အခန်း ၇၆၀
Vol. 51 Ch. 760
အပိုင်း ၇၆၀ : စီးပွားရေးလုပ်တာ အရမ်းလက်ဖွာတာပဲ
အခန်းထဲရှိ လူများမှာ အခြေခံအားဖြင့် ဤအသိုင်းအဝိုင်းထဲက လူများချည်းသာ ဖြစ်သောကြောင့် တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးကြသည်။
တစ်ယောက်က မတ်တတ်ထရပ်ပြီး အကြံပေးလိုက်သည်။
"ရှင်းယိ... အခုခေတ်က လွတ်လပ်စွာ ချစ်ကြိုက်ခွင့်ရှိတဲ့ခေတ်ပဲ။ ကလေးတွေရဲ့ ကိစ္စကို ဝင်မစွက်ဖက်သင့်ပါဘူး"
"သူတို့နှစ်ယောက်က လိုက်ဖက်ညီတယ်လို့ ငါတော့ထင်တယ်။ မစ္စတာယဲ့နဲ့ အိမ်ထောင်ပြုနိုင်တာက ရှောင်ယာအတွက် ကံကောင်းတာပဲလေ။ အဲ့ဒါကို ဘာလို့ ဝင်နှောင့်ယှက်နေရတာလဲ"
ထိုစကားများကို ကြားသောအခါ ရှောင်ရှင်းယိမှာ ဒေါသထွက်လွန်း၍ မထိန်းနိုင်တော့ပေ။
"ဒီလူတွေတော့...စီးပွားရေးအဆင်ပြေဖို့အတွက်နဲ့ ဒီလိုစကားတွေ ပြောနေကြတာ" ဟု သူမ တွေးလိုက်မိသည်။
"ကျွန်မက လွတ်လပ်စွာချစ်ကြိုက်တာကို ကန့်ကွက်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကောင်က ကျွန်မတို့မိသားစုရဲ့ ပိုက်ဆံတွေကို မက်မောနေမှာကို စိုးရိမ်တာ"
ရှောင်ရှင်းယိက သွယ်ဝိုက်၍ ပြောလိုက်လေသည်။
ထို့နောက် သူ(မ)က ယဲ့ချန်းကို ပြုံးလျက် ကြည့်ကာ ပြောလိုက်၏။
"မင်းအတွက်တော့ တစ်သောင်းဆိုတာ ငွေဖြစ်ပေမဲ့ ငါ့အတွက်တော့ ရှောင်ယာ့ကို ထောက်ပံ့ဖို့တောင် မလောက်ဘူး။ ပြီးတော့ ရှောင်ယာ့ရည်းစားက ပါဆယ်ပို့သမားတစ်ယောက်ဆိုတာ သူများတွေ သိသွားရင် ရှောင်ယာ့ကို အရှက်ခွဲရာ မရောက်ဘူးလား။ သူ့ကို ဂုဏ်သိက္ခာကျဆင်းစေတယ် မဟုတ်ဘူးလား"
"ကျွန်တော်က ရိုးရိုးသားသား အလုပ်လုပ်စားနေတာပါ။ သူခိုးလည်း မဟုတ်ဘူး။ ဓားပြလည်း မဟုတ်ဘူး။ အဲ့ဒါ ဘာများ ရှက်စရာရှိလို့လဲ"
ယဲ့ချန်းကလည်း ခွန်းတုံ့ပြန်လိုက်သည်။
"မင်းအလုပ်က ဂုဏ်ရှိတယ်လို့ ထင်နေတာလား။ မင်းရတဲ့ အဲ့ဒီပိုက်ဆံနည်းနည်းလေးနဲ့ ဘာလုပ်နိုင်မှာလဲ။ မင်း ဘာတွေတွေးနေလဲဆိုတာ ငါ မသိဘူးထင်နေလား။ မင်းက ငါ့သမီးကို အမြတ်ထုတ်ပြီး မင်းကို ပြန်ရှာကျွေးခိုင်းချင်နေတာ မဟုတ်လား"
"အမေ"
ရှောင်ယာက သူ(မ)၏အမေမှာ ခေါင်းမာကြောင်း သိသော်လည်း ယခုလောက်ထိ စကားလုံးများ ကြမ်းတမ်းလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရှောင်ယာက တားချင်သော်လည်း ရှောင်ရှင်းယိက သူ(မ)ကို စကားပြောခွင့်ပင် မပေးဘဲ သမီးဖြစ်သူကို မျက်စောင်းထိုးကာ ဆက်ပြောလေသည်။
"ရှောင်ယာ.... အမေပြောမယ်။ ဒီကောင်လေးနဲ့ တွဲတာကို အမေ လုံးဝသဘောမတူဘူး။ လက်လျှော့လိုက်တော့။ အခုမတားရင် နောက်မှ သမီး အမေ့ကို အပြစ်တင်နေလိမ့်မယ်"
"ရှင်းယိ...မင်းစကားတွေက တဖြည်းဖြည်းနဲ့ ကြမ်းလာပြီနော်"
"ဒီလိုပြောနေတာက မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ် မဟုတ်ဘူးလား"
ရှောင်ရှင်းယိက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ရှင်တို့က ဘာမှမခံစားရတော့ ပြောကြတာပေါ့။ ရှင်တို့အားလုံး ဒီကိုရောက်နေတာက ဆောက်လုပ်ရေးစီမံကိန်းအသစ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကြောင့်ဆိုတာ ကျွန်မသိတယ်။ ဥက္ကဋ္ဌချန်းက ဖိတ်ခေါ်ပေးလို့ ကျွန်မ ကျေးဇူးတင်ပေမဲ့ အခုကိစ္စက ကျွန်မသမီးနဲ့ သက်ဆိုင်နေတာဆိုတော့ ကျွန်မ ဒီအတိုင်း ကြည့်မနေနိုင်ဘူး။ တကယ်လို့ ဒါက ရှင်တို့သမီးသာဆိုရင် ရှင်တို့လည်း ဒီလိုပဲ သဘောထားမှာ မဟုတ်ဘူးလား"
"သူ့နေရာမှာ ငါ့သမီးဖြစ်ရင် ကောင်းမှာ။ ဒါပေမဲ့ ကံဆိုးချင်တော့ မစ္စတာယဲ့က သူ့ကို စိတ်မဝင်စားဘူးလေ"
"ဪ...ငါ့သမီးကို စောစောစီးစီး အိမ်ထောင်ပြုပေးလိုက်ရတာ တကယ်နောင်တရမိတယ်။ ဒီလို အခွင့်အရေးကောင်းကြီးကို လွဲချော်သွားရတယ်လို့"
"အခုအချိန် သမီးတစ်ယောက် ရချင်ရင်တောင် နောက်ကျသွားပြီ"
ရှောင်ရှင်းယိမှာမူ ဤလူများကို စကားဆက်မပြောနိုင်တော့ဘဲ ကြည့်နေမိသည်။ စီးပွားရေးကိစ္စအတွက်နှင့် ဤမျှအထိ ပြောရက်ကြသည်မှာ တကယ်ရှက်ဖို့ကောင်းလှသည်။
"ရှင်တို့တွေ လွန်လွန်းနေပြီ"
ရှောင်ရှင်းယိက စကားပြောနေသော လူများကို ပြောလိုက်သည်။
"ကဲ ကဲ... အားလုံးပဲ ငြင်းခုန်နေတာ ရပ်လိုက်ကြပါတော့"
ချန်းဝမ်၏ စကားကို ကြားသောအခါ ရှောင်ရှင်းယိလည်း အမြန်စကားစရပ်လိုက်သည်။
သူ(မ) ဥက္ကဋ္ဌချန်းကို မျက်နှာသာပေးရဦးမည်။ နောက်နောင် ဤအသိုင်းအဝိုင်းထဲတွင် ရောနှောနေရဦးမည်ဖြစ်သောကြောင့်ပင်။
ရှောင်ရှင်းယိက သူ(မ)၏သမီး ယဲ့ချန်းအပေါ် စိတ်ယိုင်နေကြောင်း မြင်သောအခါ ချက်ချင်းပြောလိုက်လေသည်။
"ကျွန်မတို့က စီးပွားရေးဆွေးနွေးဖို့ လာတာ။ ပါဆယ်ပို့သမားက ဒီမှာ ဘာလာလုပ်တာလဲ။ ပြီးတော့ မင်းရဲ့ အဆင့်အတန်းနဲ့ ဒီလိုဇိမ်ခံဟိုတယ်ကို ဝင်ဖို့ ဘယ်လိုအရည်အချင်းရှိလို့လဲ"
"အမေ... ဘယ်တော့မှ ရပ်မှာလဲ"
ရှောင်ယာက နောက်ဆုံးတွင် သည်းမခံနိုင်တော့သဖြင့် ပြောလိုက်သည်။
"ရှောင်ယာ... အမေ ဒီလိုလုပ်တာ သမီးကောင်းဖို့ပါ။ ပါဆယ်ပို့သမားတစ်ယောက်က သမီးကို ဘယ်လိုများ ထောက်ပံ့နိုင်မှာလဲ။ အမေက သမီးကို ငယ်ငယ်ကတည်းက အရမ်းအလိုလိုက်ခဲ့တာ။ သမီးလေးကို ဇိမ်ကျကျနေစေခဲ့တာ။ သမီးရဲ့ ပျော်ရွှင်မှုအတွက်ဆိုရင် အမေ ခွင့်မပြုနိုင်ဘူး။ လက်လျှော့လိုက်တော့"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"ဥက္ကဋ္ဌရှောင်... ခင်ဗျား မှားနေပြီထင်တယ်။ ရှောင်ယာက ကျွန်တော့်ထက် ငယ်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ သူက ညီမလေးတစ်ယောက်လိုပါပဲ။ ခင်ဗျားထင်သလို မဟုတ်ပါဘူး"
"ဒါဆိုလည်း ကောင်းပြီလေ။ မင်း အခု ချက်ချင်း ထွက်သွားတာ အကောင်းဆုံးပဲ။ ဒါ မင်းရှိနေရမယ့် နေရာမဟုတ်ဘူး။ ရှောင်ယာနဲ့ သိကျွမ်းနေလည်း ဘာမှမထူးဘူး"
ချန်းဝမ်နှင့် အခြားသူများခမျာ သူတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ စကားမပြောဘဲ ပြုံးနေကြသည်။
ထိုအချိန်တွင် လူတစ်သိုက် သီးသန့်ခန်းအပြင်ဘက်မှ ဝင်လာကြသည်။
ဦးဆောင်သူမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး ရှောင်ရှင်းယိကလည်း ဤလူမှာ အားလီလုပ်ငန်းစု။ ဥက္ကဋ္ဌမာဖြစ်ကြောင်း သိသည်။
အားလီလုပ်ငန်းစုတွင် စီမံကိန်းကြီးများစွာ ရှိ၏။ ဤမျှသေးငယ်သော စီမံကိန်းမျိုးကို သူတို့ စိတ်ဝင်စားလိမ့်မည်မဟုတ်သဖြင့် ကိုယ်တိုင်လာရောက်လိမ့်မည်ဟု မထင်မှတ်ထားပေ။
ဒါဟာ မဟာအခွင့်အရေးတစ်ခုပဲ။
"အစ်ကိုမာ.. ဘာလို့ ကိုယ်တိုင်ရောက်လာတာလဲ"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"ညီလေးယဲ့... မတွေ့တာကြာပြီနော်။ မင်းအတွက်နဲ့ အမ်နိုင်ငံကနေ အထူး လေယာဉ်နဲ့ လာခဲ့တာ"
ဥက္ကဋ္ဌမာက နှုတ်ဆက်လိုက်သည်။
"ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ"
"ညီလေးယဲ့ကလည်း ဘာလို့ ဒီလောက်တောင် အားနာနေရတာလဲ။ မင်းကိစ္စက ငါ့ကိစ္စပါပဲ"
ဥက္ကဋ္ဌမာက ပြုံးစစဖြင့် ပြောလိုက်သည်။
သူတို့၏ စကားများကို နားထောင်ရင်း ရှောင်ရှင်းယိခမျာ မျက်ခွံများ တဆတ်ဆတ်တုန်နေလေသည်။ တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုဟု ခေါ်ဝေါ်နေကြသည်မှာ သူတို့၏ ဆက်ဆံရေးကား သာမန်ထက် ပိုထူးခြားနေကြောင်း ထင်ရှားလှသည်။
အားလီလုပ်ငန်းစု၏ ဥက္ကဋ္ဌမာကို သိကျွမ်းခြင်းမှာ မည်သူမဆို လုပ်နိုင်သည့် ကိစ္စမျိုး မဟုတ်ပေ။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"ခင်ဗျားတို့တွေအားလုံး မြို့ဟောင်းအကြောင်း မသိကြလောက်ဘူးနော်။ အဲ့ဒီမှာရှိတဲ့ ဧကသုံးရာလုံးက ကျွန်တော်ပိုင်တာလေ။ ကျွန်တော် အဲ့ဒီမှာ အဆောက်အအုံသစ်တွေ ဆောက်ချင်လို့"
"ဒါပေမဲ့ အခု ပြဿနာတစ်ခု ရှိနေတယ်။ အဲ့ဒီပတ်ဝန်းကျင်မှာ ဆိုင်ခန်းတချို့ ရှိနေတော့ ဆောက်လုပ်ရေးယာဉ်တွေ ဝင်ဖို့ ခက်ခဲနေတယ်။ အဆောက်အအုံသစ်တွေဆောက်ဖို့ ခက်ခဲနေတာပေါ့"
"ညီလေးယဲ့... ငါတို့ ပစ္စည်းအသစ်တွေကို သုံးပြီး အရင်တပ်ဆင်လိုက်မယ်။ ပြီးတော့မှ အထဲကိုသယ်ပြီး အဲ့ဒီမှာ ထပ်ပြီး တပ်ဆင်လို့ရတာပဲ"
ဥက္ကဋ္ဌမာက အကြံပေးလိုက်သည်။
"ဟုတ်တယ်။ ကျွန်တော်လည်း အဲ့ဒီလိုပဲ တွေးထားတယ်။ ပတ်ဝန်းကျင်က ဆိုင်ခန်းတွေကိုဝယ်ပြီး ဖြိုချပစ်ဖို့ စီစဉ်ထားတယ်။ ဒါဆိုရင် အကုန်ပိုလွယ်သွားမှာပါ"
ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုနေရာရှိ လူအားလုံး မှင်တက်သွားကြသည်။
ပိုက်ဆံရှိလျှင် ဘာမဆိုဖြစ်နိုင်ပေသည်။ အဆောက်အအုံသစ်များ ဆောက်ဖို့အတွက် သယ်ယူပို့ဆောင်ရေးယာဉ်များ မဝင်နိုင်သဖြင့် ဆိုင်ခန်းများကိုဝယ်ပြီး ဖြိုချပစ်မည်ဟု တွေးနိုင်ပေသည်။
ဤစကားကို ကြားပြီးနောက် ရှောင်ရှင်းယိမှာ ပို၍ပင် အံ့အားသင့်သွားသည်။ စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ပြီး အတက်အကျများကို ကြုံတွေ့ခဲ့ရသည့်အပြင် စျေးကွက်တန်ဖိုး တစ်ရာဘီလျံရှိသည့် ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌတစ်ယောက် ဖြစ်သော်လည်း ယဲ့ချန်း၏ စကားကြောင့် စကားမပြောနိုင်လာက်အောင် ဖြစ်သွားရသည်။
ယဲ့ချန်း၏ အဆောက်အအုံသစ်များအတွက် သုံးမည့် အသုံးစရိတ်ပမာဏကို ကြားလိုက်ရချိန်တွင် သူ(မ) တိတ်ဆိတ်သွားသည်။
ဒီပါဆယ်ပို့သမားရဲ့နောက်ခံက ဘာလဲ။ ဘာကြောင့် ဥက္ကဋ္ဌမာက သူ့ကို ဒီလောက်တောင် လေးစားယဉ်ကျေးနေရတာလဲ။ ပြီးတော့ ချန်းဝမ်က ဘာကြောင့် သူ့ကို ဥက္ကဋ္ဌယဲ့လို့ ခေါ်နေရတာလဲ။
ရှောင်ရှင်းယိ သူ(မ)၏သမီးကို တစ်ချက်ကြည့်လိုက်သည်။
သို့သော် ရှောင်ယာက ယဲ့ချန်းနှင့် သူတို့၏ စကားများကို နားထောင်နေရုံသာမက အမေဖြစ်သူ၏ အနေခက်နေသော အကြည့်ကိုပင် သတိမထားမိပေ။
"မြို့ဟောင်းက မြို့လယ်ခေါင် မဟုတ်တော့ တစ်ဘီလျံအောက်ပဲ ကုန်မှာပါ"
ယဲ့ချန်းက ဥက္ကဋ္ဌမာကို ကြည့်ကာ မေးလိုက်၏။
"အစ်ကိုမာ... မြို့ဟောင်းမှာ ဧကသုံးရာကျော် အဆောက်အအုံအသစ်တွေ ဆောက်မယ်ဆိုရင် ခန့်မှန်းခြေ ဘီလျံဘယ်လောက်လောက် ကုန်ကျမလဲ"
တက်ရောက်လာသူအားလုံးမှာ ငွေကြေးဓနပြည့်စုံသော သူဌေးကြီးများ ဖြစ်သော်လည်း ယဲ့ချန်းကမူ ဘီလျံနှင့်ချီသော ငွေကြေးကို စျေးထဲတွင် ဟင်းသီးဟင်းရွက် ဝယ်သလို ပေါ့ပေါ့ပါးပါး ပြောနေချေသည်။
စီးပွားရေးလုပ်တယ်ဆိုတာ ဒီလောက်တောင် ခမ်းခမ်းနားနား လုပ်ကြတာလား။
ချန်းဝမ်က ပြုံးလျက် ပြောလိုက်၏။
"ဥက္ကဋ္ဌယဲ့... ခင်ဗျားက နေ့တိုင်း ပါဆယ်ပို့ရင်း အလုပ်ရှုပ်နေတာဆိုတော့ ဒီလိုကိစ္စတွေကိုတော့ တခြားသူတွေကိုပဲ ခိုင်းလိုက်ပါ"
"ဒါလည်း ဟုတ်တာပဲ"
ယဲ့ချန်းသည် သူက ပါဆယ်ပို့သမားဖြစ်ပြီး မနက်မှ ညအထိ အလုပ်လုပ်နေရသူဖြစ်လေရာ ဤကိစ္စများကို ကိုင်တွယ်ရန် အချိန်ဘယ်ရှိပါ့မလဲဟု ရုတ်တရက် သဘောပေါက်သွားသည်။ ထို့ပြင် သူ့တွင် အရည်အချင်းရှိသော ကူညီသူများလည်း အများကြီးရှိနေပြီဖြစ်၏။
"တကယ်ပါပဲ။ ဒီကိစ္စတွေကို တခြားသူတွေကိုပဲ အပ်လိုက်တာ ပိုကောင်းပါတယ်။ ကျွန်တော်ကတော့ ဘဝကို အတွေ့အကြုံယူရင်း အလုပ်ရှုပ်နေရဦးမှာ"
ချန်းဝမ်၏ အကြံပေးချက်အတိုင်း ယဲ့ချန်းလည်း ဤအလုပ်ကို အခြားသူများထံသို့ လွှဲပြောင်းပေးလိုက်သည်။
••••••••••••••••••••••••••