအသစ်တွေ အဓိကထုတ်တဲ့ ကုမ္ပဏီတချို့ကို ကျွန်တော် ဆက်သွယ်ထားပြီးပါပြီ"
"ကောင်းပြီ။ ဒီနေ့ညနေ ၆နာရီကျရင် အင်ပါယာဟိုတယ်က အင်ပါယာသီးသန့်ခန်းမှာ တွေ့မယ်လို့ သူတို့ကို ပြောလိုက်ပါ"
ယဲ့ချန်းက ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ။ အခုပဲ သူတို့ကို အကြောင်းကြားလိုက်ပါ့မယ်"
ဖုန်းချပြီးနောက် ယဲ့ချန်းက အချိန်ကို တစ်ချက်ကြည့်လိုက်လေရာ ငါးနာရီပင် ကျော်နေလေပြီ။
သူလည်း ကျီလိကားကို စက်နှိုးကာ အင်ပါယာဟိုတယ်ဆီသို့ မောင်းသွားလိုက်သည်။
ကားပါကင်ထိုးပြီးနောက် ဟိုတယ်အပေါက်ဝသို့ လျှောက်သွားလိုက်ချိန်ဝယ် တံခါးစောင့်က သူ့ကို တားလိုက်သည်။
"ကျွန်တော်တို့ ဒီမှာ ပါဆယ်လာပို့တာ လက်မခံပါဘူး"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"ကျွန်တော်က ပါဆယ်လာပို့တာ မဟုတ်ပါဘူး။ အစည်းအဝေးလုပ်ဖို့ အင်ပါယာသီးသန့်ခန်းကို ဘိုကင်လုပ်ထားလို့ပါ"
တံခါးစောင့်က ယဲ့ချန်း၏ ဝတ်စားဆင်ယင်ပုံကို ကြည့်လိုက်သောအခါ အလုပ်ကိစ္စဖြင့် လာသူတစ်ယောက်၏ ပုံစံနှင့် သိပ်မကိုက်ပေ။
"ကျွန်တော့်ကိုမယုံရင် မန်နေဂျာဆီ ဖုန်းဆက်ပြီး အတည်ပြုကြည့်လို့ရပါတယ်"
ယဲ့ချန်းက သတိပေးလိုက်လေသည်။
တံခါးစောင့်က မန်နေဂျာထံသို့ ဖုန်းဆက်မည်မဟုတ်ပေ။ သို့သော် ယဲ့ချန်းကိုလည်း အထဲသို့ မဝင်ခိုင်းရဲသဖြင့် သူတို့နှစ်ယောက်လုံး ထိုနေရာတွင် ဘာဆက်လုပ်ရမှန်းမသိဘဲ ရပ်နေခဲ့ကြသည်။
ထိုအချိန်တွင် ချန်းဝမ်က ဟိုတယ်အပေါက်ဝသို့ ထွက်လာလေသည်။ ထို့နောက် ယဲ့ချန်းကို မြင်သောအခါ အမြန်ပြေးလာပြီး မေးလိုက်၏။
"ဥက္ကဋ္ဌယဲ့... ဘာလို့ အပြင်မှာ ရပ်နေတာလဲ။ ဘာလို့အထဲမဝင်တာလဲ။ ကုမ္ပဏီသူဌေး တော်တော်များများတောင် ရောက်နေကြပြီ"
ယဲ့ချန်းက ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်လေသည်။
"ငါ အထဲဝင်ချင်ပေမဲ့ ဒီတံခါးစောင့်က ငါ့ကို ပေးမဝင်လို့လေ"
ပါဆယ်ပို့သမားကို မန်နေဂျာချန်းက "ဥက္ကဋ္ဌယဲ့" ဟု ခေါ်လိုက်ကြောင်း တံခါးစောင့် ကြားလိုက်ရသဖြင့် ဤလူမှာ တောင့်တင်းသော နောက်ခံရှိကြောင်း သိလိုက်ရသည်။
ယခုမူ သူ အကြောက်လွန်ကာ မျက်နှာဖြူရော်သွားသည်။ ဤဟိုတယ်တွင် အလုပ်ဝင်ခါစရှိသေးသော်လည်း ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ကို စော်ကားမိသွားပြီမဟုတ်ပါလော။
"ဥက္ကဋ္ဌယဲ့ကို မြန်မြန် အထဲပေးဝင်လိုက်"
ကြောက်လန့်တကြားဖြစ်နေသော တံခါးစောင့်မှာ ချန်းဝမ်ပြောသည့် စကားကို တစ်ခွန်းမှ မကြားတော့ဘဲ အကြောင်သား ရပ်နေမိသည်။
တံခါးစောင့်က လမ်းဖယ်မပေးသည်ကို မြင်သောအခါ ချန်းဝမ်က ထပ်ဖြည့်ပြောလိုက်ပြန်သည်။
"ဥက္ကဋ္ဌယဲ့က ဟိုတယ်ရဲ့ ဗီအိုင်ပီဧည့်သည်ပဲ။ သူသာ စိတ်ခုသွားရင် မင်း အချိန်မရွေး အလုပ်ပြုတ်သွားနိုင်တယ်"
တံခါးစောင့်လည်း အမြန်ဘေးကပ်ကာ လမ်းဖယ်ပေးလိုက်သည်။
သူက တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။
"ဥက္ကဋ္ဌယဲ့...ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
ယဲ့ချန်းက သူ့ကို အပြစ်တင်မည် သို့မဟုတ် အလုပ်ဖြုတ်ပစ်မည်ဟု တံခါးစောင့်က ထင်နေချေသည်။
သို့သော် ယဲ့ချန်းက သူ့ပခုံးကို ပုတ်ကာ ပြုံးလျက် ဆိုလိုက်၏။
"ကောင်လေး... မင်း မဆိုးပါဘူး။ တာဝန်သိပြီး အလုပ်အပေါ်မှာ သတိထားပြီးလုပ်ဆောင်တတ်တယ်"
ယဲ့ချန်း၏ ချီးကျူးစကားကို ကြားသောအခါ တံခါးစောင့်မှာ သက်ပြင်းချနိုင်သွားသည်။ သူ့အလုပ်ကား လုံခြုံသွားချေပြီ။
ယဲ့ချန်းလည်း ချန်းဝမ်နှင့်အတူ အင်ပါယာသီးသန့်ခန်းဆီသို့ လျှောက်သွားလိုက်သည်။
အခန်းဆီသို့ မရောက်ခင်လေးမှာပင် အနောက်ဘက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"အစ်ကိုယဲ့ချန်း.... နောက်ဆုံးတော့ အစ်ကို့ကို ပြန်တွေ့ရပြီ"
ယဲ့ချန်း လှည့်ကြည့်လိုက်လေရာ စကားပြောလိုက်သူမှာ ရှောင်ယာဖြစ်နေလေသည်။
ရှောင်ယာလည်း ယဲ့ချန်းဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားပြီး သူ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
ယဲ့ချန်းမှာ ထိုမိန်းကလေး၏နောက်တွင် ရပ်ကာ သူ့ကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်နေသော လူလတ်ပိုင်းအရွယ် အမျိုးသမီးကြီးကို နေရခက်ဟန်ဖြင့် ကြည့်လိုက်သည်။
"ရှောင်ယာ... သမီးက မိန်းကလေးလေ။ နည်းနည်းပါးပါး ထိန်းထိန်းသိမ်းသိမ်းနေစမ်းပါ"
လူလတ်ပိုင်းအရွယ် အမျိုးသမီးက ယဲ့ချန်းကို သေချာပင်မကြည့်ဘဲ မိန်းကလေးကို ယဲ့ချန်း၏ ရင်ခွင်ထဲက အမြန်ဆွဲဖယ်လိုက်သည်။
ထို့နောက် သူ(မ)က သမီးဖြစ်သူကို သီးသန့်ခန်းထဲသို့ ခေါ်သွားလေရာ ယဲ့ချန်းတစ်ယောက်သာ နားမလည်နိုင်ဟန်ဖြင့် ကျန်ရစ်ခဲ့သည်။
ချန်းဝမ်က နေရခက်ဟန်ဖြင့် ပြောလိုက်သည်။
"ဒါက ရှင်းယာရှီဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီရဲ့ ဥက္ကဋ္ဌရှောင်နဲ့ သူ့သမီး ရှောင်ယာလေ။ ကျွန်တော် အကြောင်းကြားထားတဲ့ ကုမ္ပဏီတွေထဲက တစ်ခုပါ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ချန်းဝမ်ကို သူ မည်သူမည်ဝါဖြစ်ကြောင်း မပြောပြရန် မှာထားလိုက်သည်။
ထို့နောက် သူတို့လည်း သီးသန့်ခန်းထဲသို့ ဝင်သွားကြသည်။
အမေဖြစ်သူထံက ဆွဲခေါ်ခံနေရသော ရှောင်ယာခမျာ တစ်ချိန်လုံး မပျော်မရွှင်ဖြစ်နေချေသည်။
သူ(မ) ယဲ့ချန်းကို မတွေ့ရသည်မှာ ကြာလှပြီဖြစ်ရာ သူ့ကို ဝင်လာသည်မြင်သည်နှင့် အမြန်သွားကာ ယဲ့ချန်း၏ဘေးတွင် ထိုင်လိုက်သည်။
သူ(မ)၏သမီးက ပါဆယ်ပို့သမားတစ်ယောက်အား ကပ်တွယ်နေသည့် မြင်ကွင်းကို ကြည့်ပြီး ရှောင်ရှင်းယိ၏ မျက်နှာမှာ ပိုဆိုးဝါးလာလေတော့သည်။
"ရှောင်ယာ... အခုချက်ချင်း ဒီကိုပြန်လာခဲ့"
ရှောင်ရှင်းယိက အမိန့်ပေးလိုက်သည်။
သို့သော် ရှောင်ယာကမူ မကြားချင်ဟန်ဆောင်ကာ ယဲ့ချန်းနှင့် ဆက်စကားပြောနေခဲ့သည်။
"အစ်ကိုယဲ့ချန်း... ဘာလို့ ကျွန်မကို မဆက်သွယ်တာလဲ။ ကျွန်မ အစ်ကို့ကို အရမ်းလွမ်းနေတာ"
ရှောင်ယာက နှုတ်ခမ်းစူလျက် ပြောလိုက်သည်။
သမီးဖြစ်သူက ပါဆယ်ပို့သမားတစ်ယောက်ကို ကပ်ချွဲပြီး အရိပ်အမြွက်ပြစကားများ ပြောနေသည်ကို မြင်သောအခါ နောက်ဆုံးတွင် ရှောင်ရှင်းယိ သည်းမခံနိုင်တော့ပေ။
ယဲ့ချန်းက ရုပ်ရှင်မင်းသားတစ်ယောက်လို ချောမောကြောင်း သူ(မ) ဝန်ခံသော်လည်း ရုပ်ရည်က စားမရပေ။
ထို့ပြင် ယဲ့ချန်းသည် သူ့ရုပ်ရည်ကို အသုံးချပြီး သူ(မ)၏သမီးကို မြှူဆွယ်ပြီး အချောင်ခိုစားရန် ရည်ရွယ်နေသည်ဟု သူ(မ) အပြည့်အဝ ယုံကြည်ထားပြီးဖြစ်၏။
ထိုသို့တွေးမိသောအခါ ရှောင်ရှင်းယိလည်း လူအများကြီးရှိနေသည်ကို ဂရုမစိုက်တော့ဘဲ အေးစက်စွာ ဆိုလိုက်၏။
"မင်းက ယဲ့ချန်းမလား။ ငါ့သမီးကို ဆက်မကပ်တွယ်ဖို့ မျှော်လင့်ပါတယ်။ ရှောင်ယာက အပြစ်ကင်းတော့ လူတွေ ဘယ်လောက်ယုတ်မာနိုင်လဲဆိုတာ မသိဘူးလေ"
"အမေ... အစ်ကိုယဲ့ချန်းကို ဘယ်လိုလုပ်ပြီး အဲ့ဒီလိုပြောထွက်ရတာလဲ"
ရှောင်ယာက ပြန်ပြောလိုက်သည်။
"ပါးစပ်ပိတ်ထား။ ဒါ နင်ဝင်ပြောရမယ့် နေရာမဟုတ်ဘူး"
လူလတ်ပိုင်းအရွယ် အမျိုးသမီး၏ စကားကို ကြားသောအခါ ဤကဲ့သို့သော မိသားစုမျိုးတွင် ကြီးပြင်းလာရသည့် ရှောင်ယာမှာ တကယ်သနားစရာကောင်းသည်ဟု ယဲ့ချန်း ခံစားလိုက်ရသဖြင့် သူ(မ)ကို ပို၍ပင် သနားသွားသည်။
ယဲ့ချန်း စကားမပြောသည်ကို မြင်သောအခါ လူလတ်ပိုင်းအရွယ် အမျိုးသမီးက ဆက်ပြောပြန်သည်။
"ယဲ့ချန်း... ပါဆယ်ပို့သမားတစ်ယောက်အနေနဲ့ မင်း ငါ့သမီးကို ပျော်ရွှင်အောင် မထားနိုင်ပါဘူး။ မင်း တစ်လရတဲ့ ဝင်ငွေက ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့တောင် မနည်းရုန်းကန်နေရတာလေ"
"အန်တီ... ကျွန်တော်က လတိုင်း အကောင်းဆုံးဝန်ထမ်းဆု ရပါတယ်။ ကျွန်တော့်လစာနဲ့ ဘောနပ်စ်တွေ ပေါင်းလိုက်ရင် တစ်သောင်းကျော်ပါတယ်"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"မင်းရဲ့တစ်သောင်းဆိုတာ ငါ့သမီးရဲ့ မုန့်ဖိုးတောင် မလောက်ဘူး"
လူလတ်ပိုင်းအရွယ် အမျိုးသမီးက ရွံရှာစွာ ပြောလိုက်သည်။
"ရှောင်ယာ.. အမှန်တရားကို မြင်အောင်ကြည့်စမ်း။ အမေလုပ်တာ သမီးကောင်းဖို့အတွက်ချည်းပဲ"
"အမေ ဂရုစိုက်တာကို မလိုချင်ဘူး။ သမီးက အစ်ကိုယဲ့ချန်းကိုပဲ သဘောကျတာ"
ရှောင်ယာကလည်း ပြတ်ပြတ်သားသား ပြောလိုက်သည်။
သားအမိနှစ်ယောက် အငြင်းပွားနေသည်ကို ကြားသောအခါ အခြားကုမ္ပဏီသူဌေးများလည်း ဆက်နားမထောင်နိုင်တော့သဖြင့် အမြန်ဝင်ဖျန်ဖြေကြသည်။
မည်သို့ပင်ဖြစ်စေ ချန်းဝမ်၏စကားအရ ယဲ့ချန်းသည် အစွမ်းထက်ပြီး နောက်ခံတောင့်တင်းပြီး သူတို့အနေနှင့် ပတ်သက်ခွင့်ရရန်ပင် အိပ်မက်မမက်ရဲသည့် လူတစ်ယောက်ဖြစ်ကြောင်း သူတို့ သိထားကြသည်။
သို့သော် ဥက္ကဋ္ဌရှောင်၏ ဆန့်ကျင်မှုက အလွန်ပြင်းထန်နေသဖြင့် သူတို့ ခေါင်းတကုတ်ကုတ် ဖြစ်သွားရတော့သည်။
•••••••••••••••••••••••••