အခန်း ၇၆၂
Vol. 51 Ch. 762
အပိုင်း ၇၆၂ : ပျော်ရွှင်သောဘဝ
စုဝမ်ယိ၏စကားများကို ကြားပြီးနောက် ယဲ့ချန်း၏ရင်ထဲတွင် ကူကယ်ရာမဲ့သွားလေသည်။
မည်သို့ပင်ဆိုစေကာမူ သူ(မ)ကို နှစ်သိမ့်ပေးလိုက်သေးသည်။
"အချစ်... အိမ်ထောင်ပြုမယ့်ကိစ္စနဲ့ပတ်သက်လာရင် ကိုယ် မင်းစကားကိုပဲ နားထောင်မှာပါ။ မင်း အခုအချိန်မှာ မလိုချင်သေးဘူးဆိုရင်လည်း ကိုယ် အတင်းအကျပ် တိုက်တွန်းမှာ မဟုတ်ပါဘူး"
စုဝမ်ယိက သူ့ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။
"ရှင်သဘောတူတော့ရော ဘာထူးမှာလဲ။ ကျွန်မတို့ အမေ့ဆီက ခွင့်ပြုချက်ရဖို့ လိုသေးတယ်လေ"
တကယ်တော့ ယဲ့ချန်းက သူ့ရပ်တည်ချက်ကို ပြသချင်ရုံသက်သက်သာဖြစ်သော်လည်း စုဝမ်ယိကို ဤမျှအထိ မပျော်မရွှင်ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ထိုအချိန်မှသာ 'တိတ်ဆိတ်ခြင်းမှာ ရွှေ'ဟူသည့်စကားကို ယဲ့ချန်း နားလည်သဘောပေါက်သွားတော့သည်။
ယဲ့ချန်း၏ဖုန်းက ရုတ်တရက်မြည်လာသဖြင့် သူလည်း အခက်တွေ့နေလေဟန် မျက်နှာထားဖြင့် ဖုန်းကိုကြည့်လိုက်သည်။
စုဝမ်ယိက တခြားမိန်းမတစ်ယောက်ယောက်များ ဆက်သလားဟုတွေးကာ ယဲ့ချန်းကို ဆူပူကြိမ်းမောင်းတော့မည်လုပ်သော်လည်း ရင်းနှီးနေသော ဖုန်းနံပါတ်ကို မြင်လိုက်ရသည်။
ယဲ့ချန်းနှင့် စုဝမ်ယိတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြပြီး စိတ်ရှုပ်ထွေးမှုများစွာဖြင့် ဖုန်းကို ကိုင်ထားလိုက်သည်။
"ဘာလို့ ကျွန်မကို ကြည့်နေတာလဲ။ မြန်မြန်ဖုန်းကိုင်လိုက်လေ"
စုဝမ်ယိ၏အမိန့်ကြောင့် ယဲ့ချန်းမှာ စိတ်လှုပ်ရှားစွာဖြင့် ဖုန်းကိုင်သည့်ခလုတ်ကို နှိပ်လိုက်ရသည်။
စုဝမ်ယိအမေ၏အသံ ထွက်ပေါ်လာသည်။
"ရှောင်ချန်း... မင်း အလုပ်များနေလား"
"ဪ... မများပါဘူး အန်တီ။ အန်တီ ဘာကိစ္စများရှိလို့လဲ"
ယဲ့ချန်းက အမြန်ပြန်ဖြေလိုက်သည်။
အမျိုးသမီးစုက ပြုံးလျက် မေးလိုက်သည်။
"မင်း အခုဘယ်မှာလဲ။ ဝမ်ယိနဲ့ အတူရှိနေတာလား"
ယဲ့ချန်းက သူ့ဘေးရှိ စုဝမ်ယိကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
"အန်တီ... ကျွန်တော် အိမ်မှာပါ။ ဝမ်ယိနဲ့ အတူမရှိပါဘူး"
"ဪ... ကောင်းတယ်။ ကောင်းတယ်။ ရှောင်ချန်း... အန်တီ မင်းကို ပြောစရာလေး နည်းနည်းရှိလို့ပါ"
ယဲ့ချန်း စကားပြောမည့်အချိန်ကိုပင် မစောင့်တော့ဘဲ အမျိုးသမီးစုက တဲ့တိုးပင် ဆက်ပြောလိုက်သည်။
"ရှောင်ချန်း... အန်တီ့သမီး ဝမ်ယိအပေါ် မင်း တကယ်ပဲ စိတ်ရင်းစစ်မှန်ရဲ့လားဆိုတာ အန်တီ မေးချင်လို့ပါ"
"သေချာတာပေါ့ အန်တီရယ်။ ကျွန်တော် ဝမ်ယိအပေါ် တကယ်စိတ်ရင်းစစ်မှန်ပါတယ်။ ကောင်းကင်နဲ့ မြေကြီးက သက်သေပါပဲ။ နေနဲ့ လကလည်း သက်သေပြနိုင်ပါတယ်"
ယဲ့ချန်းက အလေးအနက် ပြောလိုက်သည်။
ထို့နောက် ပျော်ရွှင်သာယာနေသော အပြုံးနှင့်အတူ ဝမ်းသာကြည်နူးနေသည့် မျက်နှာထားလေးဖြစ်နေသော စုဝမ်ယိကို သူ လှမ်းကြည့်လိုက်သည်။
အမျိုးသမီးစုက လေးလေးနက်နက် မေးလိုက်သည်။
"ကောင်းပြီလေ။ မင်းက အဲဒီလိုပြောမှတော့ အန်တီလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ ဒါဆို မင်းက ဘာလို့ အခုထိ ဝမ်ယိကို မယူသေးတာလဲ"
ဤသို့အမေးခံလိုက်ရချိန်တွင် ယဲ့ချန်း ခဏမျှ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
ဖုန်းကို စပီကာဖွင့်ထားသောကြောင့် စုဝမ်ယိလည်း သူ(မ)အမေ၏စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ယဲ့ချန်း ဘယ်လိုပြန်ဖြေရမလဲဟု စဉ်းစားနေစဉ် သူ့ခါးရှိအသားကို သွယ်လျသော လက်ကလေးတစ်ဖက်က လိမ်ဆွဲလိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ဤသည်မှာ ရှင်းလင်းလှသော သတိပေးချက်တစ်ခုပင်။
"အာ့"
ယဲ့ချန်း အော်လိုက်မိသည်။
ထိုအော်သံကို ကြားသော် အမျိုးသမီးစုက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
"ရှောင်ချန်း... ဘာဖြစ်လို့လဲ"
"အန်တီ... ဘာမှမဖြစ်ပါဘူး။ ကြွက်ကြီးတစ်ကောင် တွေ့လိုက်လို့ပါ"
ယဲ့ချန်းက မစဉ်းစားဘဲ ပြောချလိုက်သည်။
ဒေါသထွက်နေသော စုဝမ်ယိ၏မျက်နှာကို ကြည့်ကာ သူ ကျိတ်ရယ်နေမိသည်။ ယခုလိုအချိန်မှာ စုဝမ်ယိက သူ့ကို အကြမ်းဖက်ရဲမည်မဟုတ်ကြောင်း သူ ကောင်းကောင်းသိနေသည်။
ယဲ့ချန်းသည် အိမ်ရာတစ်ခုတွင် နေထိုင်ကြောင်း အမျိုးသမီးစု သိထားသောကြောင့် ထိုကဲ့သို့သော အိမ်မျိုးတွင် ကြွက်များရှိနေရန် အကြောင်းမရှိပေ။
သို့သော် သူ(မ)က ကြွက်များကို ဂရုမစိုက်အားပေ။ သူ(မ)သမီး၏ အိမ်ထောင်ရေးကိုသာ စိုးရိမ်နေသည်။
တစ်ဖက်က ဘာအသံမှ မကြားရသဖြင့် အမျိုးသမီးစုက အမြန်မေးလိုက်သည်။
"ရှောင်ချန်း... မင်း နားထောင်နေသေးရဲ့လား"
"အန်တီ... ကျွန်တော် အခု ကြွက်သွားဖမ်းလိုက်ဦးမယ်။ ပြီးမှ အန်တီ့ဆီ ဖုန်းပြန်ဆက်လိုက်ပါ့မယ်"
ဤသို့ပြောပြီးသည်နှင့် ယဲ့ချန်းလည်း ဖုန်းကို အမြန်ချလိုက်သည်။
ထို့နောက် သက်ပြင်းတစ်ချက်ချကာ ဆိုဖာပေါ်သို့ မှီချလိုက်သည်။
"ယောကျ်ား... ရှင် တော်တော်ကောက်ကျစ်တာပဲ"
စုဝမ်ယိက ကျိတ်ရယ်လိုက်သည်။
ယဲ့ချန်းကမူ မတတ်သာလေဟန်ဖြင့် ပြောလိုက်၏။
"မင်းကြောင့်သာ ကိုယ့်လို လူလိမ္မာလေးက လိမ်ပြောရတဲ့အဖြစ်ကို ရောက်သွားတာပါ"
ထိုစကားကို ကြားသောအခါ စုဝမ်ယိက ဘာမှပြန်မပြောဘဲ ယဲ့ချန်းကို ရိုက်နှက်တော့မည့်အလား အပြုံးတစ်ပွင့်ဖြင့် ဆက်ကြည့်နေချေသည်။
"ဒါနဲ့ ရှင်က ကျွန်မကို ကြွက်ကြီးလို့ ဘယ်လိုတောင် ခေါ်ရက်ရတာလဲ။ ဒီလောက်လှတဲ့ ကြွက်မျိုး ရှိလို့လား"
စုဝမ်ယိက မကျေမနပ်ဖြင့် ပြောလိုက်သည်။
ယဲ့ချန်းက ခွင့်မလွှတ်နိုင်သည့် မျက်နှာထားမျိုး လုပ်ပြလိုက်သည်။
"စောစောက ဘယ်သူက ကိုယ့်ကိုဆွဲလိမ်ဖို့ ပြောလို့လဲ။ မင်း ကိုယ့်ဘေးမှာ ရှိနေတယ်လို့လည်း ကိုယ် ပြောလို့မှမရတာ"
"ကျွန်မ ရှင့်ကို ဆွဲလိမ်တယ်လေ။ အဲတော့ ဘာဖြစ်လဲ။ ရှင် စိတ်ဆိုးသွားတာလား"
သူ(မ)အမေကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စုဝမ်ယိမှာ စိတ်အနှောင့်အယှက် ဖြစ်နေသည်။
ယခုမူ သူ(မ)ရင်ထဲက ဒေါသမီးက ထွက်ပေါက်မရှိဖြစ်နေလေရာ သူ(မ)အနားတွင် ယဲ့ချန်းသာရှိနေသဖြင့် သူ့ကို အလွတ်ပေးမည်မဟုတ်ပေ။
"မင်း ကိုယ့်ကို ထပ်အနိုင်ကျင့်မယ်ဆိုရင် အန်တီ့ကို တိုင်ပြောလိုက်မှာနော်"
"လုပ်ရဲလား"
ထိုစဉ် ယဲ့ချန်း၏ဖုန်း ထပ်မြည်လာပြန်လေရာ ဖုန်းနံပါတ်ကို မြင်လိုက်ရချိန်တွင် သူ ခေါင်းကိုက်သွားသည်။
ဤသည်မှာ ချောင်ချောင်းအကြောင်း ပြောနေတုန်း ချောင်ချောင်းရောက်လာသည်ဟူသော စကားလိုမျိုးပင်။
အင်တင်တင်ဖြင့် ဖုန်းကိုင်လိုက်ရချိန်တွင် စုဝမ်ယိ၏ လူသတ်တော့မည့် မျက်နှာထားကို မြင်လိုက်ရသောကြောင့် ယဲ့ချန်း၏ရင်ထဲ တစ်ဆို့သွားသည်။
သူ(မ)၏အမူအရာက စကားတစ်ခွန်းမှားပြောမိပါက သူ့အသက်ကို ထိပါးတော့မလို သတိပေးနေချေသည်။
"အန်တီ... ဘာကိစ္စရှိလို့လဲ"
ယဲ့ချန်းက သိလျက်နှင့် မေးလိုက်သည်။
"ရှောင်ချန်း... ကြွက်ဖမ်းတာ ဘယ်လိုနေလဲ"
အမျိုးသမီးစုက စိုးရိမ်တကြီး မေးလိုက်သည်။
ယဲ့ချန်းကမူ တဟားဟားရယ်လိုက်လေသည်။
"ကြွက်က ပြေးသွားပါပြီ"
"အန်တီက မင်းဆီကဖုန်းကို စောင့်နေတာ။ တော်တော်ကြာတဲ့အထိ မင်းက ဖုန်းပြန်မဆက်ဘူးလေ"
"ဪ... ကျွန်တော် လုံးဝမေ့သွားလို့ပါ။ တောင်းပန်ပါတယ်"
ယဲ့ချန်းကလည်း တောင်းပန်လိုက်သည်။
"ရပါတယ်။ စောစောက အန်တီ မင်းကို မေးခွန်းတစ်ခုမေးထားတာ မင်း ပြန်မဖြေရသေးဘူးနော်"
အမျိုးသမီးစုက ယဲ့ချန်းကို လွယ်လွယ်နှင့် အလွတ်ပေးမည့်ပုံမပေါ်ပေ။
ယဲ့ချန်းကလည်း မသိချင်ယောင်ဆောင်လိုက်လေသည်။
"စောစောက အန်တီ ဘာမေးလိုက်တာလဲ။ ကျွန်တော် လုံးဝပြန်စဉ်းစားလို့မရတော့ဘူး"
"အန်တီက မင်းကိုမေးတာလေ... မင်းက ငါတို့ဝမ်ယိကို သဘောကျနေမှတော့ ဘာလို့ သူ့ကိုမယူတာလဲလို့"
အမျိုးသမီးစုက ယဲ့ချန်းကို အသက်ရှူပေါက်မပေးဘဲ လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။
"ဟို... အဲဒါကလေ..."
"ရှောင်ချန်း... အခု မင်းနဲ့ အန်တီ နှစ်ယောက်တည်းရှိတာမလို့ ဘာမှစိုးရိမ်နေစရာ မလိုပါဘူး။ မင်း စိတ်ထဲရှိတဲ့အတိုင်း ပြောပါ။ တကယ်လို့ ဝမ်ယိဘက်က ပြဿနာရှိနေတာဆိုရင်လည်း အန်တီ သူ့ကို သေချာပြောလိုက်ပါ့မယ်"
အမျိုးသမီးစုက နူးညံ့လှသောလေသံဖြင့် ပြောလိုက်သည်။
စုဝမ်ယိက သူ့ဘေးတွင် ရှိနေသောကြောင့် စကားတစ်ခုခု မှားပြောမိပါက ယနေ့ညတော့ သူ ကိစ္စတုံးပြီဟု ယဲ့ချန်း တွေးလိုက်မိသည်။
သူလည်း ဘာမှမစဉ်းစားတော့ဘဲ ပြောချလိုက်သည်။
"အန်တီ အထင်လွဲနေပါပြီ... ဝမ်ယိနဲ့ ဘာမှမဆိုင်ပါဘူး။ အကုန်လုံးက ကျွန်တော့်ကြောင့်ပါ"
ထိုသို့ပြောပြီးနောက် သူက စုဝမ်ယိကို လှမ်းကြည့်လိုက်သည်။
စုဝမ်ယိကမူ သူ့ကို ပြုံးစစဖြင့် လက်မထောင်ပြနေသဖြင့် သူ့အဖြေကို သဘောကျသွားပုံရသည်။
"မင်းကြောင့် ဟုတ်လား"
အမျိုးသမီးစုက နားမလည်နိုင်လေဟန် အမူအရာဖြင့် မေးလိုက်သည်။
စောစောက သမီးဖြစ်သူနှင့် စကားပြောနေစဉ် သူ(မ)၏သမီးက အလုပ်အကိုင်ရည်မှန်းချက်များကြောင့် အိမ်ထောင်ပြုရန် အချိန်ဆွဲနေသည်ဟု ထင်ကာ ဖုန်းထဲကပင် ဆူပူကြိမ်းမောင်းခဲ့သေးသည်။
ပြန်တွေးကြည့်မှသာ သူ(မ)သမီးအပေါ် အထင်လွဲခဲ့မိကြောင်း နားလည်သွားသည်။
ယဲ့ချန်းက ခဏရပ်ပြီး ဆက်ပြောသည်။
"အဓိကကတော့ ကျွန်တော် ကိုယ်ပိုင်စီးပွားရေးတစ်ခုကို အရင်စချင်တယ်။ ပြီးမှ အိမ်ထောင်ပြုဖို့ကိစ္စကို စဉ်းစားချင်လို့ပါ"
"မင်းက အခုချိန်မှာ တော်တော်အရည်အချင်းရှိနေပြီမလို့ ကိုယ်ပိုင်စီးပွားရေး လုပ်စရာမလိုတော့ဘူးလို့ ဝမ်ယိအဖေဆီကနေ အန်တီ ကြားထားပါတယ်"
အမျိုးသမီးစုက ယဲ့ချန်း၏စကားများကို မယုံကြည်ကြောင်း သိသာလှသည်။
"ဒီလိုပါ အန်တီရယ်။ အခုအချိန်မှာ ကျွန်တော့်ဆီ ပိုင်ဆိုင်မှုတချို့ ရှိနေတယ်ဆိုပေမဲ့ လက်ထပ်ပြီးသွားရင်တော့ ဝမ်ယိကို အလုပ်အတွက် ဟိုပြေးဒီပြေး လုပ်ခိုင်းတော့မှာမဟုတ်ပါဘူး။ အဲဒီအခါကျရင် တစ်မိသားစုလုံးက ကျွန်တော့်တစ်ယောက်တည်းအပေါ်မှာပဲ မှီခိုရတော့မှာလေ။ နောက်ကျလို့ ကလေးတွေရလာတဲ့အခါ ကုန်ကျစရိတ်တွေက အများကြီးဖြစ်လာမှာ။ ကလေးတွေအတွက် အကောင်းဆုံးအစားအစာ၊ အဝတ်အစားနဲ့ ပညာရေးတွေ လိုအပ်လာမယ်။ မိုတုမြို့မှာရှိတဲ့ အကောင်းဆုံးကျောင်းတွေကို ပို့ပေးရမယ်။ အဲဒါတွေအားလုံးအတွက် ပိုက်ဆံလိုတယ်လေ။ ဒါကြောင့် အခု ရှာနိုင်တဲ့အချိန်လေး ပိုက်ဆံရှာထားချင်လို့ပါ။ မဟုတ်ဘူးလား အန်တီ"
ယဲ့ချန်းက ဤစကားများအားလုံးကို တစ်ခါတည်း ဆက်တိုက်ပြောချလိုက်ပြီးနောက် စားပွဲပေါ်ရှိ ရေခွက်ကိုကောက်ကိုင်ကာ စုဝမ်ယိ၏ မနှစ်မြို့လေဟန်အကြည့်ကို လျစ်လျူရှု၍ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ယဲ့ချန်းပြောသည့် စကားများကို ကြားပြီးနောက် သူကိုယ်တိုင်အပြင် ဝမ်ယိနှင့် သူတို့ကလေးများ၏ အနာဂတ်အတွက်ပါ အစီအစဉ်များရှိနေကြောင်း သိလိုက်ရသဖြင့် အမျိုးသမီးစု အလွန် ပျော်ရွှင်သွားသည်။
သူ(မ)၏သမီးမှာ အားကိုးရမည့်လူတစ်ယောက်ကို ရှာတွေ့ခဲ့ပြီဖြစ်လေရာ သူတို့၏ အနာဂတ်ဘဝလေး သာယာပျော်ရွှင်ရလိမ့်မည်ဟု သူ(မ) ယုံကြည်သွားလေတော့သည်။
••••••••••••••••••••••