အခန်း ၇၆၃
Vol. 51 Ch. 763
အပိုင်း ၇၆၃ : ရှင်ရှိနေတာ အရမ်းကောင်းတာပဲ
ယဲ့ချန်း၏စကားများကို ကြားသောအခါ အမျိုးသမီးစုက ရယ်မောလိုက်သည်။
"ရှောင်ချန်း... မင်းက လိမ္မာတဲ့ကလေးဆိုတာ အန်တီ သိပါတယ်။ ရှေးခေတ်ကတည်းက ယောက်ျားတွေက အိမ်ထောင်အရင်ပြုပြီးမှ ကိုယ်ပိုင်စီးပွားရေး လုပ်သင့်တယ်လို့ ဆိုကြတယ်လေ"
"အန်တီ... ကျွန်တော်တို့က ငယ်ပါသေးတယ်။ အလောတကြီးလုပ်စရာ မလိုပါဘူး"
ယဲ့ချန်းကလည်း ပြန်ချေပလိုက်သည်။
"ကောင်းပါပြီ။ ကောင်းပါပြီ။ မင်းပြောတာကို နားထောင်ပြီးတော့ ဝမ်ယိနဲ့ကလေးရဲ့ အနာဂတ်အတွက် မင်း တော်တော်လေး သေချာစီစဉ်ထားတယ်ဆိုတာ သိရလို့ အန်တီ စိတ်အေးသွားပါပြီ။ မင်းက အခုချက်ချင်း အိမ်ထောင်မပြုချင်သေးဘူးဆိုရင်လည်း စောင့်ကြတာပေါ့။ အန်တီ မင်းသဘောထားကို လေးစားပါတယ်"
"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် အန်တီ"
ဤသို့ပြောပြီးနောက် ယဲ့ချန်းက စုဝမ်ယိကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
"ဒါပေမဲ့ ကြိုပြောထားချင်တာ တစ်ခုတော့ရှိတယ်။ မင်းတို့နှစ်ယောက် လက်ထပ်ပြီးတာနဲ့ ကလေးယူရမယ်နော်။ ဝမ်ယိအဖေနဲ့ အန်တီက မြေးလေးတွေ လိုချင်သေးတယ်"
အမျိုးသမီးစုက ထပ်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ။ စိတ်မပူပါနဲ့ အန်တီ"
"ဒါဆိုလည်း ပြီးရော ရှောင်ချန်း... မင်းအလုပ် ဆက်လုပ်တော့လေ။ အန်တီ ဝမ်ယိဆီကို ဖုန်းဆက်လိုက်ဦးမယ်။ ငါ့သမီးက မင်းကို တကယ်ချစ်တာပဲ။ မင်းအမှားပါလို့ ပြောမယ့်အစား သူက သက်သက်အထင်လွဲခံနေတာ"
ထိုသို့ပြောပြီးနောက် အမျိုးသမီးစုက ဖုန်းချသွားသည်။
အမျိုးသမီးစု၏စကားများကို ကြားလိုက်ရသောအခါ ယဲ့ချန်းက စုတ်သပ်လိုက်ပြီး ဤမိန်းကလေးက သူ့ကိုချစ်၍ ထိုသို့လုပ်ခဲ့ခြင်းမဟုတ်ဘဲ အမှန်တရားကိုသာ ပြောနေခြင်းဖြစ်ကြောင်း တွေးနေမိသည်။
သူက ဤစကားကိုတော့ အမျိုးသမီးစုအား ပြောပြနိုင်မည်မဟုတ်ပေ။ ဖုန်းချပြီးနောက် ယဲ့ချန်းက စုဝမ်ယိကို ကြည့်ကာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရန် အချက်ပြလိုက်သည်။
ထိုအချိန်တွင် စုဝမ်ယိ၏ဖုန်းက ထမြည်လာသည်။ ဖုန်းနံပါတ်ကို ကြည့်လိုက်လေရာ အမှန်တကယ် သူ(မ)အမေခေါ်နေခြင်းပင်။
ဖုန်းကိုင်လိုက်သည်နှင့် စုဝမ်ယိက စိတ်မရှည်သယောင် ဟန်ဆောင်ကာ ပြောလိုက်၏။
"အမေ... အခုထိမပြီးသေးဘူးလား"
"ဝမ်ယိ... အမေ အခုလေးတင် ယဲ့ချန်းနဲ့ စကားပြောပြီးပြီ။ သမီးကို အမေ အထင်လွဲသွားမှန်း သိပါပြီ။ သမီးက တကယ်တော်တာပဲ။ သူ့အတွက်နဲ့ ဘာမှပြန်မပြောဘဲ အမေအပြစ်တင်တာကို ခံနေခဲ့တယ်ပေါ့။ အခု အမေ သမီးကို တောင်းပန်ပါတယ်။ ယဲ့ချန်းက အခု သူ့အလုပ်မှာပဲ အာရုံစိုက်နေတာဆိုတော့ အမေ သမီးတို့နှစ်ယောက်ကို ဖိအားမပေးတော့ပါဘူး"
ထို့နောက် အမျိုးသမီးစုက ဆက်ပြောလိုက်၏။
"ယဲ့ချန်းက လိမ္မာတဲ့ကလေးပါ။ သူနဲ့ဆိုရင် သမီး ပျော်ရမှာပါ။ သမီးအဖေနဲ့ အမေလည်း စိတ်အေးရပြီ"
"အမေ... နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်"
စုဝမ်ယိမှာ မျက်ရည်ကျမတတ် ဝမ်းသာပီတိဖြစ်သွားသည်။
စောစောက သားအမိနှစ်ယောက် စကားပြောနေစဉ်က သူ(မ)အမေ၏ စကားများကြောင့် စိတ်ထိခိုက်ခဲ့ရပြီး နားလည်ပေးမခံရခြင်းက တကယ်နာကျင်စရာကောင်းသည်ဟု သူ(မ) ခံစားခဲ့ရသည်။
ယခု အမေဖြစ်သူက သဘောတူလိုက်ပြီဖြစ်ရာ သူ(မ)ရင်ထဲရှိ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသလို ခံစားလိုက်ရသည်။
ယဲ့ချန်းက စုဝမ်ယိ၏အမူအရာကိုကြည့်ကာ မျက်ရည်များ ဘယ်လိုတောင် မြန်မြန်ကျလာရသလဲဟု တွေးမိသည်။ သူ(မ)အနေနှင့် မင်းသမီးလုပ်ဖို့ တကယ်စဉ်းစားသင့်သည်။ ဆုတောင် ရနိုင်လောက်သည်။
"ငတုံးမလေး... နောက်ဆို ဘာကိစ္စပဲရှိရှိ အမေ့ကို တိုက်ရိုက်သာပြော။ ကိုယ့်ကိုယ်ကိုယ် အမြဲအနစ်နာမခံနဲ့။ အမေက နားလည်မှုမရှိတဲ့သူမှ မဟုတ်တာ"
အမျိုးသမီးစုက သမီးဖြစ်သူအပေါ် အကာအကွယ်ပေးလိုစိတ် ပြင်းပြစွာဖြင့် ပြုံးလျက် ပြောလိုက်သည်။
စုဝမ်ယိက မျက်ရည်သုတ်ကာ နာခံကျိုးနွံစွာ ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ အမေ"
"တစ်ရက်လောက် ရှောင်ချန်းကို အိမ်ခေါ်လာပြီး ညစာလာစားကြလေ။ အမေ သူ့ကိုမတွေ့ရတာ တော်တော်ကြာနေပြီ"
"ဟုတ်ကဲ့ပါ"
ဖုန်းချပြီးနောက် စုဝမ်ယိမှာ တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလို ယဲ့ချန်း ခံစားလိုက်ရသည်။ သူ(မ)မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများလည်း လုံးဝပျောက်ကွယ်သွားသည်။
"ယဲ့ချန်း... ကျေးဇူးတင်ပါတယ်။ ရှင်ရှိနေတာ အရမ်းကောင်းတာပဲ"
စုဝမ်ယိက အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဒီလောက်ကြီးတဲ့ပြဿနာကို ကိုယ် ကူဖြေရှင်းပေးထားတာတောင် ရိုးရိုးလေး ကျေးဇူးတင်ပါတယ်တဲ့လား"
ယဲ့ချန်းက မကျေမနပ်ဖြင့် ပြောလိုက်သည်။
စုဝမ်ယိ၏ မျက်နှာလှလှလေး နီမြန်းသွားပြီး ယဲ့ချန်း၏ပါးကို ဖွဖွလေး နမ်းလိုက်သည်။
ပါးပြင်ပေါ်ရှိ စိုစွတ်မှုကို ခံစားလိုက်ရချိန်တွင် ယဲ့ချန်း၏ရင်ထဲရှိ မီးတောက်များ တောက်လောင်လာတော့သည်။
သူ စုဝမ်ယိကို ခုန်အုပ်လိုက်သော်လည်း သူ(မ)၏ ကန်ထုတ်ခြင်းကို ခံလိုက်ရသည်။
"မိန်းမ... မင်းက ကိုယ့်ယောက်ျားကို သတ်ချင်နေတာလား"
ယဲ့ချန်းက သူ့ဗိုက်ကိုဆုပ်ကိုင်လျက် ပြောလိုက်သည်။
နည်းနည်းလေးသာ အောက်ရောက်သွားပါက သူ သားသမီးရနိုင်တော့မည် မဟုတ်ပေ။
"ဘယ်သူက ရှင့်ကို ကျွန်မကိုအနိုင်ကျင့်ခိုင်းလို့လဲ"
စုဝမ်ယိက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"ကိုယ်က ဘယ်မှာအနိုင်ကျင့်လို့လဲ။ ယောကျ်ားက မင်းကို လွမ်းရုံလေးတင်ပါ"
ယဲ့ချန်းက ရှင်းပြလိုက်သည်။
"ဒီနေ့ ကျွန်မ စိတ်မပါဘူး။ ရှင်နဲ့ မဆော့တော့ဘူး။ ရှင့်ဘာသာရှင်ပဲ ဆော့တော့"
စုဝမ်ယိ၏စကားကို ကြားသောအခါ ယဲ့ချန်းမှာ နာကျင်သွားသည်။
ဒီကောင်မလေးက တော်တော် အာဏာရှင်ဆန်တာပဲ။ သူလိုချင်တဲ့အချိန်ကျ လိုချင်ပြီး မလိုချင်တဲ့အခါကျတော့ သူ့ကို ဒီတိုင်းပစ်ထားတော့တာပဲ။
သို့သော် ယဲ့ချန်း အတင်းအကျပ်မလုပ်ရဲပေ။ အကယ်၍ စုဝမ်ယိကိုသာ ဒေါသထွက်အောင် လုပ်မိလျှင် သူ(မ) ဘာလုပ်မည်ကို ပြော၍မရနိုင်ပေ။ နောက်ဆုံးတွင် နာကျင်ရမည့်လူမှာ သူသာ ဖြစ်ပေလိမ့်မည်။
ယဲ့ချန်းလည်း အိပ်ခန်းထဲသို့ ဝင်ပြီး ခုတင်ပေါ်လှဲရင်း ဖုန်းပွတ်နေလိုက်သည်။
စုဝမ်ယိကမူ အလုပ်ဆက်လုပ်ရန် စာကြည့်ခန်းထဲသို့ ဝင်သွားလေသည်။
ယခင်ရက်များက ပင်ပန်းထား၍ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ မျက်လုံးပြန်ဖွင့်ကြည့်လိုက်ချိန်တွင် မိုးလင်းနေချေပြီ။
စုဝမ်ယိက အခန်းထဲတွင် မရှိတော့သဖြင့် သူ(မ) အလုပ်သွားနှင့်ပြီဖြစ်ကြောင်း သိသာလှသည်။
မျက်နှာသစ်ပြီးနောက် ယဲ့ချန်း ထမင်းစားခန်းသို့ သွားလိုက်လေရာ စားပွဲပေါ်တွင် ပြင်ဆင်ထားသော မနက်စာနှင့်အတူ သပ်ရပ်လှပသော စာလုံးလေးများဖြင့် ရေးထားသည့် စာတစ်ကြောင်းကိုပါ တွေ့လိုက်ရသည်။
"ယောကျ်ား... မနေ့ကကိစ္စအတွက် တောင်းပန်ပါတယ်။ ဒါက ရှင့်အတွက် ကျွန်မမေတ္တာတွေအပြည့်နဲ့ လုပ်ပေးထားတဲ့ မနက်စာပါ။ စားလိုက်ပါဦး"
ဤကောင်မလေးက အသိတရားလေးတော့ ရှိသေးပုံရသည်။ ပုံမှန်အားဖြင့် ဤသခင်မလေးက မီးဖိုချောင်ဘက်သို့ ဘယ်တော့မှ ခြေဦးလှည့်လေ့မရှိသော်လည်း ယခုမူ သူ(မ)ကိုယ်တိုင် သူ့အတွက် မနက်စာလုပ်ပေးထားသည်။
တကယ်တော့ မနေ့က ယဲ့ချန်း ဒေါသထွက်နေခြင်းမဟုတ်ဘဲ သူ့ရင်ထဲက ခံစားချက်များကို ဖွင့်ချစရာနေရာမရှိသဖြင့် စိတ်ပျက်နေရုံသာ။
မနက်စာစားပြီးနောက် ယဲ့ချန်း ပါဆယ်ပို့ဌာနသို့ ရောက်လာခဲ့သည်။
"ယဲ့ချန်း... မင်း ရောက်လာပြီကိုး"
ကျန်းတာ့ဖူက နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။ သူသည် ကြိုးစားသော ဝန်ထမ်းများအပေါ် အမြဲတမ်း သဘောကောင်းလေ့ရှိ၏။ အထူးသဖြင့် ယဲ့ချန်း၏ လက်ရှိအနေအထားမျိုးနှင့်ဆိုလျှင် ပို၍ပင် ဆက်ဆံရေးကောင်းလှသည်။
"မင်္ဂလာမနက်ခင်းပါ အစ်ကိုကျန်း"
ယဲ့ချန်းကလည်း ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
ရေချိုးခန်းထဲက ယခုလေးတင် ထွက်လာသော ရှောင်ကျန်းက ယဲ့ချန်း၏ သွေးရောင်လွှမ်းနေသော မျက်နှာကို မြင်လိုက်ရသောအခါ နားမလည်နိုင်သော အမူအရာကို ပြသလိုက်သည်။
"အစ်ကိုချန်း... အစ်ကို တကယ်အဆင်ပြေရဲ့လား"
ရှောင်ကျန်းက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
ထိုသို့ပြောပြီးနောက် သူ စကားမှားသွားကြောင်း သိသဖြင့် ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
ယဲ့ချန်းကလည်း မသိချင်ယောင်ဆောင်ကာ မေးလိုက်လေသည်။
"ငါက ဘာဖြစ်နေရမှာမလို့လဲ"
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။"
ထိုသို့ပြောရင်း သူ ဗိုက်နာလာသလို ခံစားလိုက်ရပြီး ရေချိုးခန်းထဲသို့ အမြန်ပြေးဝင်သွားသည်။
ထိုအချိန်တွင် ရှောင်ဝမ်က သူ့ထက်အရင် လက်ဦးမှုရယူကာ အိမ်သာထဲသို့ ပြေးဝင်သွားလေသည်။
ကျန်းတာ့ဖူမှာ ရှောင်ဝမ် နောက်ကျမှရောက်လာသောကြောင့် မကျေမနပ် ဖြစ်နေချေသည်။
ထိုကောင်လေးက ဝင်လာလာချင်း သူ့ကို နှုတ်ပင်မဆက်ဘဲ ရေချိုးခန်းထဲသို့ တန်းဝင်သွားပြန်သည်။
တကယ်တော့ သူက ကျန်းတာ့ဖူကို နှုတ်မဆက်ချင်၍ မဟုတ်ပေ။ သူ့ခမျာ ဆက်အောင့်မထားနိုင်တော့၍သာ။ နောက်တစ်စက္ကန့်လောက်သာ ထပ်ကြာသွားပါက သူ ဒုက္ခရောက်သွားပေလိမ့်မည်။
ထိုမြင်ကွင်းကို ကြည့်ကာ ယဲ့ချန်းက ခံစားချက်ကင်းမဲ့စွာ မေးလိုက်၏။
"မင်းတို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ။ ရောက်ရောက်ချင်း အိမ်သာလုနေကြတယ်"
ရှောင်ကျန်းမှာ ဗိုက်ပိုနာလာသလို ခံစားရသဖြင့် ယဲ့ချန်း၏မေးခွန်းကို မဖြေနိုင်တော့ဘဲ တံခါးခေါက်ကာ ပြောလိုက်၏။
"အစ်ကိုဝမ်... ပြီးပြီလား။ ကျွန်တော် အောင့်မထားနိုင်တော့ဘူး"
အထဲက ဘာတုံ့ပြန်မှုမှ မရသဖြင့် ရှောင်ကျန်းလည်း တံခါးကို နောက်ထပ်အကြိမ်အနည်းငယ် ထပ်ခေါက်လိုက်သည်။
ထို့နောက် အထဲက အသံတစ်သံ ထွက်လာလေသည်။
"ငါ နည်းနည်းကြာဦးမယ်။ မင်း တခြားနည်းလမ်းရှာလိုက်တော့"
အိမ်သာထဲတွင် ရှောင်ဝမ် ထတော့မည့်အချိန်၌ နောက်ထပ်လှိုင်းလုံးကြီးများက ဆက်တိုက်ဝင်ဆောင့်လာလေသည်။ ထိုခံစားချက်က အလွန်ပြင်းထန်လှလေရာ သူ့ခြေထောက်များပင် အားပျော့သွားတော့သည်။
ဖြူရော်နေသော မျက်နှာဖြင့် ကျန်းတာ့ဖူက ရှောင်ကျန်းကို အေးစက်စက် လှမ်းပြောလိုက်သည်။
"ရှောင်ကျန်း... မင်း ဘာလို့ ပါဆယ်ထုပ်တွေ သွားမပို့သေးတာလဲ။ အဲဒီမှာ ဘာရပ်လုပ်နေတာလဲ"
ရှောင်ကျန်းမှာ အလွန်ဒုက္ခရောက်နေပုံပေါက်ပြီး ငြိမ်ငြိမ်လေးရပ်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်းတာ့ဖူ ဒေါသပေါက်ကွဲသွားတော့သည်။
"မင်း ဒီမှာ အလုပ်ဆက်လုပ်ချင်သေးရဲ့လား။ ဒါမှမဟုတ် မင်းကိုယ်စား ငါ့ကို ပါဆယ်ထုပ်တွေ သွားပို့ပေးစေချင်တာလား"
မန်နေဂျာက ဤသို့ပြောလာသည်ကို ကြားလိုက်ရသောအခါ ရှောင်ကျန်းမှာ အိမ်သာကို အဘယ်မှာ ဆက်စောင့်ရဲတော့မည်နည်း။
သူ့ခမျာ မျက်နှာအရဲသားဖြင့် ပါဆယ်ထုပ်များပုံထားရာ နေရာဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်မည်အပြုတွင် အနည်းငယ်ထိန်းချုပ်ရခက်သွားသည်။
•••••••••••••••••••